← Chapters

မိစ္ဆာအမွေဆက်ခံသူတစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 12 Ch. 175

မိစ္ဆာအမွေဆက်ခံသူတစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 12 Ch. 175

အခန်း ၁၇၅ - မိစ္ဆာအမွေဆက်ခံသူတစ်ယောက်ကို သတ်ဖြတ်ခြင်း

Translator – Than Toe Aung

ထိုသည်ကို မြင်သောအခါ များစွာသော မိစ္ဆာအ‌မွေဆက်ခံသူများ၏ အမူအယာသည် ပြောင်းလဲသွားကြ၏။ သို့သော်လည်း သူတို့၏ အကြည့်များက အလိုရမ္မက်ဖြင့် လောင်ကျွမ်းလာကြ၏။

ဤနေရာ၏ အ‌မွေအနှစ်က ဘာလဲဆိုတာ ဆူဇီမိုသည် မသိရှိပေ။ သို့သော်လည်း ထိုသူတို့၏ အမူအယာအရ.. ထိုအမွေအနှစ်သည် ထိုမကောင်းဆိုးဝါးဆန်သော သွေးရေကန်ထဲကနေ ပေါ်ထွက်လာမည့်ပုံပေါ်လေသည်။

သို့သော်လည်း ယခုလောလောလတ်လတ် ဖြစ်ပျက်သွားသော သွေးရေကန်ထဲ ကျရောက်သွားသည့် ကျင့်ကြံသူ၏ အဖြစ်ဆိုးကို ကြည့်၍ မည်သူမျှ အရမ်းကာရော မလုပ်ရဲကြပေ။

ထိုအချိန်မှာပင် ရှန့်ကွမ်ယု၏ ပုံရိပ်က ဖျတ်ကနဲ လှုပ်ရှားသွား၏။ ကျိယောင်ယန် စိတ်အာရုံပျက်ယွင်းသွားသည့်ခဏ၌ သူသည် အလစ်ခုန်ဝင်ကာ ချောင်းမြောင်းတိုက်ခိုက်လိုက်၏။

ခေါက်ယပ်တောင်၏ အနားစောင်းက အလွန်တရာ ထက်ရှပြီး.. ကျိယောင်ယန်၏ လက်မောင်းတစ်ဖက်၌ သွေးများက စီးကျလာ၏။

“အ..”

ကျိယောင်ယန်သည် နာကျင်မှု၌ အာမေဋိတ်သံပြုလိုက်ပြီး သူမ၏ မျက်နှာက ဖြူလျော့သွား၏။

“အိုး”

ထိုသည်ကို မြင်သောအခါ ဆူဇီမို၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုရိပ်က ပေါ်လာ၏။ လျှစ်ကနဲ လှုပ်ရှားမှုဖြင့် သူသည် များစွာသော မိစ္ဆာကျင့်ကြံသူများ၏ ခေါင်းပေါ်ကနေ ခုန်လွှားကျော်တက်လိုက်ပြီး ရှန့်ကွမ်ယုနှင့် နောက်လိုက်များဆီသို့ ခုန်ဝင်သွား၏။

ရွှစ်..

အေးမြစန္ဒာဆေဘာက မည်သို့မျှ မရပ်တန့်မတားဆီးနိုင်သော အားမာန်အဟုန်ဖြင့် ကောင်းကင်ထက်ကနေ ကျဆင်းလာ၏။

ရှန့်ကွမ်ယု၏ အမူအယာက ပြောင်းလဲသွား၏။ သူသည် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိသောကြောင့် နောက်ဆုတ်ရင်း အော်လိုက်၏။

“သူ့ကိုတား.. အားလုံးပဲ.. အတူပေါင်းပြီး အဲ့ကောင်ကို သတ်ကြစမ်း”

သူ၏ ပထမ စကားက သူ့နောက်လိုက် အမျိုးသမီးလေးယောက်ကို ရည်ရွယ်ပြောဆိုခြင်းဖြစ်ပြီး .. ဒုတိယစကားကတော့ အခြားသောမိစ္ဆာကျင့်ကြံသူများအားလုံးကို အကူအညီတောင်းလိုက်ခြင်းဖြစ်၏။

ရွှက်.. ရွှက်.. ရွှက်..

