အမှတ်ခုနစ်သခင်ကြီး
Vol. 23 Ch. 358
တားမြစ်ဒေသကြီးထဲရှိ တောအုပ်ထဲတွင် ရွှီချင်းသည် အလွန် မြန်ဆန်စွာ ပြေးလွှားနေသည်။ ထိုသို့ ပြေးနေစဉ်အတောအတွင်း သူ့ခန္ဓာကိုယ်ရှိ နေရာတိုင်းမှ ပြင်းထန်သော နာကျင်မှုများကို သူ ခံစားနေရသည်။
ယင်းမှာ အဆိပ်တားမြစ်ဆေး၏ တိုက်စားခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ် အတွင်းနှင့်အပြင်မှာ ဆွေးမြေ့ပျက်စီးနေသည်။ သူ၏ခံနိုင်ရည်က ယခင်ကထက် သာလွန်သွားပြီဖြစ်သော်လည်း အချုပ်အနှောင်လောကကြီးထဲတွင် ကြာမြင့်စွာ သူ နေခဲ့ရသည်။
ယင်းအပြင် ထိုလောကကြီးထဲ ပိတ်လှောင်မခံရခင်ကတည်းက သူ ဒဏ်ရာအပြင်းအထန်ရပြီး အားနည်းနေခဲ့သည်။
ကံကောင်းထောက်မ၍ သက်စောင့်မီးအိမ်ပေါင်းစည်းခြင်းက သူ့ခန္ဓာကိုယ်ကို သက်စောင့်မီးလုံးငါးလုံးအား လောင်ကျွမ်းနိုင်စေရန် အားအင်ရစေခဲ့သည်။ သက်စောင့်မီးလုံးများသည် မကြုံဖူးလောက်အောင် တဟုန်းဟုန်း တောက်လောင်နေပြီး သူ့ကိုအားအင်ပေးနေသည်။ အမှန်စင်စစ် သူ့ကိုယ်မှ ဖြာထွက်နေသော မီးအလင်းရောင်များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်နေသည်။
အဝေးမှ ကြည့်ပါက ရွှီချင်းသည် မီးတဟုန်းဟုန်း တောက်လောက်နေသော လူတစ်ယောက်ပင်။ ရွှီချင်းသည် တရိပ်ရိပ်သွားနေရင်း အရိပ်လေးမှာ မျက်လုံးများ ပေါ်လာပြီး စူးစမ်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုသို့ အရိပ်လေး ကြည့်လိုက်သည့်အချိန်မှာပင် ရွှီချင်း၏ ကိုယ်ထဲမှ ခရမ်းရောင်ဝင်းလက်သွားပြီး အရိပ်လေးကို ရောင်ပြန်ဟပ်သွားကာ ဖိနှိပ်လိုက်လေသည်။
အရိပ်လေးမှာ သွေးပျက်ခမန်း နာကျင်စွာ ညည်းညူလိုက်ပြီး ကပ်ဖားရပ်ဖားလုပ်သည့်ခံစားချက်များ အလျင်အမြန် ပို့လွှတ်လိုက်သည်။
“ ဒဏ်ရာရနေလည်း မင်းကို ငါ သေတဲ့အထိ ဖိနှိပ်နိုင်ပါသေးတယ်ကွ။ မင်း လုပ်ခဲ့တဲ့ စွမ်းဆောင်မှုအတွက်ပဲ ပျော်နေစမ်းပါ ”
ရွှီချင်းက အေးတိအေးစက် ပြောလိုက်သည်။ အရိပ်လေးမှာ နာခံသည့်အမူအရာ အလျင်အမြန် လုပ်ပြလိုက်သည်။
အမှန်စင်စစ် အစောပိုင်းက ရွှီချင်း အပြင်းအထန် ဒဏ်ရာရနေသည်ကိုမြင်၍ အရိပ်လေးမှာ စိတ်ရိုင်းများ ဝင်လာခဲ့သည်။ သို့သော်လည်း ရွှီချင်းကို အမှန်တကယ် ကြောက်ရွံ့သည်ဖြစ်၍ သူတော်စင်ကြယ်နှင့် တိုက်ခိုက်စဉ်အခါက ရွှီချင်း၏ ညွှန်ကြားချက်များကို မလိုက်နာဘဲ မနေဝံ့ခဲ့ပေ။ သူတော်စင်ကြယ်၏ ဓမ္မတံခါးကို အစွမ်းကုန် ပိတ်ဆို့ခဲ့သည်။
