← Chapters

စီမာယွီကို ဖိနှိပ်ခြင်း

Vol. 24 Ch. 370

စီမာယွီကို ဖိနှိပ်ခြင်း

Vol. 24 Ch. 370

မိစ္ဆာသားကောင်ဂိုဏ်းသားများသည် မိစ္ဆာများ၏ သွေးမျိုးဆက်များနှင့် ပေါင်းစပ်ပြီးနောက် ရူးသွပ်သွားသည်ဖြစ်စေ၊ အလွန် ကြောက်စရာကောင်းလာသည်ဖြစ်စေ ဖြစ်သွားတတ်သည်။ ယင်းအပြင် သူတို့၏ မိစ္ဆာစိတ်များက အလွန် အားကောင်းလာသည်။ အပြင်ပန်းကြည့်လျှင် ပုံမှန်သာ ဖြစ်ဟန်တူသော်လည်း သူတို့အကျင့်စရိုက်များ ပြောင်းလဲသွားသည်မှာ ကြာပြီဖြစ်သည်။

ခန္ဓာချို့ယွင်းသွားခြင်းသည် သူတို့အတွက် အရေးတကြီး ကိစ္စ မဟုတ်တော့ပေ။

မိစ္ဆာများနှင့် အတူယှဉ်တွဲနေပြီးနောက် သူတို့ခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရခြင်းသည် အပြင်ခန္ဓာနာကျင်ခြင်းထက် အဆပေါင်းများစွာ ပိုသည်။ နေ့စဉ်နေ့တိုင်း စိတ်ကူးဖြင့်မှန်းဆမရနိုင်သော နာကျင်မှုများနှင့် တန်ပြန်ဒဏ်များကို သူတို့ ခံစားရသည်။

မိစ္ဆာသားကောင်ဂိုဏ်းက ထိုပြဿနာအတွက် ဖြေရှင်းချက်များ ရှာဖွေခဲ့သည်။ သူတို့ အမျိုးမျိုး ကြိုးစားကြည့်ခဲ့ပါသော်လည်း ရလဒ်က မကောင်းပေ။

မိစ္ဆာများသည် ရက်စက်ကြမ်းကြုတ်ပြီး ကြမ်းတမ်းစွာ ပြုမူတတ်သော သတ္တဝါများ ဖြစ်ကြသည်။ မိစ္ဆာများ၏ သက်ရောက်ခြင်း မခံလိုပါက မြင့်မားသော ကျင့်ကြံခြင်းအခြေခံဖြင့် မိစ္ဆာများကို ဖိနှိပ်ရမည် ဖြစ်သည်။

သို့သော်လည်း မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိသည်ဆိုခြင်းမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာများကို ချုပ်နှောင်ကာ ထိန်းချုပ်နိုင်ခြင်းကို ဆိုလိုက်သည်။ လူနည်းစုသည်သာ တိုက်ရည်ခိုက်ရည် အဆပေါင်းများစွာ မြင့်တက်သွားသည်ကို ခံနိုင်ရည် ရှိကြသည်။ အလွန် အစွမ်းထက်သော မိစ္ဆာများနှင့် ပေါင်းစပ်လိုက်ပါက မြင့်မားလာသော ကျင့်ကြံခြင်းအခြေခံကို ပြန်လည်ထိန်းညှိရန် လိုအပ်သည်။

ယင်းသည် အဆုံးမဲ့စက်ဝန်းကြီးတစ်ခု ဖြစ်သည်။ မိစ္ဆာများနှင့် အဆက်မပြတ် ပေါင်းစပ်လိုက်သည်နှင့် သူတို့အမူအရာများ သုန်မှုန်သွားသည်။

ထိုစိတ်ပိုင်းဆိုင်ရာ ညှဉ်ပန်းနှိပ်စက်ခံရခြင်းနှင့် သုန်မှုန်သွားခြင်းတို့ကြောင့် မိစ္ဆာသားကောင်ဂိုဏ်းသားများ၏ အကျင့်စရိုက်များ ပြောင်းလဲကာ ရက်စက်ကြမ်းကြုတ်လာကြသည်။ ယင်းကြောင့်လည်း တခြားဂိုဏ်းများမှာ အလွန် ခေါင်းကိုက်ကြရသည်။

