ကျစ်လွီဆဲ့တိုင်းပြည်ကြီးရဲ့ သမိုင်းကြောင်း
Vol. 24 Ch. 359
ရွှီချင်းသည် အမှတ်ခုနစ်သခင်ကြီးနောက်သို့ လိုက်သွားသည်။
အမှတ်ခုနစ်သခင်ကြီးသည် ကျားပွဲကို အဆုံးသတ်ရဦးမည်ဟု ဆိုခဲ့သော်လည်း စိတ်အေးလက်အေးဖြင့် လျှောက်သွားနေသည်။
သို့သော်လည်း သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အဝေးသို့ ရောက်သွားသည်ဖြစ်၍ ရွှီချင်းသည်လည်း သူ၏အရှိန်အဟုန်ကိုထိန်းကာ တောအုပ်တစ်လျှောက် တဟုန်ထိုး ပြေးသွားသည်။
ရွှီချင်းသည် အမှတ်ခုနစ်သခင်ကြီး၏ နောက်ကျောကို ကြည့်၍ လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် တိမ်လွှာဓားဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက် သေသွားရသည့်မြင်ကွင်းကို ပြန်မြင်လာသည်။ သူ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
ထိုသို့ဖြင့် သူ ငြိမ်သက်နေသည်။
“ သမားတော်ကြီးပိုင်ကိစ္စကို မင်း ကိုင်တွယ်သွားတာ သိပ်ကောင်းတယ် ”
ခဏအကြာ အမှတ်ခုနစ်သခင်ကြီး၏ တည်ငြိမ်သောအသံ လွင့်ပျံလာသည်။
“ အဲဒါ ကျနော်လုပ်သင့်တာပါ ”
ရွှီချင်းက ပြန်ပြောလိုက်သည်။
“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကိစ္စမှာလည်း မင်း လုပ်သွားတာ ကောင်းတယ် ”
“ အဲဒါ ခေါင်းဆောင် … အကြီးဆုံးမင်းသား လုပ်ခဲ့တာပါ ”
ရွှီချင်းသည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် ရှင်းပြလိုက်သည်။
“ ညဉ့်ငှက်အဖွဲ့ကိစ္စမှာလည်း မင်း လုပ်တာ ကောင်းတယ် ”
“ ကျနော် လုပ်နိုင်သလောက်ပဲ လုပ်လိုက်တာပါ ”
ရွှီချင်းက ခေါင်းငုံ့၍ ပြောလိုက်သည်။
“ ဒါပေမဲ့ သူတော်စင်ကြယ်ကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ မင်း သိပ်အလျဉ်လိုသွားတယ် ”
ထိုစကားကို ပြောပြီးသောအခါ ရှေ့တူရှုတွင် မြို့ပျက်ကြီး ပေါ်လာသည်။ ယင်းမြို့ပျက်ကြီးသည် ရွှီချင်းနှင့် သူတော်စင်ကြယ်တို့ တိုက်ခိုက်ခဲ့ကြသည့် မြို့ပျက်ကြီး ဖြစ်သည်။
ရွှီချင်းက နှုတ်ဆိတ်နေသည်။
“ မင်းရဲ့ ဆရာတူအစ်ကိုတွေနဲ့ အစ်မကို ခေါ်ပြီး သူ့ကို အတူတူ သတ်လို့ရနေတာပဲ။ ဒါဆို မင်း ဒီလောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရမှာ မဟုတ်ဘူး ”
အမှတ်ခုနစ်သခင်ကြီး၏ လေသံက သဘောမကျသည့်လေသံဖြစ်နေသည်။
ရွှီချင်းသည် အတန်ငယ် ချီတုံချတုံဖြစ်သွားသော်လည်း အမှတ်ခုနစ်သခင်ကြီး ပြောသည်မှာ ကျိုးကြောင်းဆီလျော်သည်ဖြစ်၍ ခေါင်းညိတ်လိုက်သည်။
ရွှီချင်းက နာခံနေသည်ကို မြင်၍ အမှတ်ခုနစ်သခင်ကြီး သဘောကျသွားသည်။ သူက နောက်လှည့်ကာ ရွှီချင်းကို လေးစားသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“ အနားတိုးလာပါဦး။ မင်း ဘာမှမကြောက်ဘူးမလား။ ဘာလို့ ဒီလောက်ဝေးဝေးမှာ ရပ်နေရတာတုံး ”
ရွှီချင်းသည် ချီတုံချတုံ ဖြစ်သွားပြီး တဖြည်းဖြည်း တိုးကပ်သွားကာ အမှတ်ခုနစ်သခင်ကြီးဘေးတွင် ရပ်နေလိုက်သည်။
အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်း၏အရပ်အမောင်းကို ကြည့်ကာ အတိတ်ကို လွမ်းဆွတ်သည့်အရိပ်အငွေ့များ သူ့မျက်လုံးများထဲ ပေါ်လာသည်။ ရတနာမုဆိုးစခန်း၌ အဝတ်အစားသစ်များ ပေမည်စိုး၍ ရွှံ့နွံများပေါ် ဂရုတစိုက် ကျော်လွှားသွားနေသော ပိန်ပိန်ပါးပါး လူရိပ်လေးကို သူ ပြန်တွေးမိလိုက်ပြီး ပြုံးလိုက်သည်။
“ မင်း ကြီးပြင်းလာပြီပဲ ”
ရွှီချင်းသည် စိတ်ထဲတွင် အဖြေတစ်ခု ရသွားသည့်အလာား ခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။
အမှတ်ခုနစ်သခင်ကြီးသည် အတိတ်အကြောင်း ဆက်မပြောတော့ဘဲ ရွှီချင်းကို မြို့ပျက်ကြီးဆီသို့ ခေါ်သွားသည်။ ရွှီချင်းသည်လည်း မေးမြန်းမနေဘဲ တိတ်ဆိတ်စွာ လိုက်သွားသည်။
အဝေးမှကြည့်ပါက အဘိုးအိုတစ်ဦးနှင့် လူငယ်လေးတစ်ယောက်က ခြောက်ကပ်ကပ်မြို့ပျက်ကြီးဆီသို့ လျှောက်နေသည်။ မြို့ပျက်ကြီးထဲ ဖြာကျနေသော မှိန်ဖျော့ဖျော့နေရောင်ခြည်ကြောင့် သူတို့နှစ်ဦးသည် အချိန်ခရီးအား နင်းလျှောက်နေကြသည့်အလားပင်။
“ ဒါက သမိုင်းကို သက်သေထူနေတဲ့ ရှေးဟောင်းမြို့ကြီးပဲ ”
အမှတ်ခုနစ်သခင်ကြီး၏လေသံက နူးညံ့သိမ်မွေ့သောအရိပ်အငွေ့များကို ဆောင်ကြဉ်း၍ ရှေးဟောင်းမြို့ကြီးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ရွှီချင်းသည် အမှတ်ခုနစ်သခင်ကြီးကို ကြည့်ကာ ရှေ့ဆက်လာမည့်စကားကို စောင့်နေသည်။
“ ဒဏ္ဍာရီတွေအရတော့ နတ်ဘုရားရဲ့မျက်နှာပျက်ကြီး ရောက်လာပြီးတဲ့နောက် ဒီမြို့ကြီးက လူသားမျိုးနွယ်ရဲ့ နံပါတ်တစ်ပါရမီရှင်လို့ ကျော်ကြားတဲ့ ကျစ်လွီဆဲ့တိုင်းပြည်ကြီးရဲ့ ပြိုင်စံရှားအိမ်ရှေ့စံမင်းသားရဲ့ စံအိမ်လို့ ဆိုကြတယ် ”
“ အိမ်ရှေ့စံမင်းသားက စစ်မှန်တဲ့ ပြိုင်စံရှားပါရမီရှင်တစ်ယောက်လို့ ပြောကြတယ်။ သူက ရှေးအရှင်သခင်တွေနဲ့ ဘုရင်တွေရဲ့ သွေးမျိုးဆက်ကို ဆက်ခံရရှိခဲ့ပြီး သူ့ခေတ်အခါက အားလုံးကို ဖိနှိပ်ခဲ့တယ် ”
“ သူက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ မွေးဖွားလာတာလို့ တချို့လူတွေက ဆိုကြတယ်။သူ မွေးလာတော့ ကောင်းကင်ကနေ မင်္ဂလာရှိတဲ့အမှတ်အသားတစ်ခုဆင်းသက်လာပြီး ရွှေနဂါးကြီးကိုးကောင်အဖြစ် ပြောင်းလဲသွားတယ်။ အဲဒီနဂါးကြီးတွေက သူ့တစ်သက်လုံး သူ့ဘေးမှာ အဖော်ပြုနေသွားခဲ့တယ် ”
“ ဝမ်ကူးဒေသကြီးက ကယ်တင်ရှင် ပေါ်လာဖို့ လောကစွမ်းအားတွေ စုစည်းပြီး သူ့ကို ဒီလောကကြီးထဲ ခေါ်ဆောင်လာခဲ့တာလို့ တချို့က ဆိုကြတယ် ”
“ သူ မွေးလာတဲ့အချိန်တုန်းက ဝမ်ကူးဒေသကြီးထဲက တားမြစ်ဒေသကြီးတွေအားလုံးကနေ ဆွဲဆွဲငင်ငင်မြည်တမ်းသံတွေ လွင့်ပျံလာတယ်လို့ သမိုင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတယ်။ ထူးဆန်းတဲ့သွေးတွေစီးဆင်းလာပြီး တားမြစ်ဒေသကြီးတွေ အပြင်ဘက်ကို လွင့်ပျံလာတယ် ”
“ သူက နတ်ဘုရားရဲ့အကြည့်နဲ့ ငါးကြိမ်ဆုံခဲ့တာတောင် မသေခဲ့ဘဲ နတ်ဘုရားရဲ့ကောင်းချီးပေးခြင်းခံရတဲ့သူလို့လည်း လူတွေ ပြောကြတယ် ”
“ မြင့်မြတ်တဲ့ဘုံတွေမှာတောင် သတိပေးသံတွေ မြည်ဟည်းသွားတယ်။ အဲဒီမြင့်မြတ်တဲ့ဘုံတွေက သူ့ကို သိမ်းသွင်းဖို့ ကြိမ်ဖန်များစွာ စည်းရုံးခဲ့ပေမဲ့ သူက ငြင်းပယ်ခဲ့တယ် ”
“ ဒါပေမဲ့ အဲဒီလို ပြိုင်စံရှားလူသားတစ်ယောက်က ကျစ်လွီဆဲ့တိုင်းပြည်ကြီးက တိုက်ပွဲမှာ သေသွားခဲ့ရတယ်။ အဲဒီတုန်းက သူ့ကို သတ်ခဲ့တဲ့လူတွေအားလုံးက မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်တဲ့လူတွေလို့ ဆိုကြတယ် ”
ထိုစကားများကို ကြားရသောအခါ ရွှီချင်း၏ခံစားချက်များ ယောက်ယက်ခတ်သွားသည်။ ထိုကိစ္စသည် ကျစ်လွီဆဲ့တိုင်းပြည်အကြောင်း သူ သိထားသည်နှင့် အနည်းငယ် ကွဲလွဲနေသည်။ သူ သိထားသည်မှာ မိသားစုကြီးရှစ်စုက သစ္စာဖောက်ခဲ့ပြီး တော်ဝင်သွေးမျိုးဆက်ကို သိမ်းပိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ကျစ်လွီဆဲ့တိုင်းပြည်ကြီး ပျောက်ကွယ်သွားခဲ့ပြီး ကျစ်ထူ၏ မိသားစုကြီးရှစ်စုက အစားထိုးနေရာယူလာခဲ့သည်။
ရွှီချင်း၏ အမူအရာကို သတိထားမိ၍ အမှတ်ခုနစ်သခင်ကြီးက ပြုံးလိုက်သည်။
“ ငါ ပြောနေတာ နန်းဟွမ်ဒေသကြီးထဲက ကျစ်လွီဆဲ့တိုင်းပြည်အကြောင်း ပြောနေတာ မဟုတ်ဘူး။ သမိုင်းထဲက တိမ်မြှုပ်နေတဲ့ ကျစ်လွီဆဲ့တိုင်းပြည်အကြောင်း ပြောပြနေတာ။ အဲဒီကျစ်လွီဆဲ့တိုင်းပြည်ဆိုတာ ရွှမ်ယုံခေတ်ပြီးတဲ့နောက် ဝမ်ကူးဒေသကြီးကို အုပ်ချုပ်နိုင်လောက်အောင် စစ်မှန်တဲ့အရည်အချင်းရှိတဲ့ တိုင်းပြည်ပဲ။ အခုချိန်မှာ အဲဒီအကြောင်းကို လူနည်းနည်းပဲ သိတော့တာ နှမျောစရာပဲ။ လူသားမျိုးနွယ်အပါအဝင် မျိုးနွယ်တွေအားလုံးက သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ဖြစ် တိုက်ရိုက်နည်းလမ်းနဲ့ဖြစ်ဖြစ် အဲဒီကြီးကျယ်ခမ်းနားတဲ့ တိုင်းပြည်ကြီးအကြောင်း မှတ်တမ်းတွေကို ဖျက်ဆီးပစ်ဖို့ ရွေးချယ်ခဲ့ကြတယ်။ အဲဒီအကြောင်း တစ်ယောက်မှ ပြန်မပြောကြတော့ဘူး ”
“ ကျစ်ထူက မျိုးနွယ်စုကြီးရှစ်စုနဲ့ပတ်သက်ပြီးပြောရရင် သူတို့ သိမ်းပိုက်ခဲ့တယ်ဆိုတာက ကျစ်လွီဆဲ့တိုင်းပြည်ကြီးကနေ ကျန်ရစ်ခဲ့တဲ့ မထင်မရှားအကြွင်းအကျန်တွေကနေ ဖြစ်လာတဲ့ တိုင်းပြည်ပဲ ”
ရွှီချင်း အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
“ ကျစ်လွီဆဲ့တိုင်းပြည်ကြီးရဲ့ ပြိုင်စံရှားအိမ်ရှေ့စံမင်းသားက နန်းဟွမ်ဒေသကြီးထဲက တိုက်ပွဲမှာ သေသွားခဲ့တယ်။ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကြာတဲ့အခါ သူ သေသွားခဲ့တဲ့နေရာမှာ မြို့လေးတစ်မြို့ ဖြစ်လာတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ဆယ့်တစ်နှစ်က အဲဒီမြို့လေးကို နတ်ဘုရားရဲ့အကြည့် သက်ရောက်သွားပြီး တစ်မြို့လုံး ပျောက်ကွယ်သွားတယ် ”
“ သူ ကျိန်စာတိုက်ထားခဲ့လို့ အဲဒီလိုဖြစ်သွားတာလို့ တချို့က ပြောကြတယ် ”
ရွှီချင်း ငြိမ်သက်သွားသည်။
ခဏအကြာ အပျက်အစီးများကြားရှိ တာအိုဘုရားကျောင်းရှေ့သို့ သူတို့ ရောက်လာကြသည်။ ထိုနေရာသည် ရှုပ်ပွနေပြီး မြေပြင်မှာ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့်ခြေရာလက်ရာများဖြင့် ပြည့်နေသည်။ ထိုနေရာကို ကြည့်ပြီးနောက် ရွှီချင်းက အမှတ်ခုနစ်သခင်ကြီးကို ကြည့်လိုက်သည်။
“ မင်းမှာ နတ်အတတ်တွေ မရှိဘူးလို့ တစ်ယောက်က ပြောခဲ့တယ်မလား။ သွားပြီး နားလည်အောင်လုပ်လိုက်။ မြန်မြန်လေးလုပ်၊ ငါ ကျားဆော့ရဦးမယ် ”
အမှတ်ခုနစ်သခင်ကြီးက ရွှီချင်း၏ခေါင်းကို ပုတ်လိုက်သည်။
ရွှီချင်း ရင်တစ်ချက်ခုန်သွားသည်။ ထိုစကားကို သူတော်စင်ကြယ်က သူနှင့် တိုက်ခိုက်နေစဉ်အတောအတွင်း ပြောခဲ့သည် မဟုတ်ပါလား။
ရွှီချင်းသည် အမှတ်ခုနစ်သခင်ကြီးကို ဖျတ်ခနဲကြည့်ကာ ခေါင်းညိတ်လိုက်ပြီး တာအိုဘုရားကျောင်းထဲသို့ လျှောက်သွားသည်။ ထို့နောက် တင်ပျဉ်ခွေထိုင်လိုက်ပြီး ရုပ်ထုကို တိတ်ဆိတ်စွာဖြင့် စူးစိုက်ကြည့်လိုက်သည်။
အတန်ငယ်ကြာသောအခါ သူသည် မတ်တတ်ရပ်လိုက်ပြီး အပြင်ဘက်ရှိ အမှတ်ခုနစ်သခင်ကြီးကို ကြည့်လိုက်သည်။
“ ဘာဖြစ်လို့လဲ ”
အမှတ်ခုနစ်သခင်ကြီးက မေးမြန်းလိုက်သည်။
“ အဲဒါက နေ့ခင်းဘက်မှာ နားလည်အောင်လုပ်လို့မရဘူး။ လရောင်ရှိမှ နားလည်အောင် လုပ်လို့ရတာ ”
ရွှီချင်းသည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် ရိုးသားပွင့်လင်းစွာ ဖြေလိုက်သည်။
အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်း ရှင်းရှင်းလင်းလင်း မကြားရသော တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။ ယင်းနောက် သူက လက်ကိုဝှေ့ယမ်းလိုက်ရာ တာအိုဘုရားကျောင်း၏ ကောင်းကင်တွင် မိုးသားတိမ်စိုင်များဖြင့် ပြည့်နှက်သွားသည်။ တခဏလေးအတွင်း တိမ်မည်းများက နေရောင်ကို ဖုံးကွယ်သွားပြီး တာအိုဘုရားကျောင်းတစ်ဝိုက်မှာ ပိန်းပိတ်အောင် မှောင်မည်းလာသည်။
ထိုအမှောင်ထုကြီးထဲ၌ တိမ်မည်းများထဲတွင် ကြေးမုံပြင်တစ်ချပ် ပေါ်လာသည်။ ထိုကြေးမုံပြင်ထဲတွင် လရောင် ရှိနေသည်။ ကြေးမုံပြင် လည်ပတ်သွားသည်နှင့် လရောင်ခြည်တန်းတစ်ခု သက်ဆင်းလာပြီး တာအိုဘုရားကျောင်းနှင့် ရုပ်ထုကြီးကို အလင်းပေးလိုက်လေသည်။
ထို့နောက် ရုပ်ထုပတ်လည်တွင် ဓားမော့အရိပ်များ ပေါ်လာသည်။
ရွှီချင်း၏အတွေးများ ဗြောင်းဆန်သွားသည်။ အမှတ်ခုနစ်သခင်ကြီးကို သူ ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
ယခင်က အမှတ်ခြောက်သခင်ကြီး တိုက်ခိုက်သည်ကို သူ မြင်ခဲ့ဖူးသည်။ သို့သော် အမှတ်ခြောက်သခင်ကြီးက လက်ကိုဝှေ့ယမ်းရုံဖြင့် လနှင့်နေကို ပြောင်းလဲနိုင်သည့်မြင်ကွင်းမျိုး မဖန်တီးနိုင်ကြောင်း သူ ခံစားမိသည်။
ယင်းကြောင့် သတ္တမမြောက်တောင်ထိပ်၏ ဓလေ့ထုံးစံကို ရွှီချင်း သတိရလိုက်မိသည်။
‘ အမှတ်ခုနစ်သခင်ကြီးက သေချာပေါက် ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး ’
ယခုက အဖိုးတန်သော အခွင့်အရေးဖြစ်သည်ကို ရွှီချင်း သိသည်။ သူ၏အတွေးစများကို ရုတ်သိမ်းလိုက်ပြီး ရုပ်တုပတ်လည်ရှိ ဓားမော့အရိပ်များကို စူးစိုက်ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ့ခေါင်းအထက်တွင် ပုံရိပ်ယောင်ခရမ်းရောင်ကောင်းကင်ဓားမော့ ပေါ်လာသည်။
သူ စတင်၍ နားလည်ရန် ကြိုးစားလိုက်သည်။
သူ နားလည်ရန် ကြိုးစားလိုက်စဉ် တာအိုဘုရားကျောင်းအပြင်ဘက်တွင် မတ်တတ်ရပ်နေသော အမှတ်ခုနစ်သခင်ကြီးသည် ဘေးပတ်လည်ရှိ တိုက်ပွဲဖြစ်ပွားရာမြေပြင်ကို ကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
“ သူက တကယ့်ကို နတ်အတတ်တွေနဲ့ မန္တန်တွေ နည်းနည်းပဲ ရှိတာပဲ။ အသုံးမဝင်တာတွေ များနေတယ် ”
“ သူ့ရဲ့တိုက်ပွဲနည်းဗျူဟာက မသေသပ်ပေမဲ့ သူ့အသက်အရွယ်နဲ့ဆိုရင် အတော်လေး ကောင်းတယ်လို့ ပြောလို့ရတယ် ”
ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။
တားမြစ်ပင်လယ်ပေါ်ရှိ ကောင်းကင်ယံသို့ ဓားအလင်းတန်း မြင့်တက်သွားသည်။
ဓားချီစီးကြောင်းများစွာ ချီရွှဲ့ထုံဂိုဏ်းသို့ တရိပ်ရိပ် သွားနေသည်။ လေထဲတွင် တိမ်လွှာဓားဂိုဏ်း၏ ဒေါသအမျက်မီးတောက်များဖြင့် ပြည့်နှက်နေ၏။ တိမ်လွှာဓားဂိုဏ်းသားများသည်လည်း ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကိုယ်စီဖြင့် သူ့နောက်မှ လိုက်ပါနေသည်။
ဖီးနစ်တားမြစ်ဒေသကြီးထဲတွင်မူ ပကတိ ငြိမ်သက်အေးချမ်းနေ၏။
ညအချိန် ကျရောက်လာပြီ ဖြစ်သည်။
ရွှီချင်းက နားလည်ရန် ဆက်ကြိုးစားနေသည်။ အမှတ်ခုနစ်သခင်ကြီးမှ ထုတ်လွှတ်ပေးသော လရောင်သည် ညအခါတွင် ပို၍ပင် စူးရှတောက်ပပြီး ဓားမော့အရိပ်များမှာ ယခင်ကထက် ပို၍ ပေါ်ပေါက်လာနေသည်။ ယင်းအပြင် ထိုဓားမော့အရိပ်များသည် ရွှီချင်း၏ မျက်လုံးများထဲတွင် အဆပေါင်းများစွာ ရှင်းလင်းနေသည်။
သူ၏ နားလည်နိုင်စွမ်းက ကြောက်ခမန်းလိလိပင်။ သူ့ခေါင်းအထက်ရှိ ခရမ်းရောင်ဓားမော့အရိပ်ကြီးက တစ်ဆယ်ရာခိုင်နှုန်းမှသည် ငါးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်း၊ ခုနစ်ဆယ်ရာခိုင်နှုန်း စသည်ဖြင့် လျင်မြန်စွာ စုစည်းနေသည်။
ညအချိန် ကျော်လွန်သွားပြီး မနက်ခင်းရောက်သောအခါ ရွှီချင်း၏တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့ကိုယ်ထဲမှ စူးရှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူ့ခေါင်းအထက်ရှိ ခရမ်းရောင်ဓားမော့အရိပ်ကြီးက ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်သွားသည်။
ထိုဓားမော့အရိပ်ကြီးသည် ပုံရိပ်ယောင်မဟုတ်တော့ဘဲ အစစ်အမှန်ကောင်းကင်ဓားမော့ကြီးနှင့် ဆင်တူပြီး ကြောက်ခမန်းလိလိအရှိန်အဝါများ လွင့်ပျံနေသည်။
အမှတ်ခုနစ်သခင်ကြီးမှ ထုတ်လွှတ်ပေးခဲ့သော လရောင်၌ ရောဂါပျောက်ကင်းစေနိုင်သောအစွမ်းများ ပါဝင်နေပြီး ထိုအတောအတွင်း ရွှီချင်းမှာ အကောင်းပကတိ ဖြစ်သွားခဲ့သည်။
သူ၏ပြတ်သွားသော လက်ချောင်းများ ပြန်ပေါက်လာပြီး သူ့အရှိန်အဝါသည်လည်း တစ်ခါမှမကြုံဖူးသည့်အဆင့်သို့ ရောက်သွားသည်။
သူ မတ်တတ်ရပ်လိုက်သည်။ သက်စောင့်မီးလုံးခြောက်လုံးတိုက်ရည်ခိုက်ရည်ကြောင့် ဘေးပတ်လည်တွင် လေမုန်တိုင်းတစ်ခု ဖြစ်သွားသည်။
အမှတ်ခုနစ်သခင်ကြီးသည် လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် သဘောကျသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ အပြင်လူတွေတောင် သိနေတာ၊ ငါ့ရှေ့မှာ ဖုံးကွယ်ထားဖို့ မလိုပါဘူး ”
ရွှီချင်းက နှုတ်ဆိတ်နေသည်။ အတန်ငယ် တိတ်ဆိတ်နေပြီးနောက် အနက်ရောင်အလင်းနှင့် သက်တန့်ရောင်အလင်းများ သူ့ခေါင်းထိပ်မှ ဖြာထွက်လာသည်။
အနက်ရောင်အလင်းသည် အနက်ရောင်ကွန်ခြာအသွင် စုစည်းသွားကာ အနက်ရောင်မီးတောက်များကို ထုတ်လွှတ်လိုက်သည်။
သက်တန့်ရောင်အလင်းတန်းသည် လေတိုးသံတရွှီရွှီထုတ်လွှတ်နေသော စူးရှတောက်ပသောအလင်းတန်းများဖြင့် သက်တန့်ရောင်ကွန်ခြာဖြစ်သွားသည်။
တချိန်တည်းမှာပင် ကွန်ခြာနှစ်ခုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်။
လရောင်ရှိနေသည့်တိုင်အောင် ရွှီချင်း၏ခန္ဓာကိုယ်က ပို၍ ဝင်းလက်နေသည်။
“ သွားကြမယ်။ အချိန်ကို တွက်ကြည့်ရသလောက် ခဏနေရင် ဧည့်သည်တွေ ရောက်လောက်ပြီ ”
အမှတ်ခုနစ်သခင်ကြီးက ပြုံး၍ အင်္ကျီလက်ကို ခါယမ်းလိုက်သည်။ ရုတ်တရက် ဘေးပတ်လည်ရှိ မြင်ကွင်းများ ပြောင်းလဲသွားသည်။ မိုးသားတိမ်စိုင်များ ရွေ့လျားသွားပြီး လောကအရိပ်များ လှုပ်ယမ်းနေသည့်အလားပင်။
ရွှီချင်းက ထိုသည်ကို ကြည့်၍ အမှတ်ခုနစ်သခင်ကြီး၏ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံမိလိုက်ပြန်သည်။ သူ့အသက်ရှူသံများ မြန်လာစဉ် သူ၏ပတ်ဝန်းကျင်မှာ ပုံမှန်ပြန်ဖြစ်သွားသည်။ သူသည် ဖီးနစ်တားမြစ်ဒေသကြီးထဲရှိ မြို့ပျက်ကြီးထဲတွင် မဟုတ်တော့ဘဲ သတ္တမမြောက်တောင်ထိပ်ရှိ အဆောင်ထဲသို့ ရောက်နေသည်။
ပင်လယ်လေပြေက ရင်းနှီးသော ရေငွေ့များကို ဆောင်ကြဉ်း၍ တဟူးဟူး တိုက်ခတ်နေသည်။
လူမရေမတွက်နိုင်လောက်အောင် တီးတိုးရေရွတ်နေကြသည့်အလား ပင်မမြို့ကြီးဆီမှ ပျားပန်းခတ်မျှ လှုပ်ရှားသံများလည်း လေထဲ လွင့်ပျံလာသည်။ ထိုမြင်ကွင်းကြောင့် ရွှီချင်း အတန်ငယ်ငေးကြောင်သွားသည်။ အထူးသဖြင့် သူ့ရှေ့ရှိ အမှတ်ခုနစ်သခင်ကြီးအပြင် ရင်းနှီးသောလူရိပ်ကို မြင်လိုက်ရသောကြောင့်ပင်။
ထိုသူသည် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သက်လတ်ပိုင်းအရွယ်ခန့်ရှိသည်။ သူသည် ပြုံး၍ ကျားခုံဘေးမှ မတ်တတ်ထလာသည်။
ထိုလူကို ရွှီချင်း မှတ်မိသည်။ ယခင်က ရတနာမုဆိုးစခန်းတွင် သူ့ကို ဂိုဏ်းတံဆိပ်ပြားပေးခဲ့သည့်လူ ဖြစ်သည်။
“ အမှတ်ခုနစ်သခင်ကြီး ”
မီးခိုးရောင်ဝတ်ရုံဝတ်အစေခံက အမှတ်ခုနစ်သခင်ကြီးကို ပထမဦးစွာ အရိုအသေပေးလိုက်ပြီးနောက် ရွှီချင်းကို ခေါင်းညိတ်ပြလိုက်သည်။
“ ဒီကို ဧည့်သည်တွေ ရောက်နေပြီလား ”
အမှတ်ခုနစ်သခင်ကြီး၏အကြည့်က ကျားပွဲပေါ် ရောက်သွားသည်။
“ ရောက်ခါနီးနေပါပြီခင်ဗျ ”
အစေခံက တရိုတသေဖြင့် ပြောလိုက်သည်။
“ အင်း … အရင်ဆုံးကလေးကို ရေချိုးပေးလိုက်ဦး။ သူ အတော်လေး ညစ်ပတ်နေတာ ”
အမှတ်ခုနစ်သခင်ကြီးသည် အင်္ကျီလက်ကို ခါယမ်းကာ အဆောင်ထဲမှ ထွက်သွားသည်။
‘ ကလေး ’ ဆိုသည့်စကားကြောင့် ရွှီချင်း အကြည့်လွှဲလိုက်သည်။ သူ့ရှေ့ရှိမြင်ကွင်းကြောင့်လည်း သူ့စိတ်ထဲမှ ခန့်မှန်းချက်က ရှင်းလင်းသည်ထက် ရှင်းလင်းလာသည်။
“ ကလေး၊ မင်းကို ရေချိုးခန်းဆီ ခေါ်သွားပေးမယ်။ နောက်လာမယ့်ပွဲက မင်းရဲ့အဓိကပွဲဖြစ်သလို အမှတ်ခုနစ်သခင်ကြီးရဲ့ အဓိကပွဲကြီးလည်း ဟုတ်တယ်။ ချီရွှဲ့ထုံဂိုဏ်းကြီးရဲ့ အဓိကပွဲဆိုရင်လည်း ဟုတ်တယ် ”
အစေခံသည် အဓိပ္ပာယ်ရှိစွာပြောလိုက်ပြီး ရွှီချင်းကို ကျောက်စိမ်းပေလွှာ ပေးလိုက်သည်။
“ ရေချိုးပြီးရင် ခန်းမဆောင်ကနေ ထွက်ပြီး တောင်လှေကားထစ်တွေကို တက်ရမယ်။ ပြီးရင် အဲဒီကျောက်စိမ်းပေလွှာကို ဖွင့်ကြည့်လိုက် ”
ရွှီချင်းသည် ကျောက်စိမ်းပေလွှာကို ယူကာ အတွေးနက်သွားသည်။ သူ နောက်ထပ်မမေးတော့ဘဲ ယဉ်ကျေးစွာ အရိုအသေပေးလိုက်ပြီးနောက် အစေခံနှင့်အတူ ထွက်သွားသည်။
