အသိပင်လယ်ကို ချည်းနင်းဝင်ရောက်လာသော အရိုးပေါ်အရေတင် လက်တစ်ဖက် ( ၃ )
Vol. 23 Ch. 356
သို့သော်လည်း သူတော်စင်ကြယ်၏ ညာလက်တစ်ဝက်ကျော် ဆွေးမြေ့ပျက်စီးနေပြီဖြစ်ရာ ဒူးတိုက်ချက်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ရွှီချင်း၏ဒူးသည်လည်း အခြေအနေ မဟန်တော့ဘဲ ဒူးပေါ်တွင် အက်ကွဲရာများ ပေါ်လာသည်။
သို့သော် ရွှီချင်းသည် ဂရုမစိုက်ဘဲ ခုန်ဝင်သွားပြီး သူတော်စင်ကြယ်၏ လည်ပင်းကို လှမ်းကိုက်လိုက်သည်။
သူတော်စင်ကြယ်၏ မျက်လုံးများထဲရှိ ရူးသွပ်ခြင်းအရိပ်အယောင်များနေရာတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ အစားထိုးနေရာယူလာသည်။ သူ အလျင်အမြန် နောက်ဆုတ်လိုက်ပါသော်လည်း ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် သူ့ညာခြေထောက်မှာ အရည်ပျော်စပြုလာသည်။ သူ့ခန္ဓာကိုယ် ဟန်ချက်ပျက်လာပြီး ရွှီချင်းက ခုန်ဝင်သွားပြန်သည်။ သူတို့နှစ်ယောက်က ရှိသမျှအကုန်သုံးကာ တိုက်ခိုက်လိုက်ကြသည်။
ပြင်းထန်သောအဆိပ်ကြောင့် သူတို့နှစ်ယောက်လုံး အလွန် အားနည်းနေကြသည်။ ယင်းအပြင် တိုက်ပွဲထဲတွင် နည်းလမ်းစုံသုံးခဲ့ရသည်ဖြစ်ပြီး သူတို့ကန့်သတ်ချက်သို့ ရောက်နေကြပြီ ဖြစ်သည်။
တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ သူတော်စင်ကြယ်မှာ ကောင်းကင်လက်ရွေးစင်တစ်ယောက် ပီသပေသည်။ လျှို့ဝှက်အတတ်များ၊ ဆေးလုံးများနှင့် နည်းလမ်းမျိုးစုံ ပေါင်းစပ်လိုက်သောအခါတွင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကျော်သည့်တိုင်အောင် တောင့်ခံနိုင်ခဲ့သည်။
သို့သော်လည်း ယင်းသည် သူ၏ကန့်သတ်ချက် ဖြစ်သည်။ မြေပြင်မှာ သူနှင့် ရွှီချင်းတို့၏ ပုပ်ပွနေသော အသားစများဖြင့် ဖုံးလွှမ်းနေသည်။ ရွှီချင်းသည်လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး လူသားတစ်ယောက်နှင့် မတူတော့ပေ။
သို့သော်လည်း သူ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူက ထပ်မံခုန်ဝင်သွားပြီး သူတော်စင်ကြယ်၏ လည်ပင်းကို ကိုက်လိုက်သည်။ ယခုတစ်ခေါက်တွင် သူတော်စင်ကြယ်မှာ မရှောင်တိမ်းနိုင်တော့ပေ။ ရွှီချင်းက သူ၏လည်ပင်းကို အညှာအတာကင်းမဲ့စွာ စုတ်ဖြဲလိုက်သည်။
သူတော်စင်ကြယ်၏ လည်ပင်းနှင့် ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး သူ့တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားသည်။ မြဲ့မုန်က တားဆီးရန် ရုပ်လုံးပေါ်လာပါသော်လည်း ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်သော အကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ သူတော်စင်ကြယ်၏ သက်ရောက်ခြင်းခံထားရသော မြဲ့မုန်သည်လည်း တုန်ခါသွားသည်။ ရွှေကျီးကန်းကြီးက ထိုအခွင့်အရေးကို အသုံးချ၍ အစွမ်းကုန် ရှူသွင်းလိုက်ရာ မြဲ့မုန်ထံမှ စူးစူးဝါးဝါး အော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။
ယင်းသည် အဆုံးသတ် မဟုတ်ပေ။ ရွှီချင်းက မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရပြီး သူ့ကိုယ်တွင်းအင်္ဂါများ ပုပ်ပွဆွေးမြေ့လာနေသည်။ သို့သော်လည်း ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်အလား သူတော်စင်ကြယ်နောက်သို့ လိုက်သွားပြီး သူတော်စင်ကြယ်၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။
