တစ်ယောက်တည်း စားချင်တာလား
Vol. 24 Ch. 366
ဆယ်လပိုင်း၊ ဆောင်းဦးရာသီ …
နန်းဟွမ်ကျွန်းကြီး၏မြောက်အရပ်၊ ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီး။
ရှည်လျားသော အဖြူရောင်ကတ်ကင်းပိတ်စကြီးသဖွယ် တိမ်ဖြူဖြူများမှလွဲ၍ မိုးသားကောင်းကင်ကြီးက ကြည်လင်နေသည်။ စာပေသမားတစ်ယောက်က ကောင်းကင်ကြီးကို အဖြူရောင်စုတ်တံတစ်ချောင်းနှင့် ခြယ်သနေသည့်အလား။ သာမန်ရေးဆွဲလိုက်သော စုတ်တံများသည်ပင် လှပသော မြင်ကွင်းတစ်ရပ် ဖြစ်သွားသည့်ပမာပင်။
မြေပြင်သည်လည်း မြင်သမျှ လှပနေတော့သည်။ ပင်မမြို့ကြီးက လှုပ်လှုပ်ရှားရှားဖြင့် သက်ဝင်စည်ကားနေ၏။ လူများသည် ရယ်မောကာ စီးပွားရေးအကြောင်း ပြောဆိုနေကြသည်။ ထိုသို့ဖြစ်နေကြသည်မှာ ချီရွှဲ့ထုံဂိုဏ်းက ရွှေ့ပြောင်းမည့်အစီအစဉ်အား ကြေညာထားသောကြောင့် ဖြစ်ပေသည်။
ချီရွှဲ့ထုံဂိုဏ်းကို ဆယ်နှစ်နှင့်အထက် အခွန်ပေးဆောင်ခဲ့ကြသည့် မည်သူမဆို ဝမ်ကူးဒေသကြီးသိ့ု သွားရောက်ခွင့်ရမည်ဖြစ်သည်။
တည်နေရာရွှေ့ပြောင်းစရိတ်ကိုမူ မိမိဘာသာ ပေးဆောင်ရမည်ဖြစ်သည်။
သို့သော်လည်း ယင်းသည် ချီရွှဲ့ထုံဂိုဏ်းထဲရှိ သာမန်လူများပင် မဆိုထားဘိ နန်းဟွမ်ကျွန်းကြီးတစ်ကျွန်းလုံးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာ စိတ်ကူးယဉ်နေကြသောအရာဖြစ်သည်။
မြို့ကြီးတစ်မြို့လုံး တက်ကြွလှုပ်ရှားနေစဉ် ပထမဆိပ်ကမ်းအပြင်ဘကတွင် သင်္ဘောကြီးခုနစ်စင်း ထည်ဝါစွာ စီတန်းထားသည်။ ထိုသင်္ဘောကြီးများအားလုံး ခရမ်းရောင်ဖြစ်ပြီး တစ်ပုံစံတည်း ဖြစ်သည်။ သင်္ဘောကြီးများသည် ပေသုံးသောင်းကျော် ရှည်လျားပြီး စစ်သင်္ဘောကြီးများနှင့် ဆင်တူသည်။
သင်္ဘောကိုယ်ထည်များမှာ ဝိညာဉ်ကျောက်ပြားများ၊ ရွှေပြားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သင်္ဘောများ၏ ထိပ်ဦးတွင် ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါကို ထုတ်လွှတ်နေသည့် ဧရာမသွေးမျက်လုံးကြီးတစ်လုံး ရှိသည်။
ပဲ့ပိုင်းတွင် အမြီးကိုးချောင်းလည်း ရှိသည်။ ထိုအမြီးများသည် ထူးဆန်းပြီး ကြောက်စရာကောင်းသည်။
သင်္ဘောကြီးများပေါ်တွင် ရှုပ်ထွေးသော မန္တန်အစီအရင်များလည်း ရှိသည်။
