← Chapters

အသက်လု ပြေးကြခြင်း

Vol. 12 Ch. 180

အသက်လု ပြေးကြခြင်း

Vol. 12 Ch. 180

အခန်း ၁၈၀ - အသက်လု ပြေးကြခြင်း

Translator – Than Toe Aung

ဘန်း.. ဘုန်း.. ဘုန်း.. ဝုန်း..

ကမ္ဘာကြီး၏ နောက်ဆုံးနေ့ကို ရောက်ရှိလာသလို ကောင်းကင်က ပြိုကျလာ၏။

ပတ်ဝန်းကျင်ရှိ ကျောက်တုံးကျောက်ခဲများက ပြိုကျလာပြီး သွားနိုင်သမျှ လမ်းကြောင်းများအားလုံးကို ပိတ်ဆို့သွား၏။

ထိုအချိန်၌ ဆူဇီမို၏ ခန္ဓာကိုယ်သည် ရောင်ကိုင်းလာပြီး တုန်ယင်လာ၏။ သူသည် ပင့်သက်ကို သည်းထန်စွာ ရှိုက်နေရပြီး သူ့ခန္ဓာကိုယ်တွင်းတွင် စွမ်းအားကြီးသော မျိုးဆက်သွေးများက အရူးအမူး လည်ပတ်နေ၏။

ဆူဇီမို၏ ခန္ဓာကိုယ်သည် ပြိုလဲကျတော့မည်ကဲ့သို့ ဖြစ်လာပြီး မခံမရပ်နိုင်သော နာကျင်မှုက သူ့အသိစိတ်ကို ထုံထိုင်းလာစေ၏။

သူ့နှင့်မျက်နှာချင်းဆိုင်တွင်.. အရိုးစုသည်လည်း အခြေအနေ မကောင်းလှပေ။

သူ့ရင်အုပ်တွင် ကြီးမားသည့် သွေးပေါက်ကြီးက ပေါ်လာ၏။ သူ၏ မူလနုလုံးရှိခဲ့သောနေရာမှာ ဗလာဖြစ်နေပြီး အသားစအချို့သာ ကျန်ရှိခဲ့၏။

စောစောက အရိုးစုပေါ်တွင် အသားလွှာတစ်ခု ဖွဲ့တည်လာပြီး လူပုံစံနှင့် အနီးစပ်ဆုံး တူလာနေပြီဖြစ်၏။

ယခု သူ့နုလုံးက ကွဲကြေမွသွားသောအခါ.. အသားများကလည်း ကွာဟလာ၏။ သိပ်မကြာမီ.. ထိုအသားလွှာသည် အရိုးစုပေါ်မှ ကွာကျသွားပြီး မြေပြင်ပေါ်သို့ လျှောကျသွား၏။

မကြာမီမှာပင် ၎င်းသည် နဂိုမူလကထက်ပင် အားနည်းသောအော်ရာနှင့် အဖြူရောင်အရိုးစုဘဝသို့ ပြန်လည်ရောက်ရှိသွား၏။

အရိုးစု၏ အကြည့်က ဆူဇီမို၏ သွေးရိုးလက်ဝါးပေါ်တွင် ကျရောက်နေ၏။ သူ့မျက်တွင်းပေါက်ထဲမှ သွေးနီရောင်သည် တစ်ချက်လက်သွားပြီးနောက် တဖြည်းဖြည်း မှိန်ဖျော့လာ၏။

သူ၏ နောက်ဆုံးအသက်ဓါတ်က ထွက်ခွာ‌ပေတော့မည်။

“မင်းလည်းပဲ.. သေလိုက်တော့”

အရိုးစုသည် ဆူဇီမိုကို တစ်ချက်ကြည့်လိုက်ပြီး သူ့ပါးစပ်ကို လှုပ်လိုက်၏။

ထို့နောက် သူသည် သူ့လက်ကို မြှောက်လိုက်ကာ ဓါးသွားကဲ့သို့ ထက်ရှသော လက်ချောင်းများဖြင့် ဆူဇီမို၏ ရင်အုပ်ကို လှမ်းထိုးလိုက်၏။

ထိုတိုက်ခိုက်မှုသာ ပြီးမြောက်သွားလျှင် ဆူဇီမိုသည် ကျောက်တုံးကျောက်ခဲများ ပြိုကျမြှုပ်နှံခံရသည့်အထိ စောင့်နေစရာ မလိုပေ။ ထိုတိုက်ခိုက်မှုသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ နုလုံးကို သေချာ‌‌ပေါက် ကြေမွပျက်ဆီးစေပေလိမ့်မည်။

