အသိအမှတ်ပြုခြင်း အခမ်းအနား
Vol. 24 Ch. 360
ထိုအသံသည် ပုံမှန်အသံနှင့်ကွဲပြားသည်။
လောကကြီးတစ်ခွင် ကျမ်းသစ္စာကျိန်ဆိုလိုက်သည့်အသံနှင့် ဆင်တူသည်။
စကားများသည် ရှေးဆန်ပြီး သိမ်မွေ့နက်နဲသည်။
ကောင်းကင်နှင့်မြေပြင်ကို တင်ပြလိုက်သည့်အလားပင်။
တံခါးဘေးတွင် ရပ်နေသောခေါင်းဆောင်ပင် တစ်ခါမှမကြုံဖူးလောက်အောင် တည်ကြည်လေးနက်သွားသည်။ သူသည် ရွှီချင်းကို မျက်စေ့မှိတ်မပြတော့ဘဲ အပြင်သို့ ထွက်သွားသည်။
ယနေ့တွင် ခေါင်းဆောင်သည် မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်မထားဘဲ ရွှီချင်းနှင့် ဆင်တူသည့် ရွှေရောင်ပန်းကနုတ်များဖြင့် ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူတို့၏တာအိုဝတ်ရုံများသည် ဖျပ်ခနဲကြည့်လျှင် သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများ၏ တာအိုဝတ်ရုံများနှင့် ဆင်တူပါသော်လည်း အမှန်စင်စစ် အလွန် ကွဲပြားသည်။
ခေါင်းဆောင်က တံခါးဘေးတွင် ရပ်လိုက်သည်။ သူက လေးနက်တည်ကြည်သောအကြည့်ဖြင့် ရွှီချင်းကို စူးစိုက်ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
“ ရွှီချင်း၊ ငါ့နောက်ကလိုက်ခဲ့။ အခုကစပြီး ငါက မင်းရဲ့အစောင့်အရှောက်ဖြစ်မှာ ”
ခေါင်းဆောင်သည် တစ်ခါမှ ထိုသို့ပုံစံမျိုးဖြင့် မပြောခဲ့ဖူးချေ။ သူ၏မျက်နှာအမူအရာသည် တည်ကြည်နေသည်သာမက သူ့စကားများသည်လည်း လေးနက်နေသည်။ သူသည် ရွှီချင်းကို စူးစိုက်ကြည့်ကာ လက်နှစ်ဖက်ကို ဆုပ်၍ လက်မများကို သူ၏မျက်ခုံးမွေးများနင့် တစ်တန်းတည်း မြှောက်လိုက်သည်။ ထို့နောက် သူသည် ကိုယ်ကိုကိုင်းညွှတ်၍ တာအိုအရိုအသေပေးလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး လေးနက်သောအငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။ ရွှီချင်းသည် သူ နောက်ထပ် ပါဝင်ရမည်မှာ အလွန် အရေးကြီးသော အခမ်းအနားဖြစ်သည်ကို နားလည်လိုက်သည်။ သူသည် အင်္ကျီအဝတ်အစားများကို ဆန့်သွားအောင် လုပ်လိုက်ပြီး ခေါင်းဆောင်ကို ပြန်လည်နှုတ်ဆက်ကာ ခန်းမဆောင်ဝင်ပေါက်မှ ထွက်သွားသည်။
သူ အပြင်သို့ ခြေချလိုက်သည့်အခိုက် စိတ်ထဲတုန်ခါသွားသည်။
