ရေခြားမြေခြား ပတ်ဝန်းကျင်သစ်
Vol. 24 Ch. 368
ရွှီချင်း လျှောက်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိအားများ သက်ရောက်သွားသည်။ သူသည် ရပ်နေရုံဖြင့် ထိုနေရာရှိလူအားလုံး၏ အာရုံစိုက်ရာ ဖြစ်သွာားသည်။
တစ်ခါက သူတော်စင်ကြယ် ပိုင်ဆိုင်ခဲ့ဖူးသော သက်တန့်ကွန်ခြာသည်လည်း ရွှီချင်း၏ကိုယ်ပေါ်တွင် အလှတိုးသွားခဲ့သည်။
ယင်းသည် ရွှီချင်း၏ တုဖက်ကင်းသော ရုပ်ရည်ကြောင့်လည်း ဖြစ်သည်။ သူသည် ထွန်းတောက်မည့်ကြယ်တစ်ပွင့်အလား ဖြစ်နေပေရာ ဆိပ်ကမ်းပေါ်ရှိ ခုနစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းသားများမှာ ခေါင်းများငုံ့ထားရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ ထိုဂိုဏ်းသားများကြားရှိ ဂိုဏ်းသူများတွင် နားလည်ရခက်သော အကြည့်များ ပေါ်လာသည်။
ကောင်းကင်ယံတွင် ရွှယ်လျန့်ကျစ်က အားရကျေနပ်နေသည့်အကြည့်ဖြင့် ထိုမြင်ကွင်းကို ကြည့်နေသည်။ သူနှင့် မျက်နှာချင်းဆိုင်ရှိ မိုးသောက်ဝိညာဉ်တောင်ကြားနှင့် ကောင်းကင်ရတနာဂိုဏ်းတို့၏ ဘိုးဘေးများသည် ရွှီချင်းကို ပြုံး၍ ကြည့်ကာ ခေါင်းများခါယမ်းလိုက်ကြသည်။
“ တော်လောက်ပြီ ”
“ မင်းတို့က ငါတို့လိုမဟုတ်ဘူး။ အတော်တက်ကြွနေကြတာပဲ ”
ရွှယ်လျန့်ကျစ်က ရယ်မောလိုက်ပြီး သူ့ကို လာကြိုဆိုသော မိတ်ဆွေနှစ်ဦးနှင့်အတူ အဝေးသို့ ပျံသန်းသွားသည်။
ကောင်းကင်ယံရှိ ထိပ်သီးပုဂ္ဂိလ်များ ထွက်သွားပြီးနောက် ဆိပ်ကမ်းမှ ပတ်ဝန်းကျင်က ပို၍ပင် ဖိအားများလာသည်။ သို့သော်လည်း ရွှီချင်း တည်ရှိနေခြင်းသည် ပတ်ဝန်းကျင်ကို ဖိနှိပ်ထားလေရာ ခုနစ်ဂိုဏ်းမဟာမိတ်ထဲမှ ဂိုဏ်းသားများမှာ စိတ်ထဲတွင် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
ချီရွှဲ့ထုံဂိုဏ်းနှင့်ယှဉ်ပါက ခုနစ်ဂိုဏ်းမဟာမိတ်ရှိ ဂိုဏ်းသားများက ပွင့်လင်းရဲတင်းကြသည်။ ထို့ကြောင့် ထိုဂိုဏ်းသူများ၏ စူးစူးရဲရဲအကြည့်များကြောင့် ရွှီချင်း အနည်းငယ် နေရခက်လာသည်။
သူ ပေါ်ပေါ်ထင်ထင်ဖြစ်နေသည်ကို သဘောမကျပေ။
