သွေးရေကန်ထဲမှ ပြောင်းလဲမှု
Vol. 12 Ch. 174
အခန်း ၁၇၄ - သွေးရေကန်ထဲမှ ပြောင်းလဲမှု
Translator – Than Toe Aung
သူသည် ထောင်ချောက်ထဲ သက်ဆင်းသွားရသည်ဆိုတာကို သိလိုက်သော်လည်း.. မျက်မှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူက အမူအယာမဲ့နေဆဲဖြစ်၏။ သူ့ဓါးကို ဆွဲနုတ်ပြီးနောက် သူသည် ဘောလုံးတစ်လုံးကဲ့သို့ ခန္ဓာကို ကွေးညွှတ်ကာ လိပ်တစ်ကောင်လို လေထဲတွင် လှည့်ပတ်လိုက်၏။
သေးသွယ်သော ဓါးပါးလေးက သူ့ဘေးပတ်ပတ်လည်တွင် လှပ၍ တစ်ဖျတ်ဖျတ်လက်နေသော ဓါးအလင်းတန်းများကို ဖြစ်ပေါ်လာစေ၏။
ထိုအရာသည် လျှို့ဝှက်မရဏဂိုဏ်း၏ အလွန်တရာ ကျော်ကြားလှသော ခုခံကာကွယ်ရေး နည်းစနစ်တစ်ခုဖြစ်၏။
အခြားတစ်ဖက်တွင် ကွေးညွှတ်ထားသော သူ့ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာရရှိနိုင်မှုနှုန်းထားကို အတတ်နိုင်ဆုံး လျှော့ချပေးထား၏။
အခြားတစ်ဖက်မှာတော့.. ခန္ဓာကိုယ်၏ လည်ပတ်အားနှင့် ဓါး၏ ကခုန်မှုတို့ ပေါင်းစပ်လိုက်သောအခါ အဘက်ဘက်ကို ခုခံကာကွယ်နိုင်သော အကာအရံတစ်ခုကို ဖြစ်ပေါ်လာစေပြီး ရေပက်လို့တောင် ဝင်နိုင်လိမ့်မည် မဟုတ်ပေ။
ခလင်.. ခလန်..
အနက်ရောင်အလင်းတန်းသုံးခုက လှည့်ပတ်နေသောဓါးနှင့် ထိတွေ့သွားပြီး ကျွတ်ဆတ်ဆတ် ဆက်တိုက်အသံများကို ထွက်ပေါ်လာစေ၏။
မြားလေးစင်းက ပိတ်ဆို့တားဆီးခြင်း ခံလိုက်ရပေပြီ။
ဆူဇီမိုသည် မြားလေးစင်းကို ပစ်လွှတ်ပြီးနောက် သူသည် မျှော်လင့်ချက်သလင်းလေးကို ဒီအတိုင်း ဖြစ်သလို ပစ်ချလိုက်၏။ အနည်းငယ် တုံ့ဆိုင်းမှုမရှိဘဲနှင့် .. သူ၏ ခန္ဓာကိုယ်သည် ဖျတ်ကနဲ လှုပ်ရှားသွားပြီး.. မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူထံသို့ ဒုန်းစိုင်းခုန်ဝင်သွား၏။ သူ့လက်ထဲက အေးမြစန္ဒာဆေဘာဓါးမှ အေးစက်၍ သတ်တော့ဖြတ်တော့မည်အော်ရာက ထွက်ပေါ်နေ၏။
တစ်ကယ်လည်း ဆူဇီမိုသည် မြားလေးစင်းမျှနှင့် မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူကို လက်စတုံးနိုင်လိမ့်မည်ဟု မျှော်လင့်မထားပေ။
မြားလေးစင်းက ဆူဇီမို၏ ခြေဆင်းတိုက်ခိုက်မှုသာဖြစ်သာဖြစ်ပြီး သူ၏ တစ်ကယ့်သတ်ဖြတ်ခြင်း တိုက်ကွက်က အခုမှ လာမှာ ဖြစ်လေသည်။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် မြားလေးစင်းကို ပိတ်ဆို့ ကာကွယ်နိုင်ခဲ့သော်လည်း.. ထိခတ်မှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအားတုန့်ပြန်မှုများကြောင့် သူ၏ လှုပ်ရှားမှုအဟုန်သည် အနည်းငယ်မျှ ရပ်တန့်သွားခဲ့၏။
ယခုအခါ ဆူဇီမိုသည် သူ့ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ.. အေးမြစန္ဒာဆေဘာဖြင့် သူ့လည်ပင်းကို ချိန်ရွယ်လိုက်၏။
ဆူဇီမို၏ တိုက်ခိုက်မှုတွင် မည်သည့်နည်းစနစ်မျှ မပါဝင်သော်လည်း.. သူသည် မနှိုင်းယှဉ်သာသောအော်ရာကို သယ်ဆောင်လာ၏။ သူသွေးများက ထကြွလာပြီး လျှပ်စီးများကလည်း ဒေါမာန်အဟုန် ပြင်းထန်စွာဖြင့် လက်လာ၏။
ရှောင်တိမ်းစရာ လမ်းကြောင်းမရှိတော့ဘဲ.. မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရပေတော့မည်။
ထိုအရာသည် သူက မရှောင်တိမ်းလိုသောကြောင့် မဟုတ်ပေ။ ဆူဇီမိုက သူ့ကို ချောင်ပိတ်ရိုက်လိုက်သောကြောင့်သာ ဖြစ်လေသည်။ ထိုလူ၏ လှုပ်ရှားမှုတိုင်းသည် အပိုအလိုမရှိ အလွန်တရာ တိကျနေပြီး သူ့မှာ အသက်ရှူဖို့တောင် အချိန်မရပေ။
“ခလန်း...”