ထိုသည်ကို ကြည့်ပြီး နတ်ဆိုးမကျိ၏ အမူအယာက ပြောင်းလဲသွား၏။ သို့သော်လည်း သူမသည် သူ့ကို တားဆီးမနေတော့ပေ။

မည်သို့ပင်ဆိုစေ သူတို့သည် ဤနေရာကနေ ထွက်ခွာနိုင်စရာ အကြောင်းမရှိတော့ပေ။ ထို့ကြောင့် နည်းနည်းအချိန်စော၍ သေရတာနှင့် နည်းနည်းနောက်ကျပြီးမှ သေရတာသည် သိပ်ပြီး မကွာခြား‌တော့ပေ။

ဆူဇီမို၏ အသိစိတ်က ထုံထိုင်းနေပြီဖြစ်သော်လည်း သူ၏ အာရုံခံသတိစိတ်က အလုပ်လုပ်နေသေး၏။

သူသည် ပြင်းထန်အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။

အလိုအလျောက် မသိစိတ်အရ သူသည် ဘေးဘက်သို့ ရှောင်ရှားလိုက်၏။

ဆူဇီမိုတွင် တုံ့ပြန်ဖို့ အချိန်မရှိပေ။ ယခုရှောင်ရှားလိုက်ခြင်းက သူ၏ မသိစိတ်သက်သက် တုံ့ပြန်မှုဖြစ်လေသည်။

ဖောက်!

အရိုးစု၏ လက်ချောင်းများက ဓါးကဲ့သို့ ထက်ရှနေပြီး ဆူဇီမို၏ရင်အုပ်ကို ထိုးဖောက်သွား၏။ သူ၏ ကျောဘက်မှ သွေးများက စီးကျလာ၏။

ထိုလက်ချောင်းများက အစက ဆူဇီမို၏ နုလုံးကို ချိန်ရွယ်လေသည်။

သို့သော်လည်း ရှောင်ရှားမှုကြောင့် ၎င်းက ဆူဇီမို့ရင်အုပ်၏ အလယ်တည့်တည့်ကိုသာ ထိုးစိုက်မိသွားပြီး နုလုံးဘေးမှ ကပ်ထွက်သွား၏။

ဤတိုက်ခိုက်မှုက အားအင်ချိနဲလာပြီဖြစ်သော အရိုးစု၏ နောက်ဆုံးလက်ကျန် ရုန်းကန်လှုပ်ရှားမှု ဖြစ်လေသည်။

သူ့ရင်အုပ်မှ နာကျင်မှုကို ခံစားရပြီးနောက် ဆူဇီမိုသည် ဒီအတိုင်း ထိုးထုတ်လိုက်သောအခါ အရိုးစုသည် လွင့်ပျံထွက်သွားပြီးနောက် အပျက်အစီးများအကြား ပုံလျက်သား လဲကျသွား၏။

အရိုးစုသည် အသက်မရှိတော့သည့်အတိုင်း မလှုပ်မယှက် လဲကျသွား၏။

နောက်ခဏအတွင်းမှာပင် ဖုန်မှုန့်များ၊ ကျောက်ခဲများက အရိုးစုပေါ်သို့ ပိကျဖုံးအုပ်သွား၏။

ရှီး...

ဆူဇီမို၏ ရင်အုပ်မှ သွေးများက ပန်းထွက်လာပြီး မြေပြင်အနှံ့ နီစွေးသွား၏။ ၎င်းသည် သလင်းကျောက်လို တဖျတ်ဖျတ်လက်နေပြီး အသက်သွေးဓါတ်ကြွယ်ဝကာ တောက်ပနေ၏။

ဆူဇီမို၏ ရောင်ကိုင်းကြီးမားနေသော ခန္ဓာကိုယ်သည် အတော်ကလေး လျော့ကျသွား၏။ သူသည် မူလအနေအထားသို့ ပြန်လည်မရောက်ရှိသေးသော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကွက်များကတော့ တဖြည်းဖြည်း ဖျော့ကျသွားပြီး ပြန်လည်ကောင်းမွန်လာနေ၏။

“အို့”