ထို့ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး၏ အာရုံစိုက်ရာဖြစ်အောင် ပြုလုပ်ခဲ့ပြီးနောက် သူ့ကိုယ်ပေါ်ရှိ ရောင်စုံအဝတ်အစားများကို ဖယ်ရှားကာ ဧည့်သည်များကို လက်ခံရန် ခုနစ်ဂိုဏ်းမဟာမိတ်က စီစဉ်ပေးထားသော သင်္ဘောပျံကြီးပေါ်သို့ တက်သွားသည်။
ခဏအကြာ ခေါင်းဆောင်သည်လည်း ပြေးလာသည်။
အမှတ်သုံးခေါင်းဆောင်သည် သင်္ဘောပျံကြီးပေါ် ရောက်သောအခါ လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။
“ ဆရာတူညီလေး၊ မဆိုးဘူး။ နောက်ကျရင် မင်းကို အကွက်နည်းနည်းပါးပါး သင်ပေးမယ်။ မဟာမိတ်ထဲက ဂိုဏ်းသူတွေကြားမှာ မင်း နာမည်ကြီးသွားမှာ သေချာတယ် ”
ရွှီချင်းသည် အမှတ်သုံးဆရာတူအစ်ကိုကို လှမ်းကြည့်လိုက်ပါသော်လည်း ဘာမှမဆိုပေ။ ခေါင်းဆောင်သည် ပန်းသီးတစ်လုံးကို ထုတ်ကာ ကိုက်လိုက်ပြီးနောက် ထေ့ငေါ့ပြောလိုက်သည်။
“ အမှတ်သုံး၊ အကျင့်မကောင်းတဲ့ကောင်။ မင်းရဲ့အဲဒီလှည့်ကွက်တွေ ရပ်ထားဦး။ ချင်းလေးက ငါနဲ့အတူတူပဲကွ။ အေးစက်စက်လမ်းစဉ်ကို လျှောက်နေတာ။ မင်းအကွက်တွေ အသုံးဝင်မှာ မဟုတ်ဘူး ”
အမှတ်သုံးဆရာတူအစ်ကိုက ပြုံးလိုက်သည်။ သူသည် သင်္ဘောပျံကြီးပေါ် ထိုင်လိုက်ပြီး ခံစားချက်အပြည့်ဖြင့် ဘေးပတ်လည်ကို ကြည့်လိုက်သည်။
ထိုသို့ဖြင့် လာရောက်ကြိုဆိုကြသော ဂိုဏ်းသားများ၏ စောင့်ရှောက်ပေးမှုဖြင့် ချီရွှဲ့ထုံဂိုဏ်းအဖွဲ့ကြီးသည် မြို့ကြီးထဲသို့ ခရီးဆက်သွားသည်။ လမ်းတွင် ရွှီချင်း၏ရင်ထဲသို့ အစိမ်းသက်သက်နယ်မြေတစ်ခုသို့ ရောက်လာရသောခံစားချက်တစ်ခု တိုးဝင်လာသည်။
ဤနေရာရှိ အဆောက်အအုံများသည် ကျစ်ထူဒေသမှ အဆောက်အအုံများနှင့် ပုံစံချင်းဆင်ပါသော်လည်း အမိုးခုံးအဆောက်အအုံများလည်း ရောနေသည်။ အဆောက်အအုံများ၏ အရောင်က အဖြူရောင်ဖြစ်၍ သန့်ရှင်းစင်ကြယ်သောခံစားချက်ကို ခံစားရစေသည်။
မြို့ကြီးထဲရှိ အသီးအရွက်များသည်လည်း နန်းဟွမ်ကျွန်းကြီးမှ အသီးအရွက်များနှင့် ကွဲပြားသည်။ အပင်များတွင် သစ်ရွက်အနည်းအကျဉ်းသာ ရှိပြီး ပင်စည်များက အလွန် တုတ်ခိုင်သည်။ ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခုလည်း မြို့ကြီးထဲ ပျံ့နှံ့နေသည်။ သူတို့ ဖြတ်သန်းသွားသည့်အခါ ထိုမွှေးရနံ့ကို အလိုလို ရှူရှိုက်မိလိုက်ကြသည်။