မန္တန်အစီအရင်အကြောင်း နားလည်သည့်လူတစ်ယောက်သာ ယင်းကို မြင်သွားပါက ထိတ်လန့်တုန်ရီသွားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုရှုပ်ထွေးသောမန္တန်အစီအရင်ကြီးကိုသာ အသက်သွင်းလိုက်လျှင် မည်သည့်သင်္ဘောကိုမဆို စစ်ခံတပ်ကြီးတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲပေးနိုင်သောကြောင့် ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းသားများက ထိုသင်္ဘောကြီးများပေါ် တက်နေကြသည်။
သူတို့ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် တောင်အသီးသီးမှ ဂိုဏ်းသားများဖြစ်ကြောင်း သိနိုင်သည်။
ယင်းအပြင် ထိုဂိုဏ်းသားများ၌ ထူးခြားသော အရှိန်အဝါများနှင့် မြင့်မားသော ကျင့်ကြံခြင်းအခြေခံများ ရှိကြသည်။ သူတို့ကြောင့် ဘေးပတ်လည်ရှိ ဂိုဏ်းသားများထံမှ စိတ်လှုပ်တရှား အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“ ပထမတောင်ထိပ်က ဒုတိယမင်းသားကို ငါ မြင်လိုက်တယ်။ သူက သူတော်စင်ကြယ်ကို ရှုံးပြီး တံခါးပိတ်ကျင့်ကြံသွားတယ်လို့ ပြောကြတာ။ အခု ပြန်ထွက်လာပြီ။ သူ သေချာပေါက် ပိုအစွမ်းထက်နေလောက်တယ် ”
“ သူတစ်ယောက်တည်းမဟုတ်ဘူး။ ဟိုမှာကြည့်၊ တတိယမြောက်နဲ့ စတုတ္ထမြောက်တောင်အသီးသီးက အကြီးဆုံးမင်းသားတွေ ”
“ ဒီမှာလည်း ဒုတိယမြောက်နဲ့ ပဉ္စမမြောက်မင်းသားတွေ ”
ဆိပ်ကမ်းပေါ်ရှိ ဂိုဏ်းသားများ ဆွေးနွေးနေကြစဉ် ခရမ်းရောင်သင်္ဘောကြီးတစ်စင်းပေါ်တွင် ရပ်နေသော ခေါင်းဆောင်သည် ထိုမြင်ကွင်းကို ကြည့်ကာ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
“ သူတို့ လက်စားချေကြမှာလား။ အရင်က မတတ်သာလို့ အားနည်းယောင်ဆောင်ခဲ့ကြပေမဲ့ စိတ်ထဲမှာ ဒေါသထွက်နေကြမှာ သေချာတယ်။ ဒီတော့ ဒီအခွင့်အရေးကို သုံးပြီး အရှက်ကွဲခဲ့တာကို ပြန်ကြေအောင် လုပ်ကြမှာလား ”
“ ချင်းလေး၊ ငါတို့ ခွန်ခွန်လေးကိုလည်း လက်စားချေသင့်တယ်လို့ မထင်ဘူးလား။ သူ့အစ်ကိုမှာလည်း ရွှမ်ယုံလက်ချောင်းတွေ ရှိတယ်ကွ ”
ခေါင်းဆောင်သည် ပန်းသီးတစ်လုံးကို ထုတ်ကာ ကိုက်လိုက်ရင်း ဘေးတွင် တင်ပျဉ်ခွေ၍ တရားထိုင်နေသော ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။ အမှတ်ခုနစ်သခင်ကြီးက သူ့ကို ဝမ်ကူးဒေသကြီးနှင့် ကြိုတင်၍ ရင်းနှီးနေစေရန် ဤခရီးစဉ်တွင် ထည့်သွင်းခဲ့သည်။
သူတစ်ယောက်တည်းသာမဟုတ်၊ တောင်အားလုံးက အလားတူ စီစဉ်ခဲ့ကြသည်။ အခြေခံအားဖြင့် ယခုတစ်ခေါက် သွားကြမည့်လူများသည် တောင်ထိပ်အသီးသီးရှိ မင်းသားအနည်းအကျဉ်းသာ ဖြစ်သည်။ သတ္တမမြောက်တောင်ထိပ်တွင်မူ မသွားချင်သော ဒုတိယမင်းသမီးမှလွဲ၍ တခြားသုံးယောက်လုံး သွားကြမည်ဖြစ်သည်။
