← Chapters

သူတို့ မင်းကို ဖြတ်ရိုက်ရင် မင်း သူတို့ကို ပြန်ချလိုက်

Vol. 26 Ch. 388

သူတို့ မင်းကို ဖြတ်ရိုက်ရင် မင်း သူတို့ကို ပြန်ချလိုက်

Vol. 26 Ch. 388

“ဂလု၊ ဂလု”

အံ့ဩဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်နေလေသည်။ လူတစ်စုသည် လက်ထဲ၌ ယာဂုပန်းကန်ကို ကိုင်၍ မြည်းကြည့်နေကြသည်။ ထို့အပြင် သူတို့၏ မျက်နှာတွင် ပျော်ရွှင်ဝမ်းမြောက်မှုတို့နှင့် ပြည့်နှက်နေ လေသည်။

အကယ်၍ သူတို့၏ အမူအရာကို တစ်ယောက်ယောက်ကသာ ဓာတ်ပုံရိုက်ထားပါက အစားအသောက် ကြော်ငြာအတွက် အလွန် အကျိုးရှိမည်မှာ သေချာလှသည်။

*ဒါက … တကယ်ပဲ အဲ့လောက် အရသာ ရှိတာလား*

ကျောက်လင်းရင်၏ အတွေးထဲ၌ ဗလာ ဖြစ်နေသည်။ သူမအရှေ့မှ လူများအားလုံးသည် အနုပညာ လောကတွင်း၌ အောင်မြင်နေသော လူများ ဖြစ်သော်လည်း ယာဂုတစ်ပန်းကန်က သူတို့ကို ထိုသို့ ဖြစ်အောင် လုပ်လိုက်သည်တဲ့လား။

အမြဲတမ်း တည်ငြိမ်ပါသည်ဟူသော အစ်မ ဖေးဖေးပင် ဣန္ဒြေမဆည်နိုင် ဖြစ်နေသည်။ အစ်မဖေးဖေး တစ်ယောက် ထိုသို့ သူမပုံရိပ်နှင့် မလိုက်ဖက်အောင် စားသောက်သည်ဟု သူမ တစ်ခါမှ မမြင်ဖူးပါ။

သို့သော် ထိုသို့သောအချိန်၌ … အားလုံး၏ အကြည့်က သူမထံသို့ သို့မဟုတ် သူမလက်ထဲမှ ယာဂုပန်းကန်ထံသို့ တစ်ချိန်တည်း ကျရောက်လာလေသည်။

ကြီးမားသော ဖိအားက သူမအား အားမရှိစွာ ခေါင်းပုသွားစေပြီး နောက်သို့ နှစ်လှမ်း ဆုတ်လိုက်မိသည်။

“ရင်အာ ရှင့်မှာ အစာမစားနိုင်တဲ့ ရောဂါ ရှိနေတာပဲ၊ ပြီးတော့ ရှင် မစားချင်ရင် ကိုယ့်ကိုယ်ကိုယ် အတင်း ဖိအား

မပေးပါနဲ့၊ ကျွန်မ ရှင့်အတွက် ကူစားပေးပါ့မယ်”

ချန်မိန်ကျားသည် လက်ကိုမြှောက်လာပြီး အသည်းအသန် လှမ်းယူလေသည်။

“မိန်ကျား၊ မင်းက မိန်းကလေးလေ၊ မင်း ခန္ဓာကိုယ်ကို ထိန်းထားမှ ဖြစ်မှာပေါ့၊ ဒီလိုကိစ္စမျိုးကို ငါပဲ လုပ်လိုက် ပါ့မယ်”

လုရှောင်ပုက ချက်ချင်း ပြောလာသည်။

“မင်းစကားက မှားနေတယ်၊ အနုပညာ နယ်ပယ်က မင်းတို့ ယောက်ျားလေးတွေလည်း ခန္ဓာကိုယ်ကို ထိန်းသင့်တယ်၊ ငါ့အထင်တော့ ဒီယာဂုကို ငါ စားလိုက်တာ ပိုကောင်းတယ်”