ရွှီချင်း ရှူရှိုက်ကြည့်လိုက်ပြီး ယင်းသည် အဆိပ်မဟုတ်ဘဲ သဘာဝဆေးတစ်မျိုးဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ယင်းသည် ခန္ဓာကိုယ်ကို တောင့်တင်းသန်မာစေပြီး ကျင့်ကြံခြင်းစွမ်းအားများကို အနည်းငယ် လည်ပတ်သွားစေသည်။
လမ်းတွင် မြို့ကြီးထဲ စီးဆင်းနေသော မြစ်လေးများကိုလည်း ရွှီချင်း မြင်လိုက်ရသည်။ မြစ်ရေက သတ္တဝါအားလုံးကို အားအင်ပြည့်စေနိုင်သော သိပ်သည်းထူထပ်သည့်ဝိညာဉ်စွမ်းအားများ ထုတ်လွှတ်နေသည်။
မဟာမိတ် တည်ရှိသည့်နေရာ၏ အပူချိန်က ချီရွှဲ့ထုံဂိုဏ်းနှင့် ကွဲပြားသည်။ ဤနေရာသည် ပို၍ ပူပြီး မြို့ကြီးထဲရှိ လူများက ပေါ့ပေါ့ပါးပါး အဝတ်အစားများကိုသာ ဝတ်ဆင်ကြသည်။
သိချင်စိတ်ပြင်းပြနေဟန်ရှိသော သူတို့မျက်နှာအမူအရာများအရ အားနည်းသူ အနည်းအကျဉ်းသာ ရှိသည်။ အများစုက မျှော်လင့်ချက်များဖြင့် ဝင်းလက်နေကြသည်။ ယင်းသည် အထက်ဂိုဏ်း၏သရုပ်ပင် ဖြစ်သည်။
ဤနေရာသည် မဟာမိတ်မြို့ကြီး၏ အစွန်အဖျားသာ ရှိသေးသည်။ မြို့ကြီးတစ်ခုလုံးက အလွန် ကျယ်ပြန့်သည်ဖြစ်ရာ သင်္ဘောပျံကြီးပေါ်မှ ကြည့်သည့်တိုင်အောင် အဆုံးကို ရွှီချင်း မမြင်ရပေ။
ယင်းသည် ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့ ဖြစ်သည်။
ခဏအကြ ချီရွှဲ့ထုံဂိုဏ်းမှလူများအားလုံး သတ်မှတ်ထားသောနေရာသို့ ရောက်သွားကြသည်။ ယင်းသည် ဧည့်သည်များအတွက် ခုနစ်ဂိုဏ်းမဟာမိတ် စီစဉ်ထားသော နေရာများအနက် တစ်ခု ဖြစ်သည်။
ယင်းသည် နေရာအကျယ်ကြီး ယူကာ တည်ဆောက်ထားသော စံအိမ်ကြီးတစ်လုံးဖြစ်သည်။ အထဲတွင် အရွယ်အစားမျိုးစုံနှင့် အဆောင်ဒါဇင်ပေါင်းများစွာ ရှိသည်။ အဆောင်တစ်ခုချင်းစီတိုင်းကို ကျောက်စိမ်းအုတ်များဖြင့် တည်ဆောက်ထားပြီး အလွန် အဖိုးတန်ဟန်တူသည်။
ထိုနေရာသိ့ု ရောက်ပြီးနောက် ခုနစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းသားများက နှုတ်ဆက်စကားဆိုကာ ထွက်သွားသည်။ ချီရွှဲ့ထုံဂိုဏ်းသားများသည် ပစ္စည်းများ နေရာချထားပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသည်။ ယင်းသည် မဟာမိတ်သို့ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်၍ သူတို့ အလွန် သိချင်စိတ်ပြင်းပြကာ လှည့်ပတ်ကြည့်ရှုချင်နေကြသည်။