ယင်းသည် သူ၏အကျင့်စရိုက် မဟုတ်ပေ။ ရွှီချင်းကို ကြောက်သောကြောင့်သာ လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုကြောက်ရွံ့စိတ်သည် အရိပ်လေးကို ရွှီချင်း ထိန်းချုပ်နိုင်ခြင်း၏ သော့ချက်ဖြစ်သည်။ ထို့ကြောင့် အစောပိုင်းက အရိပ်လေးသည် စိတ်ရိုင်းများကို မဖော်ပြဝံ့ဘဲ ကွယ်ဝှက်၍ ရွှီချင်းကို စူးစမ်းချင်ဟန်ဖြင့် ကြည့်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရွှီချင်းက အာရုံခံမိလိမ့်မည်ဟု အရိပ်လေး မျှော်လင့်မထားခဲ့ပေ။
တခြားတစ်ဖက်တွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သစ္စာရှိသောနောက်လိုက်တစ်ယောက်၏ အမူအရာမျိုးဖြင့် ရွှီချင်းနောက်မှ လိုက်ပါနေသည်။ ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ယင်းနောက် သူသည် အရိပ်လေးကို ထိန်းချုပ်၍ မီးတောက်များ ဖြာထွက်နေခြင်းကို ကာကွယ်ရန် သက်စောင့်မီးတောက်များအား ဖုံးအုပ်လိုက်သည်။
ထို့နောက် သုန်မှုန်နေသောအမူအရာဖြင့် နောက်သို့ သူ လှည့်ကြည့်လိုက်သည်။ သူ့နောက်မှ တရကြမ်း လိုက်နေသော လူရိပ်သုံးရိပ်ကို သူ အာရုံရနေသည်။ သက်စောင့်မီးလုံးခြောက်လုံး အမြန်နှုန်းသာ ရှိမနေလျှင် သူ့ကို မီသွားသည်မှာ ကြာပြီ ဖြစ်သည်။
“ ပုံမှန်အခြေအနေသာဆိုရင် ငါ ပြန်တိုက်လို့ရတယ် ”
ရွှီချင်းသည် ဒဏ်ရာများနှင့် အားနည်းခြင်းကြောင့် ဖြစ်လာသော မူးဝေနောက်ကျိခြင်းများကို ကြိတ်မှိတ်တောင့်ခံလိုက်သည်။ သူူက လျှာထိပ်ကို ကိုက်လိုက်ပြီး နာကျင်မှုဖြင့် အသိစိတ်ဝင်စေရန် လုပ်လိုက်သည်။ သူသည် အရှိန်အဟုန်အပြည့်ကို ဆက်ထိန်းကာ ပြေးသွားသည်။
သူတော်စင်ကြယ်နှင့်တိုက်ပွဲတွင် သူ၏အဆိပ်အားလုံး သုံးစွဲခဲ့ရသည်။ သူ ချန်ထား၍မရဘဲ မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့ရသည်။ အင်မော်တယ်ဂျယ်လီကို စား၍ အိပ်မောကျနေသော ပိုးကောင်နက်များသာ ကျန်တော့သည်။ ကျန်ပိုးကောင်နက်များအားလုံး သူတော်စင်ကြယ်၏ ခန္ဓာကိုယ်ထဲတွင် ရှိသည်။
ရောင်နီလာရန် မလိုတော့ချေ။ ရွှီချင်းသည် ပြေးလွှားနေရင်း လျှာထိပ်ဖျားကို ထပ်ကိုက်၍ ဆက်လက်ပြေးသွားသည်။
“ တာအိုအစောင့်အရှောက်တွေကို သုတ်သင်ပြီး ဖီးနစ်တားမြစ်ဒေသကြီးထဲကနေ တတ်နိုင်သလောက် မြန်မြန် ငါ ထွက်မှ ဖြစ်မယ် ”