လီထိုက်က မနေနိုင်ဘဲ ဝင်ပြောလေသည်။

“ဒါလေးက ယာဂု တစ်ပန်းကန်လေးပဲကို၊ ဘယ်လိုလုပ် ငါ့ခန္ဓာကိုယ်ကို ထိခိုက်မှာလဲ”

ချန်ချီချီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဒီယာဂုကို ငါ စားလိုက်မယ်”

လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလာပြီး ကျောက်လျန့်ရင်သာ ခေါင်းညိတ်လိုက်လျင် ဝင်အုပ်ရန် အသင့် ဖြစ်နေသည်။

“ကျွန်မ မစားဘူးလို့ မပြောပါဘူး”

ကျောက်လျန့်ရင်က အလျင်စလို ပြောလိုက်သည်။ သူ အမှတ်တမဲ့ မနေရဲတော့ဘဲ တစ်ငုံ သောက်လိုက်သည်။

“အင်း…”

ထိုတစ်ဇွန်းက သူမကို ခပ်တိုးတိုး ညည်းမိသွားစေသည်။ လတ်ဆတ်၍ နူးညံ့သော ငါးအသားက သူမပါးစပ် ထဲမှာပင် ပျော်ဝင်သွားပြီး ခပ်ပျစ်ပျစ် ယားဂုက ပိုးမျှင်ကဲ့သို့ သူမလျှာဖျား၌ ကခုန်နေလေသည်။

အကုန်လုံး ခြုံပြောရလျင် အရသာ ရှိသည်။

၎င်းက သူမ ယခင်က စားခဲ့ဖူးသော စားကောင်းသောက်ဖွယ်များထက် များစွာ ပိုသာသည်။

*စားလိုက်ပြီ၊ သူ စားလိုက်ပြီပဲ*

သူမ အရာအားလုံးကို‌ မေ့လျော့သွားပြီး ယာဂုပန်းကန်ကို ကိုင်၍ တစ်ခါတည်း မော့သောက်လိုက်သည်။

“ဝိုး … သိပ်အရသာ ရှိတာပဲ”

ငါးစက္ကန့်အတွင်းမှာပင် သူမ ယာဂု တစ်ပန်းကန်လုံးကို အပြောင် ရှင်းလိုက်ပြီး သူမမျက်နှာလေးက အနီရောင် သန်းလာသည်။ အားလုံး၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်ကို မြင်သောအခါ သူမ “အာ” ဟု ရေရွတ်လိုက်မိပြီး ရှက်သွားရသည်။

ဤအတောအတွင်း သူမ အလွန် ဗိုက်ဆာခဲ့ပြီး တစ်ခါမှ ကောင်းကောင်း မစားခဲ့ရပါ။ ထို့အပြင် သူမကိုယ်တိုင်က အစားအသောက် ခုံမင်သူ ဖြစ်သဖြင့် ယင်းက သူမအတွက် စိတ်ဒုက္ခရောက်စေခဲ့သည်။

မမျှော်လင့်ဘဲ ဤယာဂု၏ အရသာရှိမှုက သူမ၏ အစာမစားနိုင်သော ရောဂါကို ဖိနှိပ်နိုင်ခဲ့ပြီး သူမကို စားပြီးတာ တောင်မှ အရသာကို ပြန်တမ်းတလာစေသဖြင့် ဘယ်လောက် အရသာ ရှိလဲ သိသာပေသည်။

“သခင်လေးရဲ့၊ ရှင် ချက်တဲ့ ဒီယာဂုက တကယ် အရသာရှိတယ်”

ကျောက်လျန့်ရင်သည် ရဲ့လင်းချန်နားသို့ တန်းလျှောက်သွားပြီး သူမ၏ သွယ်လျသော လက်လေးကိုဆန့်ကာ သူ့အား နှိပ်ပေးလေသည်။

“ရှင့်ရဲ့ အရသာရှိတဲ့ အစားအသောက်ကို စားရတာက ကျွန်မ တကယ် ကံကောင်းတာပဲ၊ အရင်တုန်းက ကျွန်မ မသိတတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်၊ ဒါပေမဲ့ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့နော်၊ အခုကစပြီး … ကျွန်မ အလကား ထမင်းလာစားရင် ရှင် စိတ်မဆိုးဖို့ ကျွန်မ မျှော်လင့်ပါတယ်”