သူ ရှိနေသည့်ခန်းမဆောင်သည် သတ္တမမြောက်တောင်၏ ထိပ်ဖျားအနီးတွင် တည်ရှိသည်။ သူ့ရှေ့တူရှုတွင် ဝိညာဉ်စွမ်းအားဓာတ်များ ထုတ်လွှတ်နေသော ကျောက်သားများဖြင့် ထုဆစ်ထားသည့် အဌဂံပုံစံ ဧရာမတာအိုပလ္လင်ကြီး ရှိသည်။ ထိုပလ္လင်ကြီးပေါ်တွင် ရုပ်ထုတစ်ခုကို ထုဆစ်ထားသည်။
ထိုရုပ်ထုသည် သက်လတ်ပိုင်းလူတစ်ယောက်ပုံစံ ထွင်းထုထားခြင်းဖြစ်သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်၍ အဝေးသို့ ငေးကြည့်နေသည်။
သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူသည် ရှေးဟောင်းဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အပြာရောင်ဧကရာဇ်သရဖူအား ဆောင်းထားသည်ကိုသာ မြင်ရသည်။ သူ့ခေါင်းအထက်တွင် တဖျပ်ဖျပ်ဝင်းလက်နေသော ကွန်ခြာကိုးခုရှိပြီး နဂါးချီများက သူ့ကို လွှမ်းခြုံထားသည်။ သူသည် လောကကြိးကို အပေါ်စီးမှ ကြည့်ရှုနေပြီး သူ့အရှိန်အဝါက တောင်များနှင့် မြစ်များကို ဝါးမျိုနိုင်ဟန်တူသည်။
ရုပ်ထုသည်ပင် မိုးမြေတုန်ဟီးစေနိုင်သော အရှိန်အဝါ ရှိနေသည်ဖြစ်၍ ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။
သို့သော်လည်း သူ၏အတွေးစများကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး တာအိုပလ္လင်ပတ်လည်ကို ကြည့်လိုက်သည်။
ပလ္လင်ပတ်လည်တွင် အနိမ့်ဆုံး ချီရွှဲ့ထုံဂိုဏ်းသားတစ်ထောင်ခန့်ကို သူ မြင်လိုက်ရသည်။ ထိုဂိုဏ်းသားများထဲတွင် ယောက်ျားများ၊ မိန်းမများ၊ အသက်အရွယ် ကြီးငယ်မရွေးပါဝင်သည်။ သူတို့အားလုံး လေးနက်တည်ကြည်သောအမူအရာများ ရှိကြပြီး အချိန်အတော်ကြာ အသုံးမပြုခဲ့ရဟန်တူသော ခရမ်းရောင်တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။
တာအိုပလ္လင်ရှေ့တွင် နဂါးရုပ်များ ထွင်းထုထားသော ကျောက်ဖြူလှေကားတစ်စင်း ရှိသည်။ ထိုလှေကားတွင် စုစုပေါင်း လှေကားထစ် ကိုးဆယ်ရှိသည်။
လှေကားထစ်များအထက်တွင် ခရမ်းရောင်အလင်းများ ဖြာထွက်နေသည့် ခန်းမဆောင်ကြီးတစ်ခု ရှိသည်။ ထိုနေရာသည် သတ္တမမြောက်တောင်ထိပ်၌ အရှည်ဆုံးခန်းမဆောင်ဖြစ်သည်။
ခန်းမဆောင်အထက်တွင် မိုးသားတိမ်စိုင်များနှင့် မြူများ ရစ်သိုင်းနေသည်။ ဧရာမနဂါးနက်ကြီးတစ်ကောင် တိမ်စိုင်များထဲ ပျံဝဲနေသည်။ ထိုနဂါးနက်ကြီး ပျံသန်းသည့်နေရာတိုင်း လျှပ်စီးများ တဖျပ်ဖျပ်လက်နေသည်။
တိမ်တိုက်များထဲတွင် မြေပြင်ကို စူးစိုက်ကြည့်နေသော ဗုဒ္ဓရုပ်ထုများကဲ့သို့ ထောင်ထောင်မောင်းမောင်း လူရိပ်ခြောက်ခု ရှိသည်။