“ ချီရွှဲ့ထုံဂိုဏ်းရဲ့ သဘောထားက ဘယ်လိုရှိမလဲ ငါ သိတာမဟုတ်ဘူး။ စောင့်ကြည့်နေမှဖြစ်မယ် ”
“ ဖီးနစ်တားမြစ်ဒေသကြီးကနေ ထွက်ခွာတာက အကောင်းဆုံးရွေးချယ်မှုတော့ မဟုတ်ဘူး။ ဒီမှာ နေရင်လဲ အတူတူပါပဲ ”
ရွှီချင်း၏ မျက်လုံးများထဲတွင် ချိန်ဆကြည့်နေသာအရိပ်အယောင်များ ပေါ်လာသည်။ ထိုကိစ္စအတွက် တန်ကြေးမှာ မနည်းလှပါသော်လည်း သက်စောင့်မီးအိမ်အကြောင်း တွေးတောမိသောအခါ သူ၏မျက်လုံးများထဲတွင် ခိုင်မာပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည်။
ဤလောကပျက်ကြီးထဲတွင် အရာအားလုံးအတွက် အစွမ်းကုန် တိုက်ခိုက်ရသည်။
ထိုအတွေးကြောင့် ရွှီချင်းသည် လမ်းကြောင်းပြောင်းကာ ဖီးနစ်တားမြစ်ဒေသကြီး၏ တောနက်ထဲသို့ ဦးတည်သွားသည်။ တချိန်တည်းမှာပင် မကြာသေးခင်က သေရေးရှင်ရေးအခြေအနေတွင် ပေါ်လာခဲ့သော ပြိုင်စံရှားအရှိန်အဝါနှင့် တားမြစ်ဒေသကြီး၏ တောနက်ထဲမှ အသံကြီးကို ပြန်စဉ်းစားကြည့်လိုက်သည်။
“ သက်တန့်လေပြေသံစဉ် သက်စောင့်မီးအိမ်က အမှတ်အသားကို ဖျက်ဆီးလိုက်တာက အရှိန်အဝါကြောင့် ဖြစ်သွားတာလား၊ ဒါမှမဟုတ် တမင်သက်သက် ဖျက်ဆီးပေးလိုက်တာလား ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ထိုကိစ္စက တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်ဟု ရွှီချင်း မထင်ပေ။ တမင်သက်သက် ဖျက်ဆီးပေးလိုက်ခြင်းသာ ဖြစ်ပေမည်။
“ ဘာလို့လဲ ”
ရွှီချင်း နားမလည်ပါသော်လည်း အရှိန်ကို မလျော့ပစ်လိုက်ပေ။ တစ်ဆက်တည်း သူက လက်ဟန်ဖော်လိုက်ရာ ဘေးရှိ ဆေးပင်အနည်းငယ်က သူ့ထံ ပျံသန်းလာသည်။ သူက ထိုဆေးပင်များကို ဝါးမျိုလိုက်သည်။
ယင်းသို့ သူ လုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူ ပြေးနေစဉ်အတောအတွင်း အသုံးဝင်သော ဆေးပင်များတွေ့တိုင်း ထိုသို့ လုတ်တတ်သည်။ ထိုဆေးပင်များတွင် အာနိသင်မည်မျှ ရှိသည်ဖြစ်စေ ထိုဆေးပင်များကို စားလိုက်ခြင်းသည် သူ့ဒဏ်ရာများကို ပြန်လည်သက်သာလာစေရန် အနည်းငယ် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
ထိုဆေးပင်များက သူ့ဒဏ်ရာများကို အပြည့်အဝ မပျောက်ကင်းစေနိုင်ပါသော်ငြား ဘာမှမရှိသည်ထက်စာလျှင် ကောင်းသေးသည် မဟုတ်ပါလား။ ရွှီချင်းသည် သိုလှောင်အိတ်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် အထဲတွင် အနက်ရောင်ဆေးလုံးအနည်းငယ် ရှိနေသေးသည်ကို မြင်လိုက်ရသည်။