ဓါးပါးရှည်က အေးမြစန္ဒာဆေဘာနှင့် ထိတွေ့သွားပြီး လက်နက်ချင်းထိခတ်သံက ထွက်ပေါ်လာ၏။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ့လက်မောင်းတစ်လျှောက် ထုံကျင်ကိုက်ခဲသွားပြီး သူ့လက်ဖဝါးရှိ အသားများက စုတ်ပြဲကုန်ကာ သွေးများက တစ်စက်စက် ကျလာ၏။ သူသည် သူ့လက်နက်ကို နောက်ထပ်ကြာကြာ ကိုင်ထားနိုင်တော့မည်ပုံ မပေါ်ပေ။
ဓါးပါးလေးက အေးမြစန္ဒာဆေဘာ၏ ဖိအားကြောင့် ကြောက်စရာကောင်းလောက်အောင် ကွေးညွှတ်သွား၏။ ဆေဘာက မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ရင်အုပ်ပေါ်သို့ ကျရောက်တော့မည့်အချိန်မှာပင် ထူးဆန်းတာ တစ်စုံတစ်ရာက ဖြစ်ပေါ်လာ၏။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ကွေးညွှတ်နေသောဓါးသည် ရုတ်တရတ် ညွှတ်အားဖြင့် ပြန်ကန်ဆန့်ထွက်လာပြီး ဓါးထိပ်ဖျားက ထူးဆန်းသောပုံစံနှင့် အသက်ရှိသည် မြွေတစ်ကောင်အလား ဆူဇီမို၏ လည်မျိုဆီသို့ ဦးတည်ဝင်ရောက်လာ၏။
ဆူဇီမိုသာ မူလအရှိန်အဟုန်အတိုင်း ဆက်လက်တိုက်ခိုက်လျှင် မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူက ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိပေတော့မည်ဖြစ်၏။ သို့သော်လည်း သူ့လည်ပင်းထဲကိုလည်း ဓါးဖျားက ထိုးဖောက်ဝင်ရောက်လာပေတော့မည်။
လျှို့ဝှက်မရဏဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်ရေးနည်းလမ်းများက ကြိုတင်မှန်းဆလို့ မရနိုင်ဘဲ သာမန်လူများ၏ စဉ်းစားနိုင်စွမ်းထက် များစွာ ကျော်လွန်နေ၏။ အနည်းငယ်လေး နမော်နမဲ့ ဖြစ်သွားသည်နှင့် သေရွာသို့ ကြွမြန်းသွားနိုင်၏။
ဆူဇီမို၏ ခေါင်းထဲတွင် သတိပေးခေါင်းလောင်းသံများက မြည်လာ၏။ သူ၏ မျက်လုံးထောင့်ကနေ ဝင်ရောက်လာသော ဓါးထိပ်ဖျားကို ကြည့်လိုက်ပြီး ဆေဘာကို ပြန်ရုတ်ကာ ရှေ့သို့ ခြေတစ်ချက်လှမ်းကန်လိုက်၏။
အပေါ်ယံကြည့်လျှင်တော့ ၎င်းသည် ဒီအတိုင်းခြေကန်ချက်ကလေးသာ ဖြစ်သော်လည်း.. ဆူဇီမို၏ မျိုးဆက်သွေးသည် ပေါက်ကွဲထကြွလာပြီး ထိုကန်ချက်က ကြီးမားသော လှံတံကြီးဖြင့် ထိုးသွင်းလိုက်ခြင်းနှင့် မခြားပေ။
ရုတ်တရတ်ဆိုသလို..
