တားမြစ်ရတနာတစ်ပါး မွေးဖွားခြင်း
Vol. 24 Ch. 362
“ အဲဒါကြောင့်လည်း အဲဒီတုန်းက မင်းရှေ့မှာ ရေသူမရည်းစားလေးတွေကို သူ့ဘိုးဘေးတွေနဲ့ ငါ သွားတွေ့ခိုင်းခဲ့တာပဲ ”
အမှတ်သုံးဆရာတူအစ်ကိုက ပြုံး၍ ပြောလိုက်သည်။
ခေါင်းဆောင်က အဓိပ္ပာယ်ပါသောအပြုံးဖြင့် သူတို့နှစ်ယောက်ကို ကြည့်နေသည်။ အမှတ်သုံးက အသုံးမဝင်သောအရာများအား ပြောရသည်ကို သဘောကျသော လူစားမဟုတ်ကြောင်း သူသိသည်။ ထိုသို့ ပြောသည်မှာ ရွှီချင်းနှင့် သူ့ကြားရှိ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်းဖြစ်စေချင်သောကြောင့် ဖြစ်သည်။
ရွှီချင်းသည် အမှတ်သုံးဆရာတူအစ်ကိုကို လှမ်းကြည့်လိုက်သည်။ ဆိပ်ကမ်း၌ ရေသူမ၏ခေါင်းအား အမှတ်သုံးဆရာတူအစ်ကို ဖိချေနေသည့်မြင်ကွင်း သူ့စိတ်ထဲ ပေါ်လာသည်။ ထိုအချိန်က အမှတ်သုံးဆရာတူအစ်ကိုသည် အန္တရာယ်များသောလူတစ်ယောက်ဟု သူ ခံစားခဲ့ရသည်။ ယခု အမှတ်သုံးဆရာတူအစ်ကိုကို သူ ကြည့်လိုက်သောအခါတွင် အလားတူ အန္တရာယ်များသော ခံစားချက်မျိုး ခံစားနေရဆဲပင်။
‘ သက်စွန့်ဆံဖျား တိုက်ခိုက်ရရင် ငါ အသက်ရှင်လောက်မှာပါ ’
ရွှီချင်းသည် စိတ်ထဲတွင် အကျိုးနှင့်အပြစ်ကို ချိန်ဆကြည့်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်လိုက်သည်။
“ စတွေ့တဲ့အနေနဲ့ လက်ဆောင် ”
အမှတ်သုံးဆရာတူအစ်ကိုက ပြုံးနေဆဲပင်။ သူသည် ဝိညာဉ်လက်မှတ်တစ်အုပ်စာ ထုတ်လိုက်ပြီး ရွှီချင်း၏လက်ထဲ ထိုးထည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။
“ ပင်လယ်ဖွတ်ကျွန်းအပြင်ဘက်တုန်းက မင်းက ငါ့ဆရာတူညီလေး မဟုတ်သေးတော့ မင်းနောက်ကို ပျော်စရာအနေနဲ့ လိုက်ခဲ့တယ်။ အဲဒါကို ဗွေမယူနဲ့နော်။ ဒါကို အကြွေးဆက်တဲ့အနေနဲ့ ယူလိုက် ”
အမှတ်သုံးဆရာတူအစ်ကိုကို ရွှီချင်း ကြည့်လိုက်သည်။
ယခင်က ပင်လယ်ဖွတ်ကျွန်းအပြင်ဘက်တွင် သူ ပြေးနေစဉ် အရှိန်အဝါများစွာ၏ ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။ အစမှအဆုံးတိုင်အောင် ထိုလူများက မည်သူများဖြစ်သည်ကို သူ မမြင်ခဲ့ရပါသော်လည်း နောက်ပိုင်းတွင် အမှတ်သုံးဆရာတူအစ်ကို၏ သဘောထားက မမှန်ကြောင်း သူ ခံစားခဲ့ရပြီး သံသယအနည်းငယ် ဝင်ခဲ့သည်။
ယခု အမှတ်သုံးဆရာတူအစ်ကိုက ထိုအကြောင်း ထုတ်ပြောလာသည့်အခါတွင် ရွှီချင်း အနည်းငယ် အံ့အားသင့်သွားသည်။ ဝိညာဉ်လက်မှတ်များကို ယူကာ ကြည့်လိုက်သည်။ စုစုပေါင်း ဝိညာဉ်ကျောက်တုံးငါးသိန်းဖြစ်ရာ စိတ်သဘောထားအမှန်ကို ပြသရန် လုံလောက်ပေသည်။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ သိမ်းထားလိုက်သည်။