ခေါင်းဆောင်၏ စကားများကို ကြား၍ ရွှီချင်းသည် အတန်ငယ် ငြိမ်သက်သွားပြီး ခေါင်းညိတ်လိုက်သည်။ မဟာမိတ်ဝင်ခွင့် အတည်ပြုခဲ့ဲပြီးနောက် ဂိုဏ်းက ဟွမ်ရီခွန်နှင့် တခြားလူများကို ဆက်လက်ဖမ်းဆီးထားခွင့်မပြုတော့ပေ။ ထိုကြောင့် သူတို့အားလုံးကို ပြန်လွှတ်ခဲ့ရသည်။
“ သူ ထောင်အသုံးစားရိတ် ပေးဖို့ကျန်သေးတယ်။ သူ ထွက်မသွားခင်တုန်းက ကြွေးမြီဝန်ခံချက် ရေးပေးသွားတာ။ ဒီတစ်ခေါက် အဲဒီအကြွေး တောင်းရမယ် ”
ရွှီချင်းက ရှင်းပြလိုက်သည်။
ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားပြီး ရွှီချင်းကို ပန်းသီးတစ်လုံး ပစ်ပေးလိုက်သည်။
“ ဟုတ်တယ်ကွ။ ငါတို့က ဒုက္ခရှာဖို့ သွားမှာမဟုတ်ဘူး။ အကြွေးတောင်းဖို့ သွားမှာ။ အာ ဒါနဲ့ ချင်းလေး တခြားလူတွေကော ထောင်အသုံးစားရိတ် ရှင်းသွားသေးလား ”
“ သူတို့အားလုံး ကြွေးမြီဝန်ခံချက် ရေးပေးသွားတယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဟား ဟား ချင်းလေး၊ ဒီအချက်တော့ မင်းကို လေးစားသွားပြီကွာ။ မင်းက ငါ့လို အကျိုးသင့်အကြောင်းသင့် လုပ်တတ်တဲ့ကောင်ပဲ။ ငါတို့နှစ်ယောက်က တရားမျှတတဲ့သူတွေလို့ ထင်တာပဲ။ အတင်းအကြပ်လုပ်တတ်တဲ့ အမှတ်သုံးညီလို မဟုတ်ဘူး။ အဲ့ကောင်က တော်တော်လွန်တယ်။ ဟမ် … အမှတ်သုံးညီ ဘယ်ရောက်သွားပြန်တာတုံး ”
ခေါင်းဆောင်က ပြုံးရွှင်စွာဖြင့် ဘေးပတ်လည်ကို ကြည့်လိုက်သည်။
“ ဒီကောင် အဘိုးကြီးကို သွားဖားနေလောက်တယ်။ မဟုတ်ရင်လဲ တခြားတောင်တွေက ဂိုဏ်းသူတွေကို သွားပိုးပန်းနေလောက်မယ်။ ငါ မင်းကို ပြောရဦးမယ်။ အဲ့ကောင် ဂိုဏ်းကို ဝင်လာကတည်းက ငါ သဘောမကျခဲ့တာကွ။ အစက အမှတ်နှစ်ညီမနဲ့ ဒီကောင့်ကို အောင်သွယ်ပေးပြီး နေ့တိုင်း အကြိတ်ခံရအောင် ငါ စီစဉ်ထားတာ ”
ခေါင်းဆောင်မှာ နောင်တရနေဟန်တူသည်။
ရွှီချင်းသည် ခေါင်းဆောင်ကို လှမ်းကြည့်လိုက်ပါသော်လည်း နှုတ်ဆိတ်နေသည်။
ခဏအကြာ တခြားတောင်ထိပ်မှဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် သင်္ဘောများပေါ် တက်ပြီးသွားသည့်အခါ သင်္ဘောကြီးခုနစ်စင်းသည် တဂျိမ်းဂျိမ်းမြည်ဟည်းကာ ဆိပ်ကမ်းမှ တဖြည်းဖြည်း ထွက်ခွာလိုက်ကြသည်။ ထို့နောက် တားမြစ်ပင်လယ်ထဲတွင် ခုတ်မောင်းကာ ဝမ်ကူးဒေသကြီးဆီသို့ ဦးတည်သွားလေသည်။
ယခုတစ်ခေါက်ခရီးစဉ်တွင် ချီရွှဲ့ထုံဂိုဏ်း၏ ခေါင်းဆောင်များမှာ ဘိုးဘေးရွှယ်လျန့်ကျစ်နှင့် အမှတ်ခုနစ်သခင်ကြီးတို့ ဖြစ်သည်။ တခြားတောင်သခင်ကြီးများသည် ဂိုဏ်းကို စောင့်ကြပ်ရန်နှင့် ပြောင်းရွှေ့ရန်အတွက် ပြင်ဆင်ရန် ကျန်နေခဲ့ကြသည်။
