ငုပ်လျှိုးနေခဲ့သော အမှန်တရား
Vol. 24 Ch. 363
တားမြစ်ပင်လယ်ကြီး တဝုန်းဝုန်းရိုက်ခတ်သွားပြီး အင်အားစုအသီးသီး၏ အမူအရာများ ပြောင်းလဲသွားသည်။
ပထမဆုံးတုံ့ပြန်လိုက်သည်မှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် အနီးဆုံးတွင် တည်ရှိသော ခုနစ်ဂိုဏ်းမဟာမိတ်ဖြစ်သည်။ တခဏလေးအတွင်း ခုနစ်ဂိုဏ်းမဟာမိတ်အထက်တွင် လူရိပ်ကြီးခြောက်ခု ပေါ်လာသည်။
ထိုလူရိပ်များထဲတွင် ယောက်ျားများသာမက မိန်းမများလည်း ပါဝင်ပြီး သူတို့၏မျက်နှာများက ဝေဝါးကာ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ တစ်ခုတည်းသော ရှင်းနေသည့်အရာမှာ သူတို့၏မျက်လုံးများထဲမှ ထုတ်လွှတ်လိုက်သော စူးရှတောက်ပသည့်အလင်းတန်း ဖြစ်သည်။
“ ချီရွှဲ့ထုံဂိုဏ်း ”
“ တားမြစ်ဓမ္မရတနာတစ်ခုကို သူတို့ တကယ် ဖန်တီးနိုင်ခဲ့တာပဲ ”
“ ရွှယ်လျန့်ကျစ်၊ မင်းက အတွင်းစိတ်ကောက်ကျစ်ပြီး လျော့တွက်လို့မရပါလားကွ ”
ထိုလူရိပ်ခြောက်ခုသည် ခုနစ်ဂိုဏ်းမဟာမိတ်မှ ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုးခြောက်ယောက်ဖြစ်သည်။
သူတို့သည် နတ်အာရုံများကို ဖြန့်ကျက်ပြီးသည် လေထဲသို့ ပြိုင်တူ ပျံတက်ကာ ချက်ချင်း ပျောက်သွားသည်။ သူတို့ဦးတည်ရာသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှလွဲ၍ တခြားမဟုတ်ပေ။
ခဏအကြာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ကောင်းကင်ယံတွင် သူတို့ ပေါ်လာသည်။ ဧရာမရှေးဟောင်းကြေးညိုရောင်မှန်ကြီး လည်ပတ်သွားသည်နှင့် သူတို့ စိတ်ထဲတုန်ရီသွားရပြီး တားမြစ်ဓမ္မရတနာတစ်ပါး၏ စွမ်းအားများကို ခံစားမိလိုက်ကြသည်။
ဓမ္မရတနာများက တားမြစ်ဓမ္မရတနာအဆင့်သို့ မြင့်တက်သွားသည်နှင့် လျှို့ဝှက်ဆန်းကြယ်သော ပြောင်းလဲခြင်းကို ကြုံရမည်ဖြစ်ပြီး ထူးဆန်းသောစွမ်းရည်တစ်မျိုးကို မွေးဖွားပေးမည်ဖြစ်သည်။ ထိုစွမ်းရည်က တားမြစ်ဓမ္မရတနာတစ်ခု မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ဆုံးဖြတ်ပေးသည်။
“ အကဲဖြတ်ကြည့်ရသလောက် ဒါက တကယ့်ကို သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ တားမြစ်ဓမ္မရတနာပဲ ”
“ ချီရွှဲ့ထုံဂိုဏ်းရဲ့တားမြစ်ဓမ္မရတနာက ဂိုဏ်းတစ်ဂိုဏ်းကို ဖျက်ဆီးဖို့မဟုတ်ဘူး။ ပစ်မှတ်တစ်ခုကို သုတ်သင်ပစ်ဖို့။ ပြီးတော့ ကျုပ် အာရုံခံကြည့်ရသလောက် ဒီရတနာက အင်မတန် ကြောက်စရာကောင်းတယ် ”