ရွှီချင်းက ဝိညာဉ်လက်မှတ်များအား သိမ်းလိုက်သည်ကို မြင်၍ အမှတ်သုံးဆရာတူအစ်ကိုသည် စိတ်သက်သာရာရသွားကာ ကြိတ်၍ သက်ပြင်းချလိုက်သည်။ သတ္တမမြောက်တောင်ထိပ်ကို သူ အလွန် သဘောကျသည်။ အရေးကြီးဆုံးမှာ ဤဆရာတူညီလေးသည် တစ်ကြိမ်တည်းဖြင့် မသတ်နိုင်ခဲ့ပါက ဘဝတစ်လျှောက်လုံး လိုက်လံသတ်ဖြတ်မည့်လူစားမျိုးဖြစ်ကြောင်း သူ ခံစားမိသည်။
ထိုကဲ့သို့ လူတစ်ယောက်ကို သူ ရန်မစချင်ပေ။ သူက ဆက်ပြောရန် ပြင်လိုက်သည်။
ထိုအချိန်၌ ကောင်းကင်ယံမှ နားစည်ကွဲလုမတတ် မြည်ဟည်းသံကြီး လွင့်ပျံလာပြီး မြေပြင်မှာ တုန်ခါသွားသည်။ ငါးအကြေးခွံပုံစံစွမ်းအင်လှိုင်းများ ဝေဟင်တွင် လွင့်ပျံသွားသည်။
“ ရွှယ်လျန့်ကျစ်၊ မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲကွ ”
လူအားလုံး ချက်ချင်း မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ကြီးကို ထပ်ခြမ်းခွဲချင်သည့်အလား ဓားချီများ ကောင်းကင်ယံတွင် ပြည့်နှက်သွားသည်။ ထိုဓားချီများကြောင့် အဖျက်အဆီးစွမ်းအင်များ ဖြစ်လာပြီး ရွှီချင်းမှာ ထိုဓားချီများကို ကြည့်၍ မျက်လုံးများ ကျိန်းစပ်လာရသည်။ အထူးသဖြင့် ရင်းနှီးနေသော ကောင်းကင်ယံရှိ အရိုးပေါ်အရေတင်လက်ကြီးကို မြင်ရသောအခါတွင် ဖြစ်သည်။
ထိုလက်ကြီးသည် ကြောက်ခမန်းလိလိ နတ်အငွေ့အသက်များ ကိန်းအောင်းနေသော နတ်ဘုရားတစ်ပါး၏ လက်ကြီးနှင့် ဆင်တူသည်။ ၎င်း၏စွမ်းအင်များသည် သဘာဝနိယာမများကို ပြောင်းလဲနိုင်ဟန်တူပြီး ဘေးပတ်လည်တွင် ဝိုးတဝါးအရိပ်များစွာ ပေါ်လာသည်။ ထိုအရိပ်မားသည် ပုံရိပ်ယောင်ပညာရှိများနှင့် ဆင်တူပြီး ခြောက်ကပ်ကပ်လက်ကြီးပေါ်တွင် တိုးပွားလာနေသည်။
လက်ကြီးက ကြယ်များကို ခူးဆွတ်ကာ လောကကြီးကို ဖျက်ဆီးချင်နေသည့်အလား လေဟာနယ်ကို ဖမ်းဆုပ်လိုက်သည်။
လေဟာနယ်က တစ်လွှာချင်းပျက်စီးလာပြီး ကောင်းကင်ကြီးက သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ဝိုးတဝါးအရိပ်များ၏ တီးတိုးရေရွတ်သံများနှင့်အတူ ဖိအားကြီးတစ်ရပ် ပေါ်ပေါက်လာသည်။
ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ရွှယ်လျန့်ကျစ်က မရေမတွက်နိုင်သော သွေးအမျှင်တန်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုသွေးအမျှင်တန်းများသည်လည်း ထပ်တူ ကြောက်မက်ဖွယ်ကောင်းပြီး မိစ္ဆာစိတ်ဆန္ဒများ တရိပ်ရိပ်ထွက်ပေါ်နေသည်။ သူသည် မသေဆုံးနိုင်သော မိစ္ဆာတစ်ကောင်အလားပင်။ ပညာရှိအရိပ်များနှင့် ဓားပင်လယ်ကြီးဖြင့် သူ့ကို ဖိနှိပ်လိုက်သည့်တိုင်အောင် သူ၏ရက်စက်ကြမ်းကြုတ်ခြင်းအောက်တွင် ကူကယ်ရာမဲ့ဖြစ်သွားကြသည်။
