← Chapters

ကံစမ်းမဲ ကံထူးသူ၏ စိုးရိမ်ပူပန်မှု

Vol. 27 Ch. 391

ကံစမ်းမဲ ကံထူးသူ၏ စိုးရိမ်ပူပန်မှု

Vol. 27 Ch. 391

“ဥက္ကဋ္ဌရဲ့၊ အခု … ကျုပ်တို့ ပြဿနာ တစ်ခုနဲ့ ရင်ဆိုင်နေရပါသေးတယ်”

တစ်ချိန်လုံး ငြိမ်နေခဲ့သည့် ဥက္ကဋ္ဌ အိုးရန်က အနည်းငယ် စိုးရိမ်နေသော မျက်နှာထားနှင့် ရုတ်တရက် ပြောလာသည်။

“အဲ့ဒါက ကုန်ပစ္စည်း ပြဿနာတော့ မဟုတ်ပါဘူး၊ ဂုဏ်သိက္ခာနဲ့ ပတ်သက်တဲ့ ပြဿနာပါ”

သူ့စကားက လူတိုင်းကို မျက်မှောင်ကြုတ်သွားစေသည်။ သူတို့သည်လည်း ထပ်တူ စိုးရိမ်ကြောင်း ပြသနေ၏။

မောင်းသူမဲ့ကား မတော်တဆမှုကြောင့် ဝမ်ရုံ နည်းပညာ၏ ဂုဏ်သတင်းသည် လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။ ယခုအချိန်မှာတောင်မှ အင်တာနက်ပေါ်၌ အချိန်နှင့်အမျှ မကောင်းသတင်းများ ရှိနေဆဲပင်။ ဝမ်ရုံ နည်းပညာက ထုတ်ကုန်တစ်ခုကို ဖန်တီးလျင်တောင်မှ ဘယ်သူမှ မဝယ်လောက်ပါ။

ကုန်ပစ္စည်းက ဘယ်လောက် ကောင်းနေပါစေ ဘယ်သူမှ မဝယ်လျင် သူတို့၏ ကြိုးစားအားထုတ်မှုက မြောင်းထဲ ရောက်သွားပေလိမ့်မည်။

“ရောမမြို့ကို တစ်ရက်တည်းနဲ့ တည်ဆောက်ခဲ့တာမှ မဟုတ်ဘဲ၊ အများအမြင်ဆိုတာ အချိန်ယူရတယ်”

အိုးရန်ချင်းက ကူကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းကိုက်ထားမိသည်။

“ရောင်းလို့မရဘူးဆိုရင် အလကားပေးလိုက်ပေါ့”

ရဲ့လင်းချန်က အေးအေးလူလူ လက်ကာပြပြီး သဘောထားကြီးစွာ ပြောလိုက်သည်။

“အရင်ဆုံး ကံထူးသူ အယောက် ငါးရာကို မဲဖောက်ပေးလိုက်၊ အဲ့တစ်ယောက်ချင်းစီက ရှောင်ယွင် တစ်ခုစီ ရလိမ့်မယ်”

သူ့စကားက အားလုံး၏ မျက်လုံးကို ဝင်းလက်သွားစေသည်။ ဥက္ကဋ္ဌရှုက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေသည်။

“ဥက္ကဋ္ဌရဲ့က အရောင်းစွမ်းရည် ရှိလိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး၊ တကယ် အံ့ဩမိတယ်၊ ရှုနန် မင်းဆရာဆီကနေ အနည်းဆုံး တစ်ခုခုလောက် သင်ယူနိုင်မယ်ဆိုရင် ငါ ပျော်မိမှာ”

“ဟွန့် ကျွန်မဆရာက ကွန်ဖူးမှာ ထူးချွန်တာပါနော်၊ အဲ့ဒါ ကျွန်မ သင်ချင်တဲ့အရာပဲ”

ရှုနန်က တဲ့တိုး ပြောလိုက်သဖြင့် ဥက္ကဋ္ဌရှုသည် မတတ်နိုင်သည့်ဟန်ဖြင့် ခေါင်းခါလိုက်သည်။

