ဝင်းလက်နေသော ယာဂု
Vol. 26 Ch. 387
“အီးဟီးဟီး အညှာအတာကို မရှိဘူး၊ နင်က ယောက်ျားမဟုတ်ဘူး”
ကျောက်လျန့်ရင်သည် သူမလက်များပေါ်မှ လိပ်ပုံကို ကြည့်ပြီး ရုတ်တရက် ဝမ်းနည်းသလို ခံစားလိုက်ရသည်။ သူမက ရုတ်တရက်ကြီး ထငိုလာကာ စိတ်ထိခိုက်သွားသည်။
သူမ တစ်သက်လုံး တစ်ခါမှ အလွန် စိတ်မညစ်ခဲ့ဖူးပါ။
ရဲ့လင်းချန် ဆွံ့အနေလေသည်။ သူမနှင့် သူ ပြိုင်မဆော့ပါက ယောက်ျား မဟုတ်ဟု အပြစ်တင် ပြောဆိုခံခဲ့ရပြီး သူမကို သူ နိုင်သွားပြန်တော့လည်း ယောက်ျား မဟုတ်ဟု အပြောခံရပေသည်။ ဤအမျိုးသမီးသည် တကယ်ပင် စိတ်ကျေနပ်အောင် လုပ်ရခက်ပေသည်။
သို့သော် သူသည် နှာခေါင်းပွတ်ကာ အပြစ်ရှိသလို ခံစားနေရသည်။
သူ၏ လောင်းကစား စွမ်းရည်က ကောင်းလွန်းနေသဖြင့် အရိုးထဲအထိ စိမ့်ဝင်လုနီးပါး ဖြစ်နေသည်။ သူ ကဒ်ကို ကုလားဖန် မထိုးခဲ့၊ မချိုးခဲ့သော်လည်း သူ ကဒ်ထုပ်မှနေ၍ သူ လိုအပ်သော ဘယ်ကဒ်ကိုမဆို လျင်မြန်စွာ ထုတ်နိုင်သည်။ ထို့အပြင် သူသည် ဦးနှောက်ကို ဖျစ်ညှစ်၍ စဉ်းစားစရာ မလိုဘဲ ရှောင်ဖေးဖေးနှင့် ကျောက်လျန့်ရင်တို့၏ လက်ထဲမှ ကဒ်များကို ခန့်မှန်းနိုင်သည်။
သူ့အတွက် ယင်းက အလိုအလျောက် တုံ့ပြန်မှု ဖြစ်လာပြီး မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ရာ၌ ၎င်းကို အသုံးပြုရန် မသင့်လျော်ပေ။
ကျောက်လျန့်ရင်၏ ငိုသံက ချက်ချင်း လူတိုင်း၏ အာရုံကို ဖမ်းစားသွဦးသည်။ သို့သော် သူမနှင့် ရှောင်ဖေးဖေးတို့ မျက်နှာပေါ်မှ လိပ်ပုံများကို မြင်သောအခါ တော်တော်များများသည် မထိန်းနိုင်ဘဲ ရယ်မောကြသည်။ သူမတို့ နှစ်ယောက်လုံးအတွက် တကယ်ပင် ဆိုးရွားလှသော အခြေအနေပင်။
တစ်ချိန်တည်းမှာပင် သူတို့သည် ရဲ့လင်းချန်အား အလွန်အမင်း အန္တရာယ်များသော လူတစ်ယောက်ဟု ကျိတ်၍ သတ်မှတ်မိလိုက်ကြသည်။ သခင်လေးရဲ့သည် ကြောက်စရာကောင်းပြီး ဘာတွေပဲ ဖြစ်လာပါစေ နောက်တွင် သူတို့ သူနှင့်အတူ ဘယ်သောအခါမှ ကဒ်မကစားသင့်ပါ။
သို့သော် ထိုအခိုက်တွင် တားဆီးမရနိုင်သော ရနံ့တစ်ခုက လေထဲ ပျံ့လွင့်လာပြီး လူတိုင်းအား တစ်ခါတည်း ထိတ်လန့်သွားစေသည်။