ထိုလူခြောက်ယောက်အနက် အမှတ်ခြောက်သခင်ကြီးအပါအဝင် တောင်သခင်များကို ရွှီချင်း မြင်လိုက်ရသည်။
သူတို့အားလုံး ရွှီချင်းကို ကြည့်နေကြသည်။ အမှတ်ခြောက်သခင်ကြီး၏ မျက်လုံးများထဲတွင် အားပေးအားမြှောက်ပြုသည့်အရိပ်အယောင်များပင် ရှိနေသည်။
ထိုမြင်ကွင်းကြောင့် ရွှီချင်းမှာ မည်သည့်အတွက်ကြောင့်မသိ စိုးရိမ်ကြောင့်ကြလာသည်။ သူ အပေါ်သို့ ပြန်ကြည့်လိုက်ရာ တိမ်စိုင်များအထက်တွင် နတ်ဘုရားတစ်ပါးအလား မတ်တတ်ရပ်နေသော သွေးရောင်လူရိပ်တစ်ရိပ်ကို မြင်လိုက်ရသည်။ ထိုလူရိပ်သည် အလွန် အရပ်ရှည်ပြီး လောကကြီးကို ထမ်းပိုးနိုင်ဟန်တူသည်။
သူသည် ချီရွှဲ့ထုံဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုးဖြစ်သော ရွှယ်လျန့်ကျစ်ပင်။
သူတို့အားလုံး အခမ်းအနားကို သက်သေထူရန် ရောက်နေကြသည်။
“ သတ္တမြောက်တောင်က ဂိုဏ်းသားရွှီချင်း … ဒီရုပ်ထုက ချီရွှဲ့ထုံဂိုဏ်းက နည်းနာနိဿရည်းတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ ရှေးဘုရင်ရွှမ်ယုံရဲ့ရုပ်ထုပဲ ”
“ ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးဒေသကြီးကို အုပ်ချုပ်ခဲ့တဲ့ လူသားမျိုးနွယ်က နောက်ဆုံးဘုရင်ပဲ။ ဘုရင်ရွှမ်ယုံကို အလေးပြု ”
ရွှီချင်း၏ဘေးရှိ ခေါင်းဆောင်သည် တာအိုပလ္လပေါ်ရျိ ရုပ်ထုကြီးကို စူးစိုက်ကြည့်ကာ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။ သူ့အသံက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။
ရွှီချင်းသည် လက်နှစ်ဖက်ကို ဆုပ်၍ ရှေးဘုရင်ရွှမ်ယုံအား လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ သူ ခေါင်းကို မော့လိုက်သည့်အခိုက် တာအိုပလ္လင်ပတ်လည်ရှိ ခေါင်းဆောင်နှင့် သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားအားလုံး ရှေးဘုရင်ရွှမ်ယုံရုပ်တုကို တစ်ညီတညွတ်တည်း အရိုအသေပြုလိုက်ကြသည်။
သူတို့လှုပ်ရှားမှုများသည် ညီညာပြီး သူတို့အရှိန်အဝါများက ကြောက်ခမန်းလိလိပင်။ ရွှီချင်း၏ မျက်နာအမူအရာက ပို၍ပင် တည်ကြည်လေးနက်သွားသည်။ သူသည် ဘေးပတ်ဝန်းကျင်ရှိ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများ၏ အကြည့်များအောက်တွင် ခေါင်းဆောင်နောက်သို့ လိုက်သွားသည်။
