နှစ်သစ်ကူးနေ့ တိုက်ပွဲ
Vol. 26 Ch. 389
ရဲ့လင်းချန်၏ စကားက ရှောင်ဖေးဖေးအား စိတ်ထဲ၌ ကြည်နူးသွားစေသည်။ သို့သော်လည်း သူမ အနည်းငယ် စိုးရိမ်မိနေပါသေးသည်။
“လင်းချန် လျိုလျန် ချန်နယ်က သိပ်ဩဇာညောင်းတာ၊ ငါတို့ သူတို့ကို ဆန့်ကျင်ရင် ပစ်မှတ်ထားခံရတာကနေ ရှောင်ဖို့ ခက်လိမ့်မယ်”
“ဟားဟား သူတို့ လာတောင်းပန်ရမယ့်အချိန်မျိုး ရှိလာမှာပါ”
ရဲ့လင်းချန်က အရေးမစိုက်စွာ ပြုံးနေသည်။
“ဒါပေမဲ့ သခင်လေးရဲ့ ကျုပ်တို့ နှစ်သစ်ကူးနေ့မှာ ပြဖို့အတွက် မြန်မြန် လုပ်မယ်ဆိုရင် ဘယ်ရုပ်သံထုတ်လွှင့်ရေးနဲ့ ကျုပ်တို့ ပူးပေါင်းသင့်လဲ”
လီထိုက်က စိတ်ပျက်လက်ပျက် ဖြစ်နေသော အရိပ်အယောင်ဖြင့် မေးလာသည်။
“ဒါကို ကျွန်တော့်တာဝန် ထားလိုက်၊ ကျန်းယုံဆိုတဲ့ ဒါရိုက်တာတစ်ယောက်ကို ကျွန်တော် သိတယ်၊ ကျွန်တော် တောင်းဆိုတာကို သူ ဝမ်းသာအားရ လုပ်ပေးမှာ”
ရဲ့လင်းချန်က ခပ်အေးအေး ပြောလိုက်သည်။
ကျန်းယုံသည် ယခင်က ရဲ့လင်းချန် ပါဝင်ခဲ့သော လူသူမဲ့ကျွန်း၌ အသက်ရှင်နေထိုင်ခြင်းကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ဖြစ်သည်။ ထိုရိုက်ကူးမှုအား တီဗွီတွင် ထုတ်လွှင့်သလို တိုက်ရိုက် ထုတ်လွှင့်ခြင်းဖြင့်လည်း ပြသခဲ့သည်။ ရဲ့လင်းချန်က ထိုရုပ်သံ ထုတ်လွှင့်ရေး၌ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ပြသချင်နေသည်။
“ကျန်းယုံ ဟုတ်လား၊ ရှန်းကျောင်း ချန်နယ်က ကျန်းယုံလား”
လီထိုက် အံ့ဩသွားရသည်။
“အဲ့ဒီ ရုပ်သံထုတ်လွှင့်ရေးမှာ ကျုပ်တို့ ဇာတ်လမ်းတွဲကို ထုတ်လွှင့်တာကလည်း ဆိုးရွားတဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး”
“လင်းချန်၊ နင် သူ့ကို သိတာလား”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေသည်။
ပြောရမည်ဆိုလျင် ရှန်းကျောင်း ချန်နယ်သည်လည်း အလွန်အမင်း ကံကောင်းပေသည်။ အစက လူသိများခြင်း မရှိဘဲ သာမန် ရုပ်သံထုတ်လွှင့်ရေးတစ်ခုဟု ဆိုရပေမည်။ သို့သော် မကြာခင်က ရသစုံရှိုးပွဲတစ်ခု ရိုက်ကူးခဲ့ပြီး အဆိုတော်ဝိုင်ကို ပါဝင်ရန် ဖိတ်ကြားခဲ့သည်။
အစက ဘာမှထွေထွေထူးထူး မရှိသော်လည်း ရိုက်ကူးရေး၌ အဆိုတော်ဝိုင် ပါဝင်လာခြင်းက အလွန် ဆွဲဆောင်နိုင်ခဲ့သည်။ အဓိကမှာ ပြီးခါနီး၌ သူတို့ ငါးမန်းနှင့် တကယ် တွေ့ကြုံခဲ့ရပြီး အဆိုတော်ဝိုင်၏ တေးသံဖြင့် ညှို့ယူခံခဲ့ရခြင်းပင်။