“ဒီအရသာရှိတဲ့ အနံ့က ဘာလဲဟ”
“လခွမ်း၊ ဒါက အရမ်း မွှေးလွန်းတယ်”
“ဝိုး … ဘယ်လိုလုပ် ဒီလောက် မွှေးတဲ့အနံ့မျိုး ရှိနေတာလဲ”
အဖြေက သိသာလွန်းလှသည်။ လူတိုင်း ယာဂုအိုးပေါ်သို့ အကြည့် ရောက်သွားကြသည်။ သူတို့သည် ၎င်း ပူနွေးလာသည်ကို ကြည့်ပြီး ပါးစပ်ထောင့်မှ တံတွေးများ စီးကျလာသည်။
“ဒီယာဂုက မွှေးလွန်းတယ်”
ချန်ချီချီ လက်မြှောက်လိုက်ပြီး အိုးကို မနေနိုင်မထိုင်နိုင် ဖွင့်ရန် ကြိုးစားမိသော်လည်း ရဲ့လင်းချန်က သူ့လက်ကို ဖယ်ထုတ်လိုက်သည်။
“အချိန်မကျသေးဘူး၊ ငါတို့ စောင့်ရဦးမှာ”
ရဲ့လင်းချန်က ချန်ချီချီကို အသာ ကြည့်လိုက်သည်။ ချန်ချီချီ ခေါင်းပုသွားသည်။
“သခင်လေးရဲ့ ကျွန်တော် တကယ်ကို ထပ်မအောင့်နိုင်လို့ပါ၊ ကျွန်တော် အပတ်တကုပ် ကြိုးစားထားတာကို ထောက်ပြီး ကျွန်တော့်ကို အရင် ပေးနိုင်မလား၊ အရမ်း ဆွဲဆောင်လွန်းတယ်”
သူသည် ထိုသို့ပြောပြီး တစ်အိုးလုံးကို အပြောင်ရှင်းချင်သကဲ့သို့ လျှာသပ်လေသည်။
“စိတ်မပူနဲ့၊ မင်းဝေစုကို မင်း ရမှာပါ”
ရဲ့လင်းချန် အပြုံးနှင့် ပြောလိုက်သည်။
ထိုအခိုက်တွင် ကျောက်လျန့်ရင်သည် အငို ရပ်သွားပြီး သူမရှေ့မှ ယာဂုအိုးကို မျက်ရည်လည်ရွဲဖြင့် ကြည့်လေသည်။ သူမနှာခေါင်းလေးက ဆက်တိုက် တရှုံ့ရှုံ့ ဖြစ်နေ၏။
၎င်းက မွှေးလွန်းလှသဖြင့် ရဲ့လင်းချန်က ဘယ်လိုလုပ် ထိုမျှ မွှေးသော ယာဂုကို ချက်နိုင်သလဲ သူမ စဉ်းစား မရတော့ချေ။
ထိုမွှေးရနံ့ ရသော်လည်း သူမစိတ်ထဲ၌ အနည်းငယ် အနေရခက်သလို ခံစားရနေသည်။ သူမ ထိုယာဂုကို စားနိုင်ပါ့မလား။ ၎င်းက သူမ၏ အစာမစားနိုင်သော ရောဂါကို ပျောက်စေနိုင်ပါ့မလား။
“ရပြီ”
ထိုစကားလေးက လူတိုင်းအား ငါးဖမ်းမိသွားသော ကြောင်တစ်ကောင်ကဲ့သို့ မျက်လုံး ဝင်းလက်သွားစေသည်။ တစ်ခဏအတွင်းမှာပင် လူတိုင်း ပန်းကန်နှင့် တူများကိုင်၍ အချိန်မရွေး ရလာတော့မည့် စားပွဲကို စောင့်နေကြ လေသည်။
လူတိုင်း၏ စိတ်ထဲ၌ အစောပိုင်းက ရှိသော သံသယများသည် အစအန မရှိအောင် ပျောက်ကွယ်သွားသည်။