ထိုအချိန်၌ ခေါင်းဆောင်၏အသံက ထွက်ပေါ်လာသည်။
“ ငါတို့ကျင့်ကြံခြင်းက ကောင်းကင်ကို ဖီဆန်တာ။ ဝမ်ကူးလောကကြီးက ကောင်းကင်ဘုံကိုးထပ်နဲ့ နယ်မြေဆယ်ခုရှိတယ်။ ဒါကြောင့် ငါတို့သတ္တမမြောက်တောင်ထိပ်မှာ လှေကားထစ်ကိုးဆယ်ရှိတယ်။ လှေကားထစ်တွေကို တက်လှမ်းပြီး ကောင်းကင်ဘုံကိုးထပ်နဲ့ နယ်မြေဆယ်ခုကို ကျော်လွှားနိုင်တယ်ဆိုတာ သက်သေပြလိုက်ပါ ”
“ ရွှီချင်း၊ လှေကားထစ်တွေပေါ်ကို တက်ပါ ”
ခေါင်းဆောင်၏အသံက နဂါးတစ်ကောင်ဟိန်းဟောက်သံအလား ပဲ့တင်ထပ်သွားသည်။
ရွှီချင်းသည် တည်ကြည်စွာဖြင့် ခြေထောက်ကို မြှောက်၍ ပထမလှေကားထစ်ပေါ်သို့ ခြေချလိုက်သည်။
သူ ခြေချလိုက်သည့်အခိုက် သတ္တမမြောက်တောင်ထိပ်မှ ခေါင်းလောင်းသံ ပဲ့တင်ထပ်လာသည်။
ဒေါင် …
ခေါင်းလောင်းသံ မြည်ဟည်းသွားပြီးနောက် ကောင်းကင်ကြီးအရောင်ပြောင်းလဲကာ တိမ်စိုင်များနှင့် လေပြင်းများ တရွှီရွှီအော်မြည်လာသည်။
ရွှီချင်းသည် အာရုံစိုက်လိုက်ပြီး သူ့အိတ်ထဲမှ ကျောက်စိမ်းပေလွှာ ပျံထွက်လာသည်။ ထိုကျောက်စိမ်းပေလွှာကို အစေခံက ပေးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်၌ ကျောက်စိမ်းပေလွှာသည် တဖျပ်ဖျပ်ဝင်းလက်တောက်ပကာ သူ့ရှေ့တွင် မျောလွင့်နေသည်။ ယင်းက လမ်းပြအလင်းရောင်အလားပင်။
ကျောက်စိမ်းပေလွှာ၏ အလင်းရောင်အောက်တွင် လူတစ်ယောက်အကြောင်း မှတ်တမ်းတင်ထားသည့် ဖြစ်ရပ်တစ်ခု ရွှီချင်း၏စိတ်ထဲ ပေါ်လာသည်။
ယင်းမြင်ကွင်းသည် ရတနာမုဆိုးစခန်းထဲရှိ သားရဲစိန်ခေါ်ပွဲကွင်းပြင်မှ မြင်ကွင်းဖြစ်သည်။ သားရဲစိန်ခေါ်ပွဲကွင်းပြင်ထဲတွင် ညစ်ပတ်ပေကျံနေသော မျက်နှာနှင့် သားရေအနွေးထည်ဝတ် လူငယ်လေးတစ်ယောက်သည် စပါးအုံမြွေကြီးတစ်ကောင်ကို တရွတ်တိုက်ဆွဲနေသည်။
ဘေးတွင် ထိုင်နေသည်မှာ အပြင်လူများ မမြင်နိုင်သော လူရိပ်နှစ်ရိပ်ဖြစ်သည်။ တစ်ယောက်က အမှတ်ခုနစ်သခင်ကြီး ဖြစ်ပြီး တစ်ယောက်က အစေခံဖြစ်သည်။ သူတို့နှစ်ယောက်လုံး ရွှီချင်းကို ကြည့်နေကြသည်။ အမှတ်ခုနစ်သခင်ကြီး၏ စိတ်ဝင်စားနေသည့်လေသံက လွင့်ပျံလာသည်။
“ ဒီလူငယ်လေးက စိတ်ဝင်စားစရာပဲ ”
ရွျှီင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သားရဲစိန်ခေါ်ပွဲကွင်းပြင်ထဲရှိလူငယ်က သူ မဟုတ်ပါလား။ ထိုအချိန်၌ ချီရွှဲ့ထုံဂိုဏ်းသို့ မည်သည့်အတွက်ကြောင့် သူ ရောက်လာရသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။
