ကြောက်စရာ တဇောက်ကန်း
Vol. 12 Ch. 176
အခန်း ၁၇၆ - ကြောက်စရာ တဇောက်ကန်း
Translator - Than Toe Aung
ဖန်းယွဲ့က မြေကြီးတွင် စိုက်ထားသော အနက်ရောင်လှံတံကို ဆွဲနုတ်လိုက်၏။ မြေကြီးက အက်ကွဲသွားပြီး ရွှံ့ခဲများက ဖွားကနဲထွက်လာ၏။
ကြီးမားသည့်လှံတံကြီးကို ဆွဲယူပြီးနောက် ဖန်းယွဲ့က လွန်စွာ အထက်စီးဆန်သော အမူအယာနှင့် ဆူဇီမိုကို ပြောလိုက်၏။
"ဘယ်အင်မော်တယ်ဂိုဏ်းက မင်းကိုမွေးထုတ်ပေးလိုက်လဲဆိုတာ ငါမသိဘူး.. ဒါပေမယ့် ငါခန့်မှန်းလိုက်မယ်.. မင်းဆရာက မင်းကို အတော်လေး အားစိုက်ထုတ်ပြီး ပြုစုပျိုးထောင်ခဲ့ရမှာပဲ.. အခု အဲ့ဒါတွေ အလဟဿဖြစ်ကုန်တော့မှာတော့. . . အို့ နှမြောစရာပဲ"
"မင်းရဲ့မျိုးဆက်သွေးက ဒဏ္ဍာရီလာ ဆူနာမီအဆင့်ကို ရောက်နေပြီဆိုပေမယ့်.. မင်းရဲ့ ခန္ဓာမီးဆေးသုတ္တန်က သာလွန်အဆင့်တော့ မရောက်သေးဘူးပဲ.. မင်းက ငါနဲ့ယှဉ်တိုက်ဖို့ကတော့ အားနည်းလွန်းသေးတယ်"
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။ ဤလူက မည်မျှထိ ဖြုန်ချင်စရာကောင်းကြောင်း သူတွေးမိလာ၏။
သူတို့သည် လက်ရည်ဖလှယ်ကြခြင်း မရှိသေးတာတောင်.. ဖန်းယွဲ့က သူ့အကြောင်းကို ကောင်းကောင်းပြောနိုင်နေပေပြီ။
ဖန်းယွဲ့ပြောသည်က မမှားပေ။ ဆူဇီမို၏ မျိုးဆက်သွေးက ကြောက်စရာကောင်းလောက်အောက် သန်မာအားကောင်းသော်လည်း သူသည် အန္တိမနတ်ဆိုးကျင့်ကြံခြင်းတွင် လေးဆင့်မြောက်ဖြစ်သော ခြင်ဆီသန့်စင်ခြင်းအဆင့်ထိသာ ရောက်ရှိသေး၏။
ခန္ဓာမီးဆေးခြင်း၏ ခေါင်းစဉ်အောက်တွင် ဆူဇီမိုသည် အခုထိ အင်္ဂါသန့်စင်ခြင်းနှင့် ဒွာရရှင်းလင်းခြင်းတို့ကို မလေ့ကျင့်ရသေးပေ။
"ဇီ ဇီ.."
လှံတံ၏ထိပ်ဖျားက မြေပြင်တွက် တရွတ်တိုက်လာပြီး ထူးဆန်းသည့်အသံများကို ထွက်ပေါ်လာစေ၏။
ထိုအသံများကြားထဲတွင် ဖန်းယွဲ့၏ လေးလံသော ခြေသံကိုလည်း ကြားရနိုင်၏။
ချပ်.. ချပ်.. ချပ်..
