တစ်နေ့တည်းနှင့် သန်းသုံးရာကျော် မှာယူခြင်း
Vol. 27 Ch. 393
ဝိုင်အလှကုန်ပစ္စည်းဆိုင်သည် ယခင်အတိုင်း လူများ ပြည့်နှက်နေသည်။ မိန်းကလေးများအပြင် ကူကယ်ရာ မဲ့နေသော မျက်နှာထားများနှင့် ရှိနေကြသည့် ယောက်ျားလေးများစွာပါ ရှိနေကြသည်။ သူတို့ကို သူတို့၏ ချစ်သူကောင်မလေးများက အတင်းခေါ်လာခြင်းဖြစ်မှန်း သိသာလှသည်။
ထိုသို့သောအချိန်၌ ယောက်ျားလေးတစ်သိုက်သည် စောင့်လျက် စကားပြောနေကြသည်။ တစ်ယောက်ချင်းစီ၌ စိတ်လှုပ်ရှားသော အမူအရာများ ရှိနေလေသည်။
“မင်းတို့ ကြားပြီးပြီလား၊ ဝိုင်အလှကုန်ပစ္စည်းဆိုင်က ဝမ်ရုံ နည်းပညာကို ဝယ်လိုက်တာတဲ့၊ ပြီးတော့ သူတို့က ကုန်ပစ္စည်း အသစ်လည်း ထုတ်လိုက်သေးတယ်၊ အခု တော်တော် နာမည်ကြီးနေတာ”
“ကြားတာပေါ့၊ အဲ့ဒါက ရှောင်ယွင်လို့ ခေါ်တဲ့ သန့်ရှင်းရေးစက်ရုပ်လို့ ငါ ကြားတယ်၊ ငါ ဗွီဒီယို ကြည့်ပြီးသွားပြီ၊ ငါတောင် ‘သောက်ကျိုးနည်း အံ့ဩဖို့ကောင်းလိုက်တာ’ လို့ ဖြစ်သွားတာ”
“အဲ့လိုဆိုရင် နောက်ပိုင်း အိမ်မှာ တံမြက်စည်းလှည်းဖို့နဲ့ ကြမ်းတိုက်ဖို့တောင် မလိုတော့ဘူး၊ အဲ့ဒါက အများကြီး သက်သာတယ်”
“ဟုတ်တယ်၊ အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ သန့်ရှင်းရေးဝန်ထမ်း ထားတာက တစ်ခါကို ယွမ်တစ်ရာကျော်လောက် ကုန်တယ်၊ ဒီစက်ရုပ် ဝယ်တာကမှ ပိုကောင်းသေးတယ်”
…
လူတိုင်း အချင်းချင်း အပြန်အလှန် စကားပြောနေကြသည်။ သူတို့သည် ပျင်းရိနေသဖြင့် စကားပြောလိုက်၊ အတင်းချလိုက် ဖြစ်နေလေသည်။
အချို့သော စပ်စုလိုသည့် လူများသည် ကျန်းယွင်ရှီထံ လျှောက်သွားပြီး ရှောင်ယွင်၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းကြသည်။ ဤနေရာသို့ အလှကုန်ပစ္စည်းဝယ်ရန် လာရောက်ကြသော မိန်းကလေးများသည် ဘယ်သောအခါမှ ပိုက်ဆံ ပြတ်မနေပါ။ သူတို့၏ မျက်လုံးထဲတွင် စိတ်အားထက်သန်နေသော အရိပ်အယောင်များ ရှိနေသည်။ အကယ်၍ သူတို့သာ တတ်နိုင်လျင် သူတို့ လိုချင်သည့်အခါတိုင်း သက်တောင့်သက်သာ ဝယ်လိုက်မှာပင်။
ထိုစဉ် ခြေသံများကို ကြားလိုက်ရသည်။ ဝမ်ရုံ နည်းပညာ၏ ယူနီဖောင်းကို ဝတ်ဆင်ထားသော လူနှစ်ယောက်က လူအများ၏ အာရုံကို ညှို့ယူသွားည်။