နန်းဟွမ်ကျွန်းကြီးသည် ဝမ်ကူးဒေသကြီးနှင့် အလွန်ဝေးကွာသည်။ ပုံမှန်အတိုင်း သွားလာလျှင် အလွန်ကြာမည်ဖြစ်သည်။
သင်္ဘောကြီးခုနစ်စင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ဆိပ်ကမ်းမှ ခွာလိုက်သည်နှင့် မှုန်ဝါးသွားသည်။ ဂိုဏ်းမန္တန်အစီအရင်ကြီး၏ အကူအညီဖြင့် သင်္ဘောကြီးခုနစ်စင်း၏ မန္တန်အစီအရင်များ အသက်ဝင်သွားပြီး တဝုန်းဝုန်း မြည်ဟည်းသံများကြားတွင် အစအနရှာမရအောင် ပျောက်ကွယ်သွားသည်။
သင်္ဘောကြီးများ ပြန်ပေါ်လာသောအခါတွင် ရေသူမကျွန်းပိုင်နက်အတွင်းသို့ ရောက်နေပြီ ဖြစ်သည်။
သင်္ဘောကြီးများသည် မရပ်တန့်ပေ။ ရေသူမကျွန်းများပေါ်ရှိ မန္တန်အစီအရင်များ၏ အကူအညီဖြင့် ထပ်မံ တည်နေရာရွှေ့ပြောင်းသွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အရံကျွန်းများသို့ ရောက်သွားသည်။
ထိုသို့ဖြင့် ကျွန်းများပေါ်ရှိ မန္တန်အစီအရင်များ၏ စွမ်းအားဖြင့် ချီရွှဲ့ထုံဂိုဏ်းသည် မကြာခင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပင်မကျွန်းကြီး၏ ကမ်းခြေသို့ ရောက်သွားသည်။ ထိုနေရာသည် ဝမ်ကူးဒေသကြီးသို့ ရောက်ရန် တည်နေရာရွှေ့ပြောင်းခြင်းတစ်ခုစာ အကွာအဝေးသာ ရှိသည်။
အကယ်၍ တည်နေရာရွှေ့ပြောင်းမသွားလျှင်ပင် ဝမ်ကူးဒေသကြီးသို့ရောက်ရန် အလွန်ဆုံး သုံးရက်သာ ခရီးဆက်ရပေမည်။
ဤနေရာတွင် ချီရွှဲ့ထုံဂိုဏ်းသားများသည် အားလပ်ရက်တစ်ရက် ရသွားကြသည်။ သင်္ဘောကြီးများပေါ်မှ သူတို့ ဆင်းနိုင်သည်။
အစိမ်းသက်သက်နေရာတစ်နေရာသို့ သူတို့ အလည်အပတ် ရောက်လာခြင်း ဖြစ်ပါသော်လည်း သူတို့ဂိုဏ်း၏ တားမြစ်ဓမ္မရတနာကြီးကို သူတို့ သိချင်စိတ်ပြင်းပြနေကြသည်။ တောင်အသီးသီး၏ ထူးချွန်သော ပါရမီရှင်များဖြစ်ကြ၍ သူတို့ကို ချီရွှဲ့ထုံဂိုဏ်း၏ အနာဂတ်ကိုယ်စားပြုသူများအဖြစ် မှတ်ယူနိုင်သည်။ သူတို့ဂိုဏ်း၏ တားမြစ်ဓမ္မရတနာကြီးအကြောင်း သူတို့ နားလည်ထားရန်မှာ ပို၍ပင် အရေးကြီးသည်။
သင်္ဘောကြီးများ ရပ်သွားသည်နှင့် သင်္ဘောကြီးခုနစ်စင်းမှ လူတစ်ယောက်ပြီးတစ်ယောက် ခုန်ထွက်သွားကြပြီး အဝေးရှိ ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကြီးဆီသို့ သွားကြလေသည်။ ရွှီချင်းသည် အဝေးသို့ လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ မယှဉ်သာအောင် အံ့သြစရာကောင်းသော ရှေးဟောင်းကြေးညိုရောင်မှန်ကြီး ပေါ်လာသည်။