ဆူဇီမိုသည် တစ်စုံတစ်ရာကို ခံစားသိရှိလိုက်သည့်အလား.. နောက်ဆုံးအခိုက်အတန့်လေး၌ သူ့ဗျူဟာကို ထပ်ပြောင်းလိုက်ပြီး သူ့ခြေထောက်ကို ပြန်ရုတ်လိုက်၏။
အခြားတစ်ဖက်၌ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ လက်ထဲတွင် ဘယ်ဆီကရယ်မသိ.. ဓါးမြောင်တစ်လက်က ရောက်ရှိလာပြီး ဆူဇီမို၏ ခြေထောက်ကို ထိုးစိုက်ဖို့ အသင့်ပြင်ထား၏။
“သူက လျှို့ဝှက်မရဏဂိုဏ်းရဲ့ အမွေဆက်ခံသူဖြစ်နေတာ အံ့သြစရာ မရှိတော့ဘူးပဲ”
ဆူဇီမိုသည် စိတ်ထဲကနေ ကျိတ်၍ ချီးကျူးလိုက်ပြီး နောင်တရသလို ခံစားလိုက်ရ၏။
သူသည် မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူကို ကိစ္စတုံးနိုင်ဖို့ရာ ရည်ရွယ်ပြီး ဤအစီအစဉ်ကို စေ့စေ့စပ်စပ် ကြံဆခဲ့ရ၏။ သို့သော်လည်းပဲ ထိုငနဲက သူ၏ အကွက်စေ့သော ကြိုးပမ်းမှုများအားလုံးကို တစ်ခုပြီးတစ်ခု ဖြေရှင်းပြသွား၏။
တစ်ကယ်တမ်းတော့ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် အသက်ရှင်သန်အောင် ရုန်းထွက်နိုင်ခဲ့သော်လည်း.. သူသည်လည်း သိပ်ပြီး အခြေအနေကောင်းလှသည်တော့ မဟုတ်ပေ။
ဆူဇီမို၏ ထိုးနှက်ရိုက်ချက်များကို ထိပ်တိုက်ရင်ဆိုင်ခုခံပြီးနောက် သူ၏ ကိုယ်တွင်းအင်္ဂါများသည် လှုပ်ခါနေရာရွေ့ကုန်၏။ သူသည် များစွာ စဉ်းစားမနေရဲဘဲ.. လူအုပ်ကြားထဲ တိုးဝေ့ဖြတ်ကျော်၍ လမ်းလေးခွဆုံတစ်ခုဆီသို့ ပြေးလွှားကာ ပျောက်ကွယ်သွား၏။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ခြိမ်းခြောက်မှုအန္တရာယ်က ယာယီအားဖြင့်တော့ ဖြေရှင်းပြီးသွားချေပြီ။ သို့သော်လည်း သူ ပြန်လာ၊ မလာကတော့ မည်သူမျှ အာမ,မခံနိုင်သေးပေ။
“အားလုံးပဲ.. အဲ့ကောင်ကို အရင်ဆုံး ဝိုင်းသတ်ဖို့ လုပ်ကြရအောင်”
ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ အမွေခံသူက ထိတ်ထိတ်ပျာပျာ အမူအယာနှင့် အော်ပြောလိုက်၏။
အထွတ်အထိပ်ဂိုဏ်းမှ အမွေခံသူကလည်း သဘောတူစွာ ခေါင်းညိတ်၍ လက်ပြလိုက်၏။
ပုံရိပ်ယောင်မိစ္ဆာဂိုဏ်း၊ အထွတ်အထိပ်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ကျင့်ကြံသူများသည် ဆူဇီမိုကို တိုက်ခိုက်ဖို့ရာ နောက်တစ်ဖန် ပြန်လည် ဝင်ရောက်လာကြပြန်၏။
အခြားတစ်ဖက်၌ ကျိယောင်ယန်နှင့် ငြိတွယ်တိုက်ခိုက်နေရသော ရှန့်ကွမ်ယုက စိတ်မရှည်နိုင်တော့ပေ။ သူသည် သူမကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
“နတ်ဆိုးမကျိ.. နင် ငါတို့ကို လျှို့ဝှက်ထားဦးမှာလား.. နင်နဲ့ ပါလာတဲ့ကောင်က ဘယ်သူလဲ”
“နင်က ဘာလုပ်မလို့လဲ”
ကျိယောင်ယန်က ရှန့်ကွမ်ယုကို ကြည့်၍ ကျီစယ်သလို ပြုံးပြလိုက်၏။
ရှန့်ကွမ်ယု လက်ပြလိုက်သောအခါ သူနောက်တွင် အလှပဂေးလေးယောက်က ပေါ်လာ၏။
“ဘာမှညှာမနေနဲ့ အသေသာသတ်!”