*ယာဂုက ဘာဖြစ်တာလဲ၊ တအား မွှေးလွန်းတယ်*
ရဲ့လင်းချန် အိုးဖုံးကို မလိုက်သည်နှင့် ကြွပ်ဆတ်ဆတ် အသံနှင့်အတူ အခိုးငွေ့တစ်ခု ထွက်လာကာ လူတိုင်းအား လွှမ်းခြုံသွားလေသည်။
မွှေးရနံ့က ယခင်ထက် ပိုပြင်းပြီး လူတိုင်း၏ မျက်လုံးများကို နီရဲသွားစေသည်။ တံတွေး မျိုချသည့်အသံများကို အဆက်မပြတ် ကြားနေရသည်။
*ဝိုး … တကယ် မွှေးတာပဲ*
ထိုသို့သောအချိန်၌ လူတိုင်း၏ ခန္ဓာကိုယ်တစ်ခုလုံး စတင် တုန်ခါလာပြီး မသိလျင် သူတို့ ကိုယ်တွင်းမှ ဆဲလ်များသည် ပျော်ရွှင်မှုကြောင့် ထခုန်နေသည်ဟုပင် ထင်မှတ်ရလေသည်။
“လခွမ်း ဒီယာဂုက ဝင်းလက်နေတာပဲ”
လီထိုက်က အော်ပြောလာပြီး သူ၏ မျက်လုံးများက အံ့ဩစရာကောင်းသော တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်လာသည်။
“ဂလု”
လူတိုင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ထပ်တူ အံ့အားသင့်နေကြသည်။
*ဝင်းလက်နေတဲ့ ယာဂုကို anime ထဲမှာပဲ မြင်ရတာ မဟုတ်လား၊ အဲ့ဒါမျိုးက ငါတို့ရှေ့တည့်တည့်မှာ ပေါ်နေတာလား*
ထိုသို့သောအချိန်၌ ကောင်းကင်ယံက မှောင်မိုက်နေပြီဖြစ်ကာ ယာဂုအား အလွန်အမင်း မျက်စိပသာဒ ဖြစ်အောင် ဖန်တီးပေးနေလေသည်။
မီးဖိုကို မီးရှိနေသေးသဖြင့် အိုးက ပွက်ပွက်ဆူနေသေးသည်။ တပွက်ပွက် အသံနှင့်အတူ ပျစ်နေသော ယာဂုရည်က သက်ဝင်နေသည်ဟု ထင်ရပြီး အိုးထဲ၌ လှုပ်ရှားနေသည်။ ယာဂုထဲမှ ဆန်စေ့များသည် အရည်များ ကြားထဲ၌ ကြည်လင်ဖြူဖွေးစွာဖြင့် သိသိသာသာ ကွဲပြားနေ၏။ ငါးအသားတုံးအများအပြင် အသီးအနှံ အချို့ကလည်း ပေါလောပေါ်နေသည်။
ပြီးပြည့်စုံသော အရောင်နှင့် ရနံ့ကို ဘာနှင့် သတ်မှတ်နိုင်မည်နည်း။
ဤသည်ကို ပြီးပြည့်စုံသော အရောင်နှင့် ရနံ့ဟု သတ်မှတ်နိုင်ပေသည်။
စိတ်ထင်ယောင်ထင်မှား ဖြစ်ခြင်း ဟုတ်၊ မဟုတ် မသေချာသော်လည်း သေချာကြည့်လျင် အိုးထဲမှ ယာဂုကို သေချာကြည့်လျင် ဆန်မျာနှင့် အရည်က ပင်လယ် ရေမျက်နှာပြင်၌ ရောင်ပြန်လက်နေသော ကြယ်လေးများကဲ့သို့ အိုးတစ်ခုလုံးအား လင်းလက်နေစေသည်။