၎င်းက စိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ်အား ဖတ်နေသကဲ့သို့ ဖြစ်ခဲ့ပြီး အင်တာနက်ပေါ်၌ အသည်းအသန် ဆွေးနွေးမှုများ ဖြစ်လာစေသည်။ ယင်းအခြေအနေအား ဖော်ပြနိုင်သည့် တစ်ခုတည်းသော စကားလုံးမှာ “ဆန်းကြယ်မှု” ပင်တည်း။
သာမန်လူများအပြင် လီထိုက်တို့ ဒါရိုက်တာ အသိုင်းအဝိုင်းနှင့် ရှောင်ဖေးဖေးတို့ သရုပ်ဆောင်နယ်ပယ် အတွင်းမှာတောင်မှ ပွက်လောရိုက်ခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သူတို့ကို လေးစားစိတ်လည်း ဖြစ်လာကြသည်။
ထိုအကြောင်းကြောင့် ရှန်းကျောင်းချန်နယ်က မြင့်တက်လာပြီး အများအမြင်ထဲ ဝင်ဆန့်လာခဲ့သည်။ လျိုလျန် ချန်နယ်နှင့် မယှဉ်နိုင်သော်လည်း လျိုလျန် ချန်နယ်၏ အဆင့်အတန်းကို ခြိမ်းခြောက်နိုင်စွမ်း အရှိဆုံးဖြစ်သည့် လူသိများသော ရုပ်သံ ထုတ်လွှင့်ရေးတစ်ခု ဖြစ်နေပါသေးသည်။
ချက်ချင်းဆိုသလိုပင် ရဲ့လင်းချန်က အဆိုတော်ဝိုင်ပုံစံကို အသုံးပြု၍ ကျန်းယုံထံ စာပို့လိုက်သည်။ ပြန်စာရရန် သိပ်ပင် မကြာလိုက်ပေ။
အရင်တစ်ခေါက်က ရဲ့လင်းချန်သည် သင်္ဘောတစ်ခုလုံးမှ လူများကို ကယ်ခဲ့ပြီး ထိုထဲတွင် ကျန်းယုံလည်း ပါခဲ့သည်။ ထို့ကြောင့် ဒါရိုက်တာ ကျန်းယုံသည် တုံ့ဆိုင်းမနေဘဲ သဘောတူခဲ့သည်။ ပထမအချက်အနေဖြင့် အဆိုတော်ဝိုင် ထောက်ခံပေးသော ရုပ်သံဇာတ်လမ်းတွဲကို သူ ယုံကြည်ချက် ရှိသည်။ ဒုတိယအချက်မှာ ကျေးဇူး သိတတ်ကြောင်း ပြသလိုက်ခြင်း ဖြစ်လေသည်။
“ရပြီ”
ရဲ့လင်းချန်က စိုးရိမ်နေသော လူအုပ်ကြီးအား အဆင်ပြေကြောင်း အချက်ပြလိုက်သည်။
“အား … သခင်လေးရဲ့၊ ရှင်က သိပ်အံ့ဩဖို့ ကောင်းတာပဲ၊ ရှင်က ရှန်းကျောင်း ချန်နယ်ကို စာလေး တစ်ကြောင်းနဲ့ နားချနိုင်တာပဲ၊ ကျွန်မ ရှင့်ကို သိပ်ချစ်သွားပြီ”
ချန်မိန်ကျားက စိတ်လှုပ်ရှားစွာ အော်ပြောသည်။
ဟူရီဖေးနှင့် အခြားသူများသည်လည်း စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချကြသည်။ သူတို့က ရဲ့လင်းချန်ကို ကျေးဇူးတင်စွာ ကြည့်နေသည်။
ဤသည်မှာ သူတို့၏ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သလို သူတို့၏ အဓိကဇာတ်လိုက်အဖြစ် သရုပ်ဆောင်ရသည့် ဇာတ်လမ်းလည်း ဖြစ်ပေသည်။ လျိုလျန် ချန်နယ်၏ ငြင်းပယ်မှုက သူတို့ကို စိတ်ဓာတ် ကျသွားစေခဲ့သည်။ အကယ်၍ ထုတ်လွှင့်ရန် မအောင်မြင်ပါက သူတို့ ငိုမိလောက်မှာပင်။
