ကယ်တင်ခြင်း.....
Vol. 20 Ch. 272
ယခင်က ပြန်လည်အသက်သွင်းထားသည့် အဆင့်နှစ်မျှော်စင်ပျက်စီးသွားပြန်ပြီ.....
ဤသည်မှာ ဘာကိုဆိုလိုသနည်း.....
သာမာန်အဆင့်ကမ္ဘာခြားသက်ရှိတွေ ဤသို့လုပ်နိုင်မည် မဟုတ်သည်မှာအထင်အရှားပင်....မြေကမ္ဘာကပ်ဘေးအဆင့်ကမ္ဘာခြားသက်ရှိများပင်လျှင် ထိုလောက်မစွမ်းကြပေ။
ဤသည်မှာ အရူးလိုပြုံးနေသော မကောင်းဆိုးဝါးလက်ချက်ဖြစ်ရမည်.......
မည်သို့ပင်ဆိုစေ ၎င်းသည် ရွေ့လျားနေပုံရပြီး သန့်စင်သောနယ်မြေဆီ ဉီးတည်နေလောက်ပြီ။
မျှော်လင့်ထားတာထက် ပိုမြန်နေသောကြောင့် အခြေနေသိပ်မကောင်းတော့ပေ။
"အဲ့တာ ဒူဇီဟုန်လျန်တို့အဖွဲ့မလား... "
ကျန်းချင်းအာက ခေါင်းညိတ်လိုက်သည်။
" သူတို့ ပြန်မလာသေးဘူးလား......"
လီလော့သည် ဒူဇီမောင်နှမနှစ်ယောက်နှင့် အစေးမကပ်သော်လည်း တစ်ကျောင်းတည်းသားများဖြစ်သောကြောင့် စိတ်ပူနေမိသည်။
ဒူဇီဟုန်လျန်သည် ကြယ်သုံးပွင့်ခန်းမ၏ သန်မာသူများထဲမှ တစ်ယောက်မဟုတ်လော.....
"ငါလည်းသတိထား စောင့်ကြည့်နေတာပဲ.... သူတို့ဘက်က ဘာမှအကြောင်းမပြန်ဘူး... ဒါပေမယ့် စဉ်းစားဉာဏ်ရှိတယ်ဆို ပြန်လာသင့်နေပြီ....."
"အဲ့လိုပဲဖြစ်ပါစေလို့မျှော်လင့်ရတော့မှာပဲ..... "
လီလော့က သက်ပြင်းချလိုက်ပြီး မျက်ခုံးကို ပွတ်လိုက်သည်။အရိပ်လှိုဏ်ဂူတွင် မစ်ရှင်လုပ်ရခြင်းသည် ထင်ထားသည်ထက် အဆပေါင်းများစွာ အန္တာရယ်များလွန်းလှသည်။
တစ်ခုပြီးတစ်ခု စိတ်ပူနေသည်။
မကြာခင် ကောလိပ်ဘက်က သတင်းစကား တုံ့ပြန်ဖို့သာ ဆုတောင်းရတော့မည်။
.....................................
ကြယ်တာယာခရီးရှည်ကောလိပ်၏ မြေအောက်တွင် ပုံမှန်မဟုတ်သော အပြင်အဆင်များဖြင့် မွမ်းမံထားသော မြေအောက်ခန်းတစ်ခုရှိနေသည်။
ထိုမြေအောက်ခန်းအတွင်းရှိမြေပြင်နှင့် နံရံများကို သစ့မြစ်များက အပြည့် ဖုံးအုပ်ထားသည်။
ထိုအခန်းထဲတွင်ရှိနေသူအချို့သည် ရိက္ခာတွေနဲ့ တခြားပစ္စည်းတွေကို သယ်ဆောင်ပြီး ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသည်။
မြင့်သောကျောက်တုံး အနည်းငယ်ပေါ်တွင် လူအချို့သည် အမြစ်ထူထူကို ကိုင်ဆောင်ကာ ကြာပန်းအနေအထားဖြင့် ထိုင်နေကြသည်။ ဤအမြစ်များမှတဆင့် အလင်းတန်းကို အဆက်မပြတ် ပို့လွှတ်နေသည်။
ထိုအထဲမှတစ်ယောက်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လက်ထဲမှာ တောက်ပနေတဲ့ အစိမ်းရောင်သစ်ရွက်တစ်ရွက်ကို ငုံ့ကြည့်လိုက်ကာ.....
"အရေးပေါ်သတင်း....."