ရွှီချင်း၏ ပြန်စာကို လက်ခံရရှိလိုက်သောအခါတွင် စီမာယွီသည် ရင်ထဲမှ ရန်လိုစိတ်ကို မျိုသိပ်မထားနိုင်ဘဲ ဂိုဏ်း၏ဖျောင်းဖျခြင်းကို လျစ်လျူရှုခဲ့သည်။ ဂိုဏ်းချုပ်က သူမ ရှုံးနိမ့်နိုင်ချေ အလွန် မြင့်မားကြောင်း ပြောပြသည့်တိုင်အောင် မိစ္ဆာသားကောင်ဂိုဏ်းမှ သူမ ချက်ချင်း ပြေးထွက်သွားခဲ့သည်။ သူမသည် သက်တန့်တစ်ခုအသွင် ပြောင်းလဲကာ ကောင်းကင်နန်းတော်ဂိုဏ်း၏ မြို့ကြီးထဲရှိ ချီရွှဲ့ထုံဂိုဏ်း၏ ယာယီစံအိမ်သို့ ပျံသန်းသွားသည်။

စီမာယွီ ပေါ်လာခြင်းကြောင့် ခုနစ်ဂိုဏ်းမဟာမိတ်ရှိ ကျင့်ကြံသူများ စိတ်ဝင်စားသွားကြသည်။ စီမာယွီ၏ အရှိန်အဝါက အလွန် အားကောင်းသည်။

စီမာယွီသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်ရှည်များက လေထဲ တဖျပ်ဖျပ်လွင့်နေသည်။ သူမ၏ခေါင်းအထက်တွင် ကြီးမားသော ကောင်းကင်နန်းတော်တစ်ဆောင် ဝိုးတဝါး ပေါ်နေသည်။

ဆွေးမြေ့နေသောခန္ဓာနှင့် ခြောက်ကပ်ကပ်လူပုလေးတစ်ယောက်က ကောင်းကင်နန်းတော်ကို ဖိနှိပ်ထားပြီး မိစ္ဆာဆေးလုံးတစ်လုံးပုံစံ ဖြစ်နေသည်ကို ဝိုးတဝါး မြင်နိုင်သည်။

ကောင်းကင်နန်းတော်၏ ဘေးတစ်ဖက်တစ်ချပ်တွင် ဖိနှိပ်ခံရခြင်းကြောင့် မရေမတွက်နိုင်သော မိစ္ဆာများသည် စူးစူးဝါးဝါး အော်ဟစ်နေကြသည်။

စီမာယွီနောက်တွင် ဧရာမအသားလုံးကြီးတစ်လုံးလည်း ရှိသည်။ ထိုအသားလုံးကြီးသည် ချီရွှဲ့ထုံဂိုဏ်းသို့ သွားစဉ်အခါက နောက်မှ ခုန်ဆွခုန်ဆွဖြင့် လိုက်နေခဲ့သော တစ္ဆေလုံးများနှင့် ဆင်တူသည်။ သို့သော် ထိုအသားလုံးကြီးက ပို၍ပင် ကြီးမားသည်။

ထိုအသားလုံးကြီး၏ပါးစပ်မှ စူးရှသောအသံ ထွက်ပေါ်လာသည်။

“ တစ်၊ နှစ်၊ သုံး … တစ်ဆယ်။ လက်သေးလေးတွေနဲ့ နှလုံးတွေနဲ့ အဆုတ်ကို နှုတ်မယ်။ ခေါင်းလေးတွေကို ချန်လို့ထား၊ မြေပြင်ပေါ်မှ ပစ်လို့ကစား ”

နားစည်ကွဲလုမတတ်အသံများ နေရာအနှံ့ ပျံ့လွင့်သွားစဉ် လူသေအလောင်းပမာ သွေးဆုတ်ဖြူရော်နေသောမျက်နှာနှင့် မိန်းမလှလေး စီမာယွီသည် ချီရွှဲ့ထုံဂိုဏ်း၏ ယာယီစံအိမ်သို့ ရောက်သွားသည်။ စီမာယွီသည် ခေါင်းငုံ့ကြည့်လိုက်ပြီး လှပကြော့ရှင်းသောအပြုံးဖြင့် ပြောလိုက်သည်။

“ ရွှီချင်း၊ ငါ ဒီမှာ ”

သူမ၏အသံက နွေးထွေးကြင်နာပါသော်လည်း သူမ၏မျက်လုံးများ သွေးချင်းချင်း နီမြန်းနေပြီး ခန္ဓာကိုယ်မှ ကြောက်ခမန်းလိလိဖိအားများ ထွက်ပေါ်နေသည်။ ထိုဖိအားများကြောင့် မိုးသားတိမ်စိုင်များပင် သွေးဆာနေသောခေါင်းအသွင်ဖြင့် စုစည်းလာသည်။

