မင်း မထွက်သွားရင် ဆရာ မင်းကို ဘယ်တော့မှ မစွန့်ပစ်ဘူး
Vol. 24 Ch. 361
ချီရွှဲ့ထုံဂိုဏ်းအပြင်ဘက်ရှိ ကောင်းကင်ယံတွင် ဖိအားများ သက်ရောက်လာသည်။
ချီရွှဲ့ထုံဂိုဏ်း၏ သတ္တမမြောက်တောင်ထိပ်တွင် ငြိမ်သက်နေဆဲပင်။ ကောင်းကင်ရှိ တောင်သခင်အသီးသီး၏ မျက်နှာအမူအရာများ တည်ငြိမ်နေသည်။
မန္တန်အစီအရင်ကြီးအပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံကို ရွှီချင်း ကြားလိုက်ရသည်။ သူသည် ခေါင်းလှည့်မကြည့်ဘဲ ခေါင်းငုံ့၍ လက်ထဲရှိ လက်ဖက်ရည်ပန်းကန်ကို အထက်သို့ ဆက်မြှောက်လိုက်သည်။
ခပ်မတ်မတ်ထိုင်နေသော အမှတ်ခုနစ်သခင်ကြီးသည်လည်း အပြင်လောကသို့ မကြည့်ပေ။ အပြင်ဘက်ရှိအရာအားလုံးကို သူ ဂရုမစိုက်သည့်အလားပင်။ ယခုအချိန်တွင် သူ အလေးထားသည်မှာ တပည့်လက်ခံပွဲ၏ တစ်ဝက်သို့ ရောက်နေသော ဤတပည့်ကိုသာ ဖြစ်သည်။
သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ရွှီချင်းကိုင်ထားသော လက်ဖက်ရည်ပန်းကန်သည် ပျံထွက်လာပြီး သူ့တည့်တည့်သို့ ရောက်လာသည်။ သူနှင့် လက်တစ်ကမ်းအကွာသို့ ရောက်သောအခါ သူသည် လက်ဖက်ရည်ကို မသောက်ဘဲ ဘေးရှိ စားပွဲပေါ်တင်ထားလိုက်သည်။
ထိုလက်ဖက်ရည်ကို အတွေးလက်ဖက်ရည်ဟူ၍ ခေါ်ဆိုပြီး သောက်ရန် မဟုတ်ပေ။
ဒုတိယမင်းသမီးနှင့် တတိယမင်းသားတို့က တည်ကြည်လေးနက်သော အမူအရာများဖြင့် ရှိနေကြပါသော်လည်း တတိယမင်းသားက ရွှီချင်းကို တိတ်တဆိတ်ဖြင့် မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး နှုတ်ဆက်လိုက်သည်။ သူ့မျက်လုံးများက ပြုံးယောင်သမ်းနေ၏။
“ အတိတ်လက်ဖက်ရည် ”
ခေါင်းဆောင်က ရွှီချင်းကို ဒုတိယမြောက်လက်ဖက်ရည်ပန်းကန်အား ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။ ရွှီချင်းသည် ရှေ့သို့ ခြေသုံးလှမ်းတိုးသွားပြီး လက်ဖက်ရည်ပန်းကန်ကို အထက်သို့ မြှောက်လိုက်သည်။ ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကြီး အပြင်ဘက်မှ တုန်လှုပ်ချောက်ချားဖွယ်ရာ မြည်ဟည်းသံကြီး လွင့်ပျံလာသည်။
တိမ်လွှာဓားဂိုဏ်းကျင့်ကြံသူများသည် ချီရွှဲ့ထုံဂိုဏ်းအနီးသို့ ချဉ်းကပ်လာပြီးနောက် မရပ်တန့်ပေ။ တစ်ယောက်ပြီးတစ်ယောက် ဓားချီများကို ထုတ်လွှတ်လိုက်ရာ စူးရှတောက်ပသော အလင်းတန်းအသွင်ဖြင့် ချီရွှဲ့ထုံဂိုဏ်းကို ရိုက်ခတ်သွားသည်။
ချီရွှဲ့ထုံဂိုဏ်း၏မန္တန်အစီအရင်အကာအကွယ်မှာ အသက်ဝင်သွားပြီး မရေမတွက်နိုင်သော ဓားချီများကို ခုခံလိုက်သည်။ တခဏလေးအတွင်း လောကကြီး တုန်ဟီးသွားသည့်အလား မြည်ဟည်းသံများ ချီရွှဲ့ထုံဂိုဏ်းတောင်တန်းများတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကြီးက ယခင်နှင့် သိသိသာသာ ကွာခြားသည်။ ထိုအချိန်၌ မန္တန်အစီအရင်ကြီးသည် ခုနစ်ဂိုဏ်းမဟာမိတ်၏ အမိန့်အာဏာကို လုံးလုံးလျားလား တွန်းလှန်လိုက်ဟန်တူပြီး တိမ်လွှာဓားဂိုဏ်းကို ရန်သူတော်ကြီးအဖြစ် ရှုမြင်နေသည်။