ယင်းသည် ကံကြမ္မာဖြင့် ဖန်တီးထားသော မြင်ကွင်း ဖြစ်သည်။
ရွှီချင်းသည် ရင်တဒိန်းဒိန်းခုန်နေပြီး လှေကားထစ်ရှစ်ထစ်ကို မသိလိုက်မသိဘာဖြင့် နင်းလျှောက်သွားကာ နဝမမြောက်လှေကားထစ်သို့ ရောက်သွားသည်။ ဒုတိယအကြိမ်အဖြစ် သတ္တမမြောက်တောင်ထိပ်မှ ခေါင်းလောင်းသံ မြည်ဟည်းလာသည်။
ရွှီချင်း၏ရှေ့ရှိ ကျောက်စိမ်းပေလွှာမှာ တဖျပ်ဖျပ်ဝင်းလက်သွားပြီး ရွှီချင်း၏စိတ်ထဲ နောက်ထပ်မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။
ထိုမြင်ကွင်းထဲတွင် လူငယ်လေးတစ်ယောက်သည် လမ်းကြားတစ်ခု၏ မှောင်ရိပ်ကျနေသောနေရာတွင် ဆောင့်ကြောင့်ထိုင်နေသည်။ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါး ရတနာမုဆိုးတစ်ယောက် ဖြတ်သွားသည့်အခါ လူငယ်လေးသည် ခုန်ထကာ နောက်မှနေ၍ ရတနာမုဆိုး၏ ပါးစပ်ကို ပိတ်ကာ လည်ပင်းအား လှီးဖြတ်လိုက်သည်။
ဘေးရှိ ခေါင်မိုးပေါ်၌ အမှတ်ခုနစ်သခင်ကြီးက ထိုင်၍ လေးစားသောအကြည့်ဖြင့် ကြည့်နေသည်။
“ စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ ”
ရွှီချင်း၏အသက်ရှူသံများ အနည်းငယ် ကြမ်းတမ်းလာသည်။ သူ လုံးလုံးလျားလျား နားလည်သွားခဲ့ပြီ ဖြစ်သည်။ တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက်ခေါင်းလောင်းသံများ တစ်သံပြီးတစ်သံ မြည်ဟည်းသွားသည်။ ရွှီချင်းသည် မြင့်သည်ထက်မြင့်ရာသို့ တက်သွားပြီ ဖြစ်သည်။
ခေါင်းလောင်းသံများက ပို၍ ကျယ်လောင်ကာ ထည်ဝါလာသည်။ သူ့စိတ်ထဲရှိ မြင်ကွင်းများကဲ့သို့ ခေါင်းလောင်းသံတိုင်းက သူ့စိတ်ကို တုန်ဟီးသွားစေခဲ့သည်။
တတိယမြောက်မြင်ကွင်းက အဝတ်အစားသစ်များကို သူ ဝတ်ဆင်ထား၍ ရွှံ့နွံများကို ရှောင်ကွင်းသွားနေသည့် မြင်ကွင်း ဖြစ်သည်။ အမှတ်ခုနစ်သခင်ကြီးက သူ မည်သည့်အတွက် အဝတ်အစားများ လဲလှယ်ခဲ့သည်ကို သိချင်စိတ်ပြင်းပြနေသည်။
စတုတ္ထမြောက်မြင်ကွင်း၌ သူသည် ဖက်တီးရှန်ကို သတ်ပြီး လရောင်အောက်တွင် တရွတ်တိုက်ဆွဲနေသည့် မြင်ကွင်းဖြစ်သည်။ ခေါင်မိုးပေါ်မှ ကြည့်နေသော အမှတ်ခုနစ်သခင်ကြီးက တဟားဟား ရယ်မောလိုက်သည်။
ပဉ္စမမြောက်မြင်ကွင်း၌ သမားတော်ကြီးပိုင် ပေါ်လာသည်။ အမှတ်ခုနစ်သခင်ကြီးက သမားတော်ကြီးပိုင်ကို စကားတစ်ခွန်းဆိုကာ ရွက်ဖျင်တဲထဲမှ ထွက်သွားသည်။