“ဟီးဟီး..”
ကျိယောင်ယန်က အနည်းငယ်ပင် ထိတ်လန့်မသွားဘဲ စပ်ဖြဲဖြဲလုပ်လိုက်၏။
“ရှန့်ကွမ်ယု.. ဘယ်သူက ဘယ်သူ့ကို အရင်သတ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေ့ါ”
ရွှစ်.. ရွှစ်.. ရွှစ်..
မိန်းကလေးလေးယောက်သည် ပေါ်လာပြီးနောက် ကျိယောင်ယန်ကို ဝိုင်းပတ်လိုက်ကြ၏။ သူတို့သည် ဓါးရှည်များကိုသုံးကာ စနစ်တကျလေ့ကျင့်ထားသည့်အတိုင်း အတူးပူးပေါင်းတိုက်ခိုက်မှုကို ဖော်ထုတ်လိုက်ကြ၏။
ကျိယောင်ယန်သည် ဆက်လက်မပြုံးနိုင်တော့ဘဲ.. သူမ၏ ချိန်းကြိုးကို ကခုန်စေကာ သူမ၏ ဘေးပတ်လည်တွင် မထိုးဖောက်နိုင်သော အကာအရံတစ်ခုကို ဖန်တီးလိုက်၏။
ရှန့်ကွမ်ယုက ယပ်တောင်ကို တဖျတ်ဖျတ်ခတ်ကာ ဘေးပတ်လည်တွင် စိတ်အေးလက်အေး လှည့်ပတ်လျှောက်သွားနေ၏။ သို့သော်လည်း တစ်ကယ်တမ်းမှာတော့ သူသည် ကျိယောင်ယန်ကို အလဲထိုးချနိုင်ဖို့ အခွင့်ကောင်းကို ရှာဖွေနေခြင်းဖြစ်၏။
ခလန်း.. ခလန်း.. ခလန်း..
အခြားတစ်ဖက်မှာလည်း.. ကြီးမားသည့် တိုက်ပွဲက စတင်နေလေပြီ။
များစွာသော မိစ္ဆာကျင့်ကြံသူများက ပူးပေါင်းတိုက်ခိုက်နေကြသော်လည်း ဆူဇီမိုသည် အကြောက်အလန့်မရှိ အေးမြစန္ဒာဆေဘာကို ကိုင်စွဲကာ အဆုံးမရှိ သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ထား၏။ သူသည် ထက်ရှသော အာရုံခံသတိစိတ်နှင့် သိပ်သည်းအားကောင်းသော ခံစစ်နည်းစနစ်များကို အသုံးချကာ လူအုပ်ကြားထဲတွင် မြေတစ်နေရာစာကို ခြေကုပ်ရယူထား၏။
ဖောက်.. ဖောက်.. ဖောက်..