သူသည် မနှေးမမြန်လျှောက်လာ၏။ အားကတော့ပါ၏။ သူ၏ ခြေလှမ်းတိုင်းက ဆူဇီမို၏ နုလုံးခုန်သံနှင့် စည်းဝါးကိုက်၍ လျှောက်လာသလိုဖြစ်ပြီး.. စိုးရွံ့စိတ်နှင့်ဖိအားကို ပေးစွမ်းနေ၏။
ဖန်းယွဲ့ချည်းကပ်လာသည်နှင့်အမျှ သူ၏အော်ရာက ပို၍ပို၍ သိပ်သည်းပြင်းထန်အားကောင်းလာ၏။ အခြားတစ်ဖက်တွင်တော့ ဆူဇီမို၏အော်ရာက ချေမွဖျက်ဆီးခြင်းခံနေရ၏။
ဘေးဘက်မှ ကြည့်နေသူများ၏ မျက်လုံးထဲတွင် ဖန်းယွဲ့သည် ပေတစ်ရာမြင့်သော ရှေးဦးသားရဲတစ်ကောင်လိုဖြစ်လာပြီး ဆူဇီမိုက ပုရွက်ဆိတ်တစ်ကောင်လို သေးငယ်လာသည်ဟု ထင်ယောင်ထင်မှား မြင်မိလာ၏။
တစ်ကယ်တော့ ထိုအရာသည် နှစ်ဖက်၏ အော်ရာများ ခြားနားခြင်းနှင့် အခြေအနေအပေါ် သက်ရောက်နေသော အမျိုးမျိုးသော အကြောင်းအရာများကြောင့် ဖြစ်ပေါ်လာသည့် ပုံရိပ်ယောင်သာ ဖြစ်လေသည်။
ဖန်းယွဲ့၏ ကြောက်မက်ဖွယ်ရာကောင်းမှုကြောင့် ရှန့်ကွမ်ယုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။ စေ့စေ့တွေးကြည့်သောအခါ ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင် မရှိဘူးဆိုလျှင်ပင် သူသည် ဤတဇောက်ကန်းဖန်းယွဲ့ကို ယှဉ်နိုင်လိမ့်မည်မဟုတ်သု နားလည်လာ၏။
သို့သော်လည်း ရှန့်ကွမ်ယုသည် ယခုအချိန်တွင် စိတ်သက်သာစွာ သက်ပြင်းချနိုင်၏။
မည်သို့ပင်ဆိုစေ.. ထိုအစိမ်းရောင်ကျင့်ကြံသူက အဆုံးသတ်မှာတော့ သေရပေတော့မည်။
ဖန်းယွဲ့ထွက်လာပြီဖြစ်သည့်အတွက် ကျန်ရှိသည့်သူတို့အားလုံးသည် အသက်အန္တရာယ်မရှိနိုင်တော့ပေ။ သို့သော်လည်း တစ်ကယ်လို့များ အစိမ်းရောင်၀တ်ကျင့်ကြံသူသာ အနိုင်ရသွားလျှင်တော့ သူတို့အားလုံး လုပ်စရာရှိသည်မှာ ထွက်ပြေးဖို့ပင် ဖြစ်လေသည်။
ရက်စက်ယုတ်မာတော့မည့် အရိပ်အယောင်က အထွတ်အထိပ်ဂိုဏ်းအမွေဆက်ခံသူ၏ မျက်လုံးထဲတွင် ဖျတ်ကနဲပေါ်လာပြီး သူက အေးစက်စွာ စိုက်ကြည့်နေ၏။
ယခုဖြစ်ပျက်နေသည်ကို မြင်ရသောအခါ ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းအမွေဆက်ခံသူက အော်ပြောလိုက်၏။