ချီရွှဲ့ထုံဂိုဏ်း၏ တောင်သခင်များက ဂရုမစိုက်ကြသေးပေ။ သူတို့၏ မျက်နှာအမူအရာများကြောင့် တောင်ထိပ်အသီးသီးရှိ ဂိုဏ်းသားများ တည်ငြိမ်သွားကြပြီး သတ္တမမြောက်တောင်ထိပ်မှ အခမ်းအနားကို ဆက်လက်ကြည့်ရှုလိုက်ကြသည်။
သတ္တမမြောက်တောင်ထိပ်၏ ခရမ်းရောင်ခန်းမဆောင်ထဲတွင် အမှတ်ခုနစ်သခင်ကြီးသည် အပြင်လောကကြီးကို လျစ်လျူရှု၍ ဒုတိယမြောက်လက်ဖက်ရည်ပန်းကန်ကို ယူရန် လက်ကိုဝှေ့ယမ်းလိုက်သည်။
ထိုဒုတိယမြောက်လက်ဖက်ရည်ကို ‘ အတိတ်လက်ဖက်ရည် ’ ဟုခေါ်သည်။ ထိုလက်ဖက်ရည်ကို တစ်ငုံစာ သောက်လိုက်ခြင်းသည် ဆရာက တပည့်အဖြစ် လက်ခံကြောင်း ညွှန်ပြပေသည်။ အမှတ်ခုနစ်သခင်ကြီးသည် လက်ဖက်ရည်ပန်းကန်ကို ယူ၍ တစ်ငုံသောက်လိုက်ပြီးနောက် စားပွဲပေါ်တင်ထားလိုက်သည်။
“ ယုံကြည်မှုလက်ဖက်ရည် ”
ခေါင်းဆောင်က ရွှီချင်းကို တတိယမြောက်လက်ဖက်ရည်ပန်းကန်အား ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ထပ်ခြေသုံးလှမ်း တိုးသွားသည်။ ယခုတစ်ခေါက်တွင် အမှတ်ခုနစ်သခင်ကြီးရှေ့သို့ သူ တစ်ခါတည်း ရောက်သွားသည်။ သူ ဒူးထောက်ချလိုက်ပြီး လက်ဖက်ရည်ပန်းကန်ကို အထက်သို့ မြှောက်လိုက်သည်။
ထိုအချိန်၌ အပြင်လောကကြီးဆီမှ တဝုန်းဝုန်းမြည်ဟည်းသံများ ပို၍ပင် ကျယ်လောင်လာသည်။ နောက်ဆုံးတွင် မိုးကြိုးပစ်ခတ်လိုက်သည့်အလား ကျယ်လောင်သော မြည်ဟည်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ပေတစ်ထောင်ရှည်သော သွေးရောင်ဓားချီက ချီရွှဲ့ထုံဂိုဏ်း၏ အကာအကွယ်မန္တန်အစီအရင်ပေါ် ကျရောက်သွားသောအခါ မန္တန်အစီအရင်ကြီးမှာ တောင့်မခံနိုင်တော့ဘဲ ပြိုကွဲသွားသည်။ မန္တန်အစီအရင်ကြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစဉ် ပေတစ်ထောင်ရှည်သော ဓားချီက ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
အဘိုးအိုက ခြေတစ်လှမ်း လှမ်းလိုက်ရာ ချီရွှဲ့ထုံဂိုဏ်းအထက်ရှိ လေထဲတွင် ပေါ်လာသည်။ ဓားအလင်းတန်းများ တရွှီရွှီမြည်သွားပြီး အဘိုးအိုနောက်သို့ ရောက်လာကာ တိမ်လွှာဓားဂိုဏ်းသားများအဖြစ် ပြောင်းလဲသွားသည်။
တိမ်လွှာဓားဂိုဏ်းသားတိုင်း လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
သူတို့အားလုံးမှာ ကြောက်မက်ဖွယ်အမူအရာများ ရှိနေကြသည်။
“ ရွှယ်လျန့်ကျစ်၊ မင်း … ”