သူတို့သည် ရှောင်ယွင်ကို သယ်ထားကြသည်။
“ဟဲလို၊ မိန်းကလေးကျန်း၊ ဒါက ဝိုင်လုပ်ငန်းစုရဲ့ နောက်ဆုံးပေါ် စက်ရုပ်ပါ၊ ဒါကို ဆိုင်သန့်ရှင်းရေးမှာ ကူညီဖို့ မင်းအတွက် သီးသန့် ပို့လိုက်တာပါ”
ဝန်ထမ်းက တလေးတစား ပြောလေသည်။
“ဒီလို စက်ရုပ်မျိုးက သုံးလို့ကောင်းလား”
ကျန်းယွင်ရှီ၏ မျက်လုံးတွင် စူးစမ်းလိုသော အရိပ်အယောင် ပေါ်နေသည်။ ထိုသို့သော သတင်းမျိုးကို အာရုံစိုက်တတ်သည်က သူမအတွက် မထူးဆန်းပါ။ ရဲ့လင်းချန် လှည့်စားမည်ကို သူမ အစက စိုးရိမ်ခဲ့သော်လည်း ယခု သူမ စိတ်အေးကာ သက်ပြင်းချလိုက်သည်။
“ဟဲဟဲ၊ ဒီတစ်ခုက အင်တာနက်ပေါ်က ပစ္စည်းတွေနဲ့ ယှဉ်ရင် ဉာဏ်ရည်မြင့် လုပ်ဆောင်ချက်တစ်ခု အပို ပါပါတယ်၊ ဒါက လက်တလော မရောင်းချသေးတဲ့ နောက်ဆုံးပေါ် မော်ဒယ်လ်ပါ”
*ပိုပြီးတော့ နည်းပညာမြင့်တာလား*
ဝန်ထမ်း၏ စကားက ဘေးပတ်လည်မှ လူများကို ပို၍ စိတ်ဝင်စားသွားစေသည်။ လူတိုင်းက သူတို့ကို အာရုံ စိုက်လာကြသည်။
“ကြွားမနေနဲ့၊ ကောင်းတယ်ဆိုရင် ဘာလို့ ဖွင့်ဖောက်ပြီး မစမ်းတာလဲ”
တစ်ယောက်က မနေနိုင်ဘဲ တိုက်တွန်းသည်။
“ဟုတ်တယ်၊ မြင်မှ ယုံမယ်၊ ဒါက တကယ် ဘယ်လောက် နည်းပညာ မြင့်လဲ ကြည့်ရတာပေါ့”
“အဲ့လောက် စွမ်းတယ်ဆိုရင် ငါ သေချာပေါက် ဝယ်မယ်၊ ငါတို့ကို အရင် ကြည့်ခွင့်ပေးဦး”
ဝမ်ရုံ နည်းပညာမှ ဝန်ထမ်းနှစ်ယောက်က အချင်းချင်း ပြန်ကြည့်လိုက်ကြပြီးနောက် ကျိတ်ပြုံးကာ စက်ရုပ်ကို ခလုတ် ဖွင့်လိုက်သည်။
စက်ရုပ်သည် အင်တာနက်ပေါ်မှ စက်ရုပ်နှင့် အသွင်အပြင် တူသော်လည်း မျက်လုံး ဖြစ်ဟန်တူသည့် အလင်းလေးနှစ်ခု ဖြတ်ပြေးနေသည်။
“ဉာဏ်ရည်မြင့် စက်ရုပ်လေး ရှောင်ယွင် အခု အားအပြည့် ရှိနေပြီးတော့ ဝန်ဆောင်မှုပေးဖို့ အသင့် ဖြစ်ပါပြီ”
ရှောင်ယွင်သည် ခေါင်းလေး လည်လာပြီး ချစ်စရာကောင်းသော စက်ရုပ်သံလေးဖြင့် ပြောလာ၏။
“ဝိုး … သူတို့က ဒီတစ်ခုမှာ တကယ် အသံစနစ်ကို ထည့်လိုက်တာပဲ”
လူတိုင်း ရေရွတ်ကြသည်။
“ဟုတ်ပါတယ်၊ ဒီစက်ရုပ်ကို အသံနဲ့ အမိန့်ပေးပြီး ထိန်းချုပ်နိုင်ပါတယ်၊ အင်တာနက်ပေါ်က စက်ရုပ်တွေထက် ပိုပြီး ဉာဏ်ရည်မြင့်အောင် ပြုလုပ်ထားတာပါ”