မှန်ကြီးအောက်ဘက်တွင် မိုးထိလုမတတ် မြင့်မားသော ဘိုးဘေးရုပ်အလောင်းရုပ်ထုဆယ့်လေးခု ရှိသည်။ ထိုရုပ်ထံကြီးတစ်ခုချင်းစီတိုင်းမှ ရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။ အထူးဆန်းဆုံးမှာ ရုပ်ထုကြီးများထက်ရှိ ပိတ်ထားသော မျက်လုံးခုနစ်လုံး ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကြီး မွေးဖွားလာပြီးနောက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ကျန်ပိုင်နက်များသည် သွေးတစ်စက်မထွက်လိုက်ရဘဲ ချီရွှဲ့ထုံဂိုဏ်းလက်အောက်သို့ အလိုလို ကျရောက်သွားခဲ့သည်။ ယခုအခါမှစ၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သည် သူတို့၏ သမိုင်းကြောင်းကို မေ့ပစ်လိုက်ရတော့မည်ဖြစ်ပြီး ချီရွှဲ့ထုံဂိုဏ်း၏ လက်အောက်ခံအုပ်စု ဖြစ်လာတော့မည်ဖြစ်သည်။ ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကြီး တည်ရှိနေသမျှကာလပတ်လုံး သူတို့ကံကြမ္မာက ပြောင်းလဲသွားတော့မည် မဟုတ်ပေ။
မြောင်ချန်ကို အသုံးမလိုတော့၍ လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
ယခုအခါ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို အာရုံစိုက်သူ တစ်ယောက်မှ မရှိတော့ပေ။ ယင်ဟွမ်ပြည်နယ်ရှိ အင်အားစုအသီးသီး၏ အကြည့်များမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း အဆင့်နိမ့်ဂိုဏ်းအဖြစ်မှ အတင်းအကြပ် အဆင့်တက်လာနိုင်ခဲ့သော ယင်ဟွမ်ပြည်နယ်တစ်လျှောက် ပထမဆုံးအင်အားစုဖြစ်သော ချီရွှဲ့ထုံဂိုဏ်းအပေါ်သာ ကျရောက်နေသည်။
“ ချင်းလေး၊ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ငါ ကိုယ်ရေးကိုယ်တာကိစ္စလေး ဆွေးနွေးစရာ ရှိသေးလို့။ ဟင်းး အဲဒီတုန်းက ငါ ဒီနေရာကနေ လွတ်မြောက်ခဲ့တာ သူ့ကြောင့်လေ။ ငါ ဘယ်သူ့ကို ပြောနေမှန်း မင်းသိတယ်မလား။ အဲဒါကြောင့်မလို့ ဒီတစ်ခေါက် မင်းကို ခေါ်သွားလို့ အဆင်မပြေဘူး။ ငါ အခု သွားတော့မယ်။ အစ်ကိုကြီး မင်းကို ယုံထားမယ်နော်။ ဘယ်သူ့ကိုမှ ဒီအကြောင်း လျှောက်မဖွနဲ့ ”
ခေါင်းဆောင်သည် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်သည်။ တခြားသင်္ဘောများမှ လူများ တားမြစ်ဓမ္မရတနာကြီးဆီသို့ သွားနေကြသည်ကို မြင်ပြီးနောက် သူက ရွှီချင်းကို အသံပို့လွှတ်လိုက်ပြီးနောက် တည်ကြည်သောအမူအရာဖြင့် သင်္ဘောကြီးပေါ်မှ ဆင်းသွားသည်။