“ ဒီမှန်ကြီးက ပစ်မှတ်တစ်ခုကို ချိန်ရွယ်ပြီး အသက်သွင်းလိုက်ရင် အဲဒီရောင်ပြန်ဟပ်ခံရတဲ့လူ ချက်ချင်း သေဖို့ တစ်ဆယ်ရာခိုင်နှုန်း ရှိတယ်။ ဒီမှန်ကြီးရဲ့ ကိုယ်ထည်ကြောင့် အင်မတန်ကွာဝေးတဲ့နေရာအထိ ပစ်လို့ရတယ် ”
“ ဖြစ်နိုင်ချေက တစ်ဆယ်ရာခိုင်နှုန်းဆိုပေမဲ့ အထက်က မျက်လုံးခုနစ်လုံးရှိတာဆိုတော့ ခုနစ်ကြိမ်ဆက်တိုက် အသက်သွင်းလို့ရတယ်ဆိုတဲ့ သဘောပဲ။ ဒီတော့ ဘယ်သူ အရဲစွန့်ဝံ့မှာလဲ ”
“ ရွှယ်လျန့်ကျစ်ရဲ့ကျင့်ကြံခြင်းအဆင့်က ဗလာနတ္ထိပထမအဆင့်ပဲ။ ဒီတားမြစ်ရတနာကို သူ အသုံးပြုရင် ဗလာနတ္ထိဒုတိယအဆင့်လူတစ်ယောက်ကို သတ်နိုင်တယ် ”
“ ဒုတိယအဆင့် … မဟာမိတ်ခေါင်းဆောင်တစ်ယောက်ပဲ အဲဒီအဆင့်မှာ ရှိတာ ”
ခုနစ်ဂိုဏ်းမဟာမိတ်၏ ဂိုဏ်းစောင့်ဘိုးဘိုးခြောက်ယောက်သည် အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားကြသည်။ တားမြစ်ဓမ္မရတနာများသည် ဂိုဏ်းတစ်ဂိုဏ်း၏ အကြီးမားဆုံးလက်နက်တစ်ခုဖြစ်သည်ကို သူတို့ သိသည်။ ဂိုဏ်းတိုင်း တားမြစ်ရတနာများကို ပိုင်ဆိုင်ထားနိုင်လောက်အောင် အရည်အချင်းမရှိပေ။
မဟာမိတ်ထဲတွင် ဂိုဏ်းပေါင်း ( ၁၃၇ ) ဂိုဏ်းရှိသည့်အနက် ခုနစ်ဂိုဏ်းမဟာမိတ်ဟူ၍သာ ခေါ်ဆိုသည့်အကြောင်းအရင်းက ထိုဂိုဏ်းကြီးခုနစ်ဂိုဏ်းတွင် တားမြစ်ဓမ္မရတနာများ ရှိသောကြောင့် ဖြစ်သည်။
ယင်းအပြင် တားမြစ်ဓမ္မရတနာများကို လုယူရန် မဖြစ်နိုင်သလောက်ပင်။ ဥပမာအနေဖြင့် ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို ဤနေရာတွင် ထားပါသော်လည်း သူတို့ လုမယူဝံ့ချေ။ သူတို့ လုယူလိုက်သည်နှင့် တားမြစ်ဓမ္မရတနာက အလိုလို ပေါက်ကွဲသွားမည် ဖြစ်သည်။
ယင်းသည် တားမြစ်ဓမ္မရတနာများနှင့် ပတ်သက်၍ ကြောက်မက်ဖွယ်အချက်တစ်ချက် ဖြစ်သည်။ တားမြစ်ဓမ္မရတနာများတွင် ရတနာစောင့်ဝိညာဉ်များ ရှိကြသည်။
ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာက ပို၍ပင် ထူးခြားသည်။ ဘိုးဘေးရုပ်ထုခုနစ်ခုကို စွမ်းအင်ရင်းမြစ်အဖြစ် အသုံးပြုထားသည်။ ထိုပိတ်ထားသော မျက်လုံးခုနစ်လုံးသာ ပွင့်လာခဲ့လျှင် မည်မျှကြောက်မက်ဖွယ်ကောင်းမည်ကို မှန်းဆကြည့်နိုင်သည်။