ယာဂုလေး တစ်ပန်းကန်က သူမကိုယ်သူ သစ္စာဖောက်စေခဲ့ပြီး သူမ၏ အပြုအမူကို လုံးဝ ပြောင်းလဲ သွားစေခဲ့သည်။

ဘယ်လောက်ပဲ မာနကြီးပါစေ၊ ကဒ်ကစားပွဲ၌ ဘယ်လောက်ပဲ ရှုံးခဲ့ပါစေ၊ မပြောသော စည်းကမ်းများ ရှိနေပါစေ အားလုံးက မြောင်းထဲ ရောက်သွားလေပြီ။

အတွေ့အကြုံ ရှိသော အစားအသောက် နှစ်ခြိုက်သူတစ်ယောက်အနေနှင့် သူမသည် အစားအတွက် အရာအားလုံးကို စွန့်ပစ်နိုင်ပါသည်။ သခင်လေးရဲ့က မပြောသော စည်းကမ်းများကို လိုချင်ပါက မဖြစ်နိုင်စရာ မရှိပါ။ ကျောက်လျန့်ရင်သည် သူမအတွက် သူ ဟင်း ဘယ်လောက်များများ ချက်ပေးရန် လိုအပ်မလဲဟု အရင်ဆုံး တွက်ချက်ရပေမည်။

အစာမစားချင်သော ရောဂါ၏ နှိပ်စက်ခြင်းကြောင့် ယခုအခါတွင်မှ သူမ နတ်သုဒ္ဓါတမျှ စိတ်ကျေနပ်ခြင်းကို ခံစားနေရပြီး တစ်လောကလုံး၌ အပျော်ဆုံးလူအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

…

ကောင်းသည်ဟု မထင်ရသော ယာဂုလေး တစ်ပန်းကန် ဖြစ်သော်လည်း စားသောက်ပြီးနောက် လူတိုင်း ဗိုက်ပြည့်သလား ဒါမှမဟုတ် ဗိုက်ဆာသလား မပြောနိုင်ပါ။ လူတော်တော်များများသည် ပုံမှန်အားဖြင့် နှစ်ပန်းကန် သို့မဟုတ် သုံးပန်းကန် စားတတ်လေ့ရှိသည်။

“ကလင် ကလင် ကလင်”

အားလုံး ထိုင်၍ အတူတကွ စကားစမြည် ပြောနေချိန်တွင် ရှောင်ဖေးဖေး၏ ဖုန်းက မြည်လာသည်။

“လျိုလျန် ချန်နယ်ကပဲ”

ရှောင်ဖေးဖေး မသိမသာ မျက်မှောင်ကြုတ်သွားပြီး လီထိုက်သည်လည်း အံ့ဩသွားသည်။ “လူတစ်ယောက်က ကိစ္စမရှိဘဲ ဘုရားကျောင်းသို့ မလာတတ်” ဟူသော စကားလိုပင် ယခုကဲ့သို့သောအချိန်၌ ဖုန်းရလာခြင်းက ကောင်းသော လက္ခဏာ မဟုတ်ပေ။

“ကိုင်လိုက်ပါ”

ရဲ့လင်းချန် အေးအေးလူလူ ပြောလိုက်သည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ထုတ်လွှင့်ပြသရန် လက်ခံခဲ့သူက လျိုလျန် ချန်နယ်ဖြစ်ကြောင်း ရှောင်ဖေးဖေး ပြောပြခဲ့သည်ကို သူ မှတ်မိပါသည်။

ရှောင်ဖေးဖေး ခေါင်းညိတ်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။

“ဟဲလို ဥက္ကဋ္ဌဟဲ”

