ကျောက်သားအခေါင်းထဲက အရိုးခြောက်
Vol. 12 Ch. 178
အခန်း ၁၇၈ - ကျောက်သားအခေါင်းထဲက အရိုးခြောက်
Translator – Than Toe Aung
မျှော်လင့်ချက်မျောက်ဝံလက်သီးချိတ်စည်းကို ပစ်သွင်းပြီးနောက် ဆူဇီမိုသည် လုံးဝမရပ်နားဘဲ ခြေထောက်နှစ်ဖက်ကို အနည်းငယ် ညွှတ်၍ ဘောလုံးတစ်လုံးလို အရှေ့သို့ ကွေးညွှတ်၍ လှိမ့်လိုက်၏။
ဖန်ယွဲ့၏ အရှေ့သို့ရောက်သောအခါ ဆူဇီမို၏ ခန္ဓာကိုယ်သည် ရုတ်တရတ် ကန်အားဖြင့် ဆန့်ထွက်လာပြီး လက်နှစ်ဖက်ဖြင့် ဖန်းယွဲ့၏ မေးရိုးက ပြင်းထန်စွာ ပင့်ရိုက်လိုက်၏။
ဖုန်း..
ဖန်းယွဲ့၏ မျက်နှာသည် အနောက်သို့ လန်ကျသွားပြီး သူ့မျက်လုံးထဲမှ သွေးများက ကျလာ၏။ သူ၏ သွားအချို့သည်လည်း ကျွတ်ထွက်သွားကာ အနောက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်သွားရ၏။
ကန်းလန်ရိုးမှာ ရှိစဉ်တုန်းက ဆူဇီမိုသည် မျှော်လင့်ချက်မျောက်ဝံသစ်သီးကမ်းလှမ်းခြင်းဖြင့် ကျင့်ကြံသူတစ်ယောက်၏ မေးရိုးနှင့် လည်ပင်းကို ကြေမွသွားစေခဲ့ဖူး၏။
ယခုဖန်းယွဲ့က သွားသုံးလေးချောင်း ဆုံးရှုံးသွားရရုံသာ ဖြစ်၏။
ဆူဇီမိုသည် ကိုယ်ကို စောင်းငဲ့၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ယိုင်ထိုးနေသော ဖန်းယွဲ့ကို လိုက်တိုက်ချလိုက်၏။ ဖန်းယွဲ့သည် ခပ်အုပ်အုပ်တစ်ချက် ညည်းညူလိုက်ပြီး ဗလတောင့်တောင့် သူခန္ဓာကိုယ်ကြီးက လွင့်ပျံထွက်သွား၏။
ဤမျှနှင့်လည်း ဆူဇီမိုက ရပ်တန့်မသွားသေးပေ။ သူသည် ဖျတ်ကနဲ လိုက်ပါသွားပြီးယွ.. ဖန်းယွဲ့ကို ခြေချင်းချိတ်၍ လှမ်းဆွဲကာ သူ့လက်နှစ်ဖက်ဆီသို့ ခွန်အားကို တွန်းပို့လိုက်၏။ ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် ဖန်းယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပင့်မြောက်ကာ မြေပေါ်သို့ ပြင်းထန်စွာ ကိုင်ပေါက်ချလိုက်၏။
ဝုန်း..
မြေပြင်တွင် ကြီးမားသည့် လူပုံသဏ္ဌာန် ချိုင့်ခွက်ကြီးက ပေါ်လာပြီး ဖုန်မှုန့်များက လုံးကနဲ ထသွား၏။
များစွာသော မိစ္ဆာဂိုဏ်းသားများသည် ပါးစပ်အဟောင်းသားဖြစ် မှင်တက်သွားကြပြီး သူတို့၏ နှုတ်ခမ်းများက အထိန်းအချုပ်မဲ့စွာ တဆတ်ဆတ်တုန်ယင်လာ၏။
ဤအရာသည် သူတို့ထဲက မည်သူမျှ မျှော်လင့်မထားသည့် ရလဒ်ဖြစ်၏။
ဖန်းယွဲ့၏ ခွန်အားက ဆူဇီမိုထက် သာလွန်သည်ဆိုတာကို သူတို့အားလုံး သိထားကြ၏။ သို့သော်လည်း အမှားလေးတစ်ချက်က သူ၏ အသာစီးရရှိထားမှုကို ပျက်ပြားသွားစေပြီး ဆူဇီမို၏ ဆက်တိုက်တွဲလုံးတိုက်ကွက်များက သူ့ကို အမှန်တစ်ကယ် လှဲချသွားနိုင်ခဲ့၏။
သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုအချိန်က တိုတောင်းလှသော်လည်း.. နှစ်ဦးစလုံးသည် အလွန်တရာ အဆင့်မြင့်လှသော အနီးကပ်တိုက်ခိုက်ခြင်းနည်းစနစ်များဖြင့် ဖျော်ဖြေသွားခဲ့ကြ၏။
ဒုံ..