သို့ဖြစ်၍ အတန်ငယ် လေ့လာပြီးနောက် ခုနစ်ဂိုဏ်းမဟာမိတ်မှ ဂိုဏ်းစောင့်ဘိုးဘိုးခြောက်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ပြီးသည်နှင့် မန္တန်လက်ကွက်များဖော်၍ တာဝေးတည်နေရာရွှေ့ပြောင်းခြင်းကို ဖော်ဆောင်လိုက်ကြသည်။ သူတို့ ချက်ချင်း ပျောက်သွားပြီး ချီရွှဲ့ထုံဂိုဏ်းသို့ ဦးတည်သွားကြသည်။
တချိန်တည်းမှာပင် ဝမ်ကူးဒေသကြီးထဲရှိ ယင်ဟွမ်ပြည်နယ်မှ အင်အားစုအသီးသီးက နည်းလမ်းမျိုးစုံသုံး၍ ချီရွှဲ့ထုံဂိုဏ်းကို စောင့်ကြည့်လိုက်ကြသည်။ ခုနစ်ဂိုဏ်းမဟာမိတ်၏အခြေအနေ ပြောင်းလဲသွားတော့မည်ကို သူတို့ ရှင်းရှင်းလင်းလင်း သိလိုက်ကြသည်။ ဤကိစ္စကြောင့် ဝမ်ကူးဒေသကြီး၏ အခြေအနေလည်း ပြောင်းလဲလာမည်ဖြစ်သည်။
မုန်တိုင်းတစ်ခု အစပျိုးလာချေပြီ။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်ထဲတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး စိတ်ဓာတ်ကျကာ တုန်ရီနေကြသည်။ တားမြစ်ဓမ္မရတနာ၏ ပတ်လည်တွင် စောင့်ကြပ်နေကြသော ချီရွှဲ့ထုံဂိုဏ်းသားများမှာ စိတ်လှုပ်ရှားမှုများဖြင့် မျက်လုံးများ အရောင်လက်နေကြသည်။
ထိုအချိန်၌ ဆိုးဆိုးဝါးဝါးမျက်နှာပျက်ကာ အသက်ရှူသံများ မြန်ဆန်နေသည်မှာ ချီရွှဲ့ထုံဂိုဏ်းအထက်ရှိ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး ဖြစ်သည်။
သူ၏နဖူးက ချွေးများဖြင့် စိုရွှဲလာသည်။ သူ့ရင်ထဲမှ ထိတ်လန့်စိတ်ကို ဖုံးကွယ်ခြင်းငှာ မတတ်သာဘဲ မျက်နှာတွင် ပေါ်လာသည်။ သူသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တည်ရှိရာအရပ်သို့ စူးစိုက်ကြည့်လိုက်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို သူ ရှင်းရှင်းလင်းလင်း မမြင်ရပါသော်ငြား သူ ချိန်ရွယ်ခံထားရသည်ကို ကောင်းစွာ အာရုံခံမိသည်။ ရွှယ်လျန့်ကျစ်က တွေးတောလိုက်ရုံဖြင့် သူ ဒုက္ခရောက်သွားတော့မည့်အလား။
ယင်းကြောင့် သူ ရင်ဆိုင်နေရသည့်အန္တရာယ်ကို နားလည်လုနီးပါး ဖြစ်သွားသည်။
“ သေခြင်းရှင်ခြင်းခံစားချက် … ခုနစ်ကြိမ်၊ သေခြင်းရှင်ခြင်းခံစားချက် ”
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသည် အသက်ရှူသံများ မြန်ဆန်သွားပြီး မျက်လုံးများ နီမြန်းသွားသည်။ သူသည် ရွှယ်လျန့်ကျစ်ကို စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် ကြည့်လိုက်သည်။
“ အခု ကျုပ်ဂိုဏ်းက အထက်ဂိုဏ်းဖြစ်ဖို့ ထိုက်တန်ပြီလား ”
ရွှယ်လျန့်ကျစ်က တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသည် ပါးစပ်ကိုဟလိုက်ပြီး တစ်ခုခုပြောရန်ပြင်လိုက်သည်။ သို့သော် မည်သည့်စကားပြောရမည်ကို သူ မသိပေ။ ယခုအခါတွင် ချီရွှဲ့ထုံဂိုဏ်း၏ ဗျူဟာအားလုံးကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ယခင်က ချီရွှဲ့ထုံဂိုဏ်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို တိုက်ခိုက်ခဲ့ဟန်တူသော်လည်း အမှန်စင်စစ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ဖျက်ဆီးခြင်းသည် သူတို့ရည်ရွယ်ချက်မဟုတ်ပေ။
ချီရွှဲ့ထုံဂိုဏ်း၌ ရည်မှန်းချက်နှစ်ခု ရှိသည်။
တစ်ခုက ဝမ်ကူးဒေသကြီးကို သွားမည့်လမ်းအား ဖွင့်ရန်ဖြစ်သည်။
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏စိတ်ထဲ လမ်းကြောင်းတစ်ခုပေါ်လာသည်။ ပထမအမှတ်က ချီရွှဲ့ထုံဂိုဏ်းဖြစ်ပြီး ဒုတိယအမှတ်က ရေသူမမျိုးနွယ်၊ တတိယအမှတ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အရံကျွန်းများ၊ စတုတ္ထအမှတ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပင်မကျွန်းဖြစ်သည်။
ထိုနေရာသည် ဝမ်ကူးဒေသကြီးရှိ ခုနစ်ဂိုဏ်းမဟာမိတ်နှင့် အလွန် နီးကပ်သည်။
ယင်းသည် ချီရွှဲ့ထုံဂိုဏ်းနှင့် ခုနစ်ဂိုဏ်းမဟာမိတ်ကို ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။
ယင်းအပြင် ချီရွှဲ့ထုံဂိုဏ်း၏ ဆောင်ရွက်မှုများက အလွန် ကျိုးကြောင်းဆီလျော်ခဲ့သည်။ ရေသူမမျိုးနွယ်ကို သူတို့ တိုက်ခိုက်ခဲ့သည်မှာ သတ္တမမြောက်တောင်ထိပ်ပြိုင်ပွဲကြောင့် ဖြစ်သည်။ ထိုကိစ္စသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ဆွဲဆောင်သွားခဲ့သည်။ ရွှယ်လျန့်ကျစ်က အဆင့်တက်သွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲ တိုးဝင်ကာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးကို အပြင်းအထန်ဒဏ်ရာရအောင် လုပ်ခဲ့သည်။
ယင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် အရေးနိမ့်သွားခဲ့ရသည့် အဓိကအချက်ဖြစ်သည်။
ပြီးသည်နှင့် ချီရွှဲ့ထုံဂိုဏ်းသည် သဘာဝကျစွာပင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို တိုက်ခိုက်ခဲ့ပြီး အရံကျွန်းများကို တစ်ဆင့်ချင်း သိမ်းပိုက်ကာ ပင်မကျွန်းအထိ နယ်ချဲ့ခဲ့သည်။
ထိုအကြံအစည်တွင် ဟာကွက်များမရှိခဲ့ဘဲ ချီရွှဲ့ထုံဂိုဏ်းမှ ထုတ်ပြခဲ့သည့်အင်အားမှာလည်း သာမန်ထက် မပိုခဲ့ပေ။