ထိုပြောင်းလဲမှုက နတ်ဆိုးမကျိ၏ အာရုံကို ဖမ်းစားသွား၏။

တစ်ကယ်ဆို.. ဆူဇီမိုသည် စောစောက သေအံ့ဆဲဆဲ အနေအထားမှာ ရှိနေ၏။ အရိုးစုဆီမှ မျိုးဆက်သွေးများသည် အလွန်တရာ အားကောင်းလှပြီး သူ့ခန္ဓာကိုယ်က ခံနိုင်ရည်မရှိတော့ပေ။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်အားကောင်းသည့် စွမ်းအားများက အရူးအမူး ထွက်ပေါ်လာနေပြီး သူ့မှာ ဖွင့်ထုတ်လို့မရ ဖြစ်နေ၏။

ဆူဇီမို၏ ခန္ဓာကိုယ် ရောင်ကိုင်းလာရခြင်းမှာ သူ့ကိုယ်တွင်းတွင် စွမ်းအားဖိအားများက အလွန်သိပ်သည်း များပြားလာသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့်ပင် သူ့အရေပြားများက ကွဲအက်လာပြီး သွေးများက စိမ့်ထွက်လာခြင်း ဖြစ်၏။

ဤမျှအထိ ပေါကြွယ်ဝသောမျိုးဆက်သွေးများကို မကြေချက်နိုင်လျှင် ဆူဇီအတွက် စောင့်ဆိုင်းနေသော ကံကြမ္မာက တစ်ခုတည်းသာရှိ၏။ .. ပေါက်ကွဲ၍ သေဆုံးခြင်းပင် ဖြစ်လေသည်။

သို့သော်လည်း အရိုးစု၏ နောက်ဆုံးတိုက်ခိုက်မှုက မရည်ရွယ်ပါဘဲနှင့် ဆူဇီမို၏ အသက်ကို ကယ်တင်ပြီးသား ဖြစ်သွား၏။

သူ၏ ရည်ရွယ်ချက်မှာ ဆူဇီမိုကို သတ်ဖြတ်ဖို့ပင် ဖြစ်လေသည်။

မမျှော်လင့်စွာနှင့်ပင်.. ဆူဇီမိုသည် အာရုံခံသတိစိတ်ကို သုံးပြီး သေကွင်းသေကွက်ကို မထိအောင် ရှောင်လိုက်နိုင်၏။

ထို့သို့ဆိုလျှင်တောင် သူရရှိသော ဒဏ်ရာက မပေါ့လှပေ။ သူ့ရင်အုပ်ဒဏ်ရာမှာ ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှပြီး သွေးများက ပန်းထွက်နေ၏။ ၎င်းသည် သူ့ခန္ဓာကိုယ်ထဲတွင် ထားစရာ နေရာမရှိအောင် စွမ်အားမြင့်မား၍ လျှံထွက်လာသော သွေးများဖြစ်၏။ ထိုသို့သွေးများပန်းထွက်လာခြင်းက သူ့ကို သေအံ့ဆဲဆဲအခြေအနေမှ လွတ်မြောက်အောင် ကယ်တင်ပေးလိုက်၏။

တစ်ကယ်တော့.. မျိုးဆက်သွေးအဆီအနှစ် အများစုသည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲတွင် ရှိနေဆဲဖြစ်၏။

သို့သော်လည်း ထိုကျန်ရှိနေသော မျိုးဆက်သွေးအဆီအနှစ်များက သူ၏ အသက်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိ‌တော့ပေ။

၎င်းသည် ကပ်ဘေးမှ ကောင်းချီးပေးခံခြင်းပင် ဖြစ်လေသည်။

ထိုညတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများက များစွာရှိ၏။ အနည်းငယ်က‌လေး ခြေချော်လက်ချော် ဖြစ်ခဲ့လျှင်တောင် ဆူဇီမိုသည် ယခုရရှိထားသော အခွင့်အရေးကို ရရှိဖို့နေနေသာ.. ကြီးမားသော ကပ်ဘေးနှင့် ရင်ဆိုင်ရကာ အသက်ပင် ဆုံးပါးနိုင်လေသည်။

ပြောသာပြောနေသော်လည်း ယခုလည်း သူတို့သည် ထိုကဲ့သို့သော အခြေအနေမှ ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။ ဆူဇီမိုနှင့် နတ်ဆိုးမကျိသည် ယခုထိ အန္တရာယ်တောထဲမှ ရုန်းမထွက်နိုင်သေးပေ။

ဘန်း.. ဘုန်း.. ဘုန်း.. ဝုန်း..