ဝန်ထမ်းက ရှင်းပြသည်။
“ရှောင်ယွင် အခန်းကို ထပ်ရှင်းပေးပါဦး”
စူးစမ်းချင်နေသော ကျန်းယွင်ရှီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
ရှောင်ယွင်က ပြန်ပြောပြီး အလုပ် စလုပ်လေသည်။
ဝိုင်အလှကုန် ပစ္စည်းဆိုင်တွင် လူများစွာ ရှိပြီး သူတို့၏ အလှကုန် ပစ္စည်းများမှ အစအနများစွာ ရှိနေသဖြင့် ကြမ်းပြင်က ပေကျံနေသည်။ လူတိုင်း၏ စိတ်ဝင်တစား ကြည့်နေသော အကြည့်အောက်မှာပင် ရှောင်ယွင်က လမ်းတစ်လျှောက် ဖြည်းဖြည်းချင်း ရွေ့လျားနေ၏။
“ဝိုး … ဒါရဲ့ သန့်ရှင်းရေး အရည်အချင်းက ကောင်းလိုက်တာ၊ အရမ်းကြီးပြီး အရမ်းလေးတဲ့ အမှိုက်တွေကလွဲရင် ဖြတ်သွားတဲ့ နေရာတိုင်းက အခြားဟာတွေကိုပါ စုပ်ယူသွားတာ”
“အဲ့ဒါက တော်တော် ဉာဏ်ကောင်းပြီးတော့ ခပ်ဝေးဝေးက သူ့ရှေ့မှာ ရှိနေတဲ့ အတားအဆီးတွေကို ခန့်မှန်းနိုင်ပြီး တော့ ကြိုရှောင်နိုင်တာပဲ၊ ငါ့အိမ်ကဟာထက်တောင် ပိုဉာဏ်ကောင်းသေးတယ်”
“လမ်းကြောင်းတစ်ခုတည်းကို ထပ်ခါထပ်ခါ သွားခဲတာကို သတိထားမိလား၊ လမ်းတွေကို မှတ်မိတာကလည်း သူ့ရဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခုပဲကွ”
…
လူတိုင်း စူးစမ်းစိတ်ဖြင့် ကြည့်နေကြပြီး ပို၍ စိတ်ဝင်စားလာကြသည်။
ထိုစဉ် တစ်စုံတစ်ယောက်က လှမ်းကြည့်ပြီး ရှောင်ယွင်ကို တားရန် မတ်တပ်ရပ်လိုက်သည်။ ရှောင်ယွင်က ချက်ချင်း ရှောင်သော်လည်း ထိုလူက ခြေထောက်ကို မြှောက်၍ လမ်းကို ထပ်ပိတ်ပြန်သည်။
ထိုသို့ သုံးကြိမ်တိုင်တိုင် ဖြစ်နေပြီးနောက် ရှောင်ယွင် ရပ်သွားလေသည်။ ၎င်း၏ အလင်းက တဖျပ်ဖျပ် လတ်လာပြီး ပြောလာသည်။
“ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ၊ ရှောင်ယွင်ရဲ့ အလုပ်ကို မနှောင့်ယှက်ပါနဲ့”
“ဝါး … တအား ချစ်ဖို့ ကောင်းလိုက်တာ”
“ဟားဟားဟား … ရုတ်တရက်ကြီး မိခင်မေတ္တာ ပေါ်လာသလို မခံစားရဘူးလား”
“တကယ်ပါပဲ၊ ငါ ဘာလို့ ပျော်နေမှန်းတောင် မသိတော့ဘူး”
“အား … အား … အား … ငါလည်း တစ်ခု ဝယ်ချင်တယ်၊ ဒါက သန့်ရှင်းရေး လုပ်ပေးတဲ့အပြင် အပျင်းလည်း ပြေစေတာပဲ”