အတူပူးပေါင်းလေ့ကျင့်တိုက်ခိုက်နေကြဖြစ်သော အမျိုးသမီးလေးယောက်သည် ဓါးရှည်လေးလက်ဖြင့် ရှု့ထောင့်ပေါင်းစုံမှ ဟန်ချက်ညီစွာ ထိုးသွင်းတိုက်ခိုက်လိုက်ကြ၏။ အတိုက်ခိုက်ခံရသူသည် ရှောင်တိမ်းဖို့၊ ပြန်လှန်တိုက်ခိုက်ဖို့ မဖြစ်နိုင်သလောက်ပင်။

ကျိယောင်ယန်သည် မိစ္ဆာဂိုဏ်းသားတစ်ယောက်ဖြစ်သော်လည်း.. ဘာပဲဖြစ်ဖြစ် သူမသည် ကျိယောင်ရွှယ်၏ ညီမလေးဖြစ်၏။

သူတို့၏ ပတ်သတ်ဆက်နွယ်မှုအရ ဆူဇီမိုသည် သူမကို ဘေးကင်းလုံခြုံအောင် စောင့်‌ရှောက်ရပေမည်။

ယခု ကျိယောင်ယန် ဒဏ်ရာရရှိသွားသည်ကို မြင်ရသောအခါ.. ဆူဇီမိုသည် ဘာကိုမျှ ဂရုစိုက်မနေတော့ပေ။ ဝင်ရောက်လာသောဓါးရှည်လေးလက်ကို ကြည့်၍ သူသည် နောက်သို့လည်းမဆုတ်သလို.. ရှောင်လဲမရှောင်ပေ။ ထို့အစား သူသည် ဘယ်ဘက်လက်က အေးမြစန္ဒာဆေဘာဖြင့် ပင့်ခတ်လိုက်ပြီး ညာဘက်လက်က ဝင်ရောက်လာသော ဓါးတစ်လက်ကို လှမ်းကိုင်လိုက်၏။

သူသည် ထိုဓါးကို လက်ဖြင့် ရစ်ပတ်လိုက်၏။

ဘန်း..

ဓါးက တုန်ခါသွားပြီး ဓါးကိုင်ထားသော အမျိုးသမီးသည် အာမေဋိတ်သံတစ်ခု ရေရွတ်လိုက်၏။ သူမ၏ လက်သည် ဆုတ်ပြဲသွားပြီး ဓါးကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခြင်း မရှိတော့ပေ။ သူတို့လေး‌ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည် ယာယီအားဖြင့် ပြိုကွဲသွား‌ချေပြီ။

ဆူဇီမိုသည် ဖျတ်ကနဲ လှုပ်ရှားလိုက်ပြီး ပုံရိပ်များက နောက်ချန်ခဲ့၏။ သူသည် အမျိုးသမီးတစ်ယောက်၏ ရှေ့တွင် ရုတ်တရတ်ပေါ်လာပြီး ကိုယ်ကို ‌စောင်း၍ပစ်တိုက်ချလိုက်၏။

ဝုန်းကနဲမြည်သံနှင့်အတူ.. သူမ၏ ခန္ဓာကိုယ်သည် လွင့်စင်ထွက်သွားပြီး ကြိုးပစ်သွားသောစွန်လို ပြန်လည်ပြုတ်ကျလာ၏။ သူမသည် မြေပြင်ပေါ်သို့ ကျဆင်းသွားသောအခါ အသက်ရှူခြင်း မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ဆေဘာဖြင့် ခုတ်ပိုင်းလိုက်၏။ အေးစက်စက် ဓါးအလင်းတန်းက နောက်ထပ်အမျိုးသမီးတစ်ယောက်၏ လည်ပင်းကို ဖြတ်သန်းသွား၏။

သွေမျဉ်းတစ်ကြောင်းက ပေါ်လာ၏။

ရှီး..