“ ဓာတ်နှောတွေ ထူထပ်သိပ်သည်းတတ်တဲ့ ညအချိန်မှပဲ ဒီအနက်ရောင်ဆေးတွေကို သုံးတာ ပိုကောင်းမယ် ”
ရွှီချင်းသည် အန္တရာယ်ထဲ ရောက်နေသော်လည်း အသက်ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူ အချိန်တွက်ကြည့်လိုက်သည်။ သူ အပြည့်အဝ ပြန်လည်သက်သာချင်လျှင် ငါးရက်ခန့်ကြာမည် ဖြစ်သည်။
“ ငါးရက် … တိမ်လွှာဓားဂိုဏ်းက ဘယ်လိုတုန့်ပြန်လာမလဲ ငါ စဉ်းစားထားရမယ်။ ငါးရက်ဆိုတာ ကြာတယ်။ တားမြစ်ဒေသကြီးရဲ့ တောနက်ထဲကို အလွန်ဆုံး နှစ်ရက်အတွင်း သွားပြီး ငါ့နောက်က လူသုံးယောက်ကို သတ်ပစ်ရမယ် ”
ရွှီချင်းသည် သစ်ပင်ကြီးတစ်ပင်ပေါ် ခုန်တက်သွားပြီး လေကို အာရုံခံကြည့်လိုက်သည်။
“ အဆိပ်တားမြစ်ဆေးကိုပဲ ငါ အသုံးပြုလို့ရဦးမယ် ”
ရွှီချင်းသည် သူ့ဒဏ်ရာများကို အာရုံခံကြည့်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သို့သော်လည်း သူက ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ဆန္ဒမွန်သေတ္တာကို ပြန်ထုတ်ကာ ဖွင့်လိုက်သည်။ သူက လေကို အားပြု၍ အဆိပ်နံ့များ သူ့နောက်သို့ ပျံ့လွင့်သွားစေရန် လုပ်လိုက်သည်။
သူတော်စင်ကြယ်၏ တာအိုအစောင့်အရှောက်သုံးယောက်က သူ့နောက်မှ သုန်မှုန်နေသောအမူအရာမားဖြင့် လိုက်နေသည်။ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးက ရွှီချင်းကိုသာ မသတ်နိုင်ခဲ့လျှင် သူတို့သုံးယောက် သေရမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောသွားခဲ့သည်ဖြစ်ရာ ရွှီချင်းကို သူတို့ သတ်ချင်နေတော့သည်။
သူတို့သည် အကြီးအကျယ် ဒေါသထွက်နေသော်လည်း သူတော်စင်ကြယ်က ရွှီချင်းကို အမှန်ပင် ရှုံးနိမ့်ကာ သက်စောင့်မီးအိမ် အလုယူခံလိုက်ရသည့်အဖြစ်ကြောင့်လည်း သူတို့ မယုံကြည်နိုင်အောင်ဖြစ်ကာ တုန်လှုပ်နေကြသည်။
ယင်းကြောင့် သူတို့သည် နောက်မှလိုက်ရာတွင် သတိထားနေသည်။ သူတို့သည် အကာအကွယ်ဓမ္မအသုံးအဆောင်များနှင့် လေမန္တန်များကိုပင် သုံးလိုက်ကြသည်။
“ အဲဒီကလေးက အဆိပ်သုံးတာ တော်တယ်။ ငါတို့ သတိထားမှဖြစ်မယ် ”
“ ဟုတ်တယ်။ အဲဒီကလေးမှာ ထူးဆန်းတဲ့နည်းလမ်းတွေ ရှိတယ်။ ငါတို့ သတိလက်လွတ်နေလို့ မဖြစ်ဘူး ”