ထိုအခိုက်တွင် လျိုလျန်ချန်နယ်၏ ဌာနချုပ်အတွင်း၌ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် စားပွဲကို ဖြောင်းခနဲ ရိုက်လိုက်ပြီး မကျေနပ်သည့် မျက်နှာထားမျိုး ဖြစ်နေသည်။
“ယီးပဲ သူ့ကိုယ်သူ ဘာထင်နေတာလဲ၊ သူဌေးကို သူက ဘယ်လိုတောင် ဒီလို ပြောရဲရတာလဲ”
“ဥက္ကဋ္ဌဟဲ၊ ရှောင်ဖေးဖေးက ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ဘုရင်မလေ၊ ပြီးတော့ လီထိုက်ရဲ့ လက်ရှိ အရှိန်ကလည်း မြန်မြန်ဆန်ဆန် တက်နေတာ၊ သူတို့ မာနကြီးလာပြီး သူတို့နေရာ သူတို့ မသိတော့တာ ဖြစ်မယ်၊ မပြည့်မီတဲ့ လူတွေက အာဏာလေး နည်းနည်း ရလာတာနဲ့ စိတ်ကြီးဝင် သွားတတ်ကြတယ်”
ဝတ်စုံပြည့် ဝတ်ထားသည့် မျက်မှန်နှင့် လူတစ်ယောက်က အထင်သေးစွာ မှတ်ချက်ပြုလာသည်။
“ဟဲဟဲ သူက သရုပ်ဆောင်လေး တစ်ယောက်ပဲကို၊ ရုပ်ရှင် ကုမ္ပဏီတစ်ခု ထောင်ပြီးတော့ သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာလား”
ဥက္ကဋ္ဌဟဲက သရော်လေသည်။
“သူတို့ ဇာတ်လမ်းတွဲကို ငါတို့ လျိုလျန် ချန်နယ်မှာ ပြခွင့်ပြုတာနဲ့တင် ငါ သူတို့ကို တော်တော်ကြီး လေးစားကြောင်း ပြပြီးနေပြီ၊ ဒါပေမဲ့ သူတို့က ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူး၊ အရှက်မဲ့လိုက်တာ”
“ဥက္ကဋ္ဌဟဲ၊ ဒီဇာတ်ညွှန်းကို သရုပ်ဆောင်ဝိုင်က ရေးထားတာ၊ ဒီအချက်ကို ကျုပ်တို့ အာရုံစိုက်သင့်တယ်လို့ ကျုပ် ထင်တယ်”
တစ်ယောက်က မနေနိုင်ဘဲ ပြောလေသည်။
“ဟားဟား သရုပ်ဆောင်ဝိုင်က လူပြက်ပါကွာ၊ အဲ့ဒါက ပုံပြင်သက်သက်ပဲ၊ သူက လက်ရှိ ဟော်ရန်ကျားတစ်ခုပဲ ရေးခဲ့တာ၊ ငါ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက နာမည်စာရင်းကို ကြည့်ပြီးပြီ၊ ဖိတ်ထားတဲ့ သရုပ်ဆောင် တွေက အနုပညာ တက္ကသိုလ်က ဘွဲ့ရခါစ မနူးမနပ်လေးတွေ၊ အဲ့ဒါကလည်း တိုက်ခန်းတစ်ခုက ဇာတ်လမ်းမျိုး၊ ငါတို့ ဘာများ သွားကြည့်ရမှာလဲ”
ဝတ်စုံပြည့်နှင့်လူက အေးစက်စက် သရော်သည်။
“ငါ့အထင်တော့ ရှောင်ဖေးဖေးက ဒါကို ကုန်ကျစရိတ် သက်သာဖို့ လုပ်တာပဲ ဖြစ်မယ်၊ အဲ့တော့ ဇာတ်လမ်းကောင်း တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး”
“မင်းပြောတာ မှန်တယ်”
ဥက္ကဋ္ဌဟဲက အရာအားလုံးကို စဉ်းစားထားပြီးသည့်ပုံပင်။