သို့သော် ထိုရည်ရွယ်ချက်ကို ခုနစ်ဂိုဏ်းမဟာမိတ်က သိရှိသွားခဲ့သည်။
သို့ဖြစ်၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့်စစ်ပွဲတွင် ဝင်ရောက်နှောင့်ယှက်လိုက်ရာ ချီရွဲှ့ထုံဂိုဏ်း ရှေ့ဆက်မရတော့ပေ။ ယင်းအပြင် ခုနစ်ဂိုဏ်းမဟာမိတ်၏ အဓိကအစီအစဉ်က စီအနိမ့်ဂိုဏ်းကို ဖျက်ဆီးပြီး အင်မော်တယ်အားတိုးမြစ်လက်တက်အား ပိတ်ဆို့ထားသည့် ဆည်ကြီးကို ဖျက်ဆီးရန် ဖြစ်ပါသော်ငြား ချီရွှဲ့ထုံဂိုဏ်းကို လုံးဝ လျစ်လျူရှုထားခြင်း မဟုတ်ပေ။
ကျားကို ခြောက်လှန့်ရန် တောင်အား သူတို့ တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။ တောင်သည် စီအနိမ့်ဂိုဏ်းဖြစ်ပြီး ကျားသည် ချီရွှဲ့ထုံဂိုဏ်းဖြစ်သည်။
ထိုနည်းအားဖြင့် သူတို့သည် သွေးမထွက်လိုက်ရဘဲ ချီရွှဲ့ထုံဂိုဏ်းကို ကိုယ့်နေရာကိုယ် သိသွားစေရန် သင်ခန်းစာပေးလိုက်နိုင်မည်ဖြစ်သည်။
သို့သော် သူတို့ မျှော်လင့်မထားခဲ့သည်မှာ ချီရွှဲ့ထုံဂိုဏ်းတွင် ဒုတိယရည်ရွယ်ချက် ရှိနေသည်။ ယင်းအပြင် ချီရွှဲ့ထုံဂိုဏ်းက ထိုရည်မှန်းချက်ကို အလွန် လျှို့ဝှက်ထားခဲ့သည်။ မည်မျှလျှို့ဝှက်သနည်းဟု ဆိုရသော် တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ ဦးရေခွံ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရသည်အထိပင်။
ချီရွှဲ့ထုံဂိုဏ်းက သူတို့၏ပထမရည်ရွယ်ချက်ကို သတိထားမိစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟုပင် သူ ခံစားနေရသည်။
မည်သည့်အတွက်ကြောင့်ဆိုရသော် ဒုတိယရည်ရွယ်ချက်ကို ဖုံးကွယ်ရန်အတွက်ပင်။
ယင်းသည် ရွှယ်လျန့်ကျစ်၏ လုပ်ပုံကိုင်ပုံနှင့် မတူပေ။
ချီရွှဲ့ထုံဂိုဏ်း၏ ဒုတိယရည်ရွယ်ချက်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးရုပ်ထုများ ဖြစ်သည်။ သူတို့၏ဓမ္မရတနာကို တားမြစ်ရတနာအဖြစ်သို့ အဆင့်မြှင့်တင်ရာတွင် ထိုရုပ်ထုများကို သူတို့ အသုံးချချင်ခဲ့သည်။
ယင်းအတွက် မရှိမဖြစ်လိုအပ်ချက်နှစ်ခုရှိသည်။ တစ်ခုက ချီရွှဲ့ထုံဂိုဏ်းအနေဖြင့် ဘိုးဘေးရုပ်ထုများကို စွမ်းအင်ရင်းမြစ်အဖြစ် အသုံးချရန် နည်းလမ်းတစ်ခု ရှိရမည်ဖြစ်သည်။