ရွှီချင်းက ဖျတ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် မတ်တတ်ရပ်လိုက်ပြီး ပုံမှန်အမူအရာဖြင့် ခေါင်းဆောင်နောက်သို့ ပြေးလိုက်သွားသည်။
“ ဘာလို့ ငါ့နောက်လိုက်လာတာတုံး ”
ခေါင်းဆောင်သည် ရွှီချင်း ရောက်လာသည်ကို သတိထားမိလိုက်ပြီး ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“ ကျနော့်မှာလည်း ကိုယ်ရေးကိုယ်တာကိစ္စလေးရှိလို့ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ခေါင်းဆောင်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး နားလည်သွားသည့်အမူအရာကို ဆင်မြန်းလိုက်သည်။
“ မင်း မြောင်ချန်ကို သွားသတ်မှာမလား။ သူ့နေရာကို ငါ သိထားတယ်။ မြန်မြန်သွားလိုက် ”
ခေါင်းဆောင်က ပြောရင်းဆိုရင်း ရွှီချင်းကို ကျောက်စိမ်းပေလွှာ ပစ်ပေးလိုက်သည်။
ရွှီချင်းသည် ကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်ပြီး ခေါင်းဆောင်နောက်သို့ ဆက်လိုက်သွားသည်။
“ မင်း ဘာလို့ ငါ့နောက်ဆက်လိုက်နေရတာတုံးဟ ”
ခေါင်းဆောင်မှာ အနည်းငယ် စိုးရိမ်ကြောင့်ကြလာသည်။
ရွှီချင်းသည် ပြန်မဖြေသေးဘဲ ဘေးပတ်လည်ကို တစ်ချက် အကဲခတ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်မှကြည့်လျှင် သေချာ မမြင်ရသော လျှိုမြောင်လေးတစ်ခုထဲသို့ လှစ်ခနဲ ခုန်ဆင်းလိုက်သည်။ ထို့နောက် သူ ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ ဆရာတူအစ်ကိုကြီး၊ ထုတ်လိုက်ပါ။ ကျနော်တို့ တစ်ရက်ပဲ အချိန်ရတာနော်။ ကျနော်တို့ မြန်မြန်စားမှ ဖြစ်မှာ ”
“ ဘာကိုစားရမှာတုံး ”
ခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
“ နှာခေါင်းကို စားရမှာလေ။ မနေ့ညက ပြတိုက်ကို ကျနော်ရောက်တော့ နှာခေါင်းပျောက်သွားတာ တွေ့တယ်။ ဆရာတူအစ်ကိုကြီး ယူသွားတာမလား။ မဟုတ်မှလွဲရော တစ်ယောက်တည်းစားဖို့ ကြံနေတာလား ”
ရွှီချင်းက အံ့အားသင့်နေဟန်ဖြင့် မေးလိုက်သည်။
ခေါင်းဆောင် ငြိမ်သက်သွားသည်။ ထို့နောက် သူ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရယ်မောလိုက်သည်။
“ ဟားဟား၊ ထင်ထားသလို ဆရာတူညီလေးကို ဖုံးထားလို့ မရဘူးပဲ။ ဟုတ်တယ် ဟုတ်တယ်။ အစ်ကိုက အစ်ကိုတို့နှစ်ယောက် အတူတူစားရအောင်လို့ စီစဥၤထားတာ။ စောစောက အစ်ကို မင်းကို နောက်လိုက်တာ ”