သွေးအေးသော ရယ်မောသံ ပဲ့တင်ထပ်သွားပြီး တောင်တန်းများနှင့် မြစ်ချောင်းများကို ဝါးမျိုပစ်နိုင်သော သွေးမြွေများပမာ မရေမတွက်နိုင်သော သွေးအမျှင်တန်းများ ပေါ်ပေါက်လာသည်။ ထိုသွေးအမျှင်တန်းများ ဖြတ်သန်းသွားသည့်နေရာတိုင်း ဓားချီများ ပျက်စီးကာ ဓားအရိပ်များလည်း ပျက်စီးသွားသည်။ နောက်ဆုံးတွင် ထိုသွေးအမျှင်တန်းများသည် မြွေနဂါးခေါင်းကြီးတစ်ခေါင်းအဖြစ် စုစည်းသွားပြီး အရိုးအပေါ်အရေတင်လက်ကြီးကို ဝုန်းခနဲ ရိုက်ချလိုက်သည်။
ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံခြင်းကြောင့် ကောင်းကင်ဟင်းလင်းပြင်ကြီး တုန်ဟီးသွားသည်။ အရိုးအပေါ်အရေတင်လက်ကြီး ပြိုကွဲသွားပြီး တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး ဆုတ်ခွာသွားသည်။ မရေမတွက်နိုင်သော သွေးအမျှင်တန်းများသည်လည်း နောက်ဆုတ်သွားပြီး ရွှယ်လျန့်ကျစ်အဖြစ် ပြောင်းလဲသွားသည်။ သူက လူသတ်ချင်နေသည့်အကြည့်ဖြင့် ကြည့်လိုက်ရင်း ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။
“ တာအိုရောင်းရင်းတိမ်လွှာ၊ ခင်ဗျားက ကျုပ်ထက် နှစ်တစ်ထောင်ပိုကြီးပါတယ်။ ဒါပေမဲ့ ခင်ဗျားက ဒီလောက်ပဲလား ”
“ အောက်ဂိုဏ်းက ကျင့်ကြံသူတွေက တဖြည်းဖြည်း ဖိနှိပ်ခံလာရမှာပဲ။ ရွှယ်လျန့်ကျစ်၊ ငါ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ ရွှီချင်းကို လက်ထဲထည့်ပေးပြီး သက်စောင့်မီးအိမ်ကို ပြန်ပေးလိုက်။ ပြီးရင် ခုနစ်ဂိုဏ်းမဟာမိတ်ရဲ့အမိန့်ကို နာခံလိုက်။ မင်းရဲ့ချီရွှဲ့ထုံဂိုဏ်းလဲ အရင်လို ပြန်ဖြစ်သွားမယ်။ ခုနစ်ဂိုဏ်းမဟာမိတ်လဲ သိပ်ပြီး ဝင်မစွက်ဖက်စေရဘူး ”
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများ အေးစက်စက်ဝင်းလက်နေသည်။ သူသည် ညာလက်ကို မြှောက်၍ လက်ကွက်များဖော်ကာ ရှေ့တည့်တည့်သို့ ညွှန်လိုက်သည်။ ရုတ်တရက် ကောင်းကင်တွင် သွေးပင်လယ်ကြီး တဂျိမ်းဂျိမ်းမြည်ဟည်းသွားပြီး ဝိုးတဝါး သွေးသစ်ပင်အရိပ်တစ်ရိပ်အဖြစ် စုစည်းသွားသည်။