"တဇောက်ကန်းဖန်း.. အဲ့ကောင်ကို ဒီတိုင်းပဲ သတ်ပစ်လိုက်မယ်ဆိုရင် သူ့အတွက် သက်ညှာရာကျသေးတယ်.. မင်း သူ့ကို တစ်စချင်းစီ စုတ်ဖြဲပစ်သင့်တယ်.. အဲ့ဒါမှ ငါတို့အတွက် ကျေနပ်စရာဖြစ်မှာ"
ကျိယောင်ယန်က မျက်ခုံးကို တွန့်လိုက်ပြီး သူမမျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုက ပေါ်လာ၏။
ဖန်းယွဲ့၏ နည်းလမ်းများနှင့် အစွမ်းအစကို သူမ ကောင်းကောင်းသိထား၏။ ခေတ်အဆက်ဆက် မိစ္ဆာအမွေဆက်ခံသူများနှင့် နှိုင်းယှဉ်လျှင်ပင် သူ၏ ခွန်အားက ထိပ်တန်းအဆင့်မှာ ရှိနေ၏။ ထိုသို့မှ မဟုတ်လျှင် တဇောက်ကန်းဖန်းဟူ၍ နာမည်ကြီးနေလိမ့်မည် မဟုတ်ပေ။
ဖန်းယွဲ့လျှောက်လှမ်းလာသည်ကိုကြည့်၍ ဆူဇီမိုသည် တစ်စုံတစ်ရာကို နားလည်လာ၏။
ဖန်းယွဲ့ပြောသည့်စကားလုံးများက မှန်ကန်သည်ဖြစ်သော်လည်း တစ်ကယ်တော့ သူသည် စိတ်ဓါတ်စစ်ဆင်ရေးတစ်ခု ပြုလုပ်လိုက်ခြင်းဖြစ်၏။
ထိုစကားလုံးများကြောင့် ဆူဇီမိုက သူသည် ဖန်းယွဲ့ထက် နိမ့်ကျသည်ဟု ခံစားမိလျှင် သူ၏ အော်ရာသည် သေချာပေါက်အားနည်းလာပြီး မတိုက်မီကတည်းက ရှုံးနှင့်နေပေတော့မည်။
ဤသည်ကို နားလည်သွားပြီးနောက် ဆူဇီမိုသည် ထိုအခြေအနေကနေ ရုန်းထွက်ဖို့ နည်းလမ်းတစ်ခုကို ကြံဆလိုက်၏။
"ဟဟ"
ဖန်းယွဲ့သည် အစကတည်းမှ ဆူဇီမိုကို မည်သည့်အခွင့်အရေးမျှ မပေးလိုပေ။ သူသည် ဆူဇီမိုအနားသို့ ရောက်သည်နှင့် ပိန်းပိတ်အောင်နက်မှောင်နေသော လှံတံကို ပင့်မြှောက်ကာ သံမဏိကြာပွတ်ကဲ့သို့ ဝီကနဲ ပစ်သွင်းလိုက်၏။ တဝီဝီ လေခွင်းသံက ရင်သပ်ထိတ်လန့်စရာပုံစံနှင့် ထွက်ပေါ်လာ၏။
ဆူဇီမိုသည် များစွာ တွေးတောမနေနိုင်ဘဲ ချက်ချင်းပင် ဘေးတိုက်ခြေရွှေ့၍ ရှောင်လိုက်ရ၏။
လှံတံမှ ထွက်ပေါ်လာသော စွမ်းအားက ကြီးမားလွန်းလှ၏။
သူသည် ၎င်းကို ထိပ်တိုက်ရင်ဆိုင်ခုခံမည်ဆိုလျှင်.. အပြင်းအထန်ဒဏ်ရာ ရရှိသွားပေမည်။ အခန့်မသင့်လျှင် အသက်ပင်ပါသွားနိုင်၏။
"မင်း ဘယ်လောက်ထိ ရှောင်နိုင်မှာလဲ"
ဖန်းယွဲ့၏ လှတံသည် ပစ်မှတ်ကို လွဲချော်သွားပြီးနောက် မြေပြင်ပေါ်သို့ ဝုန်းကနဲ ပစ်ကျကာ မြေကြီးက အက်ကွဲသွား၏။