မန္တန်အစီအရင်ကြီးကို ပွင့်ထွက်သွားအောင် ခုတ်ပိုင်းလိုက်သူမှာ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးမှလွဲ၍ တခြားမဟုတ်ပေ။ သူ ရောက်လာပြီးနောက် နတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး စကားပြောမည်ပြုစဉ် သတ္တမမြောက်တောင်ထိပ်ပေါ်မှ အခမ်းအနားကို သတိထားမိသွားသည်။ ခန်းမဆောင်ထဲတွင် ရွှီချင်းက ဒူးထောက်နေပြီး လက်ဖက်ရည်ပန်းကန်အား အထက်သို့ မြှောက်နေသည်ကို သူ မြင်လိုက်ရသည်။ ရွှီချင်း၏လက်ဖက်ရည်ပန်းကန်အား လက်ခံနေသော အမှတ်ခုနစ်သခင်ကြီးကိုလည်း သူ မြင်လိုက်ရသည်။
သူသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်ဖြစ်ပြီး ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုးတစ်ယောက်ဖြစ်ပေရာ ထိုဖြစ်ရပ်က မည်သည့်အဓိပ္ပာယ်ဆောင်သည်ကို သူ မသိဘဲရှိမည်နည်း။
“ တပည့်လက်ခံပွဲအခမ်းအနားကို သူ တကယ် လုပ်နေတာပဲ ”
တိမ်လွှာဓားဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုးသည် လူသတ်ချင်စိတ်များဖြင့် ဆူဝေသွားပြီး သူ့တစ်ကိုယ်လုံး အေးစက်သွားသည်။ သူက လူသေများကို ကြည့်နေသည့်အလား အရာအားလုံးကို လှမ်းကြည့်လိုက်သည်။
“ ငါ့ဂိုဏ်းရဲ့သက်စောင့်မီးအိမ်ကို လုယူပြီး ငါ့မြေးကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ခွေးကောင်ကို တကယ်ပဲ ဆရာအဖြစ် လက်ခံနေတာပဲ။ ရွှယ်လျန့်ကျစ်၊ ငါ သိချင်လိုက်တာ၊ ဒီလိုတွေ လုပ်ရလောက်အောင် မင်း ဘယ်ကနေ သတ္တိတွေရလာတာတုံး ”
“ အဘိုးကြီးတိမ်လွှာ၊ ကျုပ်သားမက် တပည့်လက်ခံပြီးမှ ဆက်ပြောကြတာပေါ့ ”
ရွှယ်လျန့်ကျစ်က အဓိပ္ပာယ်ပါသောအပြုံးဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ မိုးသားတိမ်စိုင်များထဲရှိ တောင်သခင်ခြောက်ဦးသည် သွေးရူးသွေးတန်းဖြစ်မနေဘဲ တည်ငြိမ်နေကြသည်။
ထိုမြင်ကွင်းကြောင့် တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများ မှေးသွားပြီး စိတ်ထဲ လေးလံသွားသည်။ ယနေ့ ချီရွှဲ့ထုံဂိုဏ်းကို ကြည့်ရသည်မှာ သူ မှတ်မိသည့် ချီရွှဲ့ထုံဂိုဏ်းနှင့် မတူတော့သလို ခံစားနေရသည်။
သတ္တမမြောက်တောင်ထိပ်၏ ခရမ်းရောင်ခန်းမဆောင်ထဲ၌ ပြင်ပလောကမှ မိုးမြေတုန်ဟီးလောက်အောင် ဖိအားများရှိနေသော်လည်း အမှတ်ခုနစ်သခင်ကြီးမှာ တစ်ချက်မကြည့်ပေ။ ရွှီချင်း၏လက်ဖက်ရည်ပန်းကန်ကို လက်ခံပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။ ချီရွှဲ့ထုံဂိုဏ်းသားအားလုံး၏ အကြည့်များ၊ အပြင်လောကမှ လူသတ်ငွေ့များအောက်တွင် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ ကလေး၊ ပူဇော်တယ်ဆိုတာ ပူဇော်မှုသက်သက်ပဲ။ မင်းရဲ့စိတ်ကို မေးကြည့်ချင်တယ်။ တကယ်ပဲ ငါ့တပည့် ဖြစ်ချင်လား ”