တစ်ဆိုင်လုံးမှ မိန်းကလေးများ၏ မျက်လုံးများက အသည်းပုံ ပုံစံလေးများ ဖြစ်လာတော့မယောင် ဖြစ်သွားလေသည်။ သူတို့၏ ရယ်သံများကို မကြာခဏ ကြားနေရသည်။
ထိုအခိုက်တွင် ယောက်ျားလေး တစ်သိုက်က မကျေမနပ် ဖြစ်သွားပြီး ရှောင်ယွင်ကို ဝိုင်းထားက သူ့ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားသည်။ ဘယ်နေရာသို့ သွားသွား အတားအဆီး ဖြစ်နေသဖြင့် နေရာရွှေ့ရ ခက်နေ၏။
“အမိန့်နော်၊ အမိန့်၊ ဘယ်သူမှ ဂရုမစိုက်ရင် ရှောင်ယွင် စိတ်ဆိုးပြီး အိပ်ပစ်မှာ”
စက်ရုပ်သံ ထပ်ပေါ်လာပြီး လူတိုင်း အံ့ဩသွားကာ ဝါးလုံးကွဲမတတ် ရယ်မောလာကြသည်။
၎င်းသည် ချစ်စရာ ကောင်းလွန်းလှသည်။ ၎င်းက ပို၍ပင် အတင့်ရဲလာ၏။
ထို့နောက် ရယ်သံများ တဖြည်းဖြည်း ရပ်သွားသလို ရှောင်ယွင်သည် တကယ်ပင် အားလုံး၏ အကြည့်အောက်၌ မလှုပ်တော့ပေ။ ၎င်း၏ အလင်းများက ပိတ်သွားပြီး မသိလျင် လုံးဝ ပါဝါ ပိတ်လိုက်သလိုပင်။
“လခွမ်း သူ တကယ်ကြီး ပိတ်သွားတာဟ”
“အဲ့လောက် ချစ်စရာကောင်းဖို့ လိုလို့လား၊ မရတော့ဘူး ငါ့နှလုံးသားက တစ်ခုလောက် ဝယ်ဖို့ ငါ့ကို တိုက်တွန်း နေပြီ”
“သူ့ကို လမ်းမပိတ်ထားနဲ့၊ ရှောင်ယွင်ကို အနိုင်မကျင့်နဲ့လေ”
ဝိုင်အလှကုန် ပစ္စည်းဆိုင်သည် ရှောင်ယွင် ရောက်လာခြင်းကြောင့် အလွန် သက်ဝင်ဆူညံလျက် ရှိသည်။ တစ်ချိန်တည်းမှာပင် လူတော်တော်များများက ဗွီဒီယိုများ ရိုက်၍ အင်တာနက်ပေါ်၌ မျှဝေကြသည်။ မကြာခင်မှာပင် TikTok ၌ ရှောင်ယွင်က အကုန်လုံးကို စိုးမိုးလုနီးပါး ဖြစ်နေပြီး ၎င်း၏ ဗွီဒီယိုများက နေရာတိုင်း၌ ပေါက်နေ၏။
တစ်ညတည်းနှင့် စက်ရုပ်လေး ရှောင်ယွင်တွင် ပရိသတ် သန်းချီရသွားလေသည်။
ဝမ်ရုံ နည်းပညာ ဌာနချုပ်၌။
ထိုသို့သောအချိန်၌ ဌာနတိုင်းက အလွန် အလုပ်များနေပြီး အထူးသဖြင့် အရောင်းဌာနပင် ဖြစ်သည်။ သူတို့၏ ဖုန်းလိုင်းများက ဒလဟော ဝင်နေသည်။ သို့သော် လူတိုင်း၏ မျက်နှာတွင် အပြုံးပန်းများ ဝေနေ၏။
“ဒါရိုက်တာ အိုးရန်”
ဝန်ထမ်းတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြေးလာသည်။
“ကျွန်တော်တို့ အမှာစာတွေက တစ်ညတည်းနဲ့ တစ်သောင်း ကျော်သွားပါပြီ၊ ပြီးတော့ ဆက်ပြီးတော့ မြန်မြန်ဆန်ဆန် တိုးလာနေပါသေးတယ်”
“တစ်သောင်းလား”
အိုးရန်ချင်း စိတ်ကို ပြင်ဆင်ထားသော်လည်း အချက်အလက်ကြောင့် မှင်တက်သွားရသည်။ အမှာစာ တစ်သောင်းသည် သန်းရှစ်ဆယ်ကျော်နှင့် ညီမျှလေသည်။
တစ်ညမကုန်သေးခင်မှာပင် သန်းရှစ်ဆယ် ရနေ၏။ ဤအောင်မြင်မှုသာ ပေါက်ကြားသွားပါက နယ်ပယ်တစ်ခုလုံး ထိတ်လန့်သွားလောက်သည်။
“အခု တစ်သောင်းတစ်ထောင်ကို ရောက်နေပါပြီ၊ ဒီနေ့ သုံးသောင်းတောင် ကျော်လောက်ပါတယ်”
ထိုလူသည် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။
သုံးသောင်းသို့ ရောက်လျင် ရောင်းအားက သန်းသုံးရာသို့ ရောက်သွားပေမည်။ ယင်းက တစ်ရက်စာ အရောင်းစာရင်းသာ ဖြစ်သော်လည်း သန်းသုံးရာသို့ ရောက်နေလေပြီ။
အိုးရန်ချင်းသည် ပင့်သက်ရှိုက်၍ သူမစိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် သူမမျက်လုံးများက လေးနက်သွားသည်။
“ထုတ်လုပ်မှုအပိုင်းက အမှီလုပ်နိုင်လား”
“ကျွန်တော်တို့ အရင်က ခင်ဗျားရဲ့ ညွှန်ကြားချက်အတိုင်း တစ်သောင်း ပိုထုတ်ထားပါတယ်၊ လက်ရှိအခြေအနေ အရ ဆိုရင် အမှီလိုက်ဖို့ ခက်ပါမယ်”
ထိုလူက ပြန်ဖြေသည်။
“ဒါဆို တိုက်ရိုက် ရောင်းချတာကို ရပ်ပြီး ကြိုတင် မှာယူတာနဲ့ ပြောင်းလိုက်၊ ဝယ်သူတွေကို ခုနစ်ရက်နေမှ ပို့ဆောင်ပေးလို့ ရမယ်”
အိုးရန်ချင်းက ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
“ပြီးတော့ ငါတို့ ထုတ်လုပ်မှုကို အရှိန်တင်ပင်မယ့် အရည်အသွေးကို အတူတူ ဖြစ်အောင် လုပ်ရမယ်၊ ဘာမှ မှားလို့ မရဘူး”
“ဟုတ်ကဲ့”
ထိုလူက ခေါင်းညိတ်သည်။ ထို့နောက် ငြိမ်သွားပြီးမှ ဆက်ပြောသည်။
“လူတော်တော်များများက ကျွန်တော်တို့ဆီ ဖုန်းဆက်ပြီး စမတ်ဗားရှင်း ရှောင်ယွင်ကို မေးကြတယ်၊ သူတို့အားလုံးက နောက်ဆုံးပေါ် မော်ဒယ်ကို ဝယ်ချင်နေကြတာ”
“နေဦး၊ လက်ရှိ ငါတို့မှာ ကုန်ပစ္စည်းက အကန့်အသတ်နဲ့ ဖြစ်နေတယ်၊ အဲ့တော့ နေ့တိုင်း ငါတို့ရဲ့ တရားဝင် website မှာ သူတို့ မြန်မြန်ဝယ်မှ ရနိုင်မယ်၊ ငါတို့ တစ်ခုကို တစ်သောင်းနှစ်ထောင်နဲ့ ပစ္စည်းတစ်ရာပဲ ရောင်းမယ်”
အိုးရန်ချင်းက စူးရှသော အကြည့်တို့နှင့် ပြုံးကာ ပြောလိုက်သည်။