ဆိုးဆိုးရွားရွား ရှုံးခြင်း
Vol. 26 Ch. 386
“ကျွန်တော် နယ်မြေ အရှင်သခင်ကို ခေါ်တယ်၊ အခြေခံအမှတ်က သုံးမှတ်၊ နှစ်ယောက်လုံး ဘာကဒ်မှ မကစားဘူး ဆိုတော့ အနိုင်ရသွားပြီးတော့ အမှတ်က နှစ်ဆဖြစ်မယ်၊ ကျွန်တော် ခြောက်မှတ် ရသွားပြီ”
ရဲ့လင်းချန်က ချိုသာမနေဘဲ သူတို့၏ အမှတ်များကို တွက်ပြလေသည်။
ကျောက်လျန့်ရင်နှင့် ရှောင်ဖေးဖေးတို့ အချင်းချင်း ကြည့်လိုက်ကြသည်။ နှစ်ယောက်လုံး နှုတ်ခမ်း ဆူနေ၏။
*ဒီကောင်က တော်တော် အကျင့်မကောင်းတာပဲ၊ ငါတို့ကို ဘာအခွင့်အရေးမှ မပေးဘူး၊ ဒီပွဲက တော်တော်လေး ရှုံးသွားပြီး ငါတို့ လိပ်ပုံ ခြောက်ပုံတောင် အဆွဲခံလိုက်ရပြီ*
“လုပ်လေ၊ ဆွဲလိုက်၊ ဒါလေးက ခြောက်ခုလေးပဲကို၊ ငါ ဒီလောက်တော့ အရှုံးခံနိုင်ပါတယ်၊ ငါ ပြန်နိုင်မှာပဲကို”
ကျောက်လျန့်ရင်က မကျေမနပ်ပြောကာ မကြည်ကြည့်နှင် သူမအင်္ကျီလက်ကို လိပ်ပေးသည်။
ရဲ့လင်းချန်က ကျောက်လျန့်ရင်၏ ဖြူဖွေးသော လက်ကောက်ဝတ်ကို ကိုင်၍ စဆွဲလေသည်။ လိပ်ပုံသည် တစ်စတုရန်းမျှ ရှိသည်။ ခြောက်ခု ဆွဲလိုက်သဖြင့် သူမ လက်ကောက်ဝတ်တစ်ခုလုံးကို ဖုံးလုနီးပါး ဖြစ်သွားသည်။
“အာ”
အစက ကျောက်လျန့်ရင်သည် အနည်းငယ်သာ စိတ်ပျက်မိနေခဲ့သည်။ သို့သော် သူမ လက်ကောက်ဝတ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ အတော်လေး အံ့ဩသွားသည်။ တစ်ခဏမျှ စစ်ကြည့်ပြီးနောက် သူမက ပြောလိုက်သည်။
“နင့်လိပ်တွေက တော်တော် ချစ်ဖို့ကောင်းတယ်၊ တအား အသက်ဝင်တာပဲ”
ရဲ့လင်းချန်၏ ပုံဆွဲနည်းက လုံးဝ မရှုပ်ပေ။ သို့သော် သူက ကာတွန်းပုံစံဖြင့် လိပ်ပုံစံကို ပီပြင်စွာ ရေးဆွဲနိုင်သည်။ ဤသည်ကိုကြည့်ပြီး ကျောက်လျန့်ရင်၏ ဒေါသက လျော့ပါးလာသည်။
ကျောက်လျန့်ရင်၌ ပုံဆွဲပြီးနောက် ရဲ့လင်းချန်က ရှောင်ဖေးဖေး၏ လက်ကောက်ဝတ်ကို ပြောင်း၍ ဆွဲလေသည်။
ရှောင်ဖေးဖေးက လိုလိုလားလားပင်။ သူမက တစ်ချိန်လုံး ချိုသာစွာ ပြုံး၍ ရဲ့လင်းချန်ကို စိုက်ကြည့်နေသည်။
“ထပ်ဆော့မယ်”
ကျောက်လျန့်ရင်က ကဒ်များကို ကုလားဖန်ထိုး၍ တက်ကြွစိတ်တို့ ပြည့်နေသေးသည်။