သွေးများက ဖြာကျလာ၏။

လှုပ်ရှားမှု တစ်ကွက်နှစ်ကွက် ဖလှယ်ရရုံရှိသေးသည်.. တိမ်လွှာမိုးစက်ဂိုဏ်းမှ အမျိုးသမီးနှစ်ယောက်က ဆူဇီမိုလက်ချက်ဖြင့် အသက်ပျောက်သွားရချေပြီ။

သူသည် ကျိယောင်ယန်၏ ဘေးသို့ ရောက်ချလာပြီး မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“မင်း အဆင်ပြေရဲ့လား”

“အမ်း.. ပြေပါတယ်.. ရှင် ကျမကို သိပ်ပြီး မပူပါနဲ့.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”

သူမသည် ခေါင်းခါလိုက်ပြီး သူ့နောက်ကို သတိထားဖို့ ညွှန်ပြလိုက်၏။

ဆူဇီမိုသည် လှည့်လိုက်ပြီး ဝင်ရောက်လာသော မိစ္ဆာဂိုဏ်းသားများကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ သူသည် ဆေဘာကို ဝေ့ယမ်းကာ ဟိန်းဟောက်သံပြုလိုက်ပြီး.. လူအုပ်ထဲသို့ နောက်တစ်ကြိမ် ခုန်ဝင်လိုက်၏။

ဘန်း..

ရှေ့ဆုံးကလူသည် ဆူဇီမို၏ ဆေဘာကို ပိတ်ဆို့နိုင်လိုက်သော်လည်း ထိုသူသည် လွင့်ပျံသွားရဆဲဖြစ်၏။ သူသည် မြေပြင်ပေါ်သို့ ပြန်ကျသောအခါ.. သူ့လက်မောင်းက ဆုတ်ပြဲသွားပြီး အရိုးများက ကြေကုန်၏။ သူသည် ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

ဆူဇီမို၏ သွေးစွမ်းအားက ပြင်းထန်အားကောင်းလွန်းလှ၏။

ဆူနာမီသွေး၏ အဆင့်အတန်းက လက်ရှိမိစ္ဆာဂိုဏ်းသားများအားလုံးကို ဖိနှိမ်ဆုံးမဖို့ လုံလောက်လေသည်။

မိစ္ဆာအမွေခံသူလေးယောက်ပင်လျှင် သူတို့၏ ရှုပ်ထွေးပွေလီသော လှုပ်ရှားကွက်များကို အသုံးပြုမှသာလျှင် ဆူဇီမို၏ တိုက်ခိုက်မှုကို ခုခံနိုင်ခြင်း ရှိလေသည်။

ဒုံ..

ထိုအချိန်တွင် ရင်းနှီးနေပြီးဖြစ်သော ခပ်ထိုင်းထိုင်း အသံက သွေးရေကန်ထဲမှ ထွက်ပေါ်လာပြန်ပြီး သွေးရေကန်၏ မျက်နှာပြင်က လှိုင်းထလာ၏။

ဤတစ်ကြိမ်၌ ထွက်ပေါ်လာသောအသံက ပို၍ ကြည်လင်ထင်ရှားလာပြီး အားကောင်းလာ၏။ ထိုအသံက လူတိုင်း၏ နုလုံးကို တူနှင့်လာထုသလို ခံစားရ၏။

လက်ရှိလူများ၏ ရင်အုပ်သည် တင်းကျပ်တောင့်ခဲလာပြီး သွေးများက ရှုပ်ထွေးနောက်ကျိလာ၏။ သူတို့သည် မျက်မှောင်ကြုတ်လိုက်ကြ၏။

ဆူဇီမိုသည် ရုတ်တရတ်ဆိုသလို.. ဖော်ပြခြင်းငှာ မစွမ်းနိုင်သော အန္တရာယ်အငွေ့အသက်ကို ခံစားမိလာ၏။