ထိပ်ပိုင်းပုဂ္ဂိုလ်များက တွေ့ဆုံနေကြပြီဖြစ်သည်။ ဆွေးနွေးညှိနှိုင်းခြင်းများကို မနက်ဖြန်တွင် လုပ်ဆောင်ကြမည်ဖြစ်သည်။
တောင်ထိပ်အသီးသီးမှ မင်းသားများက လူစုခွဲသွားကြသည်။ ရွှီချင်းသည် သူ့အတွက် စီစဉ်ပေးထားသော နေအိမ်ကို သေချာကြည့်ရှုစစ်ဆေးလိုက်ပြီး ပါလာသည့် မန္တန်အစီအရင်များကို တပ်ဆင်လိုက်သည်။ အဆိပ်မှုန့်အနည်းအကျဉ်းကိုလည်း သူ ပက်လိုက်သည်။ ခဏအကြာ ခေါင်းဆောင်နှင့် အမှတ်သုံးမင်းသားတို့က သူ့ကို လာတွေ့ကြသည်။
“ ဆရာတူညီလေး၊ လာ လာ လာ၊ အစ်ကိုကြီး မင်းကို လိုက်ပြမယ် ”
ခေါင်းဆောင်သည် ရွှီချင်းအား လောကကြီးကို ပြသမည့်အလား မျက်လုံးမှိတ်ပြလိုက်သည်။
ရွှီချင်း သံသယအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ဘေးတွင် အမှတ်သုံးဆရာတူအစ်ကိုသည်လည်း ရွှီချင်းကို ပြုံးပြကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
“ စောစောက မဟာမိတ်ထဲက ငါ့မိတ်ဆွေဟောင်းတွေကို ငါ မေးကြည့်ထားတာ။ ဒီက အင်မော်တယ်ရေကန်က သိပ်ကောင်းတယ်လို့ အကြံပေးထားကြတယ်ကွ ”
“ ခုနစ်ဂိုဏ်းမဟာမိတ်ထဲကို အင်မော်တယ်အားတိုးမြစ် မစီးဆင်းခင်တုန်းက မဟာမိတ်ထဲမှာ အင်မော်တယ်ရေကန် နည်းနည်းပါးပါးပဲ ရှိတာ။ အခု မြစ်ရေ ရပြီဆိုတော့ အင်မော်တယ်ကန်တွေအများကြီး ဖွင့်ထားတယ်။ ငါတို့ ရေစိမ်သွားကြရအောင် ”
ခေါင်းဆောင်၏ မျက်လုံးများ တဖိတ်ဖိတ်လက်နေသည်။ သူသည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ရွှီချင်းနှင့် အမှတ်သုံးတို့ကို တီးတိုးပြောလိုက်သည်။
“ ကျား၊မ အတူတူ ချိုးလို့ရတဲ့ အင်မော်တယ်ရေကန်တွေ ရှိတယ်လို့ ငါ ကြားထားတယ်။ ဒီလိုမျိုးကိစ္စတွေက ပေါ်ပေါ်ထင်ထင်တော့ လုပ်ကြတာ မဟုတ်ဘူး။ ငါတို့ တိတ်တိတ်လေး သွားကြည့်ပြီး ဝေဖန်ကြစို့ ”
ရွှီချင်းသည် အစက မသွားချင်ပေ။ သူ မကျင့်ကြံချင်ပါသော်လည်း ခေါင်းဆောင်နှင့် အမှတ်သုံးဆရာတူအစ်ကိုတို့၏ သိမ်းသွင်းခြင်းကို တောင့်မခံနိုင်တော့ပေ။ နောက်ဆုံးတွင် သူ မငြိမ့်ချင် ငြိမ့်ချင်ဖြင့် ခေါင်းငြိမ့်လိုက်ရသည်။