ကဒ်ကစားရာ၌ ရဲရင့်ခြင်းက အရေးပါသည်။ ထိုအရှုံးသည် သူမ၏ နမော်နမဲ့နိုင်ခြင်းကြောင့် ဖြစ်သည်။ အနိုင်နှင့် အရှုံးက စစ်ပွဲ၌ ဖြစ်နေကြပင်။ နိုင်ပွဲက လုံးဝ သူမအပိုင် ဖြစ်လာပေမည်။
အရင်ပွဲတွင် ရဲ့လင်းချန်က နိုင်သွားခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ခေါက်၌ သူသည် ကဒ်များကို စဆွဲနိုင်ပြီး နယ်မြေ အရှင်သခင်ကို ခေါ်နိုင်သည့် အလှည့်ကို ရသွားသည်။
ကျောက်လျန့်ရင်၏ အဖွင့်လက်က အတော်လေး ကောင်းနေပြန်သည်။ သူမနှုတ်ခမ်းတွင် အပြုံးတစ်စ တွဲခိုနေသည်။ ထို့နောက် သူမက ရှောင်ဖေးဖေးကို လှမ်းကြည့်လိုက်သောအခါ သူမအား ပြန်ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ သူမကဒ်တွေလည်း ကောင်းနေကြောင်း သိသာလှသည်။ ဒီပွဲလည်း လှလေပြီ။
“သခင်လေးရဲ့၊ ရှင် နယ်မြေ အရှင်သခင်ကို ဆက်ခေါ်ဦးမှာလား”
ကျောက်လျန့်ရင်က သူမ အချစ်ဆုံး သူငယ်ချင်းနှင့် ပူးပေါင်း၍ ရဲ့လင်းချန်ကို သင်ခန်းစာ ပေးနိုင်ရန် မျှော်လင့်နေ၏။
သူမ၏ အဓိက ပစ်မှတ်မှာ ရဲ့လင်းချန် ဖြစ်သည်။ သူ့တစ်ကိုယ်လုံးကို လိပ်ပုံနှင့် ဖြည့်နိုင်ပါက အကောင်းဆုံးပင်။
*သူ နောက်လည်း ငကြွားတစ်ကောင် ဆက်လုပ်ရဲဦးမလား ကြည့်ရသေးတာပေါ့၊ ဟွန့်*
“ကျွန်တော် နယ်မြေအရှင်သခင်ကို ခေါ်မယ်”
ကျောက်လျန့်ရင်၏ မျက်လုံးတွင် မျှော်လင့်ချက်တို့နှင့် ပြည့်နှက်လာသည်။ ရဲ့လင်းချန်သည် နယ်မြေ အရှင်သခင်ကို ခေါ်ခဲ့ပြီး သူ့အား စိတ်ပျက်အောင် မလုပ်ခဲ့ပေ။
ယင်းက ကျောက်လျန့်ရင်၏ စိတ်ကို ပျော်ရွှင်သွားစေပြီး သူမ စိတ်အေးကာ သက်ပြင်းချလိုက်သည်။
*လူဆိုးကောင် နင့်အလှည့် ရောက်လာပြီ*
*ဒီမိန်းမလှလေးရဲ့ အဆုံးအဖြတ်ကို စောင့်နေလိုက်၊ ငါ နင့်ကို အပြစ်ပေးမယ်လို့ လကို တိုင်တည်ပြီး ပြောရဲတယ်*
“ဂျိုကာဗုံး”
ကျောက်လျန့်ရင်က သူမ၏ အံ့ဩဖွယ် အနာဂတ်နှင့် ပတ်သက်၍ စိတ်ကူးယဉ်နေချိန်တွင် ရဲ့လင်းချန်၏ ပထမ အကွက်က သူမစိတ်ကို လှိုင်းထန်သွားစေသည်။
“စစချင်းကတည်းက ဂျိုကာဗုံးကို သုံးနေတာလား”
ကျောက်လျန့်ရင်၏ အသံက တုန်နေသည်။
“အင်း”
ရဲ့လင်းချန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြီးနောက် သူ့လက်ထဲမှ ကဒ်အားလုံးကို စားပွဲပေါ်၌ သပ်သပ်ရပ်ရပ် တင်လိုက်သည်။
“၄၄၄,၅၅၅,၆၆၆,၇၇၇,၈၈၈,၉၉၉”