ရွှီချင်းသည် ခေါင်းမော့၍ အမှတ်ခုနစ်သခင်ကြီး၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
“ ဆရာ ”
အမှတ်ခုနစ်သခင်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ ကောင်းပြီ ငါ့တပည့်။ မင်း မထွက်သွားဘဲနဲ့ ဆရာ မင်းကို ဘယ်တော့မှ မစွန့်ပစ်ဘူး ”
သူသည် စကားပြောရင်း ညာလက်မှ လက်မနှင့် လက်ညှိုးကို လက်ဖက်ရည်ပန်းကန်ထဲ တို့နှစ်လိုက်ပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ဆတ်ခနဲ တောက်လိုက်သည်။ လက်ဖက်ရည်စက်များ ဖွာခနဲ လွင့်ပျံသွားစဉ် တပည့်လက်ခံခြင်းအခမ်းအနား ပြီးဆုံးသွားပြီ ဖြစ်သည်။
ခေါင်းလောင်းသံ မြည်ဟည်းသွားပြန်သည်။ ယခုတစ်ခေါက်တွင် သတ္တမမြောက်တောင်ထိပ်၌သာ မဟုတ်ဘဲ တောင်ခုနစ်လုံးမှ တစ်ပြိုင်နက်တည်း မြည်ဟည်းလာခြင်း ဖြစ်သည်။ ခေါင်းလောင်းသံက အရာအားလုံးကို ဆွဲခါပစ်နိုင်ဟန်တူသည်။
“ ဒီနေ့ လေးယောက်မြောက်တပည့်ကို ငါ လက်ခံခဲ့တယ်။ ဒါက ပျော်စရာပွဲတစ်ခုပဲ။ အဲဒါကို ခင်ဗျားက ဝင်နှောင့်ယှက်ပြီး ကျုပ်တပည့်ကို တောင်းဆိုရလောက်အောင် အတင့်ရဲလှချည်လား ”
အမှတ်ခုနစ်သခင်ကြီး၏ စကားကို ကြားသောအခါ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသည် ဒေါသထွက်လွန်း၍ အော်ဟစ်ရယ်မောလိုက်သည်။ သူ့ဘေးတွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ရှိသည်။ ထိုလူသည် သူတော်စင်ကြယ်နှင့် အနည်းငယ် ဆင်တူသည်။ ထိုအချိန်၌ သူ၏မျက်နှာအမူအရာသည် အရုပ်ဆိုးနေပြီး သူ ရှေ့တစ်လှမ်း တိုးလာသည်။
သူသည် ကြောက်ခမန်းလိလိမြန်ဆန်ပြီး သတ္တမမြောက်တောင်ထိပ်၏ ခရမ်းရောင်ခန်းမဆောင်သို့ သွေးဓားအသွင်ဖြင့် ဦးတည်သွားလေသည်။ သူ့ကိုယ်မှ ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေနိုင်သည့် ယွမ်ယင်အဆင့်ကျင့်ကြံခြင်းအငွေ့အသက်များ လွင့်ပျံလာသည်။ သူ၏ကျင့်ကြံခြင်းအငွေ့အသက်များသည် သာမန်ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်ထက် ကျော်လွန်နေပြီး ယွမ်ယင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေဟန်တူသည်။
တခဏလေးအတွင်း သွေးဓားကြီးသည် သတ္တမမြောက်တောင်ထိပ်၏ ခရမ်းရောင်ခန်းမဆောင်ရှေ့သို့ ရောက်သွားသည်။ သူ ပြေးဝင်မည်ပြုစဉ် အမှတ်ခုနစ်သခင်ကြီးက ရယ်မောကာ မတ်တတ်ရပ်လိုက်ပြီး အပြင်လောကကြီးဆီသို့ လျှောက်သွားသည်။ သူသည် တရကြမ်းချဉ်းကပ်လာသော သွေးဓားကို အမှုမထားဘဲ လက်ကိုသာ ဝှေ့ယမ်းလိုက်သည်။
ထို့နောက် သွေးဓားကြီး တုန်ခါသွားပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားကာ စူးစူးရှရှအော်ဟစ်မြည်တမ်းသံ ထွက်ပေါ်လာသည်။