လုံးကနဲ ထလာသော ဖုန်မှုန့်များကြားမှ နက်မှောင်တုတ်ခိုင်သော လှံတံက တစ်ဖန် ပစ်၀င်လာပြန်၏။ ၎င်းက အလွန်တရာ တည်ငြိမ်ခိုင်မာနေပြီး ကောင်းကင်ဘုံကိုပင် ထိုးဖောက်ပစ်နိုင်မည်ဟု ထင်ရ၏။
ဆူဇီမို၏ မျက်လုံးက ၀င်းလက်သွား၏။ သူသည် ခြေတစ်၀က်လှမ်း၍ အားသုံးကာ ကောင်းကင်ထယ်သွားခြေလှမ်းဖြင့် ကိုယ်ကိုလှည့်လိုက်ပြီး ထက်ရှသောလှံတံထိပ်ဖျားကို ရှောင်ရင်း လှံတံ၏ အားအနည်းဆုံးနေရာကို အေးမြစန္ဒာဆေဘာဖြင့် ရိုက်ချလိုက်၏။
ဆူဇီမိုသည် ထိုရိုက်ချက်အတွက် သူ့ကိုယ်သူ ကျိတ်၍ချီးကျူးလိုက်၏။
ရိုက်ထောင့်၊ တိုင်ပင်၊ ခွန်အားတို့ကို ကောင်းကင်ထယ်သွားခြေလှမ်းဖြင့် ဟန်ချက်ညီစွာ ပေါင်းစပ်လိုက်သောအခါ ထိုလှုပ်ရှားကွက်က ပကတိ ပြီးပြည့်စုံသွား၏။
တစ်ကယ်တော့ ဆူဇီမိုသည် ထိုလှုပ်ရှားကွက်ပြီးနောက် ဘာဆက်လုပ်မည်ကို စဉ်းစားထားပြီးဖြစ်၏။
လှံတံနှင့် ရိုက်ခတ်ပြီးနောက် သူသည် အေးမြစန္ဒာဆေဘာကို လှံတံအရိုးတစ်လျှောက် ကပ်ပွတ်ဆွဲကာ ဖန်းယွဲ့ကို လှံတံအား လက်လွှတ်ဖို့ ဖိအားပေးလိုက်၏။
ဤနည်းအားဖြင့် ဆူဇီမိုသည် စဦးအသားစီးရရှိမှုကို ရယူနိုင်ပေမည်။
ခလန်း..
သတ္တုချင်းထိခတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ဆူဇီမို ကြိုတင် ပုံဖော်ထားသည့်အတိုင်းပင် အေးမြစန္ဒာဆေဘာက လှံတံအရိုးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်၏။ သို့သော်လည်း နောက်ခဏ၌ သူ့အမူအယာက ပြောင်းလဲသွားပြီး တစ်စုံတစ်ရာ လွဲချော်နေတာကို နားလည်သွား၏။
လှံတံအရိုးပေါ်မှ အလွန်တရာ အထက်စီးဆန်သော တုန်ခါမှုကို ဆူဇီမိုသည် ခံစားသိရှိလိုက်၏။
အေးမြစန္ဒာဆေဘာက လှံတံအရိုးနှင့် ထိတွေ့မိသည်သည်နှင့်.. ထိုတုန်ခါမှုက ဆေဘာမှတဆင့် သူ့ဆီသို့ ကူးပြောင်းရောက်ရှိလာ၏။
ဒါက ထောင်ချောက်ပဲ..
ဤဖြစ်စဉ်က ဆူဇီမိုသည် မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူကို ကိုင်တွယ်ခဲ့ပုံနှင့် သွားဆင်၏။ ဖန်းယွဲ့က ထိုဟာကွက်ကို တမင်သက်သက် ဖွင့်ပေးလိုက်ခြင်းပင် ဖြစ်လေသည်။
"ဇီ.."