သူ့လက်ထဲမှ ကဒ်အားလုံးကို ချသုံးလိုက်သည်။ ဒုတိယအကြိမ်မြောက် အခြားသူကို ကဒ်ချခွင့်မပေးဘဲ အနိုင်ယူ လိုက်ခြင်းပင်။
“ချီးပဲ”
ကျောက်လျန့်ရင် မနေနိုင်ဘဲ ဆဲလိုက်မိသည်။ သူမမျက်နှာက စားပွဲနှင့် ကပ်လုနီးပါး ဖြစ်နေပြီး နားဝေတိမ်တောင် ဖြစ်နေလေသည်။
ရှောင်ဖေးဖေးသည်လည်း ထိုမြင်ကွင်းကြောင့် ထပ်တူ အံ့အားသင့်နေ၏။ သူမသည်သာမက ဘေးမှ ကြည့်နေသော လုရှောင်ပုသည်လည်း မျက်လုံး ကျွတ်ကျမတတ် ဖြစ်နေသည်။ မီးကို ယပ်ခတ်ရင်း အလုပ်များနေသည့် ချန်ချီချီသည်လည်း အံ့ဩနေကာ ယပ်တောင်ကို လွတ်ကျမတတ် ဖြစ်သွားလေသည်။
*ဘာတွေ ဖြစ်နေတာလဲ*
“ဟင့် ဟင့် ဟင့်”
ကျောက်လျန့်ရင်သည် သူမလက်ထဲမှ ကဒ်များကို ကြည်ပြီး ငိုလေသည်။ သူမ၌ ၂၂၂၂ ရှိသည်။ ရှောင်ဖေးတွင်လည်း K လေးကဒ် ရှိသည်။ သို့သော် ထိုကဒ်များအားလုံးက သူတို့ လက်ထဲ၌ အလဟဿ ဖြစ်သွားလေပြီ။
မရေတွက်နိုင်သော ကဒ်ပွဲများစွာ သူမ ကစားခဲ့သည်ဟု ထင်ခဲ့သော်လည်း ဤသို့ ထူးဆန်းသော ရလဒ်မျိုး ရသည်က ပထမဆုံးပင်။
“နင် … နင် လိမ်နေတာလား၊ ဘယ်လိုလုပ် ဒီလောက် အစီအစဉ်ကျတဲ့ ကဒ်တွေ ရှိနိုင်မှာလဲ”
နယ်မြေအရှင်သခင်အား စိန်ခေါ်ခြင်း ကစားပွဲ၌ ကဒ်များ မသုံးလိုက်ရဘဲ အနိုင်ရခြင်းက ဖြစ်တတ်ပါသည်။ သို့သော် နှစ်ကြိမ်ဆက်တိုက် ရခြင်းက သံသယ ဖြစ်စရာ ကောင်းလွန်းလှသည်။ ထို့အပြင် အကြိမ်တိုင်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့သည်။
ရဲ့လင်းချန် ခေါင်းခါ၍ ပြန်ပြောလိုက်သည်။
“ကဒ်တွေကို ကုလားဖန်ထိုးတာက မင်းလေ၊ ဘယ်လိုလုပ် ငါက ဒါတွေကို မထိဘဲ လိမ်နိုင်မှာလဲ၊ ပြီးတော့ လုရှောင်ပုက ဘေးကနေ တစ်ချိန်လုံး ကြည့်နေခဲ့တာပဲ”
လုရှောင်ပုက ချက်ချင်း သူ၏ သစ္စာရှိမှုကို ပြသခဲ့ပြီး အခိုင်အမာ ထောက်ခံလေသည်။
“သခင်လေးရဲ့ မလိမ်ဘူးဆိုတာကို ကျုပ်သိက္ခာနဲ့ ရင်းပြီး အာမခံရဲပါတယ်”
ကျောက်လျန့်ရင်က စိတ်ဆိုးမာန်ဆိုးဖြင့် သူမဆံပင်ကို လိမ်နေကာ ပြောစရာ စကားမဲ့နေ၏။
*မဟုတ်မှလွဲရော ကံကောင်းတာများလား၊ သူ့ကံက ကောင်းလွန်းလိုက်တာ*
*ငါ မယုံဘူး ထပ်ဆော့မယ်*