သူတော်စင်ကြယ်က နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ သူက အဝေးသို့ လေးဖက်ထောက်ကာ ထွက်သွားရန် ပြင်လိုက်ပါသော်လည်း ရွှီချင်းက သူ၏ခေါင်းကို ခေါင်းဖြင့် အညှာအတာမဲ့စွာ တိုက်လိုက်သည်။ သူတော်စင်ကြယ်ထံမှ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာပြီး ရွှီချင်း၏ခေါင်းမှာ သွေးအလိမ်းလိမ်းဖြစ်နေပြီး သူ့ခန္ဓာကိုယ်က မကြုံဖူးအောင် အားနည်းနေသည်ဟု သူ ခံစားနေရသည်။ သို့သော် သူတော်စင်ကြယ်သည်လည်း အားပျက်နေပြီဖြစ်၍ နောက်ဆုံးတွင် အခွင့်အရေးတစ်ခုကို သူ တွေ့သွားသည်။
သူက သူတော်စင်ကြယ်၏ ဝမ်းဗိုက်ကို အားကုန်သုံး၍ ထိုးဖောက်လိုက်သည်။
သူ၏ညာလက်က သူတော်စင်ကြယ်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး ဓမ္မတံခါးတစ်ခုကို ဖမ်းဆုပ်လိုက်သည်။ ယင်းနောက် သူ့ညာလက်က အသိပင်လယ်ထဲ တိုးဝင်သွားပြီး သက်စောင့်မီးအိမ်ပုံစံပစ္စည်းတစ်ခုကို ထိတွေ့မိလိုက်သည်။
ရွှီချင်း၏မျက်လုံးများ စိတ်လှုပ်ရှားခြင်းများဖြင့် ဝင်းလက်သွားသည်။ သူတော်စင်ကြယ်၏ စူးစူးဝါးဝါး အော်ဟစ်သံများအောက်တွင် သက်စောင့်မီးအိမ်ကို သူ ဖမ်းဆုပ်လိုက်သည်။
သူတော်စင်ကြယ်၏ ဝမ်းဗိုက်ထဲမှ သွေးများ စီးကျမလာခင် ရွှီချင်း၏ညာလက်မှ လက်နှစ်ချောင်း အရည်ပျော်သွားသည်။ သို့သော် ကျန်သုံးချောင်းက သက်စောင့်မီးအိမ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ဆွဲနှုတ်လိုက်လေသည်။
ရွှီချင်း၏လက်ထဲမှ သွေးရောင်တံဆိပ်တော်တစ်ခုနှင့် သက်တန့်ရောင်စဉ်များ ဝင်းလက်သွားသည်။ ယင်းသည် သက်တန့်လေပြေသံစဉ်မီးအိမ် ဖြစ်ပေသည်။
သက်တန့်လေပြေသံစဉ်မီးအိမ်၏ ပုံပန်းသွင်ပြင်က သလင်းကျောက်တစ်လုံးနှင့် ဆင်တူသည်။ ယင်းမှ စူးရှတောက်ပသော သက်တန့်ရောင်စဉ်မှား ဖြာထွက်နေပြီး သက်တန့်ကွန်ခြာအဖြစ် ပြောင်းလဲကာ ရေအလျဉ်ပမာ အရပ်မျက်နှာအနှံ့ ဖြာကျနေသည်။
ထိုသက်စောင့်မီးအိမ်သည် သွေးအလိမ်းလိမ်းဖြစ်နေပြီး ရှေးဟောင်းအငွေ့အသက်များ တရိပ်ရိပ် ပျံ့လွင့်နေသည်။
ယင်းသည် နှစ်ပေါင်းများစွာ ကျော်ဖြတ်လာခဲ့ရပြီး အချိန်၏တိုက်စားခြင်းကို ခံခဲ့ရသည့်အလားပင်။
တစ်ချက်ကြည့်ရုံဖြင့် သာမန်ပစ္စည်းတစ်ခုမဟုတ်ကြောင်း သေချာပေါက် ပြောနိုင်သည်။ သက်စောင့်မီးအိမ်ပေါ်တွင်လည်း လူသားပုံစံရုပ်ပုံတစ်ခုသဖွယ် ရေးထွင်းထားသော ကောင်းကင်နှင့် မြေပြင်၏ နိယာမများ ကိန်းအောင်းနေသည့် မရေမတွက်နိုင်သော ကမ္ပည်းစာများ ရှိနေသည်။ ထိုကမ္ပည်းစာများကို ကြည့်မိရုံဖြင့် စိတ်နှင့်ဝိညာဉ်ကို တုန်ခါသွားစေမည်ဖြစ်သည်။
မည်သည့်သက်စောင့်မီးအိမ်မဆို အထွတ်အထိပ် ရတနာတစ်ပါး ဖြစ်ပေသည်။
“ ရွှီချင်းးးး ”
လည်မျို တိုက်စားခံနေရသော်လည်း သူတော်စင်ကြယ်က ရွှီချင်းကို စူးစိုက်ကြည့်ကာ ရူးသွပ်ခြင်းအပြည့်ဖြင့် အော်ဟစ်လိုက်သည်။
သူ့ကိုယ်ထဲမှ သက်စောင့်မီးအိမ် ဆွဲနှုတ်ခံလိုက်ရသည့်ခံစားချက်က သူ့ကို ရူးသွပ်လုမတတ် ဖြစ်သွားစေသည်။
သို့သော် ရွှီချင်း၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူ၏ဘယ်လက်မှ လက်ငါးချောင်းက အရည်ပျော်သွားပြီး အရိုးချွန်လေး ပေါ်လာသည်။ သူသည် တွေဝေတွန့်ဆုတ်မနေဘဲ ထိုအရိုးချွန်လေးဖြင့် သူတော်စင်ကြယ်၏ လည်ပင်းအား ထိုးစိုက်လိုက်လေသည်။