ရဲ့လင်းချန်က အခြား ဘာကိုမှ အရေးမစိုက်ချေ။ ဝမ်ရုံ နည်းပညာမှာမူ အလုပ်များသော ကာလအတွင်း ရောက်နေပြီး ပြင်ဆင်မှုများ ပြုလုပ်ကာ အရာအားလုံးကို အစီစဉ်တကျ ပြုလုပ်နေသည်။

ထိုနေ့တွင် ဝမ်ရုံ နည်းပညာနှင့် ပတ်သက်သော သတင်းတစ်ခုက ရုတ်တရက် ပေါ်ထွက်လာသည်။ အကြောင်းအရာမှာ ဓာတ်ပုံပေါင်းများစွာ ပါဝင်သော သန့်ရှင်းရေး စက်ရုပ် ရှောင်ယွင်နှင့် ပတ်သက်သော ကိစ္စပင်။ ထိုသတင်း၏ အောက်တွင် လင့်ခ်တစ်ခုကို ပူးတွဲထားပြီး ၎င်းမှာ ရှောင်ယွင်ကို ဝယ်နိုင်သည့် website ဖြစ်လေသည်။

ထိုအခါ သတင်းက လူအများ၏ စိတ်ထဲ၌ ပုန်းအောင်းနေသော မှတ်ဉာဏ်များကို ပြန်နှိုးဆွမိသွားသည်။

[လခွမ်း၊ ဒီလို အမှိုက် ကုမ္ပဏီမျိုးက ပစ္စည်းအသစ်တစ်ခုနဲ့ ပြန်ထွက်လာရဲတယ်လား]

[ယီးပဲ၊ အရင်တစ်ခေါက်တုန်းက ငါတို့ ကြမ်းကြမ်းတမ်းတမ်း မပြောခဲ့မိဘူးနဲ့ တူတယ်၊ အစ်ကိုတို့ အစ်မတို့ သူတို့ကို ဆက်ဆဲရအောင်၊ သူတို့ ဒေဝါလီခံတဲ့အထိ ပြောကြမယ်]

[လခွမ်း ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ သူတို့က ကားတွေ မရောင်းတော့ဘဲ အမှိုက်သိမ်းတဲ့ စက်ရုပ် ရောင်းတာလား၊ လိုက်လည်း လိုက်ပါတယ်ကွာ]

[ဟားဟားဟား အရင်တုန်းက ဂုဏ်သိက္ခာ ကြီးမားတဲ့ ကုမ္ပဏီက ဒီလို ဖြစ်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားမိဘူး၊ ဆိုးလိုက်တာကွာ]

[ဝမ်ရုံ နည်းပညာက ဝိုင်လုပ်ငန်းစုအောက်က မဟုတ်ဘူးလား၊ ဒီဉာဏ်ရည်မြင့် စက်ရုပ်က အံ့ဩစရာ ကောင်းနေရင် ငါ အံ့ဩမိမှာ]

[အပေါ်ကလူ၊ အရင်တစ်ခေါက်တုန်းက သင်ခန်းစာ မရလိုက်ဘူးလား၊ မောင်းသူမဲ့ကားက တအား အံ့ဩဖို့ ကောင်းခဲ့တာ၊ ဒါပေမဲ့ အဆုံးသတ်ကျတော့ လူဘယ်နှစ်ယောက် အသတ်ခံလိုက်ရလဲ]

…

အင်တာနက်တွင် ပုတ်ခတ်ပြောဆိုခြင်းများ၊ သရော်ခြင်း၊ အထင်သေးခြင်းနှင့် အခြားသော ဆိုးရွားသည့် မှတ်ချက်များနှင့် ဆူညံနေသည်။ ထို့အပြင် ဝမ်ရုံ နည်းပညာကို အလှကုန်ပစ္စည်းဆိုင်တစ်ခုက ဝယ်ယူထားဖြင့် အများ လက်ခံယုံကြည်နိုင်စွမ်းက လျော့ကျနေ၏။