သူတို့သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လူစုမခွဲဘဲ အတူတူ နောက်မှ လိုက်ကြလေသည်။
သူတို့က မတုံးပေ။ ရွှီချင်းသည် ဒဏ်ရာအပြင်းအထန် ရနေသည့်တိုင်အောင် သူတို့အနေဖြင့် သူတော်စင်ကြယ်ကို သေလုမျောပါးဖြစ်အောင် လုပ်နိုင်ခဲ့သူအား သတိထားရပေမည်။ မည်မျှပင် သူတို့ စိုးရိမ်ပူပန်နေစေကာမူ တည်တည်ငြိမ်ငြိမ်မနေ၍ မရပေ။
ထိုသည်ကို ရွှီချင်း သိထားပြီး ဖြစ်သည်။ သူသည် သက်ပြင်းချလိုက်ရင်း သူ့မျက်လုံးများ ဝင်းလက်သွားသည်။ ဖြစ်နိုင်ချေနှစ်ခုလုံးအတွက် သူ ပြင်ဆင်ထားပြီး ဖြစ်သည်။
ထိုသုံးယောက်သာ လူစုခွဲသွားလျှင် သူ ချုံခိုတိုက်ခိုက်ကာ သတ်ဖြတ်မည်ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်ကို သူ့ဒဏ်ရာများ ကုသရန်အတွက် ဝါးမျိုလိုက်မည် ဖြစ်သည်။
သူတို့သာ အတူတူသွားခဲ့လျှင် အဆိပ်တားမြစ်ဆေးနံ့က သူတို့သုံးယောက်လုံးကို အလွယ်တကူ သက်ရောက်သွားမည်ဖြစ်သည်။ သူတို့သုံးယောက်အနေဖြင့် အဆိပ်နံ့ကို လွင့်ပျယ်စေရန် လေမန္တန်များ အသုံးပြုသည့်တိုင်အောင် သူတို့ သတိလက်လွတ်ဖြစ်သွားသည်နှင့် အဆိပ်နံ့က သူတို့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပေမည်။
သူသည် အသားများဖြင့် တဖြည်းဖြည်း ပြည့်လာသော လက်ဝါးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သစ်ပင်ကြီးပေါ်မှ ခုန်ဆင်းကာ ရှေ့ဆက်ပြေးသွားသည်။
ထိုသို့ဖြင့် ကောင်းကင်ကြီး တဖြည်းဖြည်း လင်းထိန်လာသည်။ ရွှီချင်းနောက်မှ ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်အနက် တစ်ယောက်က နောက်မှလိုက်နေရင်း ဘေးပတ်လည်ကို အကဲခတ်ကြည့်လိုက်သည်။ ရုတ်တရက် သူ မျက်နှာပျက်သွားသည်။ တခြားအဘိုးအိုတစ်ယောက်၏ မျက်နှာအစိတ်အပိုင်းတစ်ခုက ဆွေးမြေ့ပျက်စီးလာနေသည်ကို သူ သတိထားမိလိုက်သည်။
“ ခင်ဗျားမျက်နှာ ”
ထိုအဘိုးအို ဆွံ့အသွားသည်။ သူ့မျက်နှာကို ထိကြည့်လိုက်ပြီး သူ ကွက်ခနဲ မျက်နှာပျက်သွားသည်။ တခြားနှစ်ယောက်သည်လည်း သူတို့ခန္ဓာကိုယ်များကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။ သို့သော် အဆိပ်မိသွားသည့်လက္ခဏာများကို မတွေ့ရပေ။ ထိုအခါမှသာ သူတို့ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းများ ချလိုက်ကြသည်။ သို့သော်လည်း သူတို့ ပို၍ သတိထားသွားသည်။
“ ချီးပဲကွာ ”