သူ ရေချိုးပြီးနောက် တာအိုဝတ်ရုံအသစ်တစ်ထည် သူ့ကို ပေးလေသည်။ အစေခံအမျိုးသမီးတချို့လည်း ရောက်လာကြပြီး သူ့ကို ပြင်ဆင်ပေးကြသည်။
ရွှီချင်းသည် အသားမကျသော်လည်း မငြင်းဆန်ပေ။
အမျိုးသမီးအစေခံများက သူ့ဆံပင်များကို ချည်နှောင်ပေးနေစဉ် တံခါးဝမှ ခေါင်းဆောင်မှာ ခေါင်းပြူထွက်လာပြီး ရွှီချင်းကို မျက်စေ့မှိတ်ပြလိုက်သည်။
အစေခံက ခရမ်းရောင်တာအိုသရဖူနှင့်အတူ လျှောက်လာသည်။
ထိုသရဖူသည် အလွန်လက်ရာမြောက်ပြီး တဖျပ်ဖျပ်ဝင်းလက်နေသည်။ သရဖူမှ ကြောက်ခမန်းလိလိ ဖိအားများ ထွက်ပေါ်နေပြီး သရဖူထဲတွင် သန္ဓေပြောင်းသားရဲတစ်ကောင်၏အရိပ် ရှိနေသည်။ အနီးကပ်ကြည့်ပါက ထိုသတ္တဝါ၏ခန္ဓာကိုယ်က ခေါင်းကိုးလုံးမြွေ၏ခန္ဓာကိုယ်ဖြစ်သည်။ ယင်းသည် ရေသူမကျွန်းပေါ်ရှိ ပြိုင်ပွဲအဆုံးသတ်တွင် ပေါ်လာခဲ့သော ထူးဆန်းသော မြွေကြီးပင် ဖြစ်သည်။
ထိုသရဖူကို အချိန်အတော်ကြာ ကြည့်ပါက သားရဲများ၏ ဟိန်းဟောက်သံများကို ကြားနေရသည့်အလား ခံစားရပေမည်။ ထိုသရဖူသည် လျှို့ဝှက်ဆန်းကြယ်ကာ သာမန်မဟုတ်ပေ။
“ ချီးပဲ။ အဲဒါ ယွမ်ယင်အဆင့်တစ်ပိုင်းဝိညာဉ်ကို ချုပ်နှောင်ထားတဲ့ ခရမ်းရောင်ကောင်းကင်သရဖူမလား။ အဲဒီအဘိုးကြီး မျက်နှာလိုက်တာပဲ။ ငါ လိုချင်နေတာကြာပြီ။ ငါ့ကိုကျ မပေးဘူး ”
ခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်နေစဉ် အစေခံသည် သရဖူကို ရွှီချင်း၏ခေါင်းတွင် ထားလိုက်သည်။
ထိုအချိန်၌ ရွှီချင်းသည် ခရမ်းရွှေရောင်ပန်းကနုတ်များဖြင့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခရမ်းရောင်ကောင်းကင်သရဖူကို ဆောင်းထားသည်။ သူ့ခေါင်းအထက်တွင် မှိန်ဖျော့ဖျော့ကွန်ခြာတစ်ခုရှိသည်။ သူ၏ရုပ်ရည်သွင်ပြင်နှင့် ပေါင်းစပ်လိုက်သောအခါ သူ့ကို ကြည့်မိသူအဖို့ သူသည် သာမန်ထက်ထူးကဲပြီး ပြိုင်စံရှားဖြစ်သည်ဟူသော ခံစားချက်မျိုး ဖြစ်စေသည်။
ဘေးပတ်လည်ရှိ အမျိုးသမီးအစေခံများ၏ မျက်နှာများ တစ်မျိုး ဖြစ်သွားကြသည်။
ခေါင်းဆောင်က ပြောရန်ပြင်လိုက်စဉ် အပြင်ဘက်မှ သြဇာအာဏာဖြင့် ပြည့်ဝသောအသံကြီး လွင့်ပျံလာသည်။
“ တာအိုဆိုတာ မူလက ပုံသဏ္ဍာန်ကင်းမဲ့ပြီး မြင်တွေ့ခြင်းမရှိနိုင်သလို ဖော်ပြလို့မရပါဘူး။ ကျမ်းစာတွေမရှိဘဲ တာအိုကို နားမလည်နိုင်ပါဘူး။ တာအိုဟာ နက်ရှိုင်းပြီး ဆန်းကြယ်ပါတယ်။ ဆရာမရှိဘဲ တာအိုကို နားမလည်နိုင်ပါဘူး ”
“ ဒီနေ့ ကျုပ်ရဲ့သတ္တမမြောက်တောင်ထိပ်က ရွှီချင်းကို တာအိုနဲ့ နည်းနာနိဿရည်းတွေ လွှဲပြောင်းပေးမှာဖြစ်လို့ ဘိုးဘေးကို လာရောက်တင်ပြတာပါ ”
ထိုတည်ကြည်သောအသံကြီးက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။