ကျောက်လျန့်ရင်က ကဒ်များကို ဒေါသတကြီး ကုလားဖန်ထိုးသည်။ ယခုတစ်ခေါက်တွင် သူမသည် ကုလားဖန် ထိုးခြင်းကို အလွန် အာရုံစိုက်ထားပြီး ကဒ်များကို ခုနစ်ကြိမ်၊ ရှစ်ကြိမ်အထိ ကုလားဖန် ထိုးလေသည်။ သူမက ကဒ်တစ်ခုချင်းစီတိုင်းကို ဖြတ်တောက်ချင်နေသေးသည်။
ထိုအခိုက်တွင် ရှောင်ဖေးဖေးက နာခံစွာဖြင့် သူမ၏ နောက်လက်တစ်ဖက်ကို ဆန့်ပေးပြီး ရဲ့လင်းချန်အား လိပ်ပုံ ဆွဲစေလေသည်။
ယခုတစ်ပွဲတွင် ကဒ်ချခွင့်ပင် မရလိုက်ဘဲ အနိုင်ရလိုက်သည့်အပြင် ဂျိုကာဗုံးကိုပါ သုံးခဲ့သဖြင့် စုစုပေါင်း လိပ်ပုံ ဆယ့်နှစ်ခု အဆွဲခံရပေမည်။ ပုံက သူမတို့၏ လက်ကောက်ဝတ်မှနေ၍ လက်မောင်းအထိ ရောက်လာသည်။
သူမသည် သူမလက်မောင်းမှ လိပ်ပုံကို ကြည့်ပြီး ပျော်နေလေသည်။ ရဲ့လင်းချန်နှင့် အနည်းငယ် ပို၍ ရင်းနှီးသော ဆက်ဆံမှုဟု သတ်မှတ်နိုင်ပေသည်။ ထို့အပြင် ထိုလိပ်ပုံများက ချစ်စရာ ကောင်းလှသည်။ သူမ အိမ်ပြန်ရောက်လျင် အမှတ်တရအတွက် ဓာတ်ပုံရိုက်ထားမှ ဖြစ်ပေမည်။
တတိယပွဲ …
ရဲ့လင်းချန်သည် ယခုပွဲတွင်လည်း နယ်မြေ အရှင်သခင်အား ခေါ်ပိုင်ခွင့်ကို ဆက်လက် ထိန်းသိမ်းထားသည်။ အစက သူသည် နယ်မြေ အရှင်သခင်အား မခေါ်ချင်သော်လည်း ယင်းက ကျောက်လျန့်ရင်အား သူ့လက်ထဲမှ ကဒ်များက ဆိုးသည်ဟု အထင်မှားသွားစေပြီး သူ့အား နယ်မြေ အရှင်သခင်ကို ခေါ်ရန် မခံချင်အောင် ပြောလေသည်။ အခြား ရွေးချယ်စရာ မရှိသဖြင့် သူ ခေါ်လိုက်ရသည်။
သို့သော် ရဲ့လင်းချန်က ပွဲကို ထပ်နိုင်သွားသည်။ ဗုံး သို့မဟုတ် ကဒ်မချရဘဲ အနိုင်ရသွားခြင်းတို့ ပြုလုပ်ခြင်း မရှိသော်လည်း သက်တောင့်သက်သာပင်။
စတုတ္ထပွဲ …
ရဲ့လင်းချန်သည် King ကဒ် တစ်ကဒ်နှင့် Queen ကဒ် နှစ်ကဒ်ကို ဆွဲထားနိုင်ခဲ့ပြီး မရှုံးတော့ပေ။
ထိုအချိန်တွင် ရှောင်ဖေးဖေးနှင့် ကျောက်လျန့်ရင်တို့၏ ဖြူဖွေးသော လက်မောင်းများတွင် လိပ်များဖြင့် ပြည့်နေ၏။ ရလဒ်က အပြတ်အသတ် ရှုံးခြင်းပင်။ အကယ်၍ သူမတို့၏ ပရိသတ်များသာ မြင်ပါက အားပါးတရ ရယ်မောလောက်သည်။
မိန်းကလေးတစ်ယောက်၏ လက်၌ စဆွဲခြင်း ဖြစ်သောကြောင့် သူတို့ ဆက်ရှုံးနေလျင် နေရာ ပြောင်းရ လောက်သည်။
ကျောက်လျန့်ရင်ကလည်း အဆုံးထိ လုပ်ချင်နေသည်။
*ငါ ဒီနေ့မှမနိုင်ရင် ငါ လူမဟုတ်တော့ဘူး*