သို့သော် တစ်ခဏကြာသော် ပို၍ ပွက်လောရိုက်စေသည့် သတင်း ထွက်လာပြီး လူတိုင်းကို အရူးအမူး ဖြစ်သွားစေသည်။

[လခွမ်း အထင်ကြီးစရာပဲ၊ အားလုံး လင့်ခ်ထဲကို မြန်မြန် ဝင်ကြည့်လိုက်၊ အဲ့စက်ရုပ်ရဲ့ ဈေးကို ကြည့်ကြည့်]

[၈၈၄၈ ယွမ်ဆိုပါလား၊ သေစမ်းကွာ၊ ဓားပြတိုက်နေတာပဲ]

[အခု Dyson က စက်ရုပ်တွေတောင်မှ ၆၀၀၀ တောင် မရှိဘူး၊ ဒါတောင် သူတို့က ကုန်ပစ္စည်း အမှတ်တံဆိပ် အကြီးစားနော်]

[ရူးနေပြီ၊ ဝမ်ရုံ နည်းပညာက ရူးနေပြီ၊ သူတို့ ပိုက်ဆံအကြောင်း တွေးပြီး ရူးကုန်ကြတာပဲ]

[သူတို့က ငါတို့ကို အရူးလို ဆက်ဆံနေတာပဲ၊ သူတို့က အခွင့်ကောင်း ယူချင်နေတာ၊ သူတို့ကို ဘယ်သူက ဒီလို ယုံကြည်ချက်မျိုး ပေးလိုက်တာလဲ]

ဝမ်ရုံ နည်းပညာ၏ ဆိုးရွားသော ဂုဏ်သတင်းကို ပြောနေစရာပင် မလိုပါ။ ဝမ်ရုံ နည်းပညာ၏ ဂုဏ်သတင်း ရှိနေသေးလျင်တောင်မှ ဈေးက လူအများကို ကြောက်လန့်စေလောက်သည်။

တစ်ချိန်တည်းမှာပင် ဝမ်ရုံ နည်းပညာ၏ တိုးတက်မှုက အဓိက နည်းပညာခေါင်းဆောင်များ၏ အာရုံကို ဆွဲဆောင်သွားပြီး အတော်လေး ရယ်ချင်စရာ ကောင်းသည်ဟု ထင်နေကြသည်။ ကြော်ငြာက အလွန် သာမန်ရိုးကျ ဆန်လှပြီး နည်းလမ်းကလည်း အလွန် အရည်အသွေး နိမ့်ကာ အကျိုးကျေးဇူးကလည်း အလွန် ဆိုးသည်။ ဝမ်ရုံ နည်းပညာက သူတို့၏ ပြိုင်ဘက်ဖြစ်ရန် ဆက်၍ မထိုက်တန်တော့ပါ။

ထို့အပြင် ထိုကိစ္စကြောင့် ဒါရိုက်တာများသည် သူတို့၏ ရှယ်ယာများကို ရောင်း၍ ဝမ်ရုံ နည်းပညာမှ ထွက်သွား ကြသည်။

“ဟားဟားဟား ဝမ်ရုံက ဒီနေ့ ပိုဆိုးလာတာပဲ၊ သူတို့က ကိုယ့်သေတွင်း ကိုယ်တူးနေတာ”

“ဟုတ်တယ်မလား၊ ရှယ်ယာအားလုံးကို ရောင်းခဲ့နိုင်လို့ ငါ ဝမ်းသာမိတယ်၊ အဲ့ဒီ ဝိုင်အလှကုန်ပစ္စည်းက အစအနတွေ လိုက်ကောက်နေတာပဲ၊ ဟားဟားဟား …”

“အိုက်ယား … ဒါ အဲ့အလှကုန်ပစ္စည်းဆိုင်ရဲ့ ကျေးဇူးကြောင့်ပဲ၊ မဟုတ်ရင် ငါ့ဘောင်းဘီကိုတောင် ငါ ဆုံးရှုံးရ လောက်တယ်၊ ငါတို့နှစ်ယောက် ဂုဏ်ပြုပွဲလေး လုပ်ကြတာပေါ့”