မိစ္ဆာကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်များမှ သွေးများက ပန်းထွက်ကာ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်၏။
မည်သူမျှ သတိမထားမိခင်မှာပင်.. မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သွေးကွက်များသည် တစ်စုံတစ်ရာက ဆွဲငင်လိုက်သကဲ့သို့.. အလယ်တွင်ရှိသော သွေးရေကန်ထဲသို့ စီးဆင်းသွားနေ၏။
ဆူဇီမို၏ မျိုးဆက်သွေးထဲတွင် မိုးကြိုးစွမ်းအားများက များစွာမကျန်ရှိတော့ဘဲ.. သူသည် မည်သည့် မိုးကြိုးအတတ်ကိုမျှ ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။
ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ ရှုပျော်ဖွယ်ကောင်းသော ဓါးနည်းစနစ်.. အထွတ်အထိပ်ဂိုဏ်းမှ သတ်ဖြတ်အားကောင်းသော ဆေဘာနည်းစနစ်.. နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ အဆင့်မြင့်၍ တမူထူးခြားသော လှံတံနည်းစနစ်များသည် ဆူဇီမိုကို များစွာ အခက်တွေ့စေ၏။
အခြားသော မိစ္ဆာဂိုဏ်းသားများ၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုများကိုပါ ထပ်ပေါင်းလိုက်ပါက.. ဆူဇီသည် မည်သည့်အထိအခိုက်မျှ မရှိဘဲ ရှောင်တိမ်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
သူအကောင်းဆုံး လုပ်နိုင်သည်မှာ.. သေကွင်းသေကွက်တိုက်ခိုက်မှုများကို ရှောင်ရှား၍ ဝရုန်းသုန်းကား အခြေအနေများအကြား သူ့ရန်သူများကို တတ်နိုင်သလောက် လိုက်လံသတ်ဖြတ်ခြင်းပင် ဖြစ်လေသည်။ သူသည် အတတ်နိုင်ဆုံး ထိခိုက်အနာတရနည်းအောင် ကြိုးစား၍ ထိုလူများ၏ အသက်ကို လဲယူရပေမည်။
သိပ်မကြာမီ ဆူဇီမို၏ ခန္ဓာကိုယ်က သွေးသံရဲရဲဖြစ်လာ၏။ အချို့သွေးများက သူ၏ သွေးများဖြစ်သော်လည်း.. အများစုကတော့ မိစ္ဆာဂိုဏ်းသားများ၏ သွေးများဖြစ်ကြ၏။
သူတို့ တိုက်ခိုက်ချိန်ကြာလာသည်နှင့်အမျှ မိစ္ဆာအမွေခံသူသုံးယောက်နှင့် မိစ္ဆာဂိုဏ်းသားများသည် ထိတ်လန့်သွေးပျက်လာကြ၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူက အဆုတ်များ အပိုပါပုံရပြီး လုံးဝမောပန်းတတ်ဟန်မတူပေ။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာဒဏ်ချက်များကလည်း သူ့အတွက် သိပ်ပြီး ပြဿနာရှိဟန်မတူပေ။
ဆူဇီမို့ခန္ဓာကိုယ်၏ ဆဲလ်အသစ်ပြန်လည်မွေးဖွားနှုန်းက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ သူတို့ မသိကြပေ။
“ဒုံ..”
ရုတ်တရတ် ခပ်ထိုင်းထိုင်းအသံတစ်သံက ထွက်ပေါ်လာပြီး မြေပြင်က တုန်ခါသွား၏။
“အို့”
ဖန်းယွဲ့က မျက်လုံးကို မှေးကျဉ်းလိုက်ပြီး အနီးနားရှိ သွေးရေကန်ကို ကြည့်လိုက်၏။
ထိုခပ်ထိုင်းထိုင်း အသံက သွေးရေကန်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်၏။
ထို့အပြင် ထိုအသံ ထွက်ပေါ်လာပြီးသည်နှင့်.. သွေးရေကန်၏ မျက်နှာပြင်ပေါ်၌ ကြီးမားသည့် ပူပေါင်းကြီးက ပေါ်လာပြီး ရေဂယက်များက ဖြစ်ပေါ်လာ၏။
များစွာသော မိစ္ဆာကျင့်ကြံသူများသည်လည်း အနည်းငယ် ငေးငိုင်သွားကြ၏။
ဆူဇီမိုကတော့ တုံ့ဆိုင်းမနေပေ။ သူသည် ရှေ့သို့ ခုန်တက်လိုက်ပြီး မိစ္ဆာဂိုဏ်းသားတစ်ယောက်၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပြင်းစွာ ရိုက်ချလိုက်၏။
ဖျောင်း..
အရိုးကျိုးသံများက ထွက်ပေါ်လာပြီး ထိုလူ၏ ရင်ဘတ်က ချိုင့်ဝင်သွားကာ အင်္ဂါများက စုတ်ပြဲကုန်၏။
ထိုလူသည် ဆူဇီမို၏ ရိုက်ချက်ဖြင့် လွင့်စင်သွားပြီး တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပင်.. သူသည် မလှမ်းမကမ်းရှိ သွေးရေကန်ထဲသို့ ပြုတ်ကျသွား၏။
ချက်ချင်းဆိုသလိုပင် သွေးရေကန်သို့ ကျဆင်းသွားသော သူ၏ခန္ဓာကိုယ်မှ အသားများသည် အလွှားလိုက်ကွာကျကုန်ပြီး ကျောချမ်းဖွယ်ရာ အရိုးစုသာလျှင် ကျန်ရှိလေတော့သည်။ ထိုအရိုးစုသည်လည်း ခဏတာ ပေါလောပေါ်နေပြီးနောက် သွေးရေကန်အောက်သို့ နစ်မြှုပ်သွားလေ၏။