ရှစ်ဂိုဏ်းမဟာမိတ် ( ၁ )
Vol. 24 Ch. 364
သခင်မကြီးတုံယုံ၏ အသံက ဂိုဏ်းတစ်ခွင် လွင့်ပျံသွားသည်။
ရွှီချင်း ငြိမ်သက်နေသည်။
ခေါင်းဆောင်နှင့် အမှတ်သုံးဆရာတူအစ်ကိုတို့က ရွှီချင်းကို ချက်ချင်း ကြည့်လိုက်ကြသည်။ အမှတ်နှစ်ဆရာတူအစ်မပင် အသံပို့လွှတ်နေခြင်းကို ရပ်ကာ ရွှီချင်းကို ကြည့်လိုက်သည်။
အမှတ်ခုနစ်သခင်ကြီးသည်လည်း လေးစားသည့်အကြည့်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။
“ မဆိုးဘူး။ အရင်တုန်းက ငါ့အတိုင်းပဲ ”
သူသည် ပြောရင်းဆိုရင်း တခြားတပည့်သုံးယောက်ကို စိတ်ပျက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း ဒုတိယမြောက်တပည့်ကို ကြည့်သောအခါ အလိုလို အကြည့်လွှဲလိုက်ပြီး အကြီးဆုံးတပည့်နှင့် အမှတ်သုံးတပည့်ကို အာရုံစိုက်လိုက်သည်။
အမှတ်သုံးတပည့်အကြောင်းကို သူ တွေးမိလိုက်ပြီး လျစ်လျူရှုလိုက်သည်။ ထို့ကြောင့် သူ့အကြည့်က အကြီးဆုံးတပည့်အပေါ် ရောက်သွားသည်။
“ ဆရာတူညီဆီကနေ နည်းနည်းပါးပါး သင်ထားဦးကွ ”
‘ ကျနော်လည်း သူ့လိုဆိုရင် လုပ်နိုင်မှာပါ။ ချင်းလေးရဲ့မျက်နှာကို မန္တန်တွေနဲ့ တုပသို့ အရမ်းခက်တယ် ’
ခေါင်းဆောင် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။
ပို၍ပင် စိတ်ပျက်ကာ မထွေးနိုင်မအန်နိုင် ဖြစ်နေရသည်မှာ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး ဖြစ်သည်။ သူသည် သခင်မကြီးတုံယုံကို ရှုံ့မဲ့နေသောအမူအရာဖြင့် စူးစိုက်ကြည့်လိုက်သည်။
ထိုသာမန်ဂိုဏ်းသားလေးတစ်ယောက်ကို ကာကွယ်ပေးချင်နေသော ရွှယ်လျန့်ကျစ်ကို မဆိုထားဘိ၊ မည်သည့်အင်အားစုနှင့်မျှ အဆက်အဆံမရှိခဲ့ဘဲ လောကကြီးကို ဂရုမစိုက်နေခဲ့သော သခင်မကြီးတုံယုံသည်ပင် ထိုသာမန်ဂိုဏ်းသားအတွက် ထုတ်ပြောလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ဒဏ်ရာအပြင်းအထန် ရထားပြီး သေသလား၊ ရှင်သလား မသိရသေးသည့် သူ့မြေးအကြောင်းကိုလည်းကောင်း၊ သူ့ဂိုဏ်း၏သက်စောင့်မီးအိမ် အလုယူခံလိုက်ရသည့်အကြောင်းကိုလည်းကောင်း၊ ချီရွှဲ့ထုံဂိုဏ်းက အထက်ဂိုဏ်းသို့ ဝင်ရောက်ရန်အရည်အချင်း ပြည့်မီနေပြီး သူတို့၏စုပေါင်းစွမ်းရည်က ဂိုဏ်းကြီးခုနစ်ဂိုဏ်းအောက် မလျှိုကြောင်းကိုလည်းကောင်း သူ တစ်ဆက်တည်း တွေးမိသွားသည်။
ထိုအခြင်းအရာအားလုံးကြောင့် သူ့မျက်လုံးများ နီမြန်းလာသည်။ သို့သော်လည်း ချီရွှဲ့ထုံဂိုဏ်းကို အထက်ဂိုဏ်းတစ်ဂိုဏ်းအဖြစ် အဆင့်မတက်စေရန် မည်သည့်နည်းနှင့်မျှ မဟန့်တားနိုင်သည်ကို သူ သိသည်။ ခုနစ်ဂိုဏ်းမဟာမိတ်က မဟာမိတ်တစ်ခုသာ ဖြစ်ပြီး ဂိုဏ်းတစ်ဂိုဏ်း မဟုတ်သည် မဟုတ်ပါလား။
မဟာမိတ်ထိပ်ပိုင်းတွင် လူရှစ်ဦးရှိပြီး မဟာမိတ်ခေါင်းဆောင်နှင့် ဂိုဏ်းစောင့်ဘိုးဘိုးခုနစ်ဦး ဖြစ်သည်။ သူတို့ ဘုံသဘောတူလက်ခံကြသောကိစ္စများ ရှိသော်လည်း သူတို့ကြား သဘောထားကွဲလွဲသည့်ကိစ္စများလည်း ရှိသည်။ ချီရွှဲ့ထုံဂိုဏ်း၏ လက်ရှိအင်အား၊ အထူးသဖြင့် တားမြစ်ဓမ္မရတနာနှင့်ဆိုပါက ချီရွှဲ့ထုံဂိုဏ်းသည် အထက်ဂိုဏ်းဖြစ်ရန် အရည်အချင်းပြည့်မီရုံသာမက ခုနစ်ဂိုဏ်းမဟာမိတ်ထဲ ဝင်ရောက်ခဲ့လျှင် ခုနစ်ဂိုဏ်းမဟာမိတ်၏ အင်အားကို တိုးပွားသွားစေမည်ဖြစ်သည်။
ထိုကဲ့သို့ကိစ္စမျိုးကို တခြားလူများ သေချာပေါက် သဘောတူကြမည်ဖြစ်ကြောင်း သူ ကောင်းစွာ သတိထားမိသည်။ ချီရွှဲ့ထုံဂိုဏ်း၏ အစီအစဉ်အဆင့်ဆင့်ကို သူ ပြန်တွေးိလိုက်သည်။ ချီရွှဲ့ထုံဂိုဏ်းကို နောက်ကွယ်မှ ပံ့ပိုးပေးနေသူများ မရှိဟု တစ်ယောက်ယောက်က ပြောလာခဲ့လျှင် သူ ယုံမည်မဟုတ်ပေ။
သူ အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“ ချီရွှဲ့ထုံဂိုဏ်း၊ သက်စောင့်မီးအိမ်ကို ပြန်ပေးရင် ငါ့တိမ်လွှာဓားဂိုဏ်းအနေနဲ့ မဟာမိတ်ထဲ မင်းတို့ဝင်မှာကို ထောက်ခံပေးမယ်။ နို့မဟုတ်ရင် အကျိုးဆက်ကို မင်းတို့ ခံရမယ်။ ရွှယ်လျန့်ကျစ် … ရန်သူ ဖြစ်ချင်လား၊ မိတ်ဆွေဖြစ်ချင်လား။ မင်း ဆုံးဖြတ် ”
သူသည် ပြောရင်းဆိုရင်း ကောင်းကင်ယံသို့ လက်ညှိုးဖြင့် ညွှန်လိုက်သည်။ ရုတ်တရက် ကောင်းကင်ယံရှိ သွေးပင်လယ်ထဲတွင် စုစည်းနေခဲ့သော သွေးသစ်ပင်ကြီးသည် ချီရွှဲ့ထုံဂိုဏ်းထဲ ဆင်းသက်လာတော့မည့်အလား ကျုံ့သွားသည်။
တခဏလေးအတွင်း ချီရွှဲ့ထုံဂိုဏ်းပေါ်သို့ ဖိအားတစ်ရပ် သက်ရောက်လာသည်။ ရွှယ်လျန့်ကျစ်က ဒေါသတကြီး အော်ဟစ်ရယ်မောလိုက်သည်။
“ စိတ်ဝင်စားစရာပဲ။ အဘိုးကြီးတိမ်လွှာ၊ ခင်ဗျားက ရက်စက်ကြမ်းကြုတ်တဲ့အတွေးတွေနဲ့ ပြည့်နေတာပဲ။ ကျုပ်ရဲ့ချီရွှဲ့ထုံဂိုဏ်းက မဟာမိတ်ကို ဝင်ခွင့်ရဖို့ ဂိုဏ်းသားတွေရဲ့ အကျိုးအမြတ်ကို စတေးနေရဦးမယ်ဆိုရင် ဂိုဏ်းသားတွေက ကျုပ်ဂိုဏ်းကို ဘယ်လိုထင်ကြတော့မှာတုံး ”
“ နောင်တချိန်မှာ ပိုကြီးမားတဲ့ အကျိုးအမြတ်တွေရှိလာရင်လည်း သူတို့ကို ကျုပ်က စတေးပစ်ရမှာလား။ ကျုပ်တို့ရဲ့မဟာမိတ်တွေကလည်း တချိန်ကျရင် သူတို့ကို ကျုပ်တို့က စတေးပစ်လာနိုင်တယ်လို့ မတွေးလာနိုင်ဘူးလား။ ဒီကိစ္စလေးကြောင့် ကျုပ်တို့ဂိုဏ်းရဲ့ဂုဏ်သိက္ခာ ဘယ်လောက်တောင် ကျဆင်းသွားလိုက်မတုံး ”
“ မင်းစကားတွေက ရင့်လှချည်လား ”
“ ခင်ဗျားက ကျုပ်တို့ဂိုဏ်းရဲ့တားမြစ်ဓမ္မရတနာကို မယုံကြည်သေးတဲ့ပုံပဲ ”
ရွှယ်လျန့်ကျစ်၏ အကြည့်က စူးရှသွားပြီး ညာလက်ကို မြှောက်လိုက်သည်။ ရုတ်တရက် လောကကြီး တဂျိမ်းဂျိမ်းမြည်ဟည်းသွားသည်။ ဘေးပတ်လည်ရှိ ခုနစ်ဂိုဏ်းမဟာမိတ်မှ ဂိုဏ်းစောင့်ဘိုးဘိုးများ၏ မျက်နှာအမူအရာများ လေးနက်တည်ကြည်သွားစဉ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အထက်ရှိ ဧရာမရှေးဟောင်းကြေးညိုရောင်မှန်ကြီး လှည့်ပတ်သွားပြီး ချီရွှဲ့ထုံဂိုဏ်းကို မျက်နှာမူလာသည်။ မှန်ကြီးက ချီရွှဲ့ထုံဂိုဏ်းကို ချိန်ရွယ်လိုက်သည့်အခါ ဘိုးဘေးရုပ်အလောင်းရုပ်ထုခုနစ်ခုအထက်ရှိ မျက်လုံးခုနစ်လုံးအနက် တစ်လုံးက ရုတ်တရက် ပွင့်လာသည်။
ထိုမျက်လုံး၌ မျက်ဆံမရှိဘဲ သွေးရောင်နီမြန်းနေသည်။ ကောင်းကင်ဘုံကိုးထပ်ကို အေးခဲသွားစေနိုင်လောက်အောင် အေးစက်သော လေအေးတစ်ချက်က ချီရွှဲ့ထုံဂိုဏ်း၏အထက်ကောင်းကင်ယံကို လွှမ်းခြုံသွားသည်။ မှန်ထဲတွင် တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ ပုံရိပ်လည်း ပေါ်လာသည်။
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ့စိတ်ထဲ အသက်ဘေးအန္တရာယ်နှင့် ရင်ဆိုင်လိုက်ရသည့်အလား ခံစားလိုက်ရသည်။ ထိုသို့ သူ မခံစားခဲ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလေးများပါမကျန် တုန်ရီလာသည်။ သဘာဝရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်နေရသည့်အလား တစ်ဖက်လူက သူ့ဝိညာဉ်ကို ဖမ်းဆုပ်ကာ သူ၏သေခြင်းနှင့်ရှင်ခြင်းကို ချုပ်ကိုင်ထားသည့်ပမာ သူ့ဝိညာဉ် တုန်ခါလာသည်။
တခဏလေးအတွင်း သေသွားနိုင်သည့်ခံစားချက်ကြောင့် တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ နှလုံးသားများ တုန်ရီလာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထိုးတက်လာပြီး ခုခံရန် ကြိုးစားလိုက်သည်။
ထိုအချိန်၌ ကြေးညိုရောင်မှန်ကြီးဆီမှ အေးစက်စက်အသံ လွင့်ပျံလာသည်။
“ သေခြင်းနဲ့ရှင်ခြင်း … စီရင်စေ ”
မှန်ထဲတွင် ပေါ်နေသော တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ပုံရိပ် ရှုံ့တွနေသည်။ ထို့နောက် သူ့ခန္ဓာကိုယ် ပြိုကွဲကာ ချက်ချင်း ပေါက်ကွဲသွားသည်။
ယင်းနောက် မျက်လုံးမှာ ပြန်ပိတ်သွားသည်။
တချိန်တည်းမှာပင် ချီရွှဲ့ထုံဂိုဏ်းထဲရှိ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးမှာ သွေးများအန်နေပြီး တုန်ရီနေသည်။ မှန်ထဲမှ ပုံရိပ်ကဲ့သို့ သူ့တစ်ကိုယ်လုံး ပြိုကွဲကာ သွေးမြူများ ဖြစ်သွားသည်။
သွေးမြူများ ပြန်လည်စုစည်းသွားသည်။ သိုပသော် သူ့မျက်နှာ ဖြူဖျော့နေပြီး သူ့မျက်လုံးများသည်လည်း မှိန်ဖျော့သွားသည်။ သူ၏အမူအရာက မယုံကြည်နိုင်ဟန် ဖြစ်လာသည်။
ထိုအချိန်၌ အေးစက်စက်အသံကြီး လွင့်ပျံလာပြန်သည်။
“ စီရင်ချက် ကျရှုံးတယ်။ ဒုတိယမြောက်စီရင်ချက်ကို စောင့်ဆိုင်းနေတယ် ”
ရွှယ်လျန့်ကျစ်က သွေးဆာနေသည့်အမူအရာ ဖြစ်လာသည်။ သူ တိုက်ခိုက်ရန်ပြင်လိုက်စဉ် ခုနစ်ဂိုဏ်းမဟာမိတ်၏ တခြားဂိုဏ်းစောင့်ဘိုးဘိုးခြောက်ယောက်က သူ့ကို ချက်ချင်း ဟန့်တားလိုက်ကြသည်။ သို့သော် ရွှယ်လျန့်ကျစ်က ရယ်မောလိုက်ပြီး မာန်သွင်းအော်ဟစ်လိုက်သည်။
“ အပြည့်အဝအသက်ဝင်စမ်း ”
တခဏလေးအတွင်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အထက်ရှိ ရှေးဟောင်းမှန်ကြီးအောက်မှ ဘိုးဘေးရုပ်ထုခုနစ်ခု၏ သွေးနှင့်ချီများ တစ်ခါမှ မကြုံဖူးလောက်အောင် လည်ပတ်လာသည်။ သူတို့အရှိန်အဝါများ ကောင်းကင်ယံသို့ လွင့်ပျံသွားပြီး တောင်တန်းများနှင့် မြစ်များကို ဝါးမျိုချင်နေသည့်အလားပင်။ မဖွင့်ရသေးသော မျက်လုံးခြောက်လုံးနှင့် ယခုလေးတင် ပြန်ပိတ်သွားခဲ့သည့် ခုနစ်လုံးမြောက်မျက်လုံးတို့မှာ ချက်ချင်း ပွင့်လာသည်။
မျက်လုံးကြီးခုနစ်လုံးက အကြည့်ခုနစ်ခုအသွင်ဖြင့် တားမြစ်ပင်လယ်ကိုကျော်ဖြတ်ကာ ချီရွှဲ့ထုံဂိုဏ်းထဲရှိ ခုနစ်ဂိုဏ်းမဟာမိတ်၏ ဘိုးဘေးခုနစ်ယောက်အပေါ် ကျရောက်သွားသည်။