လှံတံ၏ တုန်ခါအားကြောင့် အေးမြစန္ဒာဆေဘာက လွင့်စင်ထွက်သွား၏။ ဆူဇီမို၏ လက်ဖဝါးက စုတ်ပြဲသွားပြီး သွေးများ တစက်စက်ကျလာ၏။ စောစော ဆူဇီမို ကြံဆထားခဲ့သော ဝှက်ဖဲက မရှိတော့လေပြီ။
"ဟဟား.."
ဖန်းယွဲ့က အားပါးတရ ရယ်မောလိုက်၏။ သူလက်ထဲသို့ ခွန်အားကို စိုက်ထုတ်လိုက်ပြီး.. လှံတံကို ကန့်လန့်ဖြတ်လွှဲကာ ဆူဇီမို၏ ဦးခေါင်းကို ရိုက်ချလိုက်၏။
အေးမြစန္ဒာဆေဘာကို လက်လွှတ်ရပြီးနောက် ဆူဇီမိုသည် အလွန်တရာ ဖျတ်လတ်လာပြီး မြေပေါ်သို့ ၀ပ်ချလိုက်၏။
နက်မှောင်နေသောလှံတံက လေကိုသာ ရိုက်မိသွား၏။ သို့သော်လည်း ၎င်း၏ အရှိန်က ရုတ်တရတ်ပြောင်းလဲသွားပြီး ဆူဇီမို၏ ဦးခေါင်းအထက်၌ ရပ်တန့်သွားကာ အောက်သို့ ထိုးကျလာ၏။
ခြေကန်အားကိုသုံး၍ ဆူဇီမိုသည် ဘေးဘက်သို့ လှိမ့်ချလိုက်ပြီး သေကွင်းသေကွက်ကို လွတ်ရုံကလေး ရှောင်တိမ်းလိုက်နိုင်၏။ သူ့တစ်ကိုယ်လုံး ရွှံ့များလူးသွားပြီး အတော်လေး ပေစုတ်သွား၏။
သူတို့နှစ်ယောက်သည် တိုက်ကွက်အနည်းငယ်သာ ဖလှယ်ရသေး၏။ သို့သော်လည်း ဆူဇီမိုသည် သေဘေးမှ အကြိမ်များစွာ ရုန်းထွက်ခဲ့ရပြီးပေပြီ။ သူသာ အနည်းငယ်ကလေး နောက်ကျခဲ့လျှင် အခုနေ အသက်ပျောက်နေလောက်ပေပြီ။
သူတို့နှစ်ယောက်အကြား ခွန်အားကွာဟချက်က ထင်ရှားလွန်းလှ၏။
လူအားလုံး၏ အမြင်၌.. ယခုအခါ ကိုင်ဆောင်စရာ လက်နက်ပင် မရှိတော့သော ဆူဇီမိုသည် ဖန်းယွဲ့ကို ယှဉ်တိုက်နိုင်ဖို့ဆိုတာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။
“ငါ ပြောခဲ့သားပဲ.. မင်းက သန်မာကောင်းသန်မာလိမ့်မယ်.. ဒါပေမယ့်လို့ ငါ့ပြိုင်ဘက်တော့ မဟုတ်သေးဘူး.. မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်ပါတော့” ဖန်းယွဲ့၏ လေသံက မငြင်းပယ်နိုင်သော အမှန်တရားတစ်ခုကို ဖော်ပြနေသလိုပင်။
ဆူဇီမိုသည် မျက်ခုံးပင့်လိုက်ပြီး စိတ်ကူးတစ်ခုက ဖြစ်ပေါ်လာ၏။ ဖန်းယွဲ့စောစောက ပြောခဲ့သောစကား၏ ဟာကွက်ကို နောက်ဆုံး သူနားလည်သဘောပေါက်သွား၏။
“ငါ့ခွန်အားက မင်းထက် နိမ့်ကျရင်နိမ့်ကျမယ်.. ဒါပေမယ့်လဲ.. အနီးကပ်တိုက်ခိုက်ရည်မှာ ခွန်အားက အရာရာမှ မဟုတ်တာ” ဆူဇီမိုသည် သူ့ကိုယ်သူ ဣန္ဒြေဆယ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