“ဟဲလို မင်းသမီးလေးရှောင်၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ကျုပ်တို့ အရင်တုန်းက ဆွေးနွေးခဲ့တာနဲ့ ပတ်သတ်ပြီး ပြောချင်လို့ပါ၊ ကျုပ်တို့ဘက်က နည်နည်း ဆွေးနွေးခဲ့ပြီးတဲ့ နောက်မှာတော့ အချိန်က ရွှေ့ဆိုင်းသွားလောက်မယ်”

“ရွှေ့ဆိုင်းမယ် ဟုတ်လား၊ ရှင် ဘာကို ဆိုလိုချင်တာလဲ”

ရှောင်ဖေးဖေး၏ အသံက အနည်းငယ် တိမ်ဝင်သွားသည်။

“အစက ခုနစ်နာရီကနေ ကိုးနာရီအချိန်အတွင်း ပြသဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့ စိတ်မကောင်းစရာက အဲ့အချိန်ကို ကိုယ့်အချစ်အတွက်ဆိုတဲ့ ဇာတ်လမ်းအတွက် ယူထားပြီးသား ဖြစ်နေတယ်၊ မင်း ဆယ်နာရီကနေ ဆယ့်နှစ်နာရီ အချိန်ပဲ ရနိုင်လိမ့်မယ်”

ဥက္ကဋ္ဌဟဲ၏ လေသံက သူတို့နှင့် အကြောင်းအရာကို ဆွေးနွေးသည့်အစား သတိပေးသလို ဖြစ်နေသည်။

“ဥက္ကဋ္ဌဟဲ၊ ကျွန်မတို့ အဲ့အချိန်ဇယားကို သဘောတူထားပြီးသားလေ၊ ပြီးတော့ ရှင်လည်း ကတိပေးခဲ့တာပဲ၊ တစ်လပဲ ရှိသေးတယ်၊ ရှင်က ရှင်ကြိုက်တဲ့အချိန်ကို ပြောင်းလိုက်တာလား”

ရှောင်ဖေးဖေး၏ ဟိတ်ဟန်က ချက်ချင်း ပေါ်ထွက်လာသည်။

“ဟဲဟဲ မင်းသမီးလေးရှောင်၊ အခြေအနေက ကျုပ်တို့ကို ဒီလိုလုပ်အောင် ဖိအားပေးခဲ့တာပဲ၊ ကျုပ်တို့ မတတ်နိုင်ဘူး၊ မင်း မကြိုက်ဘူးဆိုရင်လည်း အခြား ရုပ်သံ ထုတ်လွှင့်ရေးကို ပြောင်းလို့ ရတယ်၊ ကျုပ်တို့ ခင်ဗျားတို့ကို ကူညီနိုင်တာ ဘာမှမရှိဘူး”

ဥက္ကဋ္ဌဟဲက ပေါ့ပေါ့တန်တန် ပြောလေသည်။

“ရှင် …”

ရှောင်ဖေးဖေးတွင် ပြောစရာများ ရှိသေးသော်လည်း ဖုန်းကို ရဲ့လင်းချန်က ဖြတ်ယူသွားပြီး တုံးတိတိ ပြောလိုက်သည်။

“ဥက္ကဋ္ဌဟဲ ဟုတ်တယ်မလား၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ခင်ဗျားရဲ့ ချန်နယ်မှာ ပြမှာမဟုတ်ဘူးလို့ ကျုပ် အသိပေးလိုက်ပါတယ်၊ အခုချိန်ကစပြီး ခင်ဗျားရဲ့ လျိုလျန်ချန်နယ်က ဦးဆောင်နေတဲ့ ရုပ်သံထုတ်လွှင့်ရေး နေရာမှာ ကြာကြာ ရှိနေမှာ မဟုတ်ဘူးလို့လည်း ကျုပ် သတိပေးချင်ပါတယ်”

ထိုသို့ပြောပြီးနောက် သူက ဖုန်းကို တန်းချလိုက်သည်။

“လင်းချန် နင် …”

ရှောင်ဖေးဖေးသည် ရဲ့လင်းချန်ကို ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။ ရဲ့လင်းချန် စိတ်တိုနေမှန်း သူမ သိနေသဖြင့် မတတ်သာဘဲ အားမရှိစွာ ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ငါ အားလုံးကို ရှုပ်ထွေးအောင် လုပ်ခဲ့မိတယ်”