လူတိုင်း လှည့်ကြည့်လိုက်ချိန်တွင် ခရမ်းအဆင့်နည်းပြများက အလျင်အမြန် ကျော်တက်သွားပြီး သစ်ရွက်ထဲမှ စာသားများကို ဖတ်ရှုလိုက်ကြသည်။
"နယ်မြေ အမှတ် ၁၃...ကောင်းကင်ဘုံကပ်ဘေးအဆင့်ကမ္ဘာခြားသက်ရှိ....."
" နေရာကူးပြောင်းခြင်းအစီအရင်ကို ဘယ်အချိန်လောက်က နောက်ဆုံးသုံးခဲ့တာလဲ....နောက်တစ်ကြိမ် ထပ်သုံးဖို့ဘယ်လောက် စောင့်ရဉီးမလဲ.... "
"ဒီနေ့ပဲနောက်ဆုံးသုံးလိုက်တာမို့ ခုနှစ်ရက်လောက်ထပ်စောင့်ရမယ်...."
ခုနှစ်ရက်ဆိုသည်မှာ သိပ်ကိုကြာလွန်းသည်။ နယ်မြေအမှတ် ၁၃သို့ အချိန်မှီတပ်ကူမပို့နိုင်ပါက ကောင်းကင်ဘုံကပ်ဘေးအဆင့်က ကျောင်းသားအားလုံးကို ဝါးမြိုသွားလိမ့်မည်။
သန့်စင်သောနယ်မြေမျာ၏ အလင်းတန်း အကာအကွယ်များသည် ကြာရှည်ခံမည်မဟုတ်ပေ။
ဤသည်မှာ ကောလိပ်အတွက် ကပ်ဘေးဆိုက်သလိုဖြစ်စေပြီး ရှပြည်ထောင်စု၏ ဂုဏ်သတင်းကိုလည်း အကြီးအကျယ်ထိခိုက်စေလိမ့်မည်။
"သေလိုက်ပါတော့ကွာ.... ကောင်းကင်ဘုံကပ်ဘေးအဆင့်က ဘယ်ကနေ ဘယ်လိုရောက်သွားတာလဲ..... နယ်မြေ ၁၃ မှာ ဘယ်သူတွေရှိနေကြလဲ....."
နည်းပြတစ်ယောက်က စာရင်းစာရွက် တစ်ရွက်ကို ထုတ်ကြည့်လိုက်ပြီး......
"ကျန်းချင်းအာနဲ့ဒူဇီဟုန်လျန်တို့တွေရှိနေတယ်....ဒါပေမယ့် သူတို့နှစ်ယောက်စလုံးကောင်းကင်ဘုံကပ်ဘေးအဆင့်ကို ယှဉ်နိုင်မှာမဟုတ်ဘူး..... "
"ဒါဆို နယ်မြေ ၁၃ နဲ့ အနီးဆုံးမှာရှိတဲ့ ကြယ်လေးပွင့် ကျောင်းသားတွေကို နယ်မြေ ၁၃ ဆီသွားဖို့ အခုချက်ချင်း သတင်းပို့လိုက်..... "
"ဟုတ်ကဲ့...."
စိတ်ပျက်လက်ပျက် သက်ပြင်းချသံများ အစီအရီထွက်ပေါ်လာခဲ့လေ၏။
"သူတို့ အချိန်မီရောက်သွားဖို့ မျှော်လင့်ပါတယ်......."
.........................................................
အရိပ်လှိုဏ်ဂူအတွင်းရှိ ပိုမိုနက်ရှိုင်းသောနေရာတွင် ကြယ်လေးပွင့်ကျောင်းသားများနှင့် ရွှေအဆင့်နည်းပြအချို့ မစ်ရှင်လုပ်ဆောင်နေကြသည်။
ဤနေရာတွင် အနီရောင်တိုက်စားသူများ အများဆုံးရှိနေပြီး ကပ်ဘေးအဆင့်များသည်ကလည်း သာမာန်ထက်ပင် သန်မာကြသည်။
သူတို့သည် ရံဖန်ရံခါ ကောင်းကင်ဘုံကပ်ဘေးအဆင့်များနှင့် တွေ့ကြုံရတတ်ပြီး တွေ့ကြုံရတိုင်းလည်း တိုက်ပွဲပြင်းထန်စမြဲပင် . . ....
နေရာတစ်တွင်......