ထိုခဏ၌ သူတို့နှစ်ယောက်အကြားရှိ အော်ရာများတွင် ထူးဆန်းသော ပြောင်းလဲမှုများက ဖြစ်ပေါ်လာ၏။
ဖန်းယွဲ့၏ အော်ရာက သန်မာအားကောင်းနေဆဲဖြစ်၏။ သို့စေကာမူ ဆူဇီမို၏ အော်ရာက ရုတ်တရတ် မှန်းဆလို့ မရအောင် ဖြစ်လာ၏။
နှိုင်းယှဉ်ပြောရလျှင် ဖန်းယွဲ့သည် ငွားငွားစွင့်စွင့် မြင့်မားလှသောတောင်တန်းကြီးနှင့်တူပြီး.. ဆူဇီမိုသည် အဆုံးမရှိ နက်ရှိုင်းသော သမုဒ္ဒရာရေပြင်လို ဖြစ်လာ၏။
သူတို့နှစ်ယောက်အကြား မည်သူက ပိုသန်မာသလဲဆိုတာ ပြောဖို့ခက်လာ၏။
တောင်တန်းကြီးက သမုဒ္ဒရာကို ဖို့ပစ်လိုက်မလား.. သမုဒ္ဒရာက တောင်တန်းကြီးကို ဆွဲနှစ်မြုပ်လိုက်မလားဆိုတာ.. မည်သူမျှ တပ်အပ်မပြောနိုင်တော့ပေ။
“ငါတစ်ကယ်ပဲ သိချင်မိပါရဲ့.. အခုဆို မင်းမှာ ကိုင်စရာလက်နက်တောင် ရှိတော့တာ မဟုတ်ဘူး.. မင်းက ငါနဲ့ ဘယ်လိုများ တိုက်ဦးမှာလဲ ဟမ်” ဆူဇီမို၏ တမူထူးခြား တိုးတက်လာသည့် စိတ်အနေအထားကိုကြည့်ပြီး ဖန်းယွဲ့က စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ဆက်လက်ပြုလုပ်လိုက်၏။
“တချို့လူတွေရဲ့ လက်ထဲမှာဆို.. လက်နက်တွေက သုံးစားမရရုံတင်မဟုတ်ဘူး.. အဲ့ဒါက အနှောင့်အယှက်ပဲ”
ဆူဇီမိုသည် သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း.. ဖန်းယွဲ့ထံသို့ တည်ငြိမ်စွာ အရင်စ၍ လျှောက်လှမ်းလိုက်၏။
ဝေါ.. ဝေါ..
ဘန်း.. ဘုန်း.. ဘုန်း.. ဝုန်း..
“ဟမ်.. ဟုံဟုံ..”
ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသည့်အသံများက ထွက်ပေါ်လာ၏။ ထိုအသံသည် ကျား-ကျားသစ်-မိုးကြိုးအသံ ဖြစ်၏။
ထိုအချိန်၌ တစ်ယောက်ယောက်သာ မျက်လုံးကို မှိတ်ထားလျှင်.. သူတို့၏ စိတ်အာရုံထဲ၌ ထိတ်လန့်တုန်လှုပ်စရာမြင်ကွင်းကို သေချာပေါက် မြင်တွေ့ရပေလိမ့်မည်။
၎င်းသည် စွမ်းအားကြီးသော ရှေးဦးသားရဲတစ်ကောင်က နိုးထလာခြင်းဖြစ်၏။ သွေးနီရောင်မျက်လုံးများနှင့်သူသည် လှိုင်းထန်နေသော သမုဒ္ဒရာကို ဖြတ်ကျော်လာခဲ့ပြီး.. သူ့ခန္ဓာကိုယ်က လျှပ်စီးများနှင့် တောက်ပနေ၏။ ၎င်းသည် တစ်ကယ် အံ့ဖွယ်သရဲမြင်ကွင်းဖြစ်၏။