လင်းချန်က အရေးမစိုက်သလို လက်ကာပြသည်။

“ဘာလို့ ကျွန်တော့်ကို တောင်းပန်နေတာလဲ၊ မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး၊ ကျွန်တော် စိတ်တိုနေရုံလေးပါ၊ သူတို့က ရုပ်သံ ထုတ်လွှင့်ရေးလေး တစ်ခုပဲလေ၊ ဒါပေမဲ့ သူတို့က အခြားသူတွေကို အထင်သေးရဲတဲ့ သတ္တိ ရှိတာပဲ”

လူတိုင်း ပြောစရာ စကားမဲ့နေသည်။

**ရုပ်သံ ထုတ်လွှင့်ရေးလေး တစ်ခုပဲကို* ဆိုတာက သူ ဘာကို ပြောချင်တာလဲ၊ ဒါက ရုပ်သံ ထုတ်လွှင့်ရေးတွေ ထဲမှာ ရှေ့ဆုံးက ရှိနေတဲ့ လျိုလျန် ချန်နယ်လေ၊ ဒါပေမဲ့ ရဲ့လင်းချန်က သူတို့ကို တန်းမပြောတဲ့အပြင် ခြိမ်းခြောက် လိုက်သေးတယ်၊ သူက သောက်ရမ်းကို အံ့ဩစရာ ကောင်းတာပဲ*

ကျောက်လျန့်ရင်သည် ရဲ့လင်းချန်ကို ကြည်ပြီး ထိတ်လန့်နေ၏။

*လတ်စသက်တော့ သူက ဘယ်သူ့ကိုမဆို မာန်နဲ့ ပြောတာပဲ၊ ငါ့ကိုမှ တကူးတက ပစ်မှတ်ထားပြီး ပြောတာ မဟုတ်ဘူးပဲ*

“ကျွန်တော့်ကို နည်းနည်းလေးပဲ လေးစားတယ်ဆိုရင်တောင်မှ ကျွန်တော် ဘယ်သူ့ကိုမဆို လေးလေးစားစား ဆက်ဆံတယ်၊ ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်တော့်ကို မကောင်းကြံတယ်ဆိုရင်တော့ ကျွန်တော် သူတို့ကို နောင်တ ရအောင် လုပ်ပစ်မှာ”

ရဲ့လင်းချန်က အသာအယာ ပြောလိုက်သည်။

“လျိုလျန် ချန်နယ်က ကျွန်တော်တို့ကို အလေးအနက် မထားဘူး၊ စာချုပ်ကို တစ်ခါ ဖောက်ဖျက်မယ်ဆိုရင် ဒုတိယတစ်ခါ ဖောက်ဖျက်နိုင်တယ်၊ သူက ဦးဆောင်နေတဲ့ ရုပ်သံ ထုတ်လွှင့်ရေး ဖြစ်နေရုံနဲ့ သူ့ကိုယ်သူ ကြီးကျယ်ပြီလို့ တွေးနေတာလား၊ ကျွန်တော်တို့ ဇာတ်လမ်းတွဲက ဘယ်မှာမဆို ကျော်ကြားနိုင်တယ်၊ ဘာလို့ သူ့ချန်နယ်ကို သုံးမှဖြစ်မှာလဲ”

“ဖေးဖေး နောက်တစ်ခါဆိုရင် သူတို့ကို အကူအညီတောင်းဖို့ မပြောနဲ့ ဘယ်ရုပ်သံထုတ်လွှင့်ရေးရဲ့ မျက်နှာကိုမှ ကြည့်နေစရာ မလိုဘူး၊ အခုကစပြီး ရုပ်သံထုတ်လွှင့်ရေးတွေက မင်းကို လာတောင်းပန်နေရမယ်၊ လွယ်ပါတယ်၊ သူတို့ မင်းကို ဖြတ်ရိုက်ရင် မင်း သူတို့ကို ပြန်ရိုက်ပစ်လိုက်”

All Chapters