နောက်ထပ် ခပ်ထိုင်းထိုင်း မြည်သံက ထွက်ပေါ်လာ၏။
လူတိုင်းသည် အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်ကြ၏။ တဖြည်းဖြည်းနှင့်.. သူတို့၏ သူငယ်အိမ်များသည် တင်းကျပ်သွားပြီး သူတို့၏ အမူအယာက တောင့်ခဲသွား၏။
မလှမ်းမကမ်းရှိ သွေးရေကန်ထဲတွင်.. ဝဲကတော့၏ အလယ်အောက်ခြေ၌ ရှေးကျသော အခေါင်းတစ်လုံးကို ခပ်ရေးရေး မြင်နေရ၏။ ထိုခေါင်းတလားက သွေးရေကန်၏ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေ၏။
ထိုခေါင်းတလားပေါ်တွင် လျှို့ဝှက်အသိရခက်၍ ရှေးကျသော စာလုံးများနှင့် မှော်အင်းကွက်များကို ရေးဆွဲထား၏။ သို့သော်လည်း သွေးများက အဆက်မပြတ် စီးဆင်းနေသောကြောင့် ထိုစာလုံးများ၊ အင်းကွက်များကို သိသာထင်ရှားစွာ မမြင်ရဘဲ.. ခပ်မှိန်မှိန်သာ တွေ့ရ၏။
ထိုကျောက်သားခေါင်းတလား၏ ပတ်ပတ်လည်ကို ကြီးမားသည် ချိန်းကြိုးများဖြင့် ရစ်ပတ်ထား၏။ ထိုချိန်းကြိုးကြီးများသည် နှစ်ပေါင်းများစွာ ကြာမြင့်နေသည့်အတိုင်း သံချေးများ တက်နေ၏။
ခပ်ထိုင်းထိုင်း မြည်သံက ထိုကျောက်သားခေါင်းတလားဆီမှ ပေါ်ထွက်လာခြင်းဖြစ်၏။
ရုတ်တရတ်ဆိုသလို..
သွေးရေကန်ထဲမှ နောက်ထပ်အသံများက ထွက်ပေါ်လာ၏။
ချပ်.. ချပ်.. ချပ်..
ကျောက်သားခေါင်းတလားပေါ်ရှိ ချိန်းကြိုးကြီးများသည် အက်ကွဲလာပြီး အားလုံးကြည့်နေစဉ်မှာပင် ကြေမွပျက်ဆီးကုန်၏။
ဂျိုင်းကနဲ မြည်သံကြီးနှင့်အတူ ခေါင်းတလား၏ အဖုံးက ကြီးမားသည့်အား တစ်စုံတစ်ရာကြောင့် ပွင့်ထွက်သွား၏။
ဒုံ.. ဒုံ.. ဒုံ..
ထိုအသံက တစ်ယောက်ယောက်သည် တိုက်ပွဲဝင်ဗုံကို အားမာန်ပြင်းထန်စွာ ရိုက်ခတ်နေသကဲ့သို့ ဖြစ်၏။
လူတိုင်း အာရုံစိုက်ကြည့်လိုက်ပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
ကျောက်သားခေါင်းတလားထဲ၌ ပုံရိပ်တစ်ခုက လှဲလျောင်းနေ၏။
အတိအကျပြောရလျှင် ထိုပုံရိပ်က အရိုးစုတစ်ခုဖြစ်၏။
သို့သော်လည်း အရိုးစု၏ ရင်အုပ်နေရာတွင် မသတီစရာ သွေးနီရောင်နုလုံးတစ်ခုက ရှိနေပြီး အသက်ဓါတ်ပြည့်ဝစွာဖြင့် တစ်ချက်ပြီးတစ်ချက် ခုန်နေ၏။
ဒုံ.. ဒုံ.. ဒုံ..