သူတို့သုံးယောက်သည် အဝတ်အစားများ လဲလိုက်ကြပြီး မဟာမိတ်မြို့ကြီး၏ လမ်းများပေါ် လျှောက်သွားသည်။
ဘေးပတ်လည်ရှိ ဆိုင်များထဲမှ လူများ ဝင်ထွက်သွားလာနေကြပြီး လမ်းများပေါ်တွင်လည်း လမ်းသွားလမ်းလာများဖြင့် ပြည့်ကြပ်နေသည်။ ဆူဆူညံညံအသံများသည် နန်းဟွမ်ဒေသကြီးနှင့် အနည်းငယ် ကွဲပြားပြီး တစ်နယ်ရပ်ခြားသို့ ရောက်နေသည့်ခံစားချက် မြင့်တက်လာပြန်သည်။
ခေါင်းဆောင်သည် သစ်သီးတန်းမှ ယခင်က သူ တစ်ခါမှ မမြင်ဖူးသော သစ်သီးများစွာကိုပင် ဝယ်ခဲ့သည်။ သူသည် ရွှီချင်းနှင့် အမှတ်သုံးတို့ကို တစ်လုံးစီ ပစ်ပေးလိုက်သည်။ သူတို့သုံးယောက်သည် ဘေးပတ်လည်ကို ကြည့်ရင်း စားလိုက်ကြသည်။
“ ဒီနေရာက အကြီးကြီးပဲ။ ငါတို့ချီရွှဲ့ထုံဂိုဏ်းရဲ့ ပင်မမြို့ကြီးထက် ဆယ်ဆကျော်တောင် ပိုကြီးတယ်။ ညီသုံး၊ မင်းက ဝမ်ကူးဒေသကြီးဆိုတော့ ဒီနေရာကို မင်း ရင်းနှီးနေတယ်မလား ”
ရွှီချင်းသည် ဘေးပတ်လည်ကို ကြည့်ကာ ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။
“ မဟာမိတ်ထဲမှာ ပင်မမြို့ကြီးတစ်မြို့တည်း ရှိတာ မဟုတ်ဘူး။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းရဲ့ ပင်မမြို့ကြီးတွေ စုပေါင်းပြီး အခမ်းနားဆုံးမြို့ကြီး ဖြစ်လာတာ ”
အမှတ်သုံးဆရာတူအစ်ကိုက ပြုံး၍ ပြောလိုက်သည်။
“ ကျုပ်တို့ အခုရောက်နေတာက ကောင်းကင်ရတနာဂိုဏ်းရဲ့ ပင်မမြို့ကြီးပဲ ”
“ ပြီးတော့ ဒီခမ်းနားထည်ဝါတဲ့မြို့ကြီးအပြင်ဘက်မှာ မရေမတွက်နိုင်တဲ့ နိုင်ငံငယ်လေးတွေနဲ့ မဟာမိတ်ကို မှီခိုနေတဲ့ ဂိုဏ်းတစ်ရာ့သုံးဆယ် ရှိတယ် ”
“ အခုတစ်ခေါက် ချီရွှဲ့ထုံဂိုဏ်း အဓိက ဆွေးနွေးမှာက ဒီမြို့ကြီးထဲက တစ်နေရာကို ရွေးပြီး ကျုပ်တို့ ပြောင်းရွှေ့လာတဲ့အခါ ဒီမြို့ကြီးရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ပဲ ”
အမှတ်သုံးဆရာတူအစ်ကိုက လမ်းသွားရင်း ရှင်းပြလိုက်သည်။
ရွှီချင်းသည် စိတ်ဝင်တစားဖြင့် နားထောင်နေပြီး ခေါင်းဆောင်သည် လမ်းဘေးဝဲယာကို ကြည့်ကာ တစ်ခုခုကို ရှာနေဟန်တူသည်။