“သူက ငါတို့ လျိုလျန် ချန်နယ်ရဲ့ နာမည်ကို သုံးပြီး သူ့အတွက် ပိုက်ဆံ ရှာချင်နေတာ၊ သူက အရူးလို စိတ်ကူးယဉ် နေတာပဲ၊ နှိုင်းရရင် ကိုယ့်အချစ်အတွက်ရဲ့ သရုပ်ဆောင်တွေက မှန်းမရဘူး၊ ငါတို့ လျိုလျန်ချန်နယ်ရဲ့ ကျော်ကြားမှုကို ပိုမြင့်အောင် လုပ်ပေးနိုင်လောက်တယ်”
“အမြော်အမြင် ကြီးပါပေတယ် ဘော့စ်”
ဝတ်စုံပြည့်နှင့်လူက ရယ်၍ မျက်နှာချိုသွေးလေသည်။
“ကိုယ့်အချစ်အတွက်ရဲ့ ကြော်ငြာတွေအတွက် ကျုပ် ချက်ချင်း ပြင်လိုက်တော့မယ်”
နောက်တစ်နေ့မနက်၌ သတင်းတစ်ခုက ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုများစာရင်းပေါ်သို့ တိတ်တဆိတ် တက်လာသည်။
[ကိုယ့်အချစ်အတွက်က နှစ်သစ်ကူးနေ့မှာ မင်းတို့ဆီက အချစ်ကိုရဖို့ စောင့်နေပါတယ်]
ထိုသတင်းအောက်၌ ဇာတ်လမ်းတွဲ၏ သရုပ်ဆောင်အားလုံးကို ပြသထားသည်။ ထိုသူများအားလုံးသည် ကျော်ကြားသော လူငယ် အမျိုးသားများနှင့် လှပသော အမျိုးသမီးငယ်လေးများ ဖြစ်ကြပေသည်။
[ဝိုး … နောက်ဆုံးတော့ ကိုယ့်အချစ်အတွက်ကို လွှင့်တော့မှာပဲ၊ မျှော်နေပြီ]
[ဟားဟားဟား ဒါ ပြင်ထားပြီးပြီလား၊ ငါ့ရှုရှုလေးက တအား ချောတာပဲ]
[ငါ့ခွန်းခွန်းလေးက အချောဆုံးပဲ၊ ငါ ဒီဇာတ်လမ်းတွဲကို သေချာပေါက် အမှီလိုက်ကြည့်မှာ]
[ချောမောတဲ့ ယောကျာ်းလေးတွေနဲ့ လှပတဲ့ မိန်းကလေးတွေကိုကို ပေါင်းထားတာပဲ၊ ဒီဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်တွေက တကယ် အံ့ဩဖို့ ကောင်းတယ်]
[အရင်တစ်ခေါက်တုန်းက ရှောင်ဖေးဖေးရဲ့ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို နှစ်သစ်ကူးနေ့မှာ ပြမယ်ဆိုတဲ့ သတင်း ရှိခဲ့သလားလို့]
[သရုပ်ဆောင်ဝိုင်က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ ဇာတ်ညွှန်းရေးဆရာလို့လည်း ငါ ကြားထားတယ်၊ အဲ့အချိန်တုန်းက ငါ ပိုပြီးတော့တောင်မှ မျှော်နေမိသေးတာ]
…
အွန်လိုင်း အနုပညာရှင်များ၏ သက်ရောက်မှုက သိသာလှပြီး ရေပန်းစားနေသော ရှာဖွေမှုများ စာရင်းက အလွန် မြင့်တက်လျက် ရှိသည်။ ထို့အပြင် ထိုကြယ်ပွင့်များသည် ထိုသတင်းအား ကူးယူ၍ သူတို့၏ ကိုယ်ပိုင် ဘလော့များ၌ တင်ကြပြီး အများသူငှာနှင့် ဆွေးနွေး ပြောဆိုကြသည်။ သူတို့သည် သူတို့၏ အမြင်များနှင့် ရုပ်သံဇာတ်လမ်းတွဲ၏ အဓိကအပိုင်းများကို မကြာခဏ ပြောကြပြီး သည်းထိတ်ရင်ဖို ဖြစ်အောင် ပြုလုပ်ကာ သူတို့၏ ပရိသတ်များအား စိတ်လှုပ်ရှားလာအောင် လုပ်ကြလေသည်။