အဆိပ်မိသွားသူ၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး ဆွေးမြေ့ပျက်စီးနေခြင်းကို သူ ကြိုးစားထိန်းချုပ်လိုက်သည်။ သို့သော် အနည်းငယ်သာ အကျိုးသက်ရောက်သည်။ နောက်ဆုံးတွင် သူတော်စင်ကြယ် လုပ်သည့်အတိုင်း ထိုအဆိပ်ပျယ်စေရန် သက်စောင့်အားများကို ဖြည့်တင်းပေးသည့် ဆေးလုံးများစွာ သောက်လိုက်သည်။
“ ငါတို့ ဒီလိုဆက်သွားလို့ မဖြစ်ဘူး။ ငါ မိတဲ့အဆိပ်က ထူးဆန်းပြီး အဆိပ်ပြေအောင်လုပ်ဖို့ ခက်တယ်။ ငါတို့ ဒီလောက် သတိထားနေတာတောင် သူ့လှည့်ကွက်ထဲ ကျသွားသေးတာပဲလေ ”
“ ဒီလိုသာ ဆက်သွားပြီး အဆိပ်မိနေရင် ငါတို့ အသေဆိုးနဲ့ သေသွားနိုင်တယ် ”
အဆိပ်မိထားသည့်အဘိုးအိုက အလျင်အမြန် ပြောလိုက်သည်။ တခြားနှစ်ယောက်၏ မျက်လုံးများထဲတွင် အခိုင်အမာ ဆုံးဖြတ်ထားသည့်အရိပ်အယောင်များ ပေါ်လာသည်။
“ ကျုပ်တို့ ဒါကို မြန်မြန်လက်စသတ်ကြတာပေါ့ ”
သူတို့သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အံတင်းတင်းကြိတ်လိုက်ကြသည်။ သူတို့က အရှိန်တင်ရန် နည်းလမ်းမျိုးစုံ ချက်ချင်း သုံးလိုက်ကြသည်။ သူတို့သည် ယခင်ထက် အဆသုံးဆယ်ပိုမြန်သွားပြီး သက်တန့်ရောင်စဉ်တန်းသုံးတန်းအသွင်ဖြင့် တမုဟုတ်ချင်း ပြေးထွက်သွားသည်။
ရွှီချင်းသည် သူတို့၏ လှုပ်ရှားမှုများကို အာရုံခံမိလိုက်ပြီး မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။
သူ့မှာ နောက်ဆုံးဝှက်ဖဲကျန်သေးသည်။ ယင်းမှာ အဆိပ်တားမြစ်ဆေးကို အသက်သွင်းရန် ဖြစ်သည်။ ထိုအခါ အဆိပ်တားမြစ်ဆေး၏အစွမ်းက ကြီးမားစွာ တိုးပွားလာမည်ဖြစ်ပြီး နေရာတစ်ခုလုံး သေမင်းနယ်မြေအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ထိုဆေးကို အပြည့်အဝ အသက်သွင်းနိုင်မည် မဟုတ်ကြောင်း သူ ခံစားမိသော်လည်း ကျင်းဝူလျန့်ဝမ့်လင်အတတ်နှင့် သက်စောင့်မီးအိမ်များ၏ အစွမ်းများ ပေါင်းစပ်လိုက်ပါက အနည်းငယ် အသက်သွင်းနိုင်မည်ဖြစ်သည်။ ထိုအနည်းငယ်အသက်သွင်းနိုင်လှင်ပင် မယုံနိုင်စရာကောင်းလောက်အောင် ကြောက်စရာကောင်းနေမည် ဖြစ်သည်။
ထိုသေမင်းနယ်မြေထဲတွင် သူ့နောက်မှ လိုက်နေသူသုံးယောက်လုံး အသက်ရှင်နိုင်မည်မဟုတ်ဟု သူ ယုံကြည်သည်။
‘ ငါ အရဲစွန့်သင့်လား …’
ယင်းဝှက်ဖဲသည် နှစ်ဦးနှစ်ဖက် ဖျက်ဆီးခြင်း ဖြစ်သည်။ ရွှီချင်းသည် သူ အသက်ရှင်နိုင်ချေကို တွက်ချက်ကြည့်လိုက်သည်။