ဒုတိယလိုအပ်ချက်မှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အပြင်ဘက်တွင် ပြန့်ကျဲနေသော ဘိုးဘေးရုပ်အလောင်းရုပ်ထုများကို ကြိုတင်၍ ရှာဖွေထားရမည်ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းသည် ထိုလိုအပ်ချက်နှစ်ခုလုံးကို ဖြည့်ဆည်းခဲ့သည်မှာ သိသာသည်။
ချီရွှဲ့ထုံဂိုဏ်းသည် အရေးကြီးသောအချိန်၌ ခုနစ်ဂိုဏ်းမဟာမိတ် ဝင်စွက်ဖက်လာကာ စစ်ပွဲအား ရပ်တန့်ရန်ပြောမည့်ကိစ္စအတွက်ပင် ထည့်သွင်းစဉ်းစားထားခဲ့သည်။ ထို့ကြောင့် စစ်ပြေငြိမ်းရန်အတွက် ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။ ယင်းမှာ အနိမ့်ဆုံး ဘိုးဘေးရုပ်အလောင်းရုပ်ထုနှစ်ခု အသေအချာ ရရှိနိုင်ရန် ဖြစ်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် ညှိနှိုင်းပြီးသည့်တိုင်အောင် ချီရွှဲ့ထုံဂိုဏ်းက သိုသိုသိပ်သိပ် နေခဲ့သည်။ ခုနစ်ဂိုဏ်းမဟာမိတ်၏ ကောင်းကင်လက်ရွေးစင်များက သူတို့ဂုဏ်သိက္ခာကို ကျဆင်းစေရန် လာရောက်စိန်ခေါ်ခဲ့ကြသည့်တိုင်အောင် ချီရွှဲ့ထုံဂိုဏ်းသည် စိတ်ရှည်သည်းခံစွာဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပေါ်ရှိ မန္တန်အစီအရင်များ ပြီးစီးမည့်အချိန်ကို စောင့်နေခဲ့သည်။
နာမည်အားဖြင့် မန္တန်အစီအရင်များ တည်ဆောက်ရသည့်ရည်ရွယ်ချက်သည် စစ်လျော်ကြေးကို သယ်ဆောင်ရန်ဖြစ်သည်။ ယင်းမှာ ကျိုးကြောင်းဆီလျော်သည်။
သို့သော်ငြား အမှန်စင်စစ် ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်များသည် ရုပ်ထုနှစ်ခုကို သယ်ဆောင်ရန် မဟုတ်ဘဲ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သို့ ရုပ်ထုငါးခု ပို့လွှတ်ရန် ဖြစ်နေပေသည်။
ရုပ်ထုငါးခုကို ပို့လွှတ်ပြီးသည့်အခါ စုစုပေါင်း ရုပ်ထုခုနစ်ခု ဖြစ်သွားပြီဖြစ်သည်။ ယင်းအပြင် ရုပ်ထုအားလုံး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲ၌ ရှိနေသည်ဖြစ်၍ အပြည့်အဝ အသက်ဝင်နေကြပြီဖြစ်သည်။ အရာအားလုံး အဆင်ပြေချောမွေ့သွားခဲ့သည်။
“ ဒီတော့ ခုနစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းသားတွေ မင်းတို့ကို စိန်ခေါ်တဲ့အချိန်တုန်းက ငါတို့ကို အရူးလုပ်ဖို့ တမင်သက်သက် အားနည်းချင်ယောင်ဆောင်ခဲ့တာလား။ အခု မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ။ ဝမ်ကူးဒေသကြီးမှာ လွတ်လွတ်လပ်လပ်ရပ်တည်ဖို့လား ”
ရွှယ်လျန့်ကျစ်က ပထမမေးခွန်းကို မဖြေပေ။ အဘယ်ကြောင့်ဆိုသော် နောက်ထပ်အရေးမပါတော့သည့်အတွက်ကြောင့်ပင်။ သူသည် ပြုံး၍ တည်ငြိမ်စွာ ဖြေလိုက်သည်။
“ ကျုပ် အသက်ကြီးနေပြီ။ ဝမ်ကူးဒေသကြီးမှာ ကျုပ်ရဲ့နေဝင်ချိန်ကို ပျော်ပျော်ပါးပါး နေချင်တယ်။ ခုနစ်ဂိုဏ်းမဟာမိတ်က အစည်းအဝေးပွဲမှာ ကျုပ်အတွက် ထိုင်ခုံလွတ်တစ်လုံး ရှိရင် သိပ်ကောင်းမယ် ”
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးမှာ အလွန် နာကျင်သွားရသည်။ သို့သော် သက်စောင့်မီးအိမ် လုယူခံလိုက်ရပြီး သူ၏မြေး အပြင်းအထန် ဒဏ်ရာရသွားသည့်ကိစ္စနှင့် ယှဉ်လျှင် ချီရွှဲ့ထုံဂိုဏ်း၏ ရည်မှန်းချက်က ပို၍ အရေးကြီးနေသည်။
ထိုအချိန်၌ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေသည်။ ဂိုဏ်းသားများသည် အသေးစိတ်မသိပါသော်လည်း အခြေအနေက ထူးခြားနေသည်ကို သူတို့ သိသည်။ ဂိုဏ်းစောင့်ဘိုးဘိုး၏ စကားများကို ကြားသောအခါတွင် သူတို့ ရင်တဒိန်းဒိန်းခုန်သွားပြီး အတွေးမျိုးစုံ ပေါ်လာသည်။
ရွှီချင်းသည် ခေါင်းမော့၍ ပင်လယ်ကြီးကို ငေးကြည့်လိုက်သည်။ အစောပိုင်းက သူ တစ်ခုခုကို အာရုံခံမိခဲ့ပါသော်လည်း ဝိုးတဝါးသာ ဖြစ်သည်။
“ ငါ သိပြီ။ ဒီအဘိုးကြီးတွေ သိပ်ကြောက်စရာကောင်းတာပဲ။ နောက်ဆုံးမှပဲ သူတို့ဝှက်ဖဲကို ငါ သိလိုက်ရတယ် ”
ခေါင်းဆောင်သည် ဝင်းလက်တောက်ပနေသော မျက်လုံးများဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။ သူသည် သူ့ကိုယ်သူ ရေရွတ်လိုက်ခြင်းသာ ဖြစ်သော်လည်း တမင်သက်သက် အသံကို မြှင့်ထားသည်။
ရွှီချင်းက လှမ်းကြည့်လိုက်သည်။ အမှတ်သုံးဆရာတူအစ်ကိုသည်လည်း အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်သည်။ အမှတ်နှစ်ဆရာတူအစ်မမှာမူ အသံလွှင့်ပေးပို့နေဆဲပင်။
“ ဆရာတူအစ်ကိုကြီး၊ အစ်ကိုကြီး တကယ်သိတာ ဟုတ်လို့လား။ တားမြစ်ဓမ္မရတနာဆိုတာ ဘာလဲ။ ချီရွှဲ့ထုံဂိုဏ်းရဲ့ တားမြစ်ဓမ္မရတနာကကော ဘာကြီးလဲ ”
အမှတ်သုံးဆရာတူအစ်ကိုက မသေချာမရေရာသည့်လေသံဖြင့် မေးမြန်းလိုက်သည်။
ရွှီချင်းသည် လျှို့ဝှက်ဆန်းကြယ်နေသော ခေါင်းဆောင်ကို ကြည့်ကာ သူသည်လည်း ဝေခွဲမရ ဖြစ်သွားသည်။
“ ဒီကိစ္စက ဝိညာဉ်ကျောက်တုံးတစ်ထောင်တန်တယ်။ မင်းတို့ သိချင်ရင် ငါ ပြောပြမယ် ”
ခေါင်းဆောင်က ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။
“ မင်းဘကြီး သိတာလား ”
အမှတ်ခုနစ်သခင်ကြီး၏အသံ ပေါ်လာသည်။
ခေါင်းဆောင် ရှက်သွားသည်။ သူ ချောင်းတဟွတ်ဟွတ် ဆိုးလိုက်စဉ် အမှတ်ခုနစ်သခင်ကြီး၏အသံ သူတို့နားထဲ ရောက်လာသည်။
“ အဲဒါ ဘိုးဘေးနဲ့ ဆရာတို့ စီစဉ်ခဲ့ကြတဲ့ ကိစ္စပဲ။ အဲဒါကို စီစဉ်နေခဲ့တာ နှစ်ရာချီရှိနေပြီ။ တစ်ဆင့်ချင်း ဖြည့်လာခဲ့တာ အခုမှပဲ ပြီးသွားတယ် ”
“ မင်းတို့ မှန်းကြည့်လို့ရမှာ မဟုတ်ဘူး။ အခု အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်ထဲမှာ ဆရာတို့ချီရွှဲ့ထုံဂိုဏ်းပိုင်ဆိုင်တဲ့ တားမြစ်ဓမ္မရတနာတစ်ခု ရှိနေပြီ။ ခုနစ်ဂိုဏ်းမဟာမိတ်အတွက် ရှစ်ခုမြောက် တားမြစ်ဓမ္မရတနာပေါ့။ တခြားအင်အားစုတွေ စစ်ဆေးပြီးလို့ သေချာရင် ဝမ်ကူးဒေသကြီးကို အဆင်ပြေပြေနဲ့ ချီရွှဲ့ထုံဂိုဏ်း ဝင်လို့ရပြီ ”
“ အခုကစပြီး ခုနစ်ဂိုဏ်းမဟာမိတ်ဆိုတဲ့နာမည်လည်း ပြောင်းသွားတော့မယ် ”
အမှတ်ခုနစ်သခင်ကြီးသည် သူ့တပည့်လေးယောက်ကို လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ ရှစ်ဂိုဏ်းမဟာမိတ်ဆိုရင် နားထောင်ရတာ ပိုမကောင်းဘူးလား ”
အမှတ်ခုနစ်သခင်ကြီး ပြောလိုက်စဉ် ကောင်းကင်ကြီး၏အရောင် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေသည့် အရှိန်အဝါလှိုင်းများ သက်ဆင်းလာသည်။
ရွှယ်လျန့်ကျစ်နှင့် တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးတို့၏ ပတ်လည်ရှိ ကောင်းကင်ယံတွင် နတ်ဘုရားကဲ့သို့ လူရိပ်ခြောက်ခု ပေါ်လာသည်။
သူတို့သည် ခုနစ်ဂိုဏ်းမဟာမိတ်မှ ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုးခြောက်ဦး ဖြစ်သည်။
သူတို့ ပေါ်လာစဉ်မှာပင် ချီရွှဲ့ထုံဂိုဏ်းမှ အဘွားကြီးတစ်ဦး လေထဲသို့ ပျံတက်သွားသည်။ ထိုအဘွားကြီးသည် ခြေတစ်လှမ်းဖြင့် ရွှယ်လျန့်ကျစ်ဘေးသို့ ရောက်သွားပြီး ခုနစ်ဂိုဏ်းမဟာမိတ်ကို ပြုံးပြလိုက်သည်။
“ မမြင်တာကြာပြီ ”
“ စောစောက ချီရွှဲ့ထုံဂိုဏ်းကို ရွှီချင်းကို ထုတ်ပေးဖို့ လူတစ်ယောက် ပြောတာ ကျုပ်ကြားလိုက်တယ်။ ကျုပ်မြေးက အဲဒီကလေးကို သိပ်သဘောကျတာ။ ကျုပ်လည်း လက်ထပ်ပွဲလုပ်ပေးဖို့ စဉ်းစားနေတာ။ သူ အသတ်ခံလိုက်ရရင် ကျုပ်မြေး ဝမ်းနည်းသွားမှာ။ ဒါဆို ကျုပ်လည်း စိတ်မကောင်းဖြစ်နေရမှာလေ ”
“ ကျုပ်မှာ မိသားစု ရှိတာမဟုတ်ဘူး။ ကျုပ်မြေးတစ်ယောက်ပဲ ရှိတော့တာ။ ကျုပ် စိတ်မကောင်းဖြစ်ရရင် ရှင်တို့လည်း စိတ်မချမ်းသာအောင် လုပ်ပေးရမှာပေါ့ ”