ကြယ်လေးပွင့်ခန်းမ ကျောင်းသားအားလုံးသည် ၎င်းတို့၏ ချင်းမုလည်ဆွဲများမှတဆင့် သတိပေးချက်တစ်ခုကို ရုတ်တရက် လက်ခံရရှိခဲ့ကြသည်။
အရေးပေါ် သတိပေးချက်....နယ်မြေ ၁၃ကိုချက်ချင်းသွားပါ.....
ရုတ်တရက်ပေးပို့လာသော သတိပေးချက်ကြောင့် သတင်းစကားလက်ခံရရှိသူတိုင်း အံ့သြတုန်လှုန်နေကြရသည်။
သို့သော် အရိပ်လှိုဏ်ဂူသည် မယုံနိုင်လောက်အောင် ကျယ်ပြောပြီး ၎င်းတို့သည် အနီးဆုံးဖြစ်သော်လည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိရန် အချိန်ယူရဦးမည်ဖြစ်သည်။
ထို့အတွက် လက်ရှိ လုပ်လက်စအရာများကို ပစ်ထားခဲ့ရတော့မည်။
တစ်နေရာတွင်..
အဖွဲ့တစ်ဖွဲ့သည် တူညီသောအချက်ပြမှုကို လက်ခံရရှိခဲ့ပြီးလောလောဆယ်တွင် အချေအတင်ဆွေးနွေးနေကြသည်။
မစ်ရှင်ပြီးအောင် လုပ်ပြီးမှသွားကြမလား....အကယ်၍ အားလုံးကို ပစ်ထားပြီး သွားခဲ့ပါက ဘာမှမဟုတ်လျှင် အကုန်အလဟာသဖြစ်ကုန်လိမ့်မည်။
သူတို့၏အလယ်တွင် အရိုးရှင်းဆုံးဝတ်စားဆင်ယင်ထားသော်လည်း တော်ဝင်ဆန်မှုကို ဖုံးဖိမရသော မင်းသမီးကြီး ကုန်းလွမ်းယု ရှိနေသည်။
"နယ်မြေ ၁၃ မှာ ကျန်းချင်းအာနဲ့လီလော့တို့ရှိနေတယ်မဟုတ်လား....မကောင်းတော့ဘူး....."
သူမ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ကျောက်စိမ်းလှံကို မြေပြင်ပေါ်ဆောင့်ချလိုက်သည့်အခါ ငြင်းခုံနေသံများ တိကနဲတိတ်ကျသွားလေသည်။
အမြဲတစေ ပြုံးရွှင်နေသော သူမသည် ယခုချိန်တွင် အလွန်တရာ တည်ငြိမ်အေးစက်နေသည်။
" တော်လောက်ပြီ.....ငါတို့ရဲ့ တစ်ကျောင်းတည်းသားတွေ အသက်အန္တရာယ်နဲ့ နီးကပ်နေပြီ...ငါတို့မသွားရင် အကုန်သေကုန်လိမ့်မယ်.....ကိုယ့်ကိုကိုယ် ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ကျောင်းသားအဖြစ် မသတ်မှတ်ဘူးဆို နေခဲ့လို့ရတယ်.....ကြယ်တာယာခရီးရှည်ကောလိပ်က ကျောင်းသားမှန်ရင် သူတို့ကိုကယ်တင်ဖို့ ငါတို့မှာတာဝန်ရှိတယ်......အချိန်မှီ ရောက်မရောက်ဆိုတာ နောက်မှစဉ်းစား....ဘာပဲဖြစ်ဖြစ် လက်မလျှော့ဘဲ ချီတက်ကြမယ်......"
သူမ လှည့်ထွက်လာသည့်အခါ ချက်ချင်းဆိုသလိုကြယ်လေးပွင့်ခန်းမက ကျောင်းသားတစ်စုကလာ်း သူမနောက်ကို လိုက်လာခဲ့ကြသည်။
ကြယ်လေးပွင့်ခန်းမတွင် မင်းသမီးကြီး၏ ဂုဏ်သတင်းကျော်ဇော်မှုကလည်း ပေါ့သေးသေးတော့မဟုတ်ပေ။
သူမနောက်မှ အရှိန်အဟုန်ဖြင့်လိုက်လာနေကြသော ခြေသံများ တိုးလာသည်ကို သူမ အံ့သြမိသော်လည်း သူမ၏ မျက်လုံးများက နယ်မြေ၁၃ ရှိရ အရပ်ဆီသို့သာ ဉီးတည်နေလေ၏။
လီလော့သည် အရှင်မင်းကြီးကို ကုသပေးနိုင်သူဖြစ်သည်။
" လီလော့.....ငါ့ကိုစောင့်နေပါ....."