စောစောက သူတို့ကြားနေရသော ခပ်ထိုင်းထိုင်းအသံက ထိုနုလုံးဆီမှ ထွက်ပေါ်လာခြင်းဖြစ်၏။
များစွာသော မိစ္ဆာဂိုဏ်းသားများသည် ကြောက်ရွံ့တုန်လှုပ်ကုန်ကြပြီး အသက်ရှူဖို့ပင် မေ့လျော့ကုန်ကြ၏။
ဤအရာသည် သူတို့မျှော်လင့်ထားသည့်အရာ မဟုတ်ကြောင်း ဆူဇီမို နားလည်လိုက်၏။ အနည်းဆုံးတော့.. သူ့ရှေ့က အရိုးစုသည် လက်ရှိမိစ္ဆာဂိုဏ်းသားများ တွက်ချက်ထားသည့်အထဲမှာ သေချာပေါက်မပါကြောင်း သူပြောနိုင်လေသည်။
သူသည် မြေတွင်းချိုင့်ကြီးထဲတွင် လဲလျောင်းနေပြီဖြစ်သော ဖန်းယွဲ့ကို အရေးလုပ်နေဖို့ အချိန်မရတော့ပေ။ ဖျတ်ကနဲဆိုသလို သူသည် နတ်ဆိုးမကျိ၏ ဘေးသို့ ရောက်ချလာပြီး တိုးတိုးကပ်ပြောလိုက်၏။
“မြန်မြန်လုပ် သွားရအောင်.. ဒီနေရာမှာ အခြေအနေတွေက သိပ်မဟန်ဘူး”
နတ်ဆိုးမကျိ၏ မျက်နှာက ထိုအခိုက်အတန့် ၌ ဖြူလျော့နေ၏။ သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံတုန်လှုပ်မှုက ပေါ်လာပြီး တိုးတိုးလေး ပြောလိုက်၏။
“ငါတို့ နောက်ကျသွားပြီထင်တယ်”
ဆူဇီမိုသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး နတ်ဆိုးမကျိ၏ အကြည့်နောက်သို့ လိုက်ပါ၍ သွေးရေကန်ကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်၏။
ခဏလေးအတွင်းမှာပင် သွေးရေကန်ထဲမှာ သွေးရေများထက်ဝက်ကျော်သည် ကျောက်သားခေါင်းတလားထဲသို့ အရူးအမူးတိုးဝင်ကာ ကုန်ခမ်းကုန်၏။
ကျောက်သားခေါင်းတလားထဲရှိ အရိုးစုကတော့ သူ့အရိုးကိုယ်ထည်ပေါ်တွင် အသွေးအသား အလွှာပါးပါးတစ်ခုက ဖြစ်ပေါ်လာ၏။ ထိုအရာသည် ပါးလွှာ၍ ထွင်းဖောက်မြင်ရလုဖြစ်သော်လည်း.. ၎င်း၏ ဖွံ့ဖြိုးကြီးထွားလာနှုန်းက မျက်စိနှင့်ကြည့်၍ပင် သိသာနေ၏။
ဆူဇီမိုသည် မျက်စိကို မှေးကျဉ်းလိုက်ပြီး သူ့ခေါင်းထဲတွင် အတွေးများစွာက ဖြစ်ပေါ်လာ၏။
ပြန်လည်မွေးဖွားခြင်းလား။
သို့မဟုတ်.. ဤအရိုးစုက အစကတည်းက မသေသေးတာလား။
သူက ဘယ်သူလဲ။
ဤအခိုက်အတန့်၌ သူ့ခြေထောက်များသည် လှုပ်ရှားလို့ မရတော့တာကို ဆူဇီမိုသည် နားလည်လိုက်၏။ သူ့ကို မမြင်ရသော အားများက ချုပ်နှောင်ထားလိုက်သလိုပင်။
သူ့အကြည့်ကို ရွှေ့ကြည့်လိုက်သောအခါ.. လက်ရှိ အခြားသောမိစ္ဆာဂိုဏ်းသားများသည်လည်း ထို့အတူပင်ဖြစ်ကြောင်းကို သူနားလည်လိုက်၏။ သူတို့အားလုံးသည် မြေပြင်ပေါ်တွင် သစ်ပင်များလို အမြစ်တွယ်နေကြ၏။
ရုတ်တရတ်ဆိုသလို.. ကျောက်သားခေါင်းတလားထဲရှိ အရိုးစုက ထထိုင်လိုက်၏။ သူ့မျက်လုံးနေရာရှိ အနက်ရောင် အပေါက်ကြီးများထဲတွင် မကောင်းဆိုးဝါးဆန်သော အနီရောင်အလင်းက တောက်ပလာ၏။ သူသည် သူ၏ အရိုးစုပါးစပ်ကို ဖွင့်ဟလိုက်ပြီး အသံတစ်ခုကို ထုတ်ပြောလိုက်၏။