“ သမားတော်ကြီးပိုင်ရေ အဲဒီကောင်လေးက ပါရမီရှိတယ်လို့ မြင်ရင် နည်းနည်းပါးပါးလောက် သင်ပေးလိုက်ပါဗျာ။ ချီရွှဲ့ထုံဂိုဏ်းမှာ သူ့ကို ပညာရှင်တစ်ယောက် ဖြစ်ခွင့်ပေးလိုက်ပါလား ”
ဆဋ္ဌမမြောက်မြင်ကွင်းသည် ခေါင်းဆောင်လဲ့၊ သမားတော်ကြီးပိုင်နှင့် မိန်းကလေးတို့ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသည့်မြင်ကွင်းဖြစ်သည်။ ရွှီချင်းသည် အိမ်ထဲတွင် တစ်ယောက်တည်း ငြိမ်သက်စွာ ထိုင်နေသည်။ အထီးကျန်ခြင်းကို သူ့ကို လွှမ်းခြုံလာသည့်အခိုက် တံခါးအပြင်ဘက်ရှိ အမှတ်ခုနစ်သခင်ကြီးက ကြင်နာသောလေသံဖြင့် ပြောလိုက်သည်။
“ သူ့ကို ဂိုဏ်းတံဆိပ်ပြားပေးလိုက် ”
ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။ ယခင်က သူ ခန့်မှန်းထားခဲ့ပါသော်လည်း ယခုတွင် အကြောင်းရင်းကို သူ နားလည်သွားသည်။ သူ ခေါင်းမော့ကာ တောင်ထိပ်ကို ကြည့်လိုက်သည်။ သတ္တမမြောက်ခေါင်းလောင်းသံ လွင့်ပျံလာသည်။
ထိုခေါင်းလောင်းသံနောက်တွင် အဌမမြောက်နှင့် နဝမမြောက်ခေါင်းလောင်းသံများ ဒွန်တွဲလိုက်ပါလာသည်။
ခေါင်းလောင်းသံများ မြည်ဟည်းသွားပြီးနောက် ကျောက်စိမ်းပေလွှာက ဆက်လက်ဝင်းလက်သွားသည်။ သတ္တမမြောက်မြင်ကွင်းကို ရွှီချင်း မြင်လိုက်ရသည်။
ယင်းမြင်ကွင်းသည် ချီရွှဲ့ထုံဂိုဏ်းသို့ သူ စရောက်သည့်မြင်ကွင်းဖြစ်သည်။ ညသန်းခေါင်ယံတွင် မှော်လှေကလေးက လှုပ်လီလှုပ်လဲ့ဖြင့် ယိမ်းခါနေသည်။ သူသည် သေရည်ပုလင်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက် သူ့မိဘများနှင့် ခေါင်းဆောင်လဲ့တို့ကို ကမ်ပေ့လုပ်ကာ သူ့မွေးနေ့အား ကျော်ဖြတ်လိုက်လေသည်။
အဌမမြောက်မြင်ကွင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲတွင် ရွှီချင်း အလိုက်ခံနေရသည့်မြင်ကွင်း ဖြစ်သည်။
နဝမမြောက်မြင်ကွင်းသည် ဘုရားကျောင်းရှေ့မှ တိုက်ပွဲ ဖြစ်သည်။
ရွှီချင်း၏ရင်ထဲ ဖော်ပြ၍မရနိုင်လောက်အောင် ခံစားချက်များ ပေါက်ဖွားလာသည်။ ကျောက်စိမ်းပေလွှာမှ အလင်းများ မှိန်ဖျော့သွားပြီး ကျောက်စိမ်းပေလွှာက ရွှီချင်း၏လက်ထဲ ပြန်ရောက်သွားသည်။ ရွှီချင်းက နောက်ဆုံးကိုးဆယ်မြောက်လှေကားထစ်ကို တက်လိုက်သည်။