ခေါင်းဆောင်က ချောင်းဟန့်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို သူ လှည်ပတ်ကြည့်လိုက်ပြီးနောက် ဝမ်းနည်းပူဆွေးစိတ်ကို ကြိတ်မှိတ်ကာ သိုလှောင်အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ မြေပြင်ပေါ်သို့ ပစ္စည်းတစ်ခု ကျလာသည်။
ထိုပစ္စည်းသည် ဘိုးဘေးရုပ်အလောင်းရုပ်ထု၏ နှာခေါင်းကြီး ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းတွင် ရှိစဉ်က ထိုနှာခေါင်းကြီးသည် သာမန်ကျောက်တုံးတစ်တုံးသာ ဖြစ်ခဲ့သည်။ သို့သော်လည်း ဤနေရာတွင် ပေါ်လာသည်နှင့် ကြောက်ခမန်းလိလိအငွေ့အသက်များ ထုတ်လွှတ်လာသည်။ နှာခေါင်းကြီးတစ်ခုလုံး ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်လာသည်။
ရွှီချင်း၏မျက်လုံးများ ဝင်းလက်သွားပြီး ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့ကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများ တဝေါဝေါလည်ပတ်လာပြီး ကွန်ခြာနှစ်ခု ပေါ်လာသည်။ ရွှေကျီးကန်းကြီးလည်း ပေါ်လာပြီး အငမ်းမရ စုပ်ယူလိုက်သည်။
ခေါင်းဆောင်မှာ ချက်ချင်းပင် စိုးရိမ်ပူပန်သွားသည်။ ရွှီချင်းက နှာခေါင်းကြီးအား မြန်မြန်စုပ်ယူပစ်လိုက်မည်ကို သူ စိတ်ပူခဲ့သည်ဖြစ်၍ နှာခေါင်းကြီး၏ တစ်ဝက်ကျော်ကို စုပ်ယူကာ လက်ကျန်အား ရွှီချင်းကို ပေးရန် စီစဉ်ထားခဲ့သည်။
သို့သော် ယခုတွင် သူ၏အစီအစဉ်မှာ ပေါ်သွားခဲ့ပြီဖြစ်ပြီး ရွှီချင်းက နှာခေါင်းကြီးကို အငမ်းမရ စုပ်ယူနေပြီ ဖြစ်သည်။ သူသည် နှာခေါင်းကြီးကို အမြန်ဖက်လိုက်ပြီး နီမြန်းနေသော မျက်လုံးများဖြင့် အတတ်နိုင်ဆုံး စုပ်ယူရန် ကြိုးစားလိုက်သည်။
ထိုသို့ဖြင့် တခြားတောင်ထိပ်များမှ မင်းသားများက ခမ်းနားထည်ဝါသော ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကြီးကို ကြည့်၍ သက်ပြင်းများချနေကြစဉ် ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် တိတ်တဆိတ်ဖြင့် ပွဲတော်တည်နေကြသည်။
ရွှီချင်း၏ကိုယ်ထဲ ကြောက်ခမန်းလိလိစွမ်းအားများ ချက်ချင်း စုစည်းလာသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးသည်လည်း အမြန် ပြေးထွက်သွားပြီး နှာခေါင်းကြီး၏ စွမ်းအားများကို အတူတကွ စုပ်ယူလိုက်ကြသည်။
“ ဒါတော့ လွန်ပြီကွာ ”
ခေါင်းဆောင်မှာ ပို၍ပင် စိုးရိမ်ကြောင့်ကြလာသည်။ သူ၏သွားကိုလည်း အသုံးပြုရန် ဆုံးဖြတ်လိုက်ပြီး ကျောက်တုံးကြီးကို ကိုက်ချလိုက်သည်။ ယင်းက မလုံလောက်မှာကို စိုးရိမ်နေသည့်အလား လျှို့ဝှက်နည်းလမ်းတစ်မျိုးကို အသုံးပြုလိုက်ရာ သူ့ကိုယ်ပေါ်တွင် ပါးစပ်များစွာ ပေါ်လာပြီး ကိုက်ချလိုကကြသည်။