ယင်းသည် တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာဖြစ်ပေသည်။ ၎င်း၏အစစ်အမှန်ပုံသဏ္ဍာန်ကို မရသေးသော်လည်း တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ အမိန့်ဖြင့် ကြောက်မက်ဖွယ်ကောင်းသော စက္ခုစွမ်းအားကို အသုံးပြုနိုင်သေးသည်။
“ သိပ်ပြီးဝင်မစွက်ဖက်တော့ဘူးပေါ့ ”
ရွှယ်လျန့်ကျစ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ ကျုပ်တို့ဂိုဏ်းရဲ့ နှစ်စဉ်အကျိုးအမြတ်ကနေ ခြောက်ဆယ်ရာခိုင်နှုန်းကို မဟာမိတ်ကို ပေးနေရတာ နှစ်ထောင်ချီကြာနေပြီ။ ကောင်းကင်လက်ရွေးစင်တိုင်း ခင်ဗျားတို့ဆီကို ပို့ရတယ်။ အဲဒီကောင်းကင်လက်ရွေးစင်တွေက ခင်ဗျားတို့ကို သစ္စာခံရင်ခံ၊ မဟုတ်ရင် အန္တရာယ်ရှိတဲ့နေရာတွေကို ပို့လွှတ်ခံရပြီး သေသွားကြရတယ် ”
“ ကျုပ်ဂိုဏ်းရဲ့ ကျင့်ကြံခြင်းအတတ်တွေအားလုံးက ခင်ဗျားတို့ဂိုဏ်းတွေရဲ့ အရန်ကျင့်ကြံခြင်းအတတ်တွေဖြစ်ပြီး အပြစ်အနာအဆာတွေနဲ့ ပြည့်နေတယ်။ ကျင့်ကြံခြင်းအတတ်အသစ်တစ်ခု ရလိုက်ရင် ခင်ဗျားတို့ ယူသွားတယ် ”
“ ကျုပ်ဂိုဏ်းရဲ့မန္တန်အစီအရင်ကြီးကို ခင်ဗျားတို့မဟာမိတ်က ကျုပ်ထက်ပိုပြီး ချုပ်ကိုင်နိုင်တယ်။ ခင်ဗျားတို့ သဘောမကျရင် ကျုပ်ရဲ့တောင်သခင်တွေကို ချက်ချင်း တည်နေရာရွှေ့ပြောင်းပစ်မယ်။ ပြီးရင် အဲဒီတောင်သခင်တွေ သေသလား၊ ရှင်သလား မသိရတော့ဘူး ”
ရွှယ်လျန့်ကျစ်၏ စကားကြောင့် တောင်ခုနစ်လုံးရှိ ဂိုဏ်းသားများ ငြိမ်ကျသွားသည်။ သူတို့အားလုံး အသက်ပြင်းပြင်းရှူနေကြပြီး သူတို့မျက်လုံးများ စူးရှတောက်ပနေကြသည်။
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး မျက်မှောင်ကြုတ်သွားသည်။
“ ‘ ရေသောက်ရတဲ့အခါ ရေတွင်းတူးပေးခဲ့တဲ့သူတွေကို မမေ့နဲ့ ’ လေ။ ချီရွှဲ့ထုံဂိုဏ်းစတည်ထောင်တော့ ခုနစ်ဂိုဏ်းမဟာမိတ်က ရင်းမြစ်ပစ္စည်းတွေ ခွဲဝေပေးပြီး ဂိုဏ်းသားတွေ ပို့ပေးခဲ့ရတာ။ အဲဒါမှပဲ မင်းရဲ့ ချီရွှဲ့ထုံဂိုဏ်းက ပိုပြီး တိုးတက်လာတာ။ အခု မင်းက အတောင်ပံစုံပြီဆိုတော့ ကျေးဇူးကန်းချင်တာလား ”
ရွှယ်လျန့်ကျစ်က ရယ်မောလိုက်ပြန်သည်။ သူ၏ရယ်မောသံတွင် သရော်လှောင်ပြောင်သည့်လေသံပေါက်နေသည်။
“ ကျေးဇူးတင်ရမယ်ပေါ့။ ခင်ဗျား မှန်ပါတယ် ”
“ လွန်ခဲ့တဲ့နှစ်သုံးထောင်တုန်းက ရုပ်အလောင်းတားမြစ်ဒေသကြီး တိုက်ပွဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ခုနစ်ရာတုန်းက ဝိညာဉ်စမ်းရေတိုက်ပွဲ၊ လွန်ခဲ့တဲ့နှစ် နှစ်ထောင်တုန်းက တိမ်လွှာမျိုးနွယ်နဲ့တိုက်ပွဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင့်ခုနစ်ရာတုန်းက နှလုံးဝိညာဉ်မျိုးနွယ်နဲ့တိုက်ပွဲ စတဲ့တိုက်ပွဲကြီးတွေမှာ ကျုပ်ရဲ့ ချီရွှဲ့ထုံဂိုဏ်းက ခင်ဗျားတို့ခုနစ်ဂိုဏ်းမဟာမိတ်အတွက် အကြိမ်ခြောက်ရာမက တိုက်ခိုက်ပေးခဲ့တယ် ”