“ဒီနေ့ရဲ့ ညစာကို ကျောက်လျန့်ရင်အတွက် ပြင်ဆင်ထားတာ၊ အဲ့တော့ ပထမဆုံး ပန်းကန်ကို သူ့ကို ပေးမယ်”
ရဲ့လင်းချန်သည် ပန်းကန်တစ်ပန်းကန်ကို ကျောက်လျန့်ရင်ထံ ပေးလိုက်ပြီး ကျန်လူများအားလုံးက ၎င်းနှင့် ပတ်သက်၍ ဘာမှမပြောပေ။ ထိုအပြုအမူကြောင့် ကျောက်လျန့်ရင် အံ့ဩသွားပြီး ခပ်တိုးတိုး အသံပြု၍ လှမ်းယူလိုက်သည်။
သို့သော် သူမက တန်း၍ မစားပေ။ ပထမဆုံးအချက်မှာ ၎င်းက ပူနေသေး၍ ဖြစ်ပြီး ဒုတိယအချက်မှာ သူမ အနည်းငယ် လန့်နေသေး၍ ဖြစ်ပေသည်။
ရနံ့က သူမ၏ စားချင်စိတ်ကို သွားရည်ယိုလာစေသော်လည်း စားချင်စိတ် ရှိလာသည်နှင့် ပါးစပ်ထဲ ထည့်သည်က တခြားစီပင်။ အစာ မစားချင်သည့် ရောဂါကြောင့် သူမ မျိုချနိုင်စွမ်း ရှိလောက်မည် မဟုတ်ပါ။ ယင်းက အစာ စားချင်စိတ် မရှိသော ရောဂါကို ခံစားရသည့် ကြောက်စရာကောင်းသော အချက် ဖြစ်လေသည်။
ဒုတိယပန်းကန်အား ချန်ချီချီကို ပေးလေသည်။
ချန်ချီချီ ဝမ်းသာအားရ ဖြစ်သွားသည်။
“ကျေးဇူးတင်ပါတယ် သခင်လေးရဲ့”
သူက ထိုသို့ပြောပြီးသည်နှင့် အစားအသောက်က ပူနေသလား၊ မပူဘူးလား ဆိုသည်ကိုပင် အရေးစိုက်မနေဘဲ တစ်ဇွန်း သောက်လိုက်သည်။ ထို့နောက် သူ့မျက်နှာက သိသိသာသာ နီရဲတက်လာသည်။
“တအားပဲ … ဒါက တအား အရသာ ရှိလွန်းတယ်”
သူ ထခုန်ချင်နေပြီး သူ့ပါးစပ်ကို ဆက်တိုက် လက်ဖဝါးဖြင့် ရိုက်နေသည်။
တစ်လုပ် စားပြီးနောက် သူ့ပါးစပ်ထဲမှ အရသာကို မယုံနိုင် ဖြစ်နေ၏။ ယာဂု၏ လှိုင်နေသော မွှေးရနံ့နှင့်အတူ ငါးအရသာက ပါးစပ်ထဲ၌ ပြည့်နှက်လာသည်။ ၎င်းက သူ၏ လျှာဖျား၌ စွဲနေပြီး သူ့အား ညည်းချင်လာအောင် ပြုလုပ်နေသည်။
ထို့အပြင် ယာဂုက ပူနေပုံပေါ်သော်လည်း သူ့ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် အေးမြသွားသည်။ တစ်လုပ်စားပြီးနောက် သူ့တစ်ကိုယ်လုံး ရေပူစမ်းထဲ စိမ်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နွေးထွေးလာသည်။
ထိုယာဂုကို ဤမျှအတိုင်းအတာအထိ ချက်နိုင်လိမ့်မည်ဟု မထင်ထားမိပါ။