သူတို့နှစ်ယောက်က နည်းလမ်းကိုယ်စီဖြင့် အရူးအမူး စုပ်ယူလိုက်ကြသည်ဖြစ်၍ နှာခေါင်းကြီးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။
ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ကိုးဆယ့်သုံးခုမြောက်ဓမ္မတံခါး ချက်ချင်း ပွင့်သွားသည်။ ယင်းသည် အဆုံးသတ် မဟုတ်ပေ။ မကြာခင် ကိုးဆယ့်လေးခုမြောက်နှင့် ကိုးဆယ့်ငါးခုမြောက်ဓမ္မတံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာသည်။
ယခုတွင် သူ၏ဓမ္မတံခါးများကို ဖွင့်ရန် လိုအပ်သည့်စွမ်းအားမှာ ယခင်ကထက် ဆယ့်နှစ်ဆပိုများသည်။ သို့သော်လည်း သူ၏ဓမ္မတံခါးများ တစ်ခုပြီးတစ်ခု ပွင့်သွားဆဲပင်။ သို့ဖြစ်ပေရာ နှာခေါင်းကြီးထဲတွင် ကိန်းအောင်းနေသော စွမ်းအားများ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို မှန်းဆကြည့်နိုင်သည်။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားပြီး မကြာခင် နေ့တစ်ရက် ကုန်လွန်သွားသည်။ ချီရွှဲ့ထုံဂိုဏ်းမှ မင်းသားအများစု သင်္ဘောကြီးပေါ်သို့ ပြန်သွားသောအခါ ရွှီချင်းသည် တစ်ရာ့တစ်ခုမြောက်ဓမ္မတံခါးအထိ ဖွင့်ပြီးသွားပြီ ဖြစ်သည်။
ဘိုးဘေးရုပ်အလောင်းရုပ်ထုနှာခေါင်းကြီးမှာမူ လေးဆယ်ရာခိုင်နှုန်းအထိ လျော့ကျသွားပြီဖြစ်သည်။ ထိုလေးဆယ်ရာခိုင်နှုန်းသောအစိတ်အပိုင်းများကို ခေါင်းဆောင်က ကိုက်စားလိုက်ခြင်းဖြစ်သည်။
ကျန်အစိတ်အပိုင်းက များနေသေးသော်လည်း ဝိညာဉ်အရည်အသွေး လျော့ကျသွားပြီဖြစ်သည်။ ရွှီချင်းသာ စုပ်ယူချင်လျှင် မြင့်မားသော ကျင့်ကြံခြင်းအခြေခံတစ်ခု လိုအပ်သည်။ ထိုသို့မဟုတ်လျှင် ခေါင်းဆောင်ကဲ့သို့ စားပစ်ရမည်ဖြစ်သည်။
ရွှီချင်း အတန်ငယ် ချီတုံချတုံဖြစ်သွားသည်။ နှာခေါင်းကြီး၏ အစိတ်အပိုင်းများကို သူ အစာမခြေနိုင်ကြောင်း ခံစားမိ၍ ခဏကြာသည်အထိ သူ စောင့်နေလိုက်သည်။ နှာခေါင်းတစ်ဝက်ကို ခေါင်းဆောင်ခက်ခက်ခဲခဲဖြင့် ဝါးမျိုပြီးနောက် ရွှီချင်းက ကျန်နှာခေါင်းတစ်ဝက်ကို ချက်ချင်း သိမ်းဆည်းလိုက်သည်။
ခေါင်းဆောင်သည် ဗိုက်ကြီးဖောင်းကားသွားပြီး လေချဉ်တက်ကာ ခြေကားယားလက်ကားယားဖြင့် လှဲချလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ မထွေးနိုင်မအန်နိုင် ဖြစ်နေပုံရသည်။
“ ငါ စားတာ များသွားတယ်။ ချင်းလေးရေ ငါ့ကို ထူပါဦးကွာ။ ငါ မထနိုင်တော့လို့ ”