သွေးဓားကြီးအသွင်ပြောင်းသွားခဲ့သော ယွမ်ယင်အဆင့်သက်လတ်ပိုင်းလူသည် ကြိုးပြတ်သွားသော စွန်တစ်ခုအလား နောက်သို့ လွင့်ထွက်သွားသည်ကို မြင်နိုင်သည်။ သူ့ခန္ဓာကိုယ်အစိတ်ပိုင်းကိုးဆယ်ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီး ထိန်းချုပ်၍မရနိုင်လောက်အောင် ပေါက်ကွဲသွားခဲ့သည်ဖြစ်ရာ သူ သေလုမျောပါး ဖြစ်သွားသည်။
ထိုပေါက်ကွဲခြင်းသည် မူလအတိုင်း ပြန်မဖြစ်တော့ပေ။ သူ စူးစူးဝါးဝါး အော်ဟစ်လိုက်သည့်အခိုက် သူ့ခန္ဓာကိုယ် ပျက်စီးသွားပြီး သွေးမြူများအသွင် ပြောင်းလဲကာ လေထဲလွင့်မျောသွားသည်။
သူ၏အခြေတည်ဝိညာဉ်သာ ပျံထွက်လာသည်။ ထိုဝိညာဉ်သည် ခရမ်းရောင်ခန်းမဆောင်ကြီးထဲမှ ထွက်လာသော အမှတ်ခုနစ်သခင်ကြီးကို သွေးရူးသွေးတန်းဖြင့် ကြည့်လိုက်သည်။
အမှတ်ခုနစ်သခင်ကြီး လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် ခန္ဓာပျက်စီးကာ အခြေတည်ဝိညာဉ်သာ ကျန်ရှိတော့သော ထိုသက်လတ်ပိုင်းလူသည် တိမ်လွှာဓားဂိုဏ်းထဲ၌ အလွန် မြင့်မားသော အဆင့်အတန်းရှိသူ ဖြစ်သည်။ သူသည် တိမ်လွှာဓားဂိုဏ်း၏ မဟာအကြီးအကဲတစ်ယောက် ဖြစ်သည်။
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ တစ်ဦးတည်းသောသားဖြစ်ပြီး သူတော်စင်ကြယ်၏ အဖေလည်း ဖြစ်သည်။ ထို့ကြောင့် သူက ဒေါသတကြီးဖြင့် အစောတလျင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူ အလွန် ဆိုးဝါးသောအခြေအနေသို့ ဆိုက်ရောက်သွားရသည်။ သူ၏အခြေတည်ဝိညာဉ်သည်ပင် မှိန်ဖျော့ဖျော့ဖြစ်ကာ ပြိုကွဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သူ့ရင်ထဲတွင် ဖော်ပြ၍မရနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်နေသည်။ သူ့အစွမ်းကို သူ သိသည်။ သို့သော် တစ်ဖက်လူက လက်တစ်ဖက်ဝှေ့ယမ်းရုံဖြင့် သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ထိုကျင့်ကြံခြင်းအဆင့်ကြောင့် သူ့စိတ် တုန်ရီသွားရသည်။ တစ်ဖက်လူမှာ သူ့ကို အမှန်တကယ် သေစေလိုသော စိတ်ဆန္ဒမရှိကြောင်း သူ ခံစားမိနေသည်။ ထိုသို့မဟုတ်ပါက သူ၏အခြေတည်ဝိညာဉ်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
“ မင်းက ယွမ်ယင်ကျင့်ကြံသူတစ်ယောက်မဟုတ်ဘူး။ ဝိညာဉ်သိုက်ကျင့်ကြံသူတစ်ယောက်ပဲ ”
သူတော်စင်ကြယ်၏အဖေက မယုံကြည်နိုင်ဟန်ဖြင့် တအံ့တသြ ပြောလိုက်သည်။ သူ နောက်ဆုတ်သွားစဉ် တိမ်လွှာဓားဂိုဏ်းသားများ မျက်နှာပျက်သွားကြပြီး တုန်ရီသွားကြသည်။
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသည်မှာ ပြောင်းလဲမသွားဘဲ အမှတ်ခုနစ်သခင်ကြီးကိုသာ စူးစိုက်ကြည့်လိုက်သည်။
“ မင်းက သိုဝှက်လွန်းတော့ ငါတောင် မပြောနိုင်ခဲ့ဘူး။ မင်းက သာမန်ဝိညာဉ်သိုက်အဆင့်မဟုတ်ဘူး။ လျှို့ဝှက်သိုက်သုံးခုကို ဖွင့်ပြီးနေလောက်ပြီ ”