“ ခုနစ်ဂိုဏ်းမဟာမိတ်ရဲ့ အထွတ်အမြတ်နေရာက မြို့ကြီးခုနစ်မြို့ ထိစပ်နေတဲ့နေရာမဟုတ်ဘူး။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းရဲ့ ဂိုဏ်းပိုင်မြေတွေပဲ။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းရဲ့ ကျင့်ကြံခြင်းအတတ်တွေ၊ အုတ်မြစ်တွေ၊ ကံကြမ္မာနယ်မြေတွေကို မဟာမိတ်အတွက် ဖွင့်ပေးထားတယ် ”
အမှတ်သုံးဆရာတူအစ်ကိုက အဝေးရှိ ဧရာမ တောင်ဖြူကြီးတစ်လုံးအား ညွှန်ပြလိုက်သည်။
“ အဲဒါ ကောင်းကင်ရတနာဂိုဏ်းရဲ့ ဂိုဏ်းပိုင်မြေပဲ ”
“ ဘယ်ဂိုဏ်းသားမဆို အဲဒီကိုသွားပြီး လေ့လာသင်ယူလို့ရတယ်။ ဒါပေမဲ့ အခမဲ့မဟုတ်ဘူး။ ဈေးနှုန်းက ခေါင်ခိုက်နေတာ ”
“ ကျုပ်တို့ချီရွှဲ့ထုံဂိုဏ်းမှာလည်း အဲဒါတွေ ရှိတယ်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ ဇာတိမြေက ကျုပ်တို့ချီရွှဲ့ထုံဂိုဏ်းရဲ့ ကံကြမ္မာနယ်မြေလို့ ယူဆနိုင်တယ် ”
ထိုသို့ဖြင့် အမှတ်သုံးဆရာတူအစ်ကိုက အကြောင်းအရာများစွာ ရှင်းပြရင်း သူတို့သုံးယောက်က မြို့လယ်ခေါင်သို့ တဖြည်းဖြည်း ရောက်လာကြသည်။ မြစ်ကြီးဘေးတွင် အလွန် ခမ်းနားထည်ဝါသော အဆောက်အအုံတစ်လုံး ရှိသည်။
ထိုအဆောက်အအုံကြီးသည် ပဉ္စဂံပုံစံရှိပြီး အလွန် ကြီးမားသည်။ မြစ်ရေများ ထိုအဆောက်အအုံကြီးထဲသို့ စီးဝင်နေ၏။ ထိုမြစ်ရေများကို သန့်စင်ပြီးနောက် ရေစီးကြောင်းများစွာ ခွဲထွက်သွားကာ အဆောက်အအုံထဲရှိ နေရာအသီးသီးသို့ စီးဆင်းသွားသည်။
ထိုနေရာသည် အလွန် စည်ကားနေ၏။ ဂိုဏ်းသားများနှင့် ဂိုဏ်းသူများစွာ ဝင်ထွက်နေကြပြီး သူတို့ဝတ်စုံများက မတူညီကြသည်ဖြစ်ရာ မဟာမိတ်ထဲရှိ ဂိုဏ်းအသီးသီးမှ ရောက်လာကြခြင်းဖြစ်သည်မှာ သိသာသည်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ဂိုဏ်းသားများသာမက အပြင်ဘက်ရှိ ဂိုဏ်းပေါင်းတစ်ရာ့သုံးဆယ်မှ ဂိုဏ်းသားများလည်း ရှိနေသည်။
“ ဒီမှာပဲဟ ”
ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားပြီး ရွှီချင်းနှင့် အမှတ်သုံးဆရာတူအစ်ကိုတို့ကို ဆွဲခေါ်သွားသည်။ အမှတ်သုံးဆရာတူအစ်ကိုက ဝင်ကြေးများကို ပေးဆောင်လိုက်ပြီး ခဏအကြာတွင် သူတို့သုံးယောက်ကို ကန်ကြီးတစ်ကန်ဆီသို့ ဆွဲခေါ်သွားသည်။