“ ကျုပ်ဂိုဏ်းသားတွေရဲ့အရိုးတွေ လောကတစ်ခွင် ပြန့်ကျဲသွားခဲ့တယ် ”
“ သေဆုံးသွားတဲ့ဂိုဏ်းသားတွေရဲ့အသက်တွေ၊ ဒဏ်ရာရဂိုဏ်းသားတွေကို ကုသပေးခဲ့ရတဲ့ ဆေးဖိုးဝါးခတွေ၊ အဲဒါတွေအတွက် ခင်ဗျားတို့ခုနစ်ဂိုဏ်းမဟာမိတ်က ကြီးကြီးမားမား ထောက်ပံ့ပေးခဲ့တယ်ပေါ့။ စစ်ပွဲတွေထဲ ကျုပ်ဂိုဏ်း ဝင်ပါခဲ့ရပေမဲ့ စစ်ပွဲက ပြန်ရတဲ့အကျိုးအမြတ်က မဖြစ်စလောက်ပဲ ”
“ လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းခန့်က ကျုပ်ဂိုဏ်း ပျက်ဆီးမယ့်အရေးနဲ့ ခုနစ်ဆယ့်ကိုးကြိမ် ကြုံခဲ့ရတယ်။ ခင်ဗျားတို့ခုနစ်ဂိုဏ်းမဟာမိတ်က တစ်ကြိမ်တောင် လာကူညီပေးခဲ့ဖူးလား။ ကျုပ်တို့ဂိုဏ်းရဲ့ဘိုးဘေးတွေက အကြိမ်ကြိမ် အကူအညီတောင်းခဲ့တယ်။ တတိယမြောက်မျိုးဆက်ဘိုးဘေးက မဟာမိတ်ရှေ့မှာ ဒူးတောင်ထောက်ပြီး အနူးအညွတ် အကူအညီတောင်းခဲ့တယ်။ ခင်ဗျားတို့တွေ တစ်ကြိမ်တောင် ကူညီပေးခဲ့ဖူးလား ”
“ ဂိုဏ်းကို တဖြည်းဖြည်း ပြန်လည်ကောင်းမွန်အောင် သွေးနဲ့ချွေးရင်းပြီး လုပ်ခဲ့ရတာ ဂိုဏ်းစောင့်ဘိုးဘေးတွေပဲ။ ဂိုဏ်းက နည်းနည်းလောက် တိုးတက်လာတာနဲ့ ခင်ဗျားတို့မဟာမိတ်က အမိန့်လေးထုတ်ပြီး ဂိုဏ်းစောင့်ဘိုးဘေးတွေကို နေရာပြောင်းတယ်လေ ”
“ ခင်ဗျားတို့တွေ ကောင်းကောင်းနေနိုင်အောင်လို့ ကျုပ်ရဲ့ချီရွှဲ့ထုံဂိုဏ်းသားတွေက သေသေကြေကြေ လုပ်ပေးနေရမှာလား။ အဘိုးကြီးတိမ်လွှာ၊ ရွှယ်လျန့်ကျစ်ဆိုတဲ့ကျုပ် ခုနစ်ဂိုဏ်းမဟာမိတ်နဲ့ လောကကြီးကို မေးချင်တယ် ”
“ ကျုပ်ရဲ့ချီရွှဲ့ထုံဂိုဏ်းက အဲဒီကျေးဇူးကြွေးကို လုံလောက်အောင် မဆပ်ရသေးဘူးလား ”
“ အဲဒီကျေးဇူးကြွေးကို ကျုပ်ရဲ့ချီရွှဲ့ထုံဂိုဏ်းက ဘယ်တော့မှ ကြေအောင် ဆပ်နိုင်မှာတုံး ”
“ အစက ကြင်နာခဲ့တာကိုပဲ ကြည့်ပြီး မင်းတို့ကောင်တွေ ဒီလိုပဲ နေရမယ်ဆိုပြီး ခင်ဗျားတို့ အမြဲတမ်း ပြောခဲ့တယ်။ ပြီးရင် ခင်ဗျားတို့က အထက်စီးက နေတယ်။ ကျုပ်ရဲ့ချီရွှဲ့ထုံဂိုဏ်းက ခင်ဗျားတို့အမိန့်တွေကို မနာခံဘဲ ခင်ဗျားတို့ကို သေသေကြေကြေ တိုက်ခိုက်ရင် ကျေးဇူးမေ့တယ်လို့ ပြောတယ်။ ကျုပ်တို့က ခင်ဗျားတို့အမိန့်ကို မနာခံဘဲ အကျိုးအမြတ်ကို မပေးရင် ကျုပ်တို့က ကျေးဇူးကန်းတာ ဖြစ်သွားတယ် ”
“ အဲဒီကျေးဇူးက ကျုပ်ရဲ့ချီရွှဲ့ထုံဂိုဏ်းကို အစဉ်အဆက် ကျွန်ခံပြီး ပေးဆပ်စေချင်နေတာလား ”