“ အဲဒါနဲ့ ဘာမှမဖြစ်နိုင်သေးပါဘူး။ ရွှယ်လျန့်ကျစ် … မင်းမှာ ဘာနည်းလမ်းတွေ ရှိသေးလဲ။ အခုချက်ချင်း သူတို့ကို ထုတ်ပေးစမ်း ”
အမှတ်ခုနစ်သခင်ကြီးသည် ပြုံး၍ စကားမဆိုပေ။ သူ အပြင်သို့ လျှောက်လာပြီးနောက် ခရမ်းရောင်ခန်းမဆောင်အပြင်ဘက်တွင် ရပ်ပြီး လေထဲရှိ ရွှယ်လျန့်ကျစ်ကို ကြည့်လိုက်သည်။
ရွှယ်လျန့်ကျစ်သည်လည်း အမှတ်ခုနစ်သခင်ကြီးကို လေးစားသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးကို ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ အရင်ဆုံး တိုက်ခိုက်ကြတာပေါ့ ”
ရွှယ်လျန့်ကျစ်သည် လှစ်ခနဲ လှုပ်ရှားသွားပြီး သူ့မျက်လုံးများထဲမှ အလင်းတန်းများ ဖြာထွက်လာကာ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးထံ ဝင်ရောက်သွားသည်။
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးက အေးစက်စက်နှာမှုတ်လိုက်သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ဓားချီများ ကောင်းကင်ယံသို့ စီးဆင်းလာပြီး ဝင်ရောက်လာသော ရွှယ်လျန့်ကျစ်ကို တိုက်ခိုက်လိုက်သည်။ တခဏလေးအတွင်း သူတို့နှစ်ယောက် လက်သီးချင်း ဖလှယ်လိုက်ကြရာ ပတ်ဝန်းကျင်တွင် အက်ကွဲကြောင်းများနှင့် အပျက်အစီးများ ပေါ်လာသည်။ ကောင်းကင်ယံတွင် သူတို့ ထိပ်တိုက်တွေ့ဆုံနေကြပြီး မိုးခြိမ်းသံများအလား တဝုန်းဝုန်းမြည်ဟည်းသံများ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။
မိုးသားတိမ်စိုင်များထဲရှိ နဂါးနက်ကြီးက တိမ်လွှာဓားဂိုဏ်းသားများကို ဟိန်းဟောက်လိုက်သည်။ ချီရွှဲ့ထုံဂိုဏ်း၏ တောင်သခင်ခြောက်ဦးသည်လည်း ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်လိုက်ကြရာ သူတို့အရှိန်အဝါများကြောင့် လောကကြီး တုန်ခါသွားသည်။
ယင်းအပြင် အမှတ်ခုနစ်သခင်ကြီးသည် သတ္တမမြောက်တောင်ထိပ်တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေသည်။ ထိုအခြင်းအရာအားလုံးကြောင့် အငြိုးတကြီးဖြင့် လိုက်လာကြသော တိမ်လွှာဓားဂိုဏ်းသားများမှာ စုပ်လည်းစူး၊ စားလည်းရူး အခြေအနေသို့ ရောက်သွားတော့သည်။
သူတို့ထဲမှ ယွမ်ယင်အဆင့်ကျင့်ကြံသူများသည် အမှတ်ခုနစ်သခင်ကြီးကို ကြောက်လန့်တကြီး ကြည့်ကာ ဦးခေါင်းခွံများ ထုံကျဉ်နေတော့သည်။