ဤနေရာက နည်းနည်းတော့ ထူးခြားနေ၏။ ဤနေရာက ထိုမိစ္ဆာဂိုဏ်းသားများ ပြောကြသလို ရိုးရိုးသာမန် အမွေအနှစ်ကုန်းမြေတစ်ခု ဟုတ်ပုံမရပေ။

ဆူဇီမိုသည် ထိုအကြောင်းကို အများကြီး စဉ်းစားမနေနိုင်ပေ။ သူအရင်ဆုံး လုပ်လိုက်သည်မှာ သူ၏ ထကြွလာသော သွေးများကို ပြန်လည်ထိန်းညှိလိုက်ပြီး လူအုပ်ကြားထဲရှိ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူထံသို့ ဒုန်းစိုင်းပြေးဝင်လိုက်၏။

“အ..”

သူ့ဆီသို့ ဆူဇီမို ပြေးဝင်လာသည်ကို မြင်သောအခါ.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး အော်ဟစ်လိုက်၏။ သူသည် နောက်ဆုတ်‌ရင်းနှင့် လက်ထဲရှိ အရိုးလှံတံကို လှုပ်ခါလိုက်၏။

အခြားသော မိစ္ဆာအမွေခံသူသုံးယောက်ကလည်း ခပ်ထိုင်းထိုင်းအသံကြောင့် ဖြစ်သွားသော ကြောင်အမှုမှ နိုးထလာပြီး ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူကို ကူညီဖို့ရာ ပြေးချလာပြီး ဆူဇီမိုကို ဝိုင်းပတ်လိုက်ကြ၏။

“ဘန်း”

ဆူဇီမိုသည် မြေပြင်ကို ဖနောင့်ဖြင့် ပေါက်လိုက်၏။ မြေကြီး တုန်ခါသွားပြီး ကျောက်စရစ်ခဲများက အဘက်ဘက်သို့ ပျံ့နှံ့လွင့်စင်သွား၏။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူသည် ရုတ်တရတ် ထိတ်လန့်သွားပြီး သူ့ခြေလှမ်းများက ဒယီးဒယိုင်ဖြစ်သွား၏။ သူ၏ နှေး‌ကွေးသွားသော လှုပ်ရှားမှုမှ ဟာကွက်တစ်ခုက ပေါ်လာ၏။

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။ သူသည် နတ်မြင်းလျှပ်တပြက် ပြေးထွက်ခြင်းကို ထုတ်ဖော်၍ လူအုပ်ကြီးကို ချက်ချင်းကျော်တက်ကာ အေးမြစန္ဒာဆေဘာဖြင့် အညှာအတာမဲ့စွာ အောက်မှအပေါ်သို့ ပင့်တင်လွှဲယမ်းလိုက်၏။

ထိုအရာသည် လုံးဝတစ်ဖက်သတ် တိုက်ခိုက်မှုဖြစ်၏။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူသည် အကောင်းဆုံးကြိုးစား၍ နောက်ဆုတ်ဖို့ လုပ်လိုက်သော်လည်း သူသည် ခြေတစ်လှမ်း နောက်ကျသွားဆဲဖြစ်၏။ သူ့ရင်အုပ်က ပွင့်ဟသွား၏။ သွေးများက ပန်းထွက်လာပြီး သူ့ကိုယ်တွင်း အင်္ဂါတစ်ချို့ကိုပင် ဝိုးတဝါး မြင်နေရ၏။

“အား”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူသည် နာကျင်စူးရှစွာ အော်ဟစ်လိုက်၏။ ဖြူလျော့စွာနှင့် သူသည် သူ့ရင်အုပ်ကို စိုးရွံ့ထိတ်လန့်စွာ ငုံ့ကြည့်လိုက်၏။