တရွှီရွှီမြည်နေသော လေတိုးသံများကြားတွင် သူမ၏နောက်ရှိ အသားလုံးကြီးက ပို၍ပင် စူးရှကျယ်လောင်သောအသံများ ပြုကာ အောက်ဘက်ရှိ စံအိမ်ကို နင်းချေလိုက်သည်။

ထိုအချိန်၌ ကြီးမားသော ဖိအားတစ်ရပ်ကြောင့် အသားလုံးကြီး ပြန်ကန်ထွက်သွားသည်။ ၎င်းမှာ စူးစူးဝါးဝါး အော်မြည်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ပျက်စီးသွားသည်ကို မြင်နိုင်သည်။

ရွှီချင်းသည် သူ့နေအိမ်ထဲမှ ထွက်လာပြီး လေထဲသို့ ပျံတက်သွားသည်။

သူ ပျံတက်လာသည့်အခါ သူ့ခေါင်းအထက်တွင် ကွန်ခြာနှစ်ခု ချက်ချင်း ပေါ်လာသည်။

သက်တန့်အလင်းတန်းက လောကကြီးကို ဖြာကျနေပြီး လေတိုးသံ တရွှီရွှီထွက်နေသည်။

ထီးနက်ကြီးသည် လောကကြီးကို မီးတောက်နက်များဖြင့် ဖုံးလွှမ်းမည့်ဟန်တူသည်။

ရွှေကျီးကန်းကြီးသည် ရုပ်လုံးပေါ်လာပြီး ဂီးခနဲ အော်မြည်လိုက်သည်။ ၎င်း၏ အမြီးမီးတောက်များက ရွှီချင်း၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပြီး ဧကရာဇ်ဝတ်ရုံအဖြစ် ပြောင်းလဲသွားသည်။

ရွှီချင်းက စီမာယွီကို အေးတိအေးစက် ကြည့်လိုက်သည်။ ယခင်က ချီရွှဲ့ထုံ၈ိုဏ်းထဲ၌ စီမာယွီ၏ ကိုယ်ပွားကို ရွှီချင်း သတ်ခဲ့သည်။ ယခုအချိန်၌ ဘာမှပြောနေရန် မလိုပေ။ သူ၏ သက်စောင့်မီးလုံးခြောက်လံးု တိုက်ရည်ခိုက်ရည် ပေါ်လာပြီး စီမာယွီထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

အမှတ်ခုနစ်သခင်ကြီးက ဤတိုက်ပွဲတွင် ဂိုဏ်း၏အရှိန်အဝါကို ကြီးမားအောင် ဆောင်ရွက်ရန် သူ့ကို မှာကြားထားခဲ့သည်။ သို့ဖြစ်၍ ရွှီချင်း အစွမ်းကုန် အသုံးပြုရပေမည်။

ထိုလက်သီးချက်ထဲတွင် ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါး တစ်ရာ့တစ်လုံး၊ ကျင်းဝူလျန့်ဝမ့်လင့်အတတ်နှင့် သက်စောင့်မီးလုံးသုံးလုံး၊ သက်စောင့်မီးအိမ်နှစ်လုံးတို့၏ စွမ်းအားများ ပါဝင်သည်။ ယင်းသည် သက်စောင့်မီးလုံးခြောက်လုံး၏ အထွတ်အထိပ်သို့ ရောက်သွားသည်။

တခဏလေးအတွင်း ကောင်းကင်ကြီး ချိုင့်ဝင်သွားဟန်တူပြီး ခေါင်းကြီးအသွင် စုစည်းနေခဲ့သော တိမ်စိုင်များသည်လည်း ပြိုကွဲပျက်စီးသွားသည်။ ခေါင်းကြီးက ကြောက်လန့်တကြား ဆုတ်ခွာသွားစဉ် စီမာယွီက လက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ခေါင်းအထက်ရှိ ကောင်းကင်နန်းတော်က ရွှီချင်းကို ချက်ချင်း ဖိနှိပ်လိုက်သည်။

ကောင်းကင်နန်းတော်တစ်ဆောင်က သက်စောင့်မီးလုံးခြောက်လုံးနှင့် ညီမျှသည်။ ယင်းသည် ရွှီချင်း၏လက်သီးချက်နှင့် ချက်ချင်း တွေ့ဆုံသွားသည်။

ဝုန်းခနဲ မြည်ဟည်းသံကြီး အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားသည်။

စီမာယွီ၏ ကောင်းကင်နန်းတော် တုန်ခါသွားသည်။ ရွှီချင်း၏ အားကုန်သုံးထားသော လက်သီးချက်အောက်တွင် ကောင်းကင်နန်းတော်မှာ စောင်းရွဲ့ကာ နောက်သို့ လိမ့်သွားသည်။ စီမာယွီ၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး ပေတစ်ထောင်အထိ လွင့်သွားသည်။

