ရှစ်ဂိုဏ်းမဟာမိတ် ( ၂ )
Vol. 24 Ch. 365
ဂိုဏ်းစောင့်ဘိုးဘိုးခုနစ်ဦးမှာ တုန်ရီသွားပြီး မျက်နှာများ ပျက်သွားကြသည်။
ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာသည် သူတို့ မှန်းဆထားခဲ့သည်ထက် ပို၍ပင် ထူးဆန်းနေသည်ကို သူတို့ သိလိုက်ရသည်။ ယင်းသည် သေခြင်းနှင့်ရှင်ခြင်း စီရင်ချက်သာမက ထိုစီရင်ချက် အရေးနိမ့်သွားခဲ့လျှင်လည်း အပြင်းအထန်ဒဏ်ရာရသွားစေနိုင်သည်။
ထိုကဲ့သို့ ပြင်းထန်သော ထိုးနှက်ချက်က ဒဏ်ရာပေါ် ဒဏ်ရာဆင့်သွားစေနိုင်သည်။ တခြားစကားဖြင့်ဆိုရလျှင် လူတစ်ယောက်က စီရင်ချက်ခုနစ်ချက်ကို အံ့သြစရာကောင်းလောက်အောင် တောင်ခံနိုင်ခဲ့ပြီး အသက်မသေခဲ့သည့်တိုင်အောင် ခုနစ်ကြိမ် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသည်ဖြစ်၍ သေသည်နှင့်မခြား ဖြစ်သွားမည်သာ ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာတွင် စွမ်းအင်ရင်းမြစ်များ ပေါကြွယ်ဝသည်။ သို့ဖြစ်၍ တစ်ချီလျှင် အကြိမ်မည်မျှ အသက်သွင်းနိုင်သည်ကို ပြောရန်ခက်သည်။ တခြားဂိုဏ်းများ၏ တားမြစ်ဓမ္မရတနာများသည် အချိန်တိုအတွင်း တစ်ကြိမ်သာ အသုံးပြုနိုင်သောကြောင့် ယင်းအချက်သည် အလွန်အရေးကြီးသောအချက် ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို ကြိမ်ဖန်များစွာ အသုံးမပြုနိုင်ပါသော်လည်း သူတို့ အရဲမစွန့်ဝံ့သလို လိုလည်းမလိုအပ်ပေ။
ထို့ကြောင့် မိုးသောက်ဝိညာဉ်တောင်ကြားနှင့် ကောင်းကင်ရတနာဂိုဏ်းများ၏ ဂိုဏ်းစောင့်ဘိုးဘိုးများက ချက်ချင်း ဆိုလိုက်သည်။
“ မဟာမိတ်ထဲ ချီရွှဲ့ထုံဂိုဏ်း ပါလာမှာကို ကျုပ်ဂိုဏ်းက သဘောတူတယ် ”
“ ကျုပ်ဂိုဏ်းလည်း သဘောတူတယ် ”
အခြေအနေအရ ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ အတင်းအကြပ် သဘောတူလိုက်ရဟန်တူသည်။ သို့သော် တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ အမြင်၌ ထိုသို့ မဟုတ်ပေ။ ယခင်က ချီရွှဲ့ထုံဂိုဏ်းကို ခြိမ်းခြောက်ရန် တားမြစ်ဓမ္မရတနာအလင်းအား အသက်သွင်းခဲ့သည်ကို သူ ပြန်တွေးမိလိုက်သည်။ ထိုအချိန်က မဟာမိတ်၏ လျှို့ဝှက်ပစ်မှတ်မှာ စီအနိမ့်ဂိုဏ်းဖြစ်သည်။
သို့သော်လည်း အပြင်ပန်းတွင် ချီရွှဲ့ထုံဂိုဏ်းကို ခြိမ်းခြောက်ရန် ဖြစ်သည်။ မူလက သူ၏ဂိုဏ်းတစ်ဂိုဏ်းတည်းသာ တားမြစ်ဓမ္မရတနာကို အသက်သွင်းရမည်ဖြစ်သည်။ သို့သော် မည်သည့်အတွက်ကြောင့်မသိ မိုးသောက်ဝိညာဉ်တောင်ကြားနှင့် ကောင်းကင်ရတနာဂိုဏ်းတို့သည်လည်း သူတို့ ဓမ္မရတနာများကို အသက်သွင်းခဲ့ကြသည်။
နောက်ပိုင်းတွင် သူတို့က ဖြေရှင်းချက်ပေးခဲ့ပါသော်လည်း ယခု ကြည့်ရသည်မှာ သူက အစီအစဉ်အတိုင်း မလိုက်နာဘဲ ချီရွှဲ့ထုံဂိုဏ်းအား အမှန်တကယ် တိုက်ခိုက်ခဲ့မည်ကို စိုးရိမ်၍သာ ထိုသို့ လုပ်ခဲ့ခြင်းဖြစ်သည်မှာ သိသာသည်။
“ သူတို့က ကြိတ်ကြံနေခဲ့တာ ကြာပြီပဲ ”
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏မျက်နှာ ဖြူဆုတ်သွားသည်။ မိုးသောက်ဝိညာဉ်တောင်ကြားနှင့် ကောင်းကင်ရတနာဂိုဏ်းတို့ သဘောတူညီလိုက်သည်ဖြစ်၍ တခြားဂိုဏ်းစောင့်ဘိုးဘိုးလေးဦးသည်လည်း သဘောတူချင်လာသည်။
ထိုသည်ကို မြင်၍ သူသည် စိတ်ထဲတွင် ညည်းညူလိုက်ပြီး တိုက်ခိုက်ချင်စိတ်ပေါက်လာသည်။ သေရေးရှင်ရေးခံစားချက်ကြောင့် သူ့စိတ်မပြတ်မသားဖြစ်နေရပါသော်လည်း သက်စောင့်မီးအိမ်ထက် ဂုဏ်သိက္ခာက ပို၍ အရေးကြီးနေပေရာ ထိုမျှလွယ်လွယ်ကူကူဖြင့် သူ လက်ခံပေးရန်လည်း မတတ်နိုင်အောင် ဖြစ်နေရသည်။ ထိုစဉ် ကောင်းကင်ယံမှ အေးဆေးသော ရှေးဟောင်းအသံကြီးတစ်သံ ရုတ်တရက် လွင့်ပျံလာသည်။
“ ကျုပ်တို့အားလုံး မိသားစုဝင်တွေပဲ။ ဘာကြောင့် တစ်ဦးနဲ့တစ်ဦး အငြိုးထားနေကြမှာလဲ။ အားလုံးက နားလည်မှုလွဲကြတာပါ ”
“ တာအိုရောင်းရင်းတိမ်လွှာ၊ ပြန်ကြပါစို့။ တခြားတာအိုရောင်းရင်းတို့လည်း ပြန်ကြမယ်။ တာအိုရောင်းရင်းရွှယ်လျန့်ကျစ်၊ ကျုပ်မဟာမိတ်ထဲ ချီရွှဲ့ထုံဂိုဏ်းဝင်လာပြီး ထိပ်သီးပိုင်းထဲ ခင်ဗျား ဝင်လာမှာကိုလည်း ကြိုဆိုပါတယ်။ ချီရွှဲ့ထုံဂိုဏ်း ပြောင်းရွှေ့ဖို့ကိစ္စကို ကျုပ်တို့နဲ့လာပြီး အသေးစိတ်ဆွေးနွေးလို့ရပါတယ် ”
“ ဒါက ကျမ်းသစ္စာဖြစ်ပြီး ဝမ်ကူးဒေသကြီးက သက်သေခံပါလိမ့်မယ်။ ဆွေးနွေးပြီးသွားရင် ခုနစ်ဂိုဏ်းမဟာမိတ်ကိုလည်း ရှစ်ဂိုဏ်းမဟာမိတ်လို့ ပြောင်းလဲလိုက်ပါမယ် ”
“ တာအိုရောင်းရင်းရွှယ်လျန့်ကျစ်၊ ဘယ်လိုသဘောရပါသလဲ ”
ထိုအသံသည် နူးညံ့ညင်သာသည်။ ထိုအသံလွင့်ပျံလာပြီးနောက် ကောင်းကင်ယံတွင် ဧရာမမျက်နှာကြီးတစ်ခု ပေါ်လာသည်။ ကြောက်မက်ဖွယ်အရှိန်အဝါရှိသော မျက်နှာကြီး ပေါ်လာသည်နှင့် အောက်ဘက်ရှိ ဗလာနတ္ထိပထမအဆင့်ဘိုးဘေးကိုးယောက်ကို ဖိအားတစ်ခု သက်ရောက်သွားသည်။
သို့သော်လည်း ဖိအားက ချီရွှဲ့ထုံဂိုဏ်းသားများနှင့် ချီရွှဲ့ထုံဂိုဏ်းပေါ်သို့ သက်ရောက်သွားခြင်း မရှိပေ။
ထိုမျက်နှာကြီးသည် သက်လတ်ပိုင်းကျင့်ကြံသူတစ်ဦး၏ မျက်နှာကြီးဖြစ်သည်။ သူသည် စာပေသမားဟန်ရှိပြီး ရန်လိုစိတ်စိုးစဉ်းမျှ ရှိမနေပေ။ သူသည် ရွှယ်လျန့်ကျစ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ တချိန်တည်းမှာပင် ထိုမျက်နှာကြီးပေါ်တွင် ထိုမျက်နှာကြီးနှင့် တသွေမတိမ်း တူညီသော ပို၍ ကြီးမားသည့်မျက်နှာကြီး ပေါ်လာသည်။
ယင်းမှာ အလွှာပေါ်အလွှာဆင့်ထားသည့်အလားပင်။ ယင်းနောက် ဒုတိယမြောက်ထက် ပိုကြီးသော တတိယမြောက်မျက်နှာကြီး၊ စတုတ္ထမြောက်မျက်နှာကြီး၊ ပဉ္စမမြောက်မျက်နှာကြီး စသည်ဖြင့် ထပ်လျက် ပေါ်လာပြီး မမြင်နိုင်သော အကွာအဝေးထိအောင် ပျံ့သွားသည်။ ထိုမျက်နှာများသည် များပြားလွန်းလှ၍ ရေတွက်၍ပင် မရပေ။ ထိုမျက်နှာများ မြင့်သည်ထက် မြင့်ရာသို့ ပျံ့နှံ့သွားစဉ် လူများမှာ အဆုံးသတ်ကို မမြင်နိုင်တော့ပေ။ နန်းဟွမ်ကျွန်းကြီး၏ ကောင်းကင်ယံတွင် ထိုလူတစ်ယောက်တည်းနှင့် ပြည့်နှက်သွားသည်ဟူ၍ပင် သူတို့ ခံစားလာရသည်။
“ မဟာမိတ်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် ”
“ မဟာမိတ်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် ”
ခုနစ်ဂိုဏ်းမဟာမိတ်ဘိုးဘေးများအားလုံး လေးနက်တည်ကြည်သွားကြပြီး ကောင်းကင်ယံရှိ မျက်နှာများကို လေးစားစွာ အရိုအသေပေးလိုက်ကြသည်။
ထိုမြင်ကွင်းကြောင့် ရွှီချင်း၏အသက်ရှူသံများ မြန်ဆန်လာသည်။ ခေါင်းဆောင်၏ မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းများ ဝင်းလက်သွားသည်။ ရှေ့တွင်ရှိနေသော အမှတ်ခုနစ်သခင်ကြီးသည်လည်း ခေါင်းမော့၍ စူးစိုက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
“ ဗလာနတ္ထိဒုတိယအဆင့်၊ ပုံရိပ်ယောင်နဲ့ အစစ်အမှန် အသင်္ချေပြောင်းလဲခြင်း ”
ရွှီချင်းသည် ကောင်းကင်ယံကို ကြည့်ကာ သူ့စိတ်ထဲ ခံစားချက်လှိုင်းများ ရိုက်ခတ်လာသည်။ သူ၏မျက်လုံးများထဲတွင် ဆန္ဒတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ သူသည်လည်း ထိုကဲ့သို့ အစွမ်းထက်ချင်သည်။
ရွှယ်လျန့်ကျစ်သည်လည်း သက်ပြင်းရှည်ကြီးချလိုက်ပြီး သဘောတူလက်ခံသည့်အနေဖြင့် ဧရာမမျက်နှာကြီးကို အရိုအသေပေးလိုက်သည်။
ခဏအကြာ ကောင်းကင်ယံရှိ မျက်နှာများ ပျောက်ကွယ်သွားသည်။ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်နှာအမူအရာ ရှုံ့မဲ့သွားသည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ အစောပိုင်းက ရန်လိုသော အမူအရာဖြင့် ရောက်လာခဲ့ကြပါသော်လည်း ကြောက်လန့်တုန်ရီသွားခဲ့ကြသော ဂိုဏ်းသားများကို သယ်ဆောင်သွားပြီး ထွက်သွားသည်။
တခြားဘိုးဘေးများသည် ရွှယ်လျန့်ကျစ်နှင့် သခင်မကြီးတုံယုံတို့ကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၍ ထွက်သွားကြသည်။ ရွှမ်ယုံဂိုဏ်း၏ ဘိုးဘေးသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ သို့သော် သူမ၏ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူမက ထွက်မသွားခင် သတ္တမမြောက်တောင်ထိပ်ကို ကြည့်ကာ ပြုံးပြသွားဟန်တူသည်။
မိုးသောက်ဝိညာဉ်တောင်ကြားနှင့် ကောင်းကင်ရတနာဂိုဏ်းတို့၏ ဘိုးဘေးများသည်သာ ကျန်နေခဲ့ကြပြီး ချက်ချင်း ထွက်မသွားကြသေးပေ။
သူတို့သည် ယောက်ျားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ အမျိုးသမီးသည် နူးညံ့ကြင်နာဟန်တူပြီး ယောက်ျား၌ မုတ်ဆိတ်မွေးများဖြင့် ပြည့်နှက်နေသည်။ သူတို့က ရွှယ်လျန့်ကျစ်နှင့် သခင်မကြီးတုံယုံတို့ကို ပြုံးပြလိုက်သည်။ သူတို့ပုံစံက အတိတ်ကို သတိရသွားသည့်အလား။
သူတို့လေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် သိနေကြပြီမှာ ကြာမြင့်နေပြီဖြစ်ပြီး သူတို့ကြားဆက်ဆံရေးသည်လည်း အလွန် ကောင်းမွန်နေမည်ကို သိနိုင်ပေသည်။ ယခု ကိစ္စပြေလည်သွားပြီဖြစ်၍ ဖုံးကွယ်ထားရန် မလိုတော့ပေ။
“ မဟာမိတ်ကနေ မင်းကို ငါတို့ စောင့်နေမယ် ”
“ အစ်ကိုရွှယ်၊ မဟာမိတ်ကနေ ကြိုဆိုပါတယ် ”
ရွှယ်လျန့်ကျစ်က ရယ်မောလိုက်သည်။ သခင်မကြီးတုံယုံ၏အမူအရာက စိတ်သက်သာရာရသွားဟန်တူသည်။ ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုလိုက်ကြပြီးနောက် မိုးသောက်ဝိညာဉ်တောင်ကြားနှင့် ကောင်းကင်ရတနာဂိုဏ်းတို့၏ ဂိုဏ်းစောင့်ဘိုးဘေးများသည် နှုတ်ဆက်စကားဆိုလိုက်ကြပြီး ဝမ်ကူးဒေသကြီးသို့ ပြန်သွားကြသည်။
လူအားလုံး ထွက်သွားကြပြီး အမှတ်ခုနစ်သခင်ကြီး၏ တပည့်လက်ခံပွဲအခမ်းအနား အဆုံးသတ်ပြီးသော် ရွှယ်လျန့်ကျစ်သည် ချီရွှဲ့ထုံဂိုဏ်းအား အစီအစဉ်အားလုံး ကြေညာလိုက်သည်။
ချီရွှဲ့ထုံဂိုဏ်းသည် ခုနစ်ဂိုဏ်းမဟာမိတ်ကို ဝင်ရောက်မည်ဖြစ်ပြီး မဟာမိတ်သည်လည်း ရှစ်ဂိုဏ်းမဟာမိတ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ရက်အနည်းငယ်ကြာလျှင် သူတို့ ပြောင်းရွှေ့ကြမည်ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းသားများသည် အကြောင်းအရာတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီးနောက် စိတ်လှုပ်ရှားလာကြသည်။ ခုနစ်ရက်၊ ရှစ်ရက်ခန့်ကြာသည့်တိုင်အောင် ချီရွှဲ့ထုံဂိုဏ်းသားများ စိတ်လှုပ်ရှားနေကြပြီး အနည်းငယ်မျှပင် လျော့မသွားပေ။ တစ်ဂိုဏ်းလုံး အားရရွှင်မြူးသည့်စိတ်ဖြင့် တက်ကြွနေကြသည်။ နေ့စဉ်နေ့တိုင်း ထိုအကြောင်းသာ သူတို့ ပြောနေကြ၏။
တခြားတစ်ဖက်တွင် ရွှီချင်းသည် သိုသိုသိပ်သိပ်သာ နေခဲ့သည်။ သူသည် သတ္တမမြောက်တောင်ထိပ်၏ စတုတ္ထမြောက်မင်းသားတစ်ပါး ဖြစ်လာပါသော်လည်း ထိုအတောအတွင်း ဒုတိယမြောက်သက်စောင့်မီးအိမ်ကို သူ့ခန္ဓာကိုယ်နှင့် အသားကျစေရန်သာ အာရုံစိုက်နေခဲ့သည်။
ဂိုဏ်းက သူ၏သက်စောင့်မီးအိမ်နှစ်လုံးနှင့် ပတ်သက်၍ တစ်ခွန်းတစ်ပါဒမျှ မေးမြန်းခြင်း မပြုချေ။ ယင်းသည် နှုတ်မှဖွင့်ဟမပြောဘဲ သဘောတူလက်ခံလိုက်ခြင်း ဖြစ်သည်။
ရက်ပေါင်းများစွာကြာပြီးနောက် ဂိုဏ်းက ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။
သုံးရက်ကြာလျှင် ချီရွှဲ့ထုံဂိုဏ်းသည် ဘိုးဘေးနှင့် အမှတ်ခုနစ်သခင်ကြီးဦးဆောင်သော ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်သည်။ သူတို့သည် ဝမ်ကူးဒေသကြီးထဲရှိ ခုနစ်ဂိုဏ်းမဟာမိတ်ကို သွားရောက်ကာ ပြောင်းရွှေ့ရေးနှင့် နေရာချထားရေးတို့ကို အသေးစိတ်ဆွေးနွေးမည်ဖြစ်သည်။
ဂိုဏ်းတစ်ဂိုဏ်း ပြောင်းရွှေ့ရေးနှင့် နေရာချထားရေးသည် ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်ပေ။ ကိစ္စပေါင်းများစွာကို သူတို့ ညှိနှိုင်းကြရမည်ဖြစ်သည်။ သို့သော်လည်း ညှိနှိုင်းမည့်သူက ရွှီချင်းမဟုတ်ပေ။ သူက အဖွဲ့ဝင်အဖြစ်သာ ရှိနေမည်ဖြစ်သည်။
ခေါင်းဆောင်၊ တတိယမင်းသားနှင့် တခြားတောင်ထိပ်များမှ မင်းသားများသည်လည်း ပါဝင်ကြရမည်ဖြစ်သည်။
ယခုတစ်ခေါက်တွင် ခုနစ်ဂိုဏ်းမဟာမိတ်သည် သူတို့၏ မောက်မာဝင့်ကြွားသောစိတ်ကို ထိန်းချုပ်ကာ တူညီသောအနေအထားတစ်ရပ်ဖြင့် ကြိုဆိုကြရမည်ဖြစ်သည်။
ထွက်မသွားခင်တစ်ညက ရွှီချင်း အိပ်မက်တစ်ခု မက်ခဲ့သည်။
ဤနှစ်ပေါင်းများစွာတစ်လျှောက် သူ အိပ်မက် မက်ခဲသည်။
အိမ်မက်ထဲတွင် သူသည် ကလေးဘဝသို့ ပြန်ရောက်သွားပြီး မွေးဖွားကြီးပြင်းရာမြို့ကြီးထဲရှိ သူ့မိဘများ၏ဘေးသို့ ပြန်ရောက်သွားသည်။
ထိုအချိန်က သူသည် အိမ်ခြေရာမဲ့တစ်ယောက် မဟုတ်သေးပေ။
ထိုအချိန်က သူ့မှာ ပျော်စရာကောင်းသော မိသားစုတစ်စု ရှိခဲ့သည်။
ထိုအချိန်က ဤလောကကြီး၏ ရက်စက်ကြမ်းကြုတ်မှုများကို သူ မသိသေးချေ။
အိပ်မက်ထဲတွင် သူ့မိဘများ၏ ရုပ်ရည်သွင်ပြင်က အနည်းငယ် ဝေဝါးနေခဲ့သည်။ သူ မှတ်မိနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါသော်လည်း နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်၍ တဖြည်းဖြည်း လွင့်ပျယ်သွားဆဲပင်။ ယင်းသည် ကျင့်ကြံခြင်းအခြေခံနှင့် မသက်ဆိုင်ဘဲ လူသားသဘာဝသာ ဖြစ်သည်။
သို့သော်လည်း အိပ်မက်ထဲတွင် သူ့အစ်ကိုကြီးက ပီပီပြင်ပြင် ပေါ်လာခဲ့သည်။
သူ့မှာ အစ်ကိုတစ်ယောက် ရှိသည်။
အိပ်မက်ထဲတွင် သူ့အစ်ကိုနှင့် သူက အလွန် ရင်းနှီးနေခဲ့ကြသည်။ သူတို့နှစ်ယောက်သည် အတူတူ ကြီးပျင်းလာခဲ့ကြပြီး ရွှံ့နွံများထဲ အတူတူကစားခဲ့ကြသည်။ နှစ်ယောက်သား စနောက်ရယ်မောခဲ့ကြပြီး ကျောင်းကိုလည်း အတူတူသွားကြကာ ညအခါမှာလည်း တစ်ယောက်ကိုတစ်ယောက် အဖော်ပြုခဲ့ကြသည်။
ကလေးတစ်ယောက်ဖြစ်၍ ရွှီချင်းက အားပျော့သည်။ သူ အနိုင်ကျင့်ခံရသည့်အခါတိုင်း သူ့အစ်ကိုကြီး ရောက်လာပြီး သူ့ကို အနိုင်ကျင့်သည့်ကလေးများအား ထိုးကြိတ်တတ်သည်။ သူသည် လဲကျနေသော ရွှီချင်းကို ထူပေးကာ ရွှီချင်း၏ခေါင်းကို ပုတ်တတ်သည်။ သူ၏လေသံက နွေးထွေးကြင်နာသည်။
“ မငိုနဲ့ ညီလေး၊ အစ်ကိုရှိတယ် ”