မိစ္ဆာအမွေခံသူများသည် မိစ္ဆာအမွေအနှစ်အတွက် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေကြသော်လည်း.. တစ်ဖက်က လက်လျှော့အရှုံးပေးသည့်အခါ အသာစီးရနေသူက မိစ္ဆာအမွေဆက်ခံသူတစ်ယောက်ကို သတ်ရလောက်အောင်ထိတော့ အညှာအတာမဲ့ ရက်စက်ကြလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူက.. သူသည် ကံဆိုးမိုးမှောင်ကျပြီး ဤနေရာ၌ ဤကဲ့သို့သော ဆိုးဝါးရက်စက်သည့်သတ္တဝါတစ်ကောင်နှင့် လာရောက်ကြုံတွေရလိမ့်မည်ဟု စဉ်းတောင်မစဉ်းစားမိပေ။

ဤမြင်ကွင်းကိုကြည့်၍ အခြားသော မိစ္ဆာအမွေခံဆက်ခံသူသုံးယောက်သည်လည်း ကြက်သီးမွေးညင်းများထ၍ ကျောရိုးတစ်လျှောက်ချမ်းတုန်လာ၏။

ဆူဇီမိုသည် ဘယ်ညာ တိမ်းစောင်းလိုက်တိုင်း.. သူ့ဘေးနှင့် အ‌ရှေ့ရှိ ကျင့်ကြံသူများသည် သေသူသေ၊ ဒဏ်ရာပြင်းစွာရသူရနှင့် လွင့်ပျံထွက်ကုန်ကာ သွေးများက နီစွေးပြန့်ကျဲကုန်၏။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူရှေ့သို့ ရောက်သောအခါ.. ဆူဇီမိုသည် ထိုသူ၏ ဆံပင်ကို ‌အေးစက်သောအမူအယာနှင့် ဆုပ်ကိုင်လိုက်ပြီး အေးမြစန္ဒဆေဘာကို ကန့်လန့်ဖြတ် ဆွဲချလိုက်၏။

“ဗျစ်..”

ကြီးမားသည့် ဦးခေါင်းကြီးက လည်းပင်းထက်မှ ပြတ်သွားပေပြီ။

ကျွတ်..

မိစ္ဆာဂိုဏ်းသားကျင့်ကြံသူများသည် ပင့်သက်ကို ရှိုက်လိုက်ကြ၏။

ဘယ်အင်မော်တယ်ဂိုဏ်းကများ ဤကဲ့သို့ အညှာတာမဲ့ရက်စက်အားကြီးသောပုဂ္ဂိုလ်ကို မွေးထုတ်ပေးလိုက်သလဲ သူတို့ မသိပေ။ ထိုသူက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူကိုတောင် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်ပစ်နိုင်၏။

ရှန့်ကွမ်ယု၊ ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းအ‌မွေဆက်ခံသူနှင့် အထွတ်အထိပ်ဂိုဏ်းအမွေဆက်ခံသူတို့သည် နောက်ဆုတ်လိုက်ကြ၏။

သူတို့လေးယောက်ပေါင်းတိုက်တုန်းကတောင် ဤလူကို မသတ်နိုင်လျှင်.. ယခု သုံးယောက်သာ ကျန်ရှိတော့သည့်အချိန်တွင် ဆက်လက်တိုက်ခိုက်ဖို့ရာ အဓိပ္ပါယ်မရှိတော့ပေ။ သူတို့သည်လည်းပဲ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူနောက်သို့ လိုက်သွားရနိုင်၏။

“တဇောက်ကန်းဖန်း.. ငါတို့ မိစ္ဆာဂိုဏ်းအမွေဆက်ခံသူတွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရမှာကို မင်းက ဒီအတိုင်းထိုင်ကြည့်နေချင်တာလား”

ရှန့်ကွမ်ယုက ထိတ်ထိတ်ပျာပျာ အမူအယာနှင့် မေးလိုက်၏။

“မင်း ဒီအတိုင်းပဲဆက်နေပြီး ဘာမှ မလုပ်ဘူးဆိုရင်.. ဒီနေရာက သတင်းသာ အခြားမိစ္ဆာဂိုဏ်းသားတွေဆီ ပျံ့သွားတဲ့အခါ သူတို့က မင်းကို ဘယ်လိုထင်မလဲ”

“ဟဟား.. ဟားဟား..”

ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းအမွေဆက်ခံသူက အားပါးတရ ရယ်ချလိုက်၏။

“သူတို့က ထင်ကြမှာပေါ့.. တဇောက်ကန်းဖန်းဆိုတာ အလကားသက်သက် နာမည်ကြီးနေတာပါလို့.. သူက ငါတို့ မိစ္ဆာဂိုဏ်းသားတွေကြားထဲမှာပဲ ‌မောက်မာပြနေတဲ့ အိမ်ကျယ်တစ်ကောင်ထက် မပိုပါဘူးကွာ.. အင်မော်တယ်ဂိုဏ်းက သောက်ကြမ်းတစ်ကောင် ရောက်လာတာနဲ့ သူ့မှာ ကြောက်လွန်းလို့ စကားတစ်ခွန်းတောင်မဟရဲရှာတော့ဘူး”

ဤစကားများကို ကြားရသောအခါ နောက်ဆုံးတွင် ဖန်းယွဲ့သည် လှုပ်ရှားလာ၏။ သူသည် မတ်တပ်ထရပ်လိုက်ပြီး တိုက်ပွဲဝင်လိုစိတ်က ထကြွလာကာ သူမျက်လုံးများက မီးတောက်နှစ်ခုလို လောင်ကျွမ်းလာ၏။

ထိုလှုပ်ရှားမှုတစ်ခုနှင့်ပင် လက်ရှိလူတိုင်းသည် အလွန်တရာ လွှမ်းမိုးနိုင်စွမ်းရှိသောဖိအားကို ခံစားမိလိုက်ကြ၏။

ရှေးဟောင်းနတ်ဆိုးတစ်ကောင်က နိုးထလာသလို ကောင်းကင်ဘုံကိုပင် လွှမ်းခြုံသွားနိုင်သော စွမ်းအားနှင့် ဖန်းယွဲ့က လှုပ်ရှားလာပေပြီ။

“မင်းတို့ငါ့ကို လာပြီး ရန်စစရာ မလိုပါဘူး”

ဖန်းယွဲ့က အေးစက်စွာ ပြောလိုက်၏။

“ငါသာ တိုက်ခိုက်ချင်ရင်.. အဲ့လိုကောင်ကို အသာလေးသတ်ပစ်လိုက်လို့ရတယ်”

မိစ္ဆာအ‌မွေခံသူများအနေနှင့် သူတို့တစ်ယောက်ချင်းစီ၏ အိပ်ကပ်ထဲတွင် ဝှက်ဖဲ‌ပေါင်းများစွာရှိပြီး.. သူတို့အားလုံးသည် ဉာဏ်ကောင်းကြ၏။

ဆူဇီမိုသည် အခြားသော မိစ္ဆာအမွေဆက်ခံသူများနှင့် တိုက်ခိုက်သည့်အခါ.. အကောင်းဆုံးသော ရွေးချယ်မှုမှာ ဘေးကနေ ထိုင်ကြည့်နေပြီး အကျိုးအမြတ်ကို စောင့်ပြီးရိတ်သိမ်းရုံပင် ဖြစ်လေသည်။ ဖန်ယွဲ့သည် မလိုအပ်ဘဲနှင့် ဝင်ပါစရာ အကြောင်းမရှိပေ။

သို့သော်လည်းပဲ အမွေအနှစ်ပစ္စည်းက ပေါ်ပေါက်လာပေတော့မည်။

ယခုအခါ အခြားသော မိစ္ဆာအမွေဆက်ခံသူများက ဆူဇီမိုကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်သောကြောင့် ထိုအရာက သူထထွက်ကာ ရပ်တည်ပြဖို့ အကောင်းဆုံး အချိန်ကိုက်ပင် ဖြစ်လေသည်။

All Chapters