ရွှယ်လျန့်ကျစ်၏အသံက ခေါင်းလောင်းသံအလား လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ချီရွှဲ့ထုံဂိုဏ်းရှိ တောင်ခုနစ်လုံးမှာ တဝီဝီမြည်ကာ တုန်ခါသွားသည်။
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏မျက်နှာ တင်းမာခက်ထန်သွားသည်။ ချီရွှဲ့ထုံဂိုဏ်းကိစ္စကို သူ နားမလည်သည် မဟုတ်ပေ။ သူ့ရပ်တည်ချက်ကို အကျိုးအမြတ်က အဆုံးအဖြတ်ပေးသည်ဖြစ်ရာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဘာမှထပ်ပြောမနေနဲ့။ ကျေးဇူးမေ့တဲ့သူတွေက အမြဲ ဆင်ခြေတွေ ပေးကြတာပဲ ”
ရွှယ်လျန့်ကျစ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ သိပ်ကောင်းတဲ့အထက်ဂိုဏ်း၊ သိပ်ကောင်းတဲ့အကျင့်စရိုက်၊ ‘ ရေသောက်ရတဲ့အခါ ရေတွင်းတူးပေးခဲ့သူတွေကို မမေ့နဲ့ ’ ဆိုပဲ ”
“ ဒီလိုဆိုရင်လဲ ဒီနေ့ ကျုပ်ရဲ့ချီရွှဲ့ထုံဂိုဏ်းလည်း အထက်ဂိုဏ်းလုပ်မယ် ”
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏မျက်လုံးများ ချက်ချင်း စူးရှတောက်ပသွားသည်။
“ မင်းဂိုဏ်းက အရည်အချင်းမရှိဘူး ”
“ အရည်အချင်းရှိ၊ မရှိ ကြည့်ကြတာပေါ့ ”
ရွှယ်လျန့်ကျစ်၏မျက်လုံးများ ဝင်းလက်သွားသည်။ သူသည် ညာလက်ကို မြှောက်၍ ကောင်းကင်သို့ ညွှန်လိုက်သည်။
“ အဏ္ဏဝါရုပ်အလောင်းဘိုးဘေးနယ်မြေ၊ မန္တန်အစီအရင်ကို အသက်သွင်းမယ် ”
ရွှယ်လျန့်ကျစ်၏ စကားဆုံးသည်နှင့် ရာသီဥတုပြောင်းလဲသွားပြီး လောကကြီး တဂျိမ်းဂျိမ်းမြည်ဟည်းသွားသည်။
ဤနေရာမှ ကြယ်ငါးကျွန်း၊ ရေသူမကျွန်းများ၊ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အရံကျွန်းများကို ကျော်လွန်သောအခါတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးနယ်မြေရှိသည်။ ထိုအချိန်၌ ဘိုးဘေးနယ်မြေထဲတွင် မြေပြင်မှာ အရှိန်ပြင်းစွာ တုန်ခါနေသည်။
ဘိုးဘေးနယ်မြေ၌ နေရာတစ်ဝက်ကျော်ကို ချီရွှဲ့ထုံဂိုဏ်းက အပိုင်စီးယူထားခဲ့သည်။
ဘိုးဘေးနယ်မြေ၌ ယခုတိုင်အောင် မဆုတ်ခွာရသေးသော ချီရွှဲ့ထုံဂိုဏ်းတပ်ဖွဲ့ရှိသည်။
ဘိုးဘေးနယ်မြေ၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးရုပ်အလောင်းရုပ်ထုများကို ပြောင်းရွှေ့ရန် ချီရွှဲ့ထုံဂိုဏ်း ပြင်ဆင်ထားခဲ့သော ဧရာမမန္တန်အစီအရင်ကြီး ရှိသည်။