ကန်ကြီးထဲတွင် မြူများ ရစ်သိုင်းနေပြီး ကန်ကြီးထဲရှိ မလုံ့တလုံ ဝတ်ဆင်ထားကြသော ဂိုဏ်းသားများ၊ ဂိုဏ်းသူများကို ဝိုးတဝါး မြင်နိုင်သည်။ ထိုကန်ကြီးထဲတွင် ဂိုဏ်းသားများစွာ ရှိနေသည် မဟုတ်ပေ။ တချို့ဂိုဏ်းသားများက တီးတိုးပြောဆိုနေကြပြီး တချို့က မျက်လုံးများကို မှိတ်၍ တရားထိုင်နေကြသည်။
မြူခိုးများထဲတွင်ဖြစ်၍ မြင်ကွင်းက မရှင်းလင်းပေ။
ရွှီချင်းသည် ကန်ကြီးဆီသို့ ရောက်ပြီးနောက် ကန်ကြီးထဲရှိ ဝိညာဉ်စွမ်းအားများက ထူထပ်သိပ်သည်းပြီး ရေများက သန့်စင်ကြည်လင်နေသည်ကို အာရုံခံမိလိုက်သည်။ ရေထဲတွင် ဓာတ်နှောများ လုံးဝ မရှိပေ။
ကျင့်ကြံသူတစ်ယောက်သာ ဝင်စိမ်လိုက်ပါက အသက်ရှူပညာရပ်ကို အသုံးချလိုက်သည်နှင့် ခန္ဓာကိုယ်ထဲမှ ဓာတ်နှောများ သန့်ရှင်းစင်ကြယ်သွားမည်မှာ သေချာသည်။
ရွှီချင်းမှာ ဓာတ်နှောများ မရှိပါသော်လည်း ဤနေရာတွင် ကျင့်ကြံလျှင် နှစ်ဆမြန်ဆန်သွားမည် ဖြစ်သည်။
“ ငါ ထင်ထားတဲ့အတိုင်း ကျား၊မ ရေကန်ကြီးပဲ ”
ခေါင်းဆောင်သည် ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ပြီး အဝတ်အစားများ ချက်ချင်း ချွတ်ချလိုက်သည်။ သူသည် အင်္ကျီပါးလေးတစ်ထည်သာ ဝတ်ဆင်ပြီး ကန်ထဲသို့ ဆင်းသွားသည်။ အမှတ်သုံးဆရာတူအစ်ကိုသည်လည်း သူ့အတိုင်းပင်။ ရွှီချင်းသည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် သူ့အနွေးထည်ကြီးကိုလည်း ချွတ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကန်ထဲသို့ ဆင်းပြီးနောက် နေရာတစ်နေရာကို ရှာတွေ့သွားပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။
ရေအပူချိန်က သာမန်သာ ဖြစ်သည်။ သူ့တစ်ကိုယ်လုံး စိုရွှဲသွားပြီးနောက် သူ့စိတ်ထဲ သက်တောင့်သက်သာရှိသလို ခံစားလိုက်ရသည်။ ဝိညာဉ်စွမ်းအားများသည်လည်း သူ၏ခန္ဓာကိုယ်ရှိ မွေးညင်းပေါက်များမှတစ်ဆင့် သူ့ကိုယ်ထဲ စီးဆင်းသွားရာ သူ၏ကျင့်ကြံခြင်းစွမ်းအားများ တဖြည်းဖြည်း လည်ပတ်သွားသည်။
သူတို့သုံးယောက်သည် ထောင့်တစ်ထောင့်တွင် ကပ်နေပြီး အနည်းငယ် ရုပ်ဖျက်ကာ မဟာမိတ်ဂိုဏ်းသားများဟန်ဆောင်ထားသည်ဖြစ်ရာ အပြင်လူများအနေဖြင့် သူတို့ကို သတိထားမိရန် မလွယ်ကူပေ။
ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ ဂိုဏ်းသားအသစ်များ ရောက်လာပြီး တချို့က ထွက်သွားကြသည်။
နှစ်နာရီကြာပြီးနောက် အပြင်လောကကြီးထဲတွင် ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားခဲ့သည့်အလား ကန်ကြီးထဲရှိ ခုနစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းသားအချင်းချင်း တီးတိုးတီးတိုး ပြောဆိုလိုက်ကြသည်။
“ ချီရွှဲ့ထုံဂိုဏ်းက အဲဒီလောက်တောင် အစွမ်းထက်တာလားဟ ”
“ ငါ အခုလေးတင် သတင်းရလိုက်တာ။ စောစောက ချီရွှဲ့ထုံဂိုဏ်းရဲ့ တတိယမြောက်တောင်ထိပ်က အကြီးဆုံးမင်းသားက မိစ္ဆာသားကောင်ဂိုဏ်းရဲ့ ကောင်းကင်လက်ရွေးစင်တွေကို စိန်ခေါ်ခဲ့တာ။ သူက သုံးယောက်ကို တစ်ဆက်တည်း တိုက်ခဲ့တာ နှစ်ယောက်ကို အနိုင်ယူသွားတယ်။ သူက စီမာလင်းလောက် နာမည်ကြီးတဲ့ ချန်ယွင်ဟွားနဲ့ လက်ရည်အတူတူပဲ။ စီမာလင်းက တိုက်ပွဲကို ငြင်းခဲ့တာ ”
“ မဟာကျယ်ပြန့်တာအိုနန်းတော်လည်း ဘာထူးလဲ။ ချီရွှဲ့ထုံဂိုဏ်းရဲ့စတုတ္ထမြောက်တောင်ထိပ်က အကြီးဆုံးမင်းသားက အခု သူတို့ကို စိန်ခေါ်နေတာ။ တိုက်ပွဲက ပြင်းထန်တယ်လို့ ကြားတယ်။ ရွှေအမြုတေအဆင့်အောက်က လူတိုင်းကို စိန်ခေါ်မယ်လို့တောင် ကြားတာပဲ ”
“ အရင်တုန်းက ငါတို့မဟာမိတ်က ကောင်းကင်လက်ရွေးစင်တွေ ချီရွှဲ့ထုံဂိုဏ်းကို ရောက်တော့ နိုင်ပွဲတွေ ဆက်တိုက်ရတယ်လို့ ငါ ကြားတယ်။ ကြည့်ရတာ ချီရွှဲ့ထုံဂိုဏ်းက ဖုံးကွယ်ထားတဲ့ပုံပဲ။ အခုမှ သူတို့အစွမ်းကို ထုတ်ပြနေတာ ”
ထိုစကားသံများကို ကြား၍ ရွှီချင်းနှင့် တခြားနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ခေါင်းဆောင်က လေသံတိုးတိုးဖြင့် ရုတ်တရက် ပြောလိုက်သည်။
“ ဒါ ကံကြမ္မာဖန်တီးဖို့ အခွင့်အလမ်းတစ်ခုပဲကွ ”
ထိုသို့ပြောပြီးသည်နှင့် ရွှီချင်းကို သူ ကြည့်လိုက်သည်။
“ အစ်ကိုကြီး ပြောတာမှန်တယ်။ ဒီကိစ္စကို ကိုင်တွယ်နိုင်လိုက်ရင် ကျုပ်တို့ အချီကြီး ပွသွားနိုင်တယ် ”
အမှတ်သုံးဆရာတူအစ်ကိုသည်လည်း နွေးထွေးသောအမူအရာဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် ငြိမ်သက်နေပြီးနောက် ခဏအကြာတွင် ပြောလိုက်သည်။
“ ကျနော်တို့ အကျိုးအမြတ်ကို ဘယ်လိုခွဲကြမလဲ ”