ထိုသို့သောအချိန်၌ ရှန်းကျောင်း ချန်နယ်ကလည်း သတင်းတစ်ခုကို တိုးတိုးတိတ်တိတ် တင်လာသည်။
[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက နှစ်သစ်ကူးနေ့မှာ သင်တို့နဲ့အတူ ရှိနေပါလိမ့်မယ်]
အောက်ဘက်တွင် သရုပ်ဆောင် စာရင်းကိုလည်း ပူးတွဲထားလေသည်။
သရုပ်ဆောင်ဝိုင်နှင့် ရှောင်ဖေးဖေးတို့ကလည်း ဝေ့ပေါ်၌ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ပြိုင်တူတင်၍ ကြော်ငြာကြသည်။
[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို နှစ်သစ်ကူးနေ့မှာ လွှင့်မှာလား၊ အား … အား … အား …. အရမ်း မိုက်နေပြီ]
[သရုပ်ဆောင်ဝိုင် ဇာတ်ညွှန်းရေးဆရာအဖြစ် ရေးထားတာကို တကယ် မျှော်နေမိပြီ၊ ဒါက ဟော်ရန်ကျားလို ကောင်းပါစေလို့ မျှော်လင့်တယ်]
[ကျစ် … ဘယ်လို သရုပ်ဆောင်တွေကို သူတို့ ဖိတ်ထားတာလဲ၊ ငါ သူတို့ထဲက ဘယ်တစ်ယောက်ကိုမှ မကြားဖူးဘူး၊ ရိုက်ကူးရေးက ဘယ်လောက်တောင် ညံ့လိုက်မလဲ]
[ဝေ့ပေါ်မှာ တစ်ခုပြီး တစ်ခု တင်နေတာပဲ၊ သူတို့ ကိုယ့်အချစ်အတွက်နဲ့ ပြိုင်နေတာလား]
[သရုပ်ဆောင်တွေနဲ့ပဲ ဆုံးဖြတ်ရရင် ကိုယ့်အချစ်အတွက်က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းထက် အများကြီး အများကြီး ပိုသာတယ်]
[တကယ်တော့ ရှောင်ဖေးဖေးက သူ့ရုပ်ရှင် ကုမ္ပဏီကို ထောင်ခါစပဲ ရှိသေးတာလေ၊ ကောင်းကောင်း မလုပ်ရသေးတဲ့ နေရာတွေ အများကြီး ရှိတယ်လို့ ငါ ခံစားမိတယ်၊ ဒီဇာတ်လမ်းတွဲကို မျှော်လင့်ချက် တအား မထားထားတာ ပိုကောင်းတယ်]
[ရှောင်ဖေးဖေးက ဘုရင်မပဲလေ၊ သူ ဘာလို့ ဝင်မပါတာလဲ၊ သူသာ ဒီမှာ ပါရင် ကိုယ့်အချစ်အတွက်နဲ့ ပြိုင်လို့ ရနိုင်လောက်တယ်]
…
အကြောင်းအရာက တဖြည်းဖြည်း အသက်ဝင်လာပြီး လူအများက သူတို့ အမြင်ကို ထုတ်ဖော်လာကြသည်။ ကိုယ့်အချစ်အတွက်ကို အားပေးသူက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းထက် အလွန် များကြောင်း သိသာပေသည်။ ရှုရှုနှင့် ခွန်းခွန်းတို့၏ အမာခံ ပရိသတ်များက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို စတင် ဝေဖန်ကြသည်။ ကိုယ့်အချစ်အတွက်နှင့် ယှဉ်ရန်ပင် အရည်အချင်း မမီဟု သူတို့ ယုံကြည်ထားကြပြီး အချို့ဆိုလျင် သရုပ်ဆောင်ဝိုင်၏ သမိုင်းက ပျက်စီးလိမ့်မည်ဟုပင် ရဲတင်းစွာ ခန့်မှန်းကြလေသည်။