မန္တန်အစီအရင်ကြီးထဲတွင် ရွှေ့ပြောင်းထားသည်မှာ ကြာပြီဖြစ်သော ရုပ်ထုကြီးနှစ်ခုသည် ကြောက်ခမန်းလိလိအရှိန်အဝါများဖြင့် မားမားမတ်မတ် ရပ်နေသည်။ တည်နေရာရွှေ့ပြောင်းခြင်းအလင်းများ ကောင်းကင်နှင့်မြေပြင်တွင် တဖျပ်ဖျပ်ဝင်းလက်နေသည်။ မမြင်နိုင်သော လက်ကြီးတစ်ဖက်က မိုးသားတိမ်စိုင်များကို ဖယ်ရှားလိုက်ဟန်တူပြီး ကောင်းကင်ကြီး တဂျိမ်းဂျိမ်းမြည်ဟည်းကာ နေရာအနှံ့ အလင်းများ ဝင်းလက်လာသည်။
ကောင်းကင်ရှိ တည်နေရောရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းလိုက်ပြီဖြစ်ပြီး တဂျိမ်းဂျိမ်းမြည်သံများ ပဲ့တင်ထပ်သွားသည်။
ဘိုးဘေးရုပ်အလောင်းရုပ်ထုနှစ်ခုမှာ အဝေးသို့ တည်နေရာရွှေ့ပြောင်းခြင်းမရှိဘဲ ကောင်းကင်မှနေ၍ တစ်စုံတစ်ခုက တည်နေရာရွှေ့ပြောင်းလာသည်။
ယင်းမှာ အလင်းတန်းငါးတန်း ဖြစ်သည်။
အလင်းတန်းများသည် ပြိုးပြိုးပြက်ပြက် ဝင်းလက်နေပါသော်ငြား မြေပြင်သို့ ဆင်းသက်လိုက်သောအခါတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးနယ်မြေကို အာရုံစိုက်နေကြသော ကျင့်ကြံသူအားလုံး ရင်တဒိန်းဒိန်းခုန်သွားကြသည်။ သူတို့၏မျက်နှာများတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ၊ မယုံကြည်ခြင်းများ ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် ရောက်ရှိလာသော အလင်းတန်းငါးတန်းသည် မရင်းနှီးသော ဘိုးဘေးရုပ်အလောင်းရုပ်ထုငါးခု ဖြစ်သည်။
ထိုရုပ်ထုငါးခုသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခုမှ မဟုတ်ပေ။
ရုပ်ထုတစ်ခုချင်းစီက ရှေးဆန်သောအငွေ့အသက်များ လွင့်ပျံနေပြီး နှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရသည့်အရိပ်အငွေ့များ ဆောင်ကြဉ်းလာသည်။ ရုပ်ထုများမှာ အက်ကွဲကြောင်းများစွာရှိပြီး သာမန်ကျောက်တုံးနှင့် ဆင်တူသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သို့ ရောက်သောအခါမှသာ ထိုရုပ်ထုများထံမှ စူးရှတောက်ပသောအလင်းများ ဖြာထွက်လာသည်။
ယင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဘိုးဘေးရုပ်အလောင်းရုပ်ထုများ၏ ဆန်းကြယ်မှုဖြစ်သည်။ ဤနယ်မြေ၌သာ ရုပ်ထုများ၏ အစွမ်းကို ထုတ်ဖော်ပြသနိုင်သည်။
ရုပ်ထုငါးခု မြေပြင်ပေါ် ကျဆင်းသွားသည့်အခါ မြေပြင်မှာ တုန်ခါသွားသည်။ မြေနဂါးတစ်ကောင် လှုပ်ခါလိုက်၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးနယ်မြေကြီး တုန်ခါသွားသည့်အလားပင်။ နေရာအနှံ့မှ အထိတ်တလန့် အော်ဟစ်သံများနှင့် ဆူဆူညံညံအသံများ ဟိန်းထွက်လာသည်။
ထိုအချိန်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲတွင် စုစုပေါင်း ရုပ်ထုဆယ့်လေးခု ရှိပြီဖြစ်သည်။ ရုပ်ထုခုနစ်ခုက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်အနှံ့အပြားတွင် တည်ရှိပြီး ကျန်ရုပ်ထုခုနစ်ခုက ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ပေါ်တွင် ရှိကြသည်။
မန္တန်အစီအရင်များ တဂျိမ်းဂျိမ်းမြည်ဟည်းသွားပြီး အရူးအမူး လည်ပတ်သွားသည်။ ထိုရုပ်ထုခုနစ်ခုသည် ပြိုးပြိုးပြက်ပြက်ဝင်းလက်နေကြသည်။ ရုပ်ထုတစ်ခုချင်းစီက ဧရာမစွမ်းအင်ရင်းမြစ်ခုနစ်ခုပမာ မိုးမြေတုန်ဟီးစေသော အငွေ့အသက်များ ထုတ်လွှတ်နေကြသည်။
သူတို့အရှိန်အဝါများ ကောင်းကင်ယံသို့ လွင့်ပျံသွားသည့်အခိုက် ရုပ်ထုခုနစ်ခုအထက်တွင် သွေးရောင်လေပွေကြီးခုနစ်ခု ပေါ်လာသည်။ ၎င်းတို့က မျက်လုံးကြီးခုနစ်လုံးဖြစ်သည်။
ထိုမျက်လုံးခုနစ်လုံးမှာ ပိတ်ထားပါသော်လည်း ၎င်းတို့ပေါ်ပေါက်လာခြင်းကြောင့် တားမြစ်ပင်လယ်ထဲတွင် အရှိန်ပြင်းသော ဆူနာမီလှိုင်းများ ပေါ်ပေါက်လာသည်။ လူသားမဟုတ်သောမျိုးနွယ်များနှင့် ပင်လယ်သတ္တဝါများအားလုံး ကြောက်လန့်တုန်ရီသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ယင်းမှာ ဓမ္မရတနာတစ်ပါး၏ အရှိန်အဝါဖြစ်နေသောကြောင့်ပင်။ ယင်းအပြင် ယင်းသည် သာမန်ဓမ္မရတနာတစ်ပါးမဟုတ်ဘဲ တားမြစ်ဓမ္မရတနာအဆင့်သို့ အလွန့်အလွန် နီးကပ်နေသည်။
ထိုကြောက်ခမန်းလိလိအရှိန်အဝါကြီး လွင့်ပျံသွားသည့်အခါ ပိတ်ထားသော မျက်လုံးခုနစ်လုံးအထက်တွင် လွင့်မျောနေသော မိုးသားတိမ်စိုင်များကြားတွင် ပေသိန်းချီရှိသော ရှေးဟောင်ကြေးညိုရောင်မှန်ကြီးတစ်ချပ် ပေါ်လာသည်။
ထိုမှန်ကြီးက ဝေဟင်တွင် ရပ်နေပြီး တဖြည်းဖြည်း လည်ပတ်လာပြီး ယင်ဟွမ်ပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းရှိ ချီရွှဲ့ထုံဂိုဏ်း၊ အရှေ့ပိုင်းရှိ ရုပ်အလောင်းတားမြစ်ဒေသနှင့် အနောက်အရပ်ရှိ အဆုံးမဲ့ပင်လယ်ကြီးကို ရောင်ပြန်ဟပ်နေသည်။
ပတ်ဝန်းကျင်ရှိအရာအားလုံး မှန်ကြီး၏ နယ်နိမိတ်အတွင်း ရှိသည်။
ထိုမှန်ကြီး ရောင်ပြန်ဟပ်သည့်နေရာတိုင်း ထိုနေရာရှိသတ္တဝါများအားလုံး အသက်ရှူကြပ်ကာ ကြောက်လန့်သွားကြသည်။
ဘိုးဘေးရုပ်ထုခုနစ်ခုက ၎င်းတို့စွမ်းအားများကို ပို့လွှတ်လိုက်သည့်အခါ မှန်ကြီးဆီမှ တားမြစ်ဓမ္မရတနာတစ်ပါး၏ အရှိန်အဝါတစ်မျိုး လွင့်ပျံလာသည်။
ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာ ဖြစ်ပေါ်လာခဲ့လေပြီ။