ပတ်ဝန်းကျင်ရှိ တောင်တန်းများသည် ပြိုကျလာပြီး ကြီးမားသည့်အရိပ်များက တဖြုတ်ဖြုတ်ကျလာနေ၏။ သူတို့သည် သိပ်မကြာမီ မြှုပ်နှံခြင်း ခံရပေတော့မည်။

ထွက်လမ်းအားလုံးက ပိတ်ဆို့နေ‌ပေပြီ။ ယခုဆူဇီမိုသည် ဒဏ်ရာပြင်းထန်စွာရရှိ၍ အားနည်းနေသော အခြေအနေကို မဆိုထားနှင့်ဦး.. သူသည် သူ၏ အကောင်းဆုံး အခြေအနေမှာ ရှိနေလျှင်တောင် သူသည် ဤနေရာမှ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ပေ။

“ကျမ စိတ်မကောင်းပါဘူး”

နတ်ဆိုးမကျိ၏ မျက်လုံးထဲတွင် ရှားရှားပါးပါး ကြင်နာမှုနှင့် စိုးရိမ်ပူပန်မှုတို့က ပေါ်လာ၏။ ထို့နောက် သူမသည် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပြီး ဆူဇီမိုကို နှစ်လိုဖွယ်ရာ ပြုံးပြလိုက်၏။

ခရက်.. ခရက်.. ချပ်..

သူတို့အောက်ခြေရှိ မြေပြင်သည် တုန်ခါလာပြီး အက်ကွဲလာကာ အက်ကွဲကြောင်းများက ကျယ်ပြန့်လာ၏။

ဆူဇီမိုသည် မူးဝေနေ၍ ခြေတစ်ချက်ချော်သွားပြီး အက်ကွဲကြောင်းထဲသို့ ပြုတ်ကျတော့မည်ကဲ့သို့ ဖြစ်သွား၏။

သူ့ခေါင်းကို လှုပ်ခါလိုက်ပြီး သူ့ကိုယ်သူ နိုးထနေစေဖို့ အကောင်းဆုံးကြိုးစားလိုက်၏။ သူသည် ပိန်းပိတ်အောင်မှောင်မိုက်၍ အဆုံးမရှိသော အက်ကွဲကြောင်းကြီးကို ငုံ့ကြည့်လိုက်၏။ ၎င်း၏ အောက်ခြေတွင် ဘာရှိသည်ဆိုတာကို မသိရပေ။

သူသာ နမော်နမဲ့နှင့် အောက်သို့ ပြုတ်ကျသွားကဲ့လျှင် တစ်ကိုယ်လုံးကျိုးကြေကာ အသားပြားဖြစ်သွားနိုင်လေသည်။

ရုတ်တရတ်ဆိုသလို!

ဆူဇီမို၏ နားက တွန့်သွား၏။ အက်ကွဲကြောင်း၏ အနက်ပိုင်းဆီမှ ရေများစီးဆင်းနေသံကို သူသည် ဝိုးတဝါး ကြားလိုက်ရ၏။

အန္တိမနတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ပြီးနောက် ဆူဇီမို၏ အကြားနှင့်အမြင်အာရုံသည် သာမန်လူများထက် များစွာသာလွန်နေပေပြီ။

ရွှစ်..

သူတို့ဦးခေါင်းအထက်ရှိ တောင်ထွတ်တစ်ခုသည် မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများနှင့် ပြိုကျလာ၏။ ဖုန်များကလည်း လုံးထနေပြီး သူတို့၏ အမြင်အာရုံကို ကြောက်စရာကောင်းလောက်အောင် ပိတ်ဆို့သွား၏။

နတ်ဆိုးမကျိသည် ဝမ်းနည်းအားငယ်လာပြီး သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်ကာ လက်လျှော့လိုက်သည့်အနေဖြင့် သက်ပြင်းချလိုက်၏။

ထိုအချိန်မှာပင် တစ်ယောက်ယောက်က သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်၍ ဆတ်ကနဲဆွဲလိုက်တာကို ခံစားမိလိုက်၏။

သူမသည် အငိုက်မိသွားပြီး.. သူမ၏ ဒူးများက ညွှတ်သွားပြီး ဆွဲခေါ်ရာသို့ ပါသွား၏။ သူမသည် အလိုအလျောက် မျက်လုံးကို ဖွင့်ကြည့်လိုက်၏။