‘ အခွင့်အရေး မရှိသလောက်ပဲ …’
ရွှီချင်း ငြိမ်သက်သွားပြီး ထိုအတွေးကို ဖိနှိပ်လိုက်သည်။ ယခုလောလောဆယ် သူ့လက်များမှာ တစ်ဝက်ကျော် ပြန်သက်သာလာပြီ ဖြစ်သည်။ ပုံပျက်ပန်းပျက်ဖြစ်နေသေးသော်လည်း ယခုတွင် လက်ပုံစံ ပီပီပြင်ပြင် ပြန်ဖြစ်လာပြီဖြစ်၍ ယခင်ထက် များစွာ ကောင်းသွားပြီ ဖြစ်သည်။
ရွှီချင်းသည် ခေါင်းငုံ့၍ ဆက်ပြေးရန် ပြင်လိုက်သည်။ သို့သော် သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဆတ်ခနဲ ရပ်သွားသည်။ သူ၏မျက်လုံးများ မှေးသွားပြီး ရှေ့တူရှုသို့ စူးစိုက်ကြည့်လိုက်သည်။
သူ့ရှေ့ရှိ တောအုပ်ထဲမှ လူတစ်ယောက် ထွက်လာသည်။
ထိုလူသည် အဘိုးအိုတစ်ယောက်ပင်။
ထိုအဘိုးအိုသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာတွင် အရေးအကြောင်းများ ရှိနေပါသော်လည်း သူ့အကြည့်က အလွန် စူးရှပြီး သူ့ပုံစံက စာပေသမားတစ်ယောက်အသွင် ရှိသည်။
ထိုအဘိုးအိုသည် တားမြစ်ဒေသကြီး၏ တောအုပ်အမှောင်ထုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ရပ်နေသည်။ သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် တွန့်လိမ်ရှုံ့တွခြင်းများ ပေါ်လာပြီး ယင်းကြောင့် အလင်းများက သူရှိရာသို့ စီးဆင်းနေသည်။
သူသည် လက်ထဲတွင် အနက်ရောင်ကျားစေ့တစ်စေ့ကို ကိုင်ထားသည်။ ရွှီချင်းက သူ့ကို ကြည့်လိုက်သည့်အခါ သူသည်လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရွှီချင်းကို ကြည့်လိုက်သည်။
“ အဆိပ်ကို သိမ်းလိုက် ”
ရွှီချင်းက ခေါင်းငုံ့၍ ဆန္ဒမွန်သေတ္တာကို သိမ်းလိုက်သည်။ သူ သတိထားနေဆဲဖြစ်ပါသော်လည်း သူ့ရှေ့ပုဂ္ဂိုလ်က တန်ခိုးအစွမ်းအရဖြစ်စေ၊ အဆင့်အတန်းအရဖြစ်စေ သူ နာခံရမည်ဖြစ်သည်ကို သိသည်။
သူ့ရှေ့မှအဘိုးအိုသည် ချီရွှဲ့ထုံဂိုဏ်းရှိ သတ္တမမြောက်တောင်ထိပ်၏ တောင်သခင်ဖြစ်သော အမှတ်ခုနစ်သခင်ကြီး ဖြစ်ပေသည်။
သို့သော်လည်း ရွှီချင်း သတိထားနေဆဲပင်။ သူက ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆန္ဒမွန်သေတ္တာကို သိမ်းလိုက်ပါသော်လည်း လိုအပ်ပါက ချက်ချင်း ထုတ်ယူနိုင်ရန် သေတ္တာထဲတွင် ဓမ္မစွမ်းအားများ ချန်ထားခဲ့သည်။