ယင်းက သာမန်ယာဂု မဟုတ်ပေ။ ယင်းသည် လုံးဝကို နတ်ယာဂု ဖြစ်လေသည်။
သူသည် ကျော်ကြားခြင်း မရှိသော်လည်း သူ့ကိုယ်သူ တောသားဟု မတွေးပါ။ အထူးသဖြင့် အစားအသောက်နှင့် ပတ်သက်သော သူ၏ တပ်မက်မှုကိုပင်။ သူသည် အရင်က စားကောင်းသောက်ဖွယ်များ စားဖူးသော်လည်း တစ်ခုကမှ ဤယာဂုကို မယှဉ်နိုင်ပါ။
“သခင်လေးရဲ့၊ ခင်ဗျားရဲ့ ယာဂုက ကျွန်တော်တို့ နေ့လယ်ကဟင်းထက် ပိုအရသာရှိတယ်”
ချန်ချီချီက ပြောပြီးသည်နှင့် နောက်တစ်ဇွန်း ထပ်စားလိုက်ကာ ကျေနပ်မှုအပြည့်နှင့် ဟင်းချလိုက်သည်။ ၎င်းက အလွန်အမင်း လန်းဆန်းလာစေသည်။
*ပျော်ရွှင်စရာပါလား*
သူ့အပြုအမူက လူတိုင်းကို ပို၍ မျှော်လင့်စိတ် ဖြစ်လာစေသည်။ တစ်ယောက်ပြီး တစ်ယောက် အိုးကို စိုက်ကြည့် လာ၏။
ထို့နောက် ရဲ့လင်းချန်က ယာဂုကို လူတိုင်းသို့ ဝေပေးလိုက်သည်။ တစ်ယောက် တစ်ပန်းကန် ရလေသည်။ မများလွန်းသလို နည်းလည်း မနည်းပေ။
“ချန်ချီချီ လူဆိုတာ တည်ငြိမ်ရမယ်၊ ငါ ယာဂုကို ဘယ်လို အရသာခံမလဲ ကြည့်”
လုရှောင်ပုက နားမလည်နိုင်စွာ ပြောလိုက်သည်။ သူ့လက်ထဲမှ ယာဂုကို ကြည့်လိုက်ပြီးနောက် သူ့လည်ပင်းက ထိန်းမရနိုင်အောင် လှုပ်ရှားလာပြီး မွှေးရနံ့ကြောင့် တက်ကြွလာသည်။ ထိုယာဂုကို သူ စားချင်သည့်စိတ်က အကန့်အသန်သို့ ရောက်နေသော်လည်း သူ သည်းခံထားပြီး လူကြီးလူကောင်းဆန်သော အပြုအမူဖြင့် တစ်လုပ် စားလိုက်သည်။
သို့သော် ထိုဇွန်းအပြည့် တစ်လုပ် စားလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မျက်လုံးများက ရုတ်တရက် ဆိုသလို တောက်ပလာသည်။
“ဂလု၊ ဂလု …”
သူ သည်းမခံနိုင်တော့ပါ။ သူသည် ပန်းကန်ကိုကိုင်၍ ရေသောက်သကဲ့သို့ တန်းမော့လိုက်သည်။ မျက်တောင် တစ်ခတ်အတွင်းမှာပင် သူ၏ ယာဂုပန်းကန်က ပြောင်သလင်း ခါသွားလေသည်။
ထို့နောက် သူသည် ပန်းကန်ကို လျက်နေပြီး ထိုသို့ လျက်နေစဉ်မှာပင် မျက်လုံးထောင့်မှ မျက်ရည်များ တိတ်တဆိတ် စီးကျလာသည်။
“အိုက်ယား … အရမ်း … အရမ်း အရသာ ရှိလွန်းတယ်၊ အရမ်း အရသာ ရှိလွန်းတယ်၊ ဒီဘဝမှာ ငါ ဘာနောင်တမှ မရတော့ဘူး”