“သူတို့က အလှကုန်ပစ္စည်းဆိုင်အနေနဲ့ ကောင်းကောင်း လုပ်နိုင်နေတာပဲ၊ ဒါပေမဲ့ သူတို့က နည်းပညာ ကုမ္ပဏီကို ဝယ်ရတယ်လို့၊ သူတို့က ချမ်းသာပြီး ရူးမိုက်တယ်၊ သူတို့က ငါတို့ကို ပိုက်ဆံပေးတဲ့ လူကောင်းတွေပဲ”

…

သူတို့အားလုံး ဆဲရေးတိုင်းထွာကြသော်လည်း ဝမ်ရုံ နည်းပညာ၏ ရည်ရွယ်ချက်က အထမြောက်သွားသည်။ လူတော်တော်များများသည် ဝမ်ရုံ နည်းပညာ၏ တရားဝင် website ကို အာရုံစိုက်ကြပြီး ဝေဖန်ကြလေသည်။

ထို့နောက် တရားဝင် webiste တွင် ကြော်ငြာကြီးတစ်ခု ပေါ်လာပြီး ကံထူးသူ အယောက်ငါးရာကို ထိုမှတ်ချက် ပေးသူများထဲမှ ရွေးချယ်လိုက်သည်ဟု ဆိုထားလေသည်။ သူတို့အားလုံး ဉာဏ်ရည်မြင့် သန့်ရှင်းရေး စက်ရုပ်ကို အခမဲ့ ရကြမည်ဟု ဆိုထားသည်။

[ဘာတွေဖြစ်နေတာလဲ၊ ငါက သူတို့ကို ယီးပဲလို့ ဆဲနေတာလေ၊ အခု ငါ မဲပေါက်သွားတယ်လို့ သူတို့က ပြောနေတာလား]

[ငါလည်း မဲပေါက်တယ်၊ တရားဝင် website က ငါ့ကိုလည်း ဆက်သွယ်လာတယ်၊ သူတို့ ဘယ်သူ့ကိုမှ အရူးမလုပ်ပါဘူးနော် ဟုတ်တယ်မလား]

[ဒီလိုစက်ရုပ်မျိုး ထပေါက်ကွဲမှာကို ငါ အရမ်း စိုးရိမ်တာပဲ၊ ငါ ဆုကို လက်ခံလိုက်ရမလား၊ ငါ အခု ဘာလုပ်သင့်လဲ၊ အရေးကြီးနေပြီ]

[ဟားဟားဟား အပေါ်ကလူရေ လက်မခံနဲ့၊ အဲ့ဒါ ချိန်ကိုက်ဗုံးပဲ]

[ငါ ဘာဆုမှ မရလို့ တော်သေးတယ်၊ ဒါနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်စရာ မလိုဘူး၊ ဟားဟားဟား …]

ရုတ်တရက်ကြီး မဲပေါက်သွားခြင်းက အားလုံးကို အံ့ဩသွားစေသည်။ သတိပေးချက် မရှိသလို ဘာအချက်ပြ ခြင်းမှလည်း မရှိပေ။ အရာအားလုံးက အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးသွားပြီး လူများ၏ ဆုများက တစ်နေ့တည်းနှင့် ရောက်ရှိလာသည်။

ရှောင်ယာသည် ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ယောက် ဖြစ်သည်။ သူမသည် မိုမြို့၌ ပြင်းထန်သော ဖိအားအောက်တွင် နေထိုင်နေရသည်။ သူမသည် အရစ်ကျ ပေးချေမှုအတွက် လစာကို ခြစ်ကုပ်၍ ရှန်ဟိုင်း၌ အိမ်သေးသေးလေး တစ်လုံး ဝယ်ခဲ့သည်။ သူမသည်လည်း အပေါင်စာချုပ်ကြောင့် ဖိအားများနေသည်။