ခရမ်းရောင်ခန်းမကျယ်ကြီးကို သူ မြင်လိုက်ရပြီး ခန်းမကြီးထဲတွင် အမှတ်ခုနစ်သခင်ကြီးက ထိုင်၍ သူ့အားကြည့်နေသည်။
အမှတ်ခုနစ်သခင်ကြီးဘေးတွင် ဒုတိယမင်းသမီးနှင့် တတိယမင်းသားတို့ ရှိသည်။
ယနေ့ အမှတ်ခုနစ်သခင်ကြီး၏ အဝတ်အစားများသည် ယမန်နေ့များထက် အဆပေါင်းများစွာ ထည်ဝါနေသည်။ သူသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များကို ချည်နှောင်ထားသည်။ စပါးအုံမြွေကိုးကောင် ထွင်းထားသည့် မိုးပြာရောင်သရဖူကို သူ ဆောင်းထားသည်။ သူ၏အကြည့်က လျှပ်စီးပမာ စူးရှပြီး သူ့ထံမှ ကြီးကျယ်မြင့်မြတ်သည့်အရှိန်အဝါ ဖြာထွက်နေသည်။
“ ရွှီချင်း ”
စကားပြောလိုက်သည့်လူမှာ အမှတ်ခုနစ်သခင်ကြီးမဟုတ်ဘဲ ရွှီချင်းနှင့်အတူ လိုက်ပါလာသည့် ခေါင်းဆောင်ဖြစ်သည်။
“ ကောင်းကင်ဘုံကိုးထပ်နဲ့ နယ်မြေဆယ်ခုကို မင်း ကျော်လွှားနိုင်ကြောင်း သက်သေပြပြီးသွားပြီ။ အခု မိုးမြေကို ဦးသုံးကြိမ်တိုက်ပါ ”
ခေါင်းဆောင်၏အသံ လွင့်ပျံသွားသောအခါ ကိုးဆယ်မြောက်လှေကားထစ်ပေါ်တွင် ရပ်နေသော ရွှီချင်းသည် ကောင်းကင်နှင့်မြေပြင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ ဦးသုံးကြိမ် တိုက်လိုက်သည်။
သူ ပြန်ထလာသည့်အခါတွင် ခေါင်းဆောင်နှင့် ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများက လောကကြီးကို ဦးသုံးကြိမ်တိုက်လိုက်သည်။
ထိုဖြစ်ရပ်များအားလုံး အလွန် လေးနက်သည်။ ပူဇော်မှုတိုင်းက နက်ရှိုင်းသောအဓိပ္ပာယ်ကို ဆောင်နေသည်။ ကျင့်ကြံခြင်းလောကပျက်ကြီးထဲတွင် အရာအားလုံး ရိုးရှင်းပြီး အကျိုးအမြတ်သာ ပဓာနဖြစ်သည်။ သို့သော်ငြား ဘိုးဘေးများကို အရိုအသေပေးပြီး တပည့်လက်ခံခြင်းကိစ္စသည် ပြီးစလွယ် လုပ်နိုင်သော ကိစ္စမျိုး မဟုတ်ပေ။ ပူဇော်မှုတိုင်းက အရေးကြီးသည်။
“ တာအိုဆိုတာ မူလက မမြင်ရဘူး။ ကျမ်းစာတွေနဲ့ ဆရာမရှိဘဲ တာအိုကို နားမလည်နိုင်ဘူး ”
“ ရှေးဘုရင်ရွှမ်ယုံက ကြီးကျယ်တဲ့တာဝန်ကို ထမ်းဆောင်ခဲ့လို့ ငါတို့လူသားမျိုးနွယ် တစ်ကြိမ် အရိုအသေပြုရတယ် ”
“ မိုးနဲ့မြေက သမိုင်းရဲ့အလေးချိန်ကို ထမ်းထားရလို့ ငါတို့လူသားတွေ သုံးကြိမ်အရိုအသေပြုရတယ် ”
“ ဒါပေမဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ရှေးဘုရင်က မင်းကို မျက်နှာသာမပေးဘူး။ ဒီလောကကြီးထဲက ခါးသီးတဲ့ပင်လယ်ပြင်က မင်းအတွက် အချိန်ကုန်ခံမှာမဟုတ်ဘူး။ ဆရာတစ်ယောက်ကပဲ မင်းကို ကောင်းကင်ကို တက်လှမ်းနိုင်ပြီး မြေပြင်ပေါ်မှာ နင်းလျှောက်နိုင်အောင် ကူညီပေးတာ။ ဒီဘဝတစ်လျှောက် ဆရာကပဲ မင်းကို ကူညီဆောင်မပေးပြီး နောက်တစ်ဆင့်ရောက်အောင် ကူညီပေးမှာ။ မင်းနဲ့အတူ မဟာတာအိုကို လျှောက်ရအောင် အတတ်နိုင်ဆုံး ကြိုးစားပေးမှာ။ ဒါကြောင့် ဆရာကို ကိုးကြိမ်အရိုအသေပေးရမယ် ”
ခေါင်းဆောင်၏အသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားပြီး လောကကြီး တုန်ဟီးသွားသည်။
ရွှီချင်းသည် လှည့်၍ စူးစိုက်ကြည့်ကာ အမှတ်ခုနစ်သခင်ကြီးကို စူးစိုက်ကြည့်လိုက်ပြီး ကိုးကြိမ် ကန်တော့လိုက်သည်။
သူသည် ရှေးဘုရင်ကိုတစ်ကြိမ်၊ မိုးမြေကို သုံးကြိမ်နှင့် ဆရာကို ကိုးကြိမ် ကန်တော့ခဲ့သည်။
ခေါင်းဆောင်တစ်ယောက်သာ ရွှီချင်းနှင့်အတူ ကိုးကြိမ်ကန်တော့လိုက်သည်။ တာအိုပလ္လင်ပတ်လည်ရှိ ကျင့်ကြံသူများသည် လေးနက်သောအမူအရာများဖြင့် ခေါင်းများငုံ့လိုက်ကြသည်။ သူတို့သည် ရွှီချင်းနှင့်အတူ ကန်တော့ရန် အရည်အချင်းမရှိကြပေ။
ကိုးကြိမ်မြောက်ကန်တော့ပြီးနောက် ရွှီချင်း ရှေ့သို့ လှမ်းသွားသည်။ ခေါင်းဆောင်သည် ခရမ်းရောင်လက်ဖက်ရည်ပန်းကန်ကို ထုတ်ကာ ရွှီချင်းအား ကမ်းပေးလိုက်သည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခရမ်းရောင်ခန်းမဆောင်ထဲ လျှောက်သွားသည်။
“ အတွေးလက်ဖက်ရည်ပါခင်ဗျ ”
ရွှီချင်းသည် ခြေသုံးလှမ်း လှမ်းပြီးနောက် ခေါင်းမော့ပြီး လက်ဖက်ရည်ပန်းကန်ကို အထက်သို့ မြှောက်လိုက်သည်။
လက်ဖက်ရည်ပန်းကန်ကို သူ မြှောက်လိုက်သည့်အခိုက် အပြင်ဘက်ရှိ ကောင်းကင်တွင် မိုးသားတိမ်စိုင်များ ရုတ်တရက် လွင့်မျောလာသည်။ အဝေးမှနေ၍ ကြောက်ခမန်းလိလိဓားချီများက သွေးရောင်ကို ဆောင်ကြဉ်း၍ လွင့်ပျံလာသည်။ ကောင်းကင်ကို ဖုံးလွှမ်းချင်နေသည့် သွေးလက်ကြီးတစ်ဖက်က ချီရွှဲ့ထုံဂိုဏ်းသို့ ချည်းကပ်လာနေသည့်အလားပင်။
တိမ်လွှာဓားဂိုဏ်း ရောက်ရှိလာခဲ့လေပြီ။
ဓားချီပင်လယ်ကြီးထဲမှ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသော ဒေါသတကြီး အော်ဟစ်သံ လွင့်ပျံလာပြီး ချီရွှဲ့ထုံဂိုဏ်းရှိ နေရာလပ်မကျန် ပဲ့တင်ထပ်သွားသည်။
“ ရွှယ်လျန့်ကျစ်၊ အဲဒီခွေးကောင်ရွှီချင်းကို ထုတ်ပေးစမ်း ”