ယွမ်ယင်အဆင့်နှင့် ဝိညာဉ်သိုက်အဆင့်ကြား ကွာခြားချက်သည် သက်စောင့်မီးလုံးတစ်လုံးနှင့် သက်စောင့်မီးလုံးခြောက်လုံးအကြား ကွာခြားသည်နှင့် ဆင်တူသည်။ အမှတ်ခုနစ်သခင်ကြီးသာ ဆန္ဒရှိပါက သူတို့အားလုံးကို ချက်ချင်း သတ်ပစ်နိုင်သည်။ တစ်ယောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုကွာခြားချက်ကြောင့် တိမ်လွှာဓားဂိုဏ်းသားများ အလွန့်အလွန် စိုးရိမ်ကြောက်လန့်နေသည်။ တိမ်လွှာဓားဂိုဏ်းမှာ ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူတစ်ယောက် ရှိပါသော်လည်း ထိုသူက ဂိုဏ်းချုပ်ဖြစ်သည်။ ဂိုဏ်းစောင့်ဘိုးဘိုး အပြင်ထွက်လာသည့်အခါ ဂိုဏ်းချုပ်က ဂိုဏ်းကိုစောင့်ရှောက်ရန် နေခဲ့ရမည်ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်း၌ ဗလာနတ္ထအဆင့်ဘိုးဘေးတစ်ယောက်သာမက ဗလာနတ္ထိအဆင့်နှင့် ယွမ်ယင်အဆင့်ကြားတွင် တည်ရှိသော ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူတစ်ယောက် ရှိနေမည်ဟု သူတို့ တစ်ခါမှ ထင်မထားခဲ့မိချေ။
တိမ်လွှာဓားဂိုဏ်းသားများသာမက ချီရွှဲ့ထုံဂိုဏ်းသားများသည်ပင် တအံ့တသြ ဖြစ်နေကြသည်။ သို့သော်လည်း သတ္တမမြောက်တောင်ထိပ်၏ ဓလေ့ကို တွေးတောမိပြီးနောက် ထိုအခြင်းအရာနှင့် ပတ်သက်၍ ထူးဆန်းသောအရာမရှိကြောင်း သူတို့ ရုတ်တရက် ခံစားလိုက်ရသည်။
မိုးသားတိမ်စိုင်များထဲရှိ တခြားတောင်သခင်ကြီးများသည် ထိုအကြောင်းကို သိနေသည်မှာ ကြာပြီဖြစ်၍ အထူးအထွေ မအံ့သြကြတော့ပေ။ သတ္တမမြောက်တောင်ထိပ်၏ တာအိုပလ္လင်ကြီးပတ်လည်ရှိ ဂိုဏ်းသားများ၊ ရွှီချင်းနှင့် မင်းသားများမှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ အဘိုးကြီး ဝှက်ထားသေးတယ်လို့ ငါ သံသယဝင်နေတယ် ”
အမှတ်သုံးဆရာတူအစ်ကိုက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ အမှတ်သုံး၊ ယုံကြည်မှုရှိရှိပြောစမ်းပါကွ။ မင်းပြောတာ အမှန်ပဲကို ”
ခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည်။
ရွှီချင်းသည် ခေါင်းဆောင်နှင့် အမှတ်သုံးဆရာတူအစ်ကိုကို လှမ်းကြည့်လိုက်ပါသော်လည်း ဘာမှမပြောပေ။ အမှတ်နှစ်ဆရာတူအစ်မမှာမူ ကျောက်စိမ်းပေလွှာကို ကိုင်ထားပြီး အဆက်မပြတ် အသံပို့လွှတ်နေသည်။ အပြင်လောကကြီးတွင် ဖြစ်ပျက်နေသည့်အရာအားလုံးကို သူမ စိတ်မဝင်စားသည့်အလား။
“ ဆရာတူညီလေး … ငါ သိပြီးသားပါကွ။ မင်းကို ငါ တွေ့လိုက်ကတည်းက ငါတို့နှစ်ယောက်က ရေစက်ရှိတယ်လို့ ခံစားနေရတာ။ ငါ ပြန်ရောက်တော့ စဉ်းစားကြည့်တာ မင်းက ငါ့ဆရာတူညီ ဖြစ်လာမှာပဲဆိုပြီး သိခဲ့တာပဲ ”
အမှတ်သုံးအစ်ကိုက ရွှီချင်းကို ပြုံး၍ ကြည့်လိုက်သည်။
“ ဒါပေမဲ့ သူတော်စင်ကြယ်ကို မင်း တကယ်ကြီး သတ်လိုက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်း သိထားရမှာက ခုနစ်ဂိုဏ်းမဟာမိတ် စိန်ခေါ်တုန်းက တခြားတောင်ထိပ်က အကြီးဆုံးမင်းသားတွေက အစွမ်းကုန် မတိုက်ခိုက်ခဲ့ကြဘူးကွ။ ပထမတောင်ထိပ်တစ်ခုပဲ အစွမ်းကုန် တိုက်ခိုက်ခဲ့တာ ”