သို့သော် ယနေ့တွင်မူ သူမသည် မဲပေါက်သွားသောကြောင့် စိတ်ကြည်နေ၏။

အရာအားလုံးသည် ဝမ်ရုံ နည်းပညာမှ သတင်းနှင့် စတင်ခဲ့သည်။ ဉာဏ်ရည်မြင့် သန့်ရှင်းရေး စက်ရုပ်ကု မြင်ပြီးနောက် မိတ်ဆက်စာများက အံ့ဩစရာ ကောင်းသည်ဟု ခံစားမိသဖြင့် သူမ မှတ်ချက်များကဏ္ဍ၌ ၆၆၆ ဟု ရေးခဲ့သည်။ မမျှော်လင့်ပဲ ကံကောင်းခြင်း နတ်ဘုရားမက သူမအား သနားကြင်နာပြီး တစ်ခု ပေးလာသည်။

၎င်းသည် သူမ၏ လစာတစ်ဝက်မက တန်ကြေးရှိပြီး အိမ်လခနှင့်ပင် ညီမျှသည်။ သူမတွင် အခြား ကုန်ကျစရိတ်များ ရှိပြီး ဘာမှလည်း မစုနိုင်ပါ။ ထိုစက်ရုပ်၏ မူရင်းဈေးသည် သူမအတွက် မရနိုင်သော အိပ်မက် တစ်ခုပင်။

သူမအိပ်မက်က အမှန်တကယ် ဖြစ်လာသဖြင့် သူမ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။

သူမ မနက် အိပ်ရာထသောအခါ စက်ရုပ်ကို ဖွင့်ခဲ့ပြီး သူမအခန်းအား ရှင်းစေခဲ့သည်။ ထို့နောက် သူမက အလုပ်သို့ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။

သူမဘဝက နောင်တွင် ပို၍ လွယ်ကူလာပေတော့မည်။ ထိုစက်ရုပ်နှင့်ဆိုလျင် သူမ အလုပ်က ပြန်လာပြီးနောက် သန့်ရှင်းရေး လုပ်စရာ မလိုတော့ပါ။ သူမ ထိုသို့တွေးပြီး ကုမ္ပဏီသို့ ရောက်လာလေသည်။

“ရှောင်ယာ မင်း ဒီနေ့ ဘာဖြစ်နေတာလဲ၊ မင်း ဒီနေ့ တောက်တောက်ပပ ပြုံးလှချည်လား”

လုပ်ဖော်ကိုင်ဖက် တစ်ယောက်က မေးလာသည်။ ရှောင်ယာက အသာပြုံးလိုက်သည်။

“ငါ မဲပေါက်လာလို့”

“မဲပေါက်တယ် ဟုတ်လား၊ အဲ့ဒါက ဝမ်ရုံ နည်းပညာက စက်ရုပ်တော့ မဟုတ်ဘူးမလား”

သူမ၏ လုပ်ဖော်ကိုင်ဖက်က မေးသည်။ အခြားသူများကလည်း အနားသို့ ရောက်လာသည်။

“အင်း အဲ့တစ်ခုလေ၊ ဘာပြဿနာ ရှိလို့လဲ”

ရှောင်ယာ ပဟေဠိ ဖြစ်သွားသည်။

“နင် ဝမ်ရုံ နည်းပညာရဲ့ ပစ္စည်းကို သုံးရဲတာလား၊ အိမ်က ပေါက်ကွဲသွားမှာကိုလည်း သတိထားဦး”

“ရှောင်ယာ၊ အရင်တစ်ခေါက်က ဘာဖြစ်သွားလဲ မင်း မသိဘူးလား၊ ငါ မင်းကို လင့်ခ်တစ်ခု ပို့လိုက်မယ်၊ မင်းဘာသာမင်း ဖတ်ကြည့်လိုက်”

“မဲပေါက်တဲ့ လူတော်တော်များများက အဲ့စက်ရုပ်ကို သူတို့အိမ် မီးလောင်သွားမှာကြောက်လို့ မသုံးရဲကြဘူး”

“ရှောင်ယာ၊ နင် မသုံးလိုက်ဘူးမလား၊ ဟုတ်တယ်မလား၊ လောဘမကြီးနဲ့နော်”

လူတိုင်း၏ ပြောစကားများက ရှောင်ယာ၏ မျက်နှာကို ဖြူရော်သထက် ဖြူရော်လာစေသည်။

All Chapters