“မင်းတို့.. ဒီနေရာကို.. ရောက်လာပြီးမှ.. ထွက်သွားဖို့.. မစဉ်းစားနဲ့တော့”
သူ့မှာ လျှာမရှိသောကြောင့် အရိုးစု၏ အသံထွက်က မပီမသ မရှင်းလင်းပေ။ သို့သော်လည်း သူ ဘာပြောနေသည်ဆိုတာကို အားလုံး အကြမ်းဖျင်း နားလည်လိုက်ကြ၏။
မည်သည့်အချက်ပေးမှုမျှ မရှိဘဲ.. သွေးရေကန်နှင့် အနီးဆုံးမှာရှိနေကြသော ကျင့်ကြံသူတစ်အုပ်စုသည် လေထဲသို့ ကြွတက်သွားပြီး တစ်စုံတစ်ရာက ဆွဲငင်ယူဆောင်လိုက်သလို.. ကျောက်သားခေါင်းတလားဆီသို့ လွင့်မျောသွားကြ၏။ သူတို့၏ မျက်လုံးများက ကြောက်ရွံတုန်လှုပ်မှု အပြည့်နှင့်ဖြစ်၏။
ထိုလူများသည် လေထဲတွင် ရူးသွပ်စွာ ရုန်းကန်လိုက်ကြ၏။ သူတို့သည် ကျောက်သားခေါင်းတလားဆီသို့ မသွားချင်ကြပေ။ သို့သော်လည်း အချည်းနှီးသာဖြစ်၏။
သူတို့ထဲက အချို့သည် စိတ်ပျက်အားငယ်စွာနှင့် အော်ဟစ်လိုက်ကြပြီး.. သူတို့၏ လက်နက်များကို ထုတ်ကာ ခေါင်းတလားထဲရှိ အရိုးစုကို ထိုး၊ခုတ်လိုက်ကြ၏။
အရိုးစုကို ထိုးလိုက်သော ဓါးများက ချက်ချင်းပင် ကျိုးပဲ့ကုန်ကြ၏။
ဆွဲငင်ယူခြင်းခံလိုက်ရသော မိစ္ဆာဂိုဏ်းသားများသည် အရိုးစု၏ အရှေ့နားသို့ ရောက်လာကြ၏။ အရိုးစုက သူ့ပါးစပ်ကို ဟ၍ စုပ်ယူလိုက်သောအခါ.. ကျင့်ကြံသူများ၏ ကိုယ်ပေါ်ရှိ အသွေးအသားများသည် အရည်ပျော်ကွာကျကုန်ပြီး ထိုအရိုးစု၏ ပါးစပ်တွင်းသို့ စီးဝင်ကုန်၏။
တစ်ခဏလေးအတွင်းမှာပင် ထိုမိစ္ဆာဂိုဏ်းသားတစ်အုပ်စုသည် ရှင်သန်သူ တစ်ယောက်မကျန်ဘဲ အကုန်ကိစ္စတုံးကုန်ကြ၏။
အသွေးအသားမကျန်ရှိတော့သည့် အရိုးဖြူများသာ လေထဲတွင် ကျန်နေခဲ့ပြီး.. ကျောက်သားခေါင်းတလားဘေးသို့ ပြန့်ကျဲပြုတ်ကျသွားကြ၏။
လတ်လတ်ဆတ်ဆတ် အသွေးအသားများကို စုပ်ယူပြီးနောက်.. အရိုးစုပေါ်တွင် အသားများက ပို၍ ပေါကြွယ်ဝလာ၏။ ၎င်းသည် သာမန်လူတစ်ယောက်၏ အနေအထားသို့ မရောက်သော်လည်း.. သူ၏ မျက်နှာပုံကတော့ အကြမ်းဖျင်းပုံပေါ်လာပေပြီ။
ကျောက်သားခေါင်းတလားထဲမှ ထရပ်လိုက်ပြီး.. အရိုးစုသည် လမ်းလျှောက်ထွက်လာကာ ဘေးပတ်ဝန်းကျင်ကို သူ၏ သွေးနီရောင် တွင်းပေါက်မျက်လုံးတစ်စုံဖြင့် လိုက်ကြည့်လိုက်၏။
သူသည် အရာရာတိုင်းကို မြင်နေရပုံရ၏။
အရိုးစုသည် လေများကို တစ်ချက်ရှူလိုက်၏။ သူသည် ပျော်ရွှင်တက်ကြွလာသလို.. သူ့မျက်နှာပေါ်ရှိ အသားများက တွန့်သွား၏။
“လတ်ဆတ်လိုက်တဲ့.. သွေးတွေ.. ခလက်.. ခလက်.. ဂတ်..”