သို့သော်ငြားလည်း ငါးပွဲ၊ ခြောက်ပွဲ၊ ခုနစ်ပွဲ၊ ရှစ်ပွဲ …
…
အချိန် တဖြည်းဖြည်း ကုန်လာပြီး ကျောက်လျန့်ရင်၏ လှပသော မျက်နှာတွင် ကြည့်ရဆိုးသော အမူအရာ ပေါ်လာပြီး နီမြန်းလာသည်။ သူမဘဝကိုပင် သူမ သံသယ ဝင်လာ၏။
အစက သဘောကျနေသည့် ရှောင်ဖေးဖေးတောင်မှ ယခု ခံစားချက် မကောင်းတော့ပေ။ သူမမျက်နှာတွင် သုန်မှုန်သော အမူအရာ ပေါ်လွင်နေလေသည်။
ကဒ်ကစားခြင်းသည် အနိုင်နှင့်အရှုံး ရှိမှသာ စိတ်ဝင်စားစရာ ကောင်းပေမည်။
အကယ်၍ တစ်ယောက်က ဆက်တိုက် နိုင်နေလျင် ပျင်းစရာ ကောင်းလှသည်။ တစ်ယောက်က ဆက်တိုက် ရှုံးနေပါက … ပို၍ ဆိုးပေသည်။
အဓိပ္ပာယ် မရှိသလို ခံစားရရုံတင်မကဘဲ စိတ်ဒဏ်ရာလည်း ဖြစ်ပေသည်။
“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် နင်က ဆက်တိုက် နိုင်နေတာလဲ၊ နင် သေချာပေါက် လိမ်နေတာ၊ မဟုတ်ရင် နင် ဘယ်လိုလုပ် အဲ့လောက် နိုင်နေမှာလဲ”
ဆယ့်ငါးပွဲမြောက် ရှုံးပြီးနောက် ကျောက်လျန့်ရင် စိတ်ပျက်သွားလေတော့သည်။ သူမက လက်ထဲမှ ကဒ်များကို ပစ်ချ၍ ရဲ့လင်းချန်အား အော်လေသည်။
ဘယ်သူမှ ထိုသို့ သည်းခံနိုင်မည် မဟုတ်ပါ။ ၎င်းက လုံးဝကို ထူးခြားလွန်းလှသည်။ လိမ်နေခြင်းသာ မဟုတ်လျင် ကောင်းကင်ဘုံက သူ့အတွက် လိမ်ပေးနေခြင်းသာ ဖြစ်ရမည်။
လက်ရှိအချိန်၌ ကျောက်လျန့်ရင်နှင့် ရှောင်ဖေးဖေးတို့တွင် မျက်နှာအထိ လိပ်ပုံများနှင့် ပြည့်နေသည်။ သို့သော် ရဲ့လင်းချန်က အသိတရား ရှိပါသေးသည်။ သူ၏ ပုံများက အချိုးညီသည်။ တစ်ခုကို နဖူး၌ ဆွဲပြီး ပါးတစ်ဖက်စီ၌ တစ်ခုစီ ဆွဲထားသဖြင့် သူမတို့၏ မျက်နှာလေးများက စချင်စရာ ကောင်းသလို ချစ်စရာလည်း ကောင်းနေ၏။
သို့သော် ချစ်စရာ ကောင်းသည့်အပြင် သူမတို့သည် ဆိုးဆိုးရွားရွား ရှုံးခဲ့သဖြင့် သူမတို့ မိခင်ပင် သူမတို့ကို မမှတ်မိနိုင်လောက်ပါ။ ဤသို့သာ ဆက်ဖြစ်နေပါက သူမတို့ ရူးသွားလောက်သည်။
ဆယ့်ငါးပွဲတွင် ရဲ့လင်းချန် ကဒ်ပင် မချဘဲ အနိုင်ရခြင်း ခြောက်ကြိမ် ရှိခဲ့သည်။ ကျန်ပွဲများတွင် ဗုံးများ တစ်ခုပြီးတစ်ခု ပေးခဲ့သည်။ ယင်းက အညှာအတာ မဲ့လွန်းလှသဖြင့် ကျောက်လျန့်ရင်အား မှင်တက်သွားစေပြီး အကြိမ် အနည်းငယ်မျှ အော်ဟစ်သွားစေခဲ့သည်။