ဆန္ဒမွန်သေတ္တာကို ရွှီချင်း သိမ်းဆည်းလိုက်သည့်အချိန်မှာပင် အမှတ်ခုနစ်သခင်ကြီး၏ ပုံရိပ် ဝေဝါးသွားသည်။ သူ ပြန်ပေါ်လာသောအခါ ရွှီချင်း၏နောက်သို့ ရောက်နေပြီ ဖြစ်သည်။ သူက တောအုပ်ထဲသို့ ကြည့်လိုက်သည်။ ထိုအချိန်၌ ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်က တောအုပ်ထဲမှ တဟုန်ထိုး ပြေးထွက်လာကြသည်။
သို့သော်လည်း သူတို့ အပြင်ရောက်သည်နှင့် မျက်နှာများပျက်သွားကြပြီး ဆတ်ခနဲ ကိုယ်ရှိန်သပ်လိုက်ကြသည်။ စိုးရိမ်စိတ်နှင့်အတူ သူတို့အသက်ရှူသံများ မြန်ဆန်လာပြီး အလိုလို နောက်ဆုတ်လိုက်ကြသည်။
ချီရွှဲ့ထုံဂိုဏ်းထဲ၌ ဆိုပါက သူတို့ ထိုသို့ ဖြစ်နေမည် မဟုတ်ပေ။ ချီရွှဲ့ထုံဂိုဏ်းက လူမြင်ကွင်းမှာ လုပ်ဝံ့မည်မဟုတ်သည်ကို သူတို့ သေချာသိနေသောကြောင့် ဖြစ်သည်။ ဤတားမြစ်ဒေသကြီးထဲ၌ သူတို့သုံးယောက်မှာ အရဲမစွန့်ဝံ့ပေ။
သူတို့သုံးယောက် ချီတုံချတုံ ဖြစ်သွားကြသည်။ အလယ်ရှိ ရွှေအမြုတေအဆင့်ကျင့်ကြံသူက အားတင်းကာ လက်နှစ်ဖက်ကို ဆုပ်၍ ပြောလိုက်သည်။
“ သတ္တမမြောက်တောင်သခင်ကို နှုတ်ဆက်ပါတယ် ”
“ ဒီကလေးက ကျုပ်တို့တိမ်လွှာဓားဂိုဏ်းက ကောင်းကင်လက်ရွေးစင်ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့အပြင် ဂိုဏ်းရဲ့ သက်စောင့်မီးအိမ်ကိုပါ ယူသွားခဲ့ပါတယ်။ ဂိုဏ်းစောင့်ဘိုးဘိုးက ဒီကလေးကို ဖမ်းဆီးဖို့ ကျုပ်တို့ကို အမိန့်ပေးလိုက်ပါတယ်။ အမှတ်ခုနစ်သခင်ကြီး ကျုပ်တို့ကို သဘောထားကြီးပေးမယ်လို့ မျှော်လင့်ပါတယ် ”
အမှတ်ခုနစ်သခင်ကြီးက သူတို့သုံးယောက်ကို တည်ငြိမ်စွာ ကြည့်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။
တခဏလေးအတွင်း ဟင်းလင်းပြင်မှ ဖော်ပြ၍မရနိုင်သော ကြောက်ခမန်းလိလိ အားကြီးတစ်ရပ် ပေါက်ကွဲထွက်လာပြီး သူတို့သုံးယောက်အထက်တွင် သရဲပါးစပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူတို့ မျက်နှာများပျက်သွားကြစဉ် ထိုပါးစပ်ကြီးက သူတို့ကို ဝါးမျိုလိုက်လေသည်။
တဂျွမ်းဂျွမ်းမြည်သံများ တိတ်ဆိတ်နေသော တောအုပ်ထဲ ပဲ့တင်ထပ်သွားသည်။
ရွှီချင်း၏ခန္ဓာကိုယ် တုန်ခါသွားသည်။ ထိုဖြစ်ရပ်ကို ကြည့်ပြီးနောက် အမှတ်ခုနစ်သခင်ကြီးကို ကြည့်ကာ သူ မည်သို့ပြောရမည်မသိ ဖြစ်သွားသည်။ အမှတ်ခုနစ်သခင်ကြီးသည် လက်နှစ်ဖက်ကို နောက်ပစ်၍ အဝေးသို့ လျှောက်သွားသည်။ ထို့နောက် လေထဲမှ သူ့အသံ လွင့်ပျံလာသည်။
“ ဘာတွေစောင့်နေတာတုံး။ သွားကြမယ်။ ငါ ကျားပွဲကို အဆုံးသတ်ရဦးမယ်ကွ ”