ဤအချိန်၌ ဖန်းယွဲ့သည် မြေတွင်းထဲမှ ကုန်းရုန်းတက်လာပြီး သွေးချောင်းများဆိုးလိုက်ရ၏။ ဆူဇီမို၏ ရိုက်ချက်က မည်မျှပြင်းထန်ကြောင်း သိသာထင်ရှားလေသည်။
ဖန်းယွဲ့က ကျိန်ဆဲလိုက်၏။
“သောက်ခွေးထဲမှကွာ.. ငါတို့မှာတော့ အမွေအနှစ်ကုန်းမြေဆိုပြီး လာခဲ့ရတာ.. လက်စသတ်တော့ ဒီနေရာက နတ်ဆိုးအိုကြီးတစ်ကောင်ကို မြှုပ်ထားတဲ့နေရာ ဖြစ်နေတာပဲ”
ရွှစ်..
အရိုးစုက လက်ကိုဝေ့ယမ်းလိုက်၏။
နောက်ထပ်ကျင့်ကြံသူတစ်အုပ်စုသည် သူ့ဆီသို့ ပျံသန်းသွားကြ၏။ ထိုအရာသည် သူတို့ခန္ဓာကိုယ်များပင် ဖြစ်သော်လည်း သူတို့မှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ၎င်းက မည်သို့မျှ တားဆီးလို့မရသော စွမ်းအားဖြစ်၏။
သိပ်မကြာမီ နောက်ထပ်ကျင့်ကြံသူတစ်အုပ်စုက ကိစ္စတုံးသွားပြန်ချေပြီ။ သူတို့သည် အရိုးပုံတစ်ခုသာ ကျန်နေခဲ့ပြီး အသွေးအသားများကိုတော့ အရိုးစုက စုပ်ယူသွား၏။
ဒုံ.. ဒုံ.. ဒုံ.. ဒုံ.. ဒုံ..
အရိုးစု၏ နုလုံးခုန်သံက ပို၍ ကျယ်လောင်လာပြီး အားကောင်းလာ၏။
“ငါတို့ ဘယ်လိုလုပ်ကြမလဲ”
နတ်ဆိုးမကျိ၏ လှပသော ခန္ဓာကိုယ်လေးက တုန်ယင်လာပြီး လေသံပျော့လေးဖြင့် မေးလိုက်၏။
သူတို့ရှေ့မှ မြင်နေရသော အခြေအနေအရ.. သူတို့အသက်များ၏ ကံကြမ္မာက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သူမ သိလေသည်။ သူမရော၊ ဆူဇီမိုပါ ငြင်းဆန်နိုင်စွမ်း မရှိကြတော့ပေ။
သို့သော်လည်း သူမသည် ရင်ထဲမှ အကြောက်တရားကို ဖြေဖျောက်လို့ ရလို့ရငြား တစ်ယောက်ယောက်ကို စကားပြောကြည့်ချင်နေပေသည်။
ဆူဇီမိုက အမူအယာမဲ့နေပြီး အရိုးစုကို အေးစက်စွာ စူးစိုက်ကြည့်နေ၏။
သူတို့ဘက်မှာ အခွင့်အရေးက လုံးဝ မရှိတော့ပေ။
အရိုးစုက တစ်ကယ့်ကို သန်မာလှ၏။ သူက ဘယ်လောက်တောင် သန်မာစွမ်းအားကြီးမလဲဆိုတာ မှန်းကြည့်လို့တောင် မရပေ။
သို့သော်လည်း သူသည် ကျောက်သားခေါင်းတလားထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိနေပြီး.. အခုမှ လွတ်မြောက်လာကာစသာဖြစ်၏။ သူ၏ ခွန်အားများကို ပြန်လည် အားဖြည့်ယူနေပြီဖြစ်သော်လည်း.. ယခုအချိန်မှာ သူ၏ အားအနည်းဆုံး အခိုက်အတန့်၌သာ ရှိနေသေးလေသည်။
သူသည် အရိုးစု၏ အားနည်းချက်ကို ရှာတွေ့နိုင်သည်နှင့် .. သူတို့မှာ အသက်ဆက်ရှင်ဖို့ရာ မျှော်လင့်ချက်ရေးရေးလေးတော့ ရှိနေသေးလေသည်။
ဤအချိန်မှာပင် အရိုးစုက နောက်တစ်ဖန်ကို လက်ကို ဝေ့ယမ်းလိုက်၏။
ကျင့်ကြံသူဆယ်ယောက်က အရိုးဆီသို့ ပျံသန်းသွားကြရ၏။
ထိုအထဲတွင် ဆူဇီမိုနှင့် နတ်ဆိုးမကျိသည်လည်း ပါလေသည်။