ဆူဇီမို၏ မျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူလျော့နေ၏။ သူ၏ လက်တစ်ဖက်က သူ့ရင်အုပ်မှ ဒဏ်ရာကို အုပ်ထားပြီး ကျန်လက်တစ်ဖက်က သူမ၏ လက်ကိုဆွဲကာ မလှမ်းမကမ်းရှိ ကျောက်သားခေါင်းတလားဆီသို့ ဒယီးဒယိုင်ဖြင့် ဆွဲခေါ်သွား၏။

“မြန်မြန်.. အထဲဝင်”

ကျောက်သားခေါင်းတလားဘေးသို့ ‌ရောက်လာပြီးနောက် ဆူဇီမိုသည် နတ်ဆိုးမကျိကို အော်ပြောလိုက်ပြီး တွန်းထုတ်လိုက်၏။

သူမသည် ခဏမျှ ကြောင်အသွားပြီးနောက် ခုခံခြင်းမ‌ရှိဘဲ ကျောက်သားခေါင်းတလားထဲသို့ လှဲချလိုက်၏။

ထို့နောက် ဆူဇီမိုသည်လည်း လိုက်ပါဝင်လိုက်ပြီး .. ကျောက်သားခေါင်းတလား၏ အဖုံးကို ဆွဲယူကာ ဆွဲပိတ်ချလိုက်၏။

ဂျိုင်းကနဲ မြည်သံနှင့်အတူ.. ခေါင်းတလားအဖုံးက တင်းကျပ်စွာ ပိတ်ဆို့သွား၏။

နောက်ဆုံးမြင်နေရသော အလင်းရောင်ကလေးက ပျောက်ကွယ်သွားချေပြီ။

ကျောက်သားခေါင်းတလားအတွင်း၌ ပိန်းပိတ်အောင် မှောင်မိုက်နေ၏။

ဘန်း.. ဘုန်း.. ဘုန်း.. ဝုန်း..

ခေါင်းတလားအဖုံးကို ပိတ်ပြီးသည်နှင့် မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများသည် ခေါင်းတလားအပေါ်သို့ တဘုန်းဘုန်း ပြုတ်ကျလာ၏။ ၎င်းတို့သည် သိပ်သည်းပြင်းထန်၍ နားကွဲမတတ်ဖြစ်၏။

ကျောက်သားခေါင်းတလားသည် လူတစ်ယောက်တည်းအတွက်သာ ပုံစံထုတ်ထားခြင်း ဖြစ်သောကြောင့် နေရာများစွာ မကျယ်ပေ။

ယခုအခါ သူတို့နှစ်ယောက်သည် ထိုအထဲမှာ ရှိနေကြ၏။ ထို့အပြင် ဆူဇီမိုသည် မျိုးဆက်သွေးအဆီအနှစ်များကို ဆုပ်ယူပြီးနောက် သူ့ခန္ဓာကိုယ်က အနည်းငယ် ရောင်ကိုင်းနေသေး၏။ သူတို့နှစ်‌ယောက်ကို အထဲမှာ ဖျစ်ညှစ်သိပ်ထည့်ထားသလို ဖြစ်နေ၏။

နတ်ဆိုးမကျိ၏ ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်က မြင့်တက်လာ၏။ သို့သော်လည်း သူမသည် ဘာမှတော့ ပြောမနေ‌ပေ။

ဆူဇီမိုကြောင့်သာ မဟုတ်လျှင် သူမသည် သေပြီးနှင့်နေပြီမှာ ကြာနေပေပြီ။

စောစောက အခိုက်အတန့်၌ ဆူဇီမိုသာ အနည်းငယ် နှောင့်နှေးသွားခဲ့လျှင် သူသည် အပြင်ဘက်၌ ကျောက်တုံးများပိကာ သေရပေလိမ့်မည်။

ထိုသို့ဆိုလျှင်တောင်.. ဆူဇီမိုသည် သူ့ကိုယ်သူ အန္တရာယ် အဖြစ်ခံ၍ သူမကို အထဲသို့ အရင်ဝင်စေခဲ့၏။

ထိုသည်ကို တွေးတောပြီးနောက် နတ်ဆိုးမကျိ၏ မျက်လုံးထဲတွင် နူးညံ့ညင်သာမှုတို့က ဝင်ရောက်လာပြီး သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်၏။

All Chapters