ရွှီချင်းမှာ ဘာမှမဖြစ်ပေ။ သက်တန့်အကာအကွယ်က သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနေပြီး ထီးနက်ကြီးက သူ့ဝိညာဉ်ကို ကာကွယ်ပေးနေသည်။

ယခင်က သက်တန့်လေပြေသံစဉ် သက်စောင့်မီးအိမ်ကို သူတော်စင်ကြယ် ပိုင်ဆိုင်ထားစဉ်အခါက ရွှီချင်းမှာ အလွန် ခေါင်းကိုက်ခဲ့ရသည်။ သက်စောင့်မီးအိမ်အကာအကွယ်မှာ အပေါက်လေးတစ်ပေါက် ပေါ်လာစေရန် သူ မျိုးစုံကြိုးစားခဲ့ရသည်။ ယခု ဤသက်စောင့်မီးအိမ်ကို သူ ရရှိသောအခါတွင် ၎င်း၏အကာအကွယ်များကို နက်နက်နဲနဲ နားလည်လာရသည်။

ဤသက်စောင့်မီးအိမ်က အကာအကွယ်စွမ်းအားကို ပိုင်ဆိုင်ထားသည်သာမက တန်ပြန်အားကိုလည်း ပိုင်ဆိုင်ထားသည်။ ယင်းအပြင် သက်စောင့်မီးအိမ်နှစ်လုံးက တစ်လုံးနှင့်တစ်လုံး အင်အားတိုးတက်စေသည်ကို ရွှီချင်း လေ့လာခဲ့ပြီး ဖြစ်သည်။

ယင်းကြောင့် သက်တန့်လေပြေသံစဉ် သက်စောင့်မီးအိမ်မှ တွန်းအားက သူတော်စင်ကြယ် ပိုင်ဆိုင်ထားသည်ထက် ပို၍ ပြင်းထန်နေပြီ ဖြစ်ပြီး အဆပေါင်းများစွာ တိုးတက်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်လည်း ရွှီချင်းက စီမာယွီကို လက်သီးတစ်ချက်တည်းဖြင့် နောက်ဆုတ်အောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကြောင့်လည်း စီမာယွီကို သူ သတ်ဖြတ်နိုင်မည်ဟု ခံစားရခြင်း ဖြစ်သည်။

သက်စောင့်မီးလုံးခြောက်လုံးနှင့် တန်ပြန်အားကြောင့် ရွှီချင်းသည် သက်စောင့်မီးလုံးခုနစ်လုံးအောက် မနိမ့်ပေ။

ထိုအချက်ကို စီမာယွီသည် ရှင်းရှင်းလင်းလင်း မသိပေ။ သူမက သက်စောင့်မီးအိမ်တစ်လုံးကို မပိုင်ဆိုင်ခဲ့ဖူးသောကြောင့် ယင်းမှာ နားလည်လက်ခံနိုင်လောက်ပေသည်။

သူတော်စင်ကြယ်ပင် သက်စောင့်မီးအိမ်နှစ်လုံးကို ပိုင်ဆိုင်ပြီးနောက် အပြန်အလှန် တိုးတက်စေနိုင်သည်ကို သိချင်မှ သိပေမည်။

စီမာယွီသည် သွေးများအန်လိုက်ပြီး မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

ထိုတိုက်ပွဲကို အာရုံစိုက်နေကြသော ခုနစ်ဂိုဏ်းမဟာမိတ်မှ လူအားလုံးသည်လည်း တအံ့တသြ ဖြစ်သွားကြသည်။ ယင်းသည် ခုနစ်ဂိုဏ်းမဟာမိတ်၏ နံပါတ်တစ်လက်ရွေးစင်ဖြစ်သော ရွှီချင်း၏ ပထမဆုံးတိုက်ပွဲဖြစ်ပေရာ လူအများစုက အာရုံစိုက်နေကြသည်မှာ သဘာဝပင်။

သို့သော် ထိုအချိန်၌ သူတို့စိတ်ထဲ တုန်ရီနေကြသည်။

“ ဒါ သက်စောင့်မီးလုံးခုနစ်လုံး တိုက်ရည်ခိုက်ရည်ပဲ ”

“ စီမာယွီက မဆင်မခြင်လုပ်တတ်တာပဲ။ ကောင်းကင်နန်းတော်တစ်ခုတည်းနဲ့ ရွှီချင်းကို အနိုင်ယူလို့ မရဘူး ”

ချီရွှဲ့ထုံဂိုဏ်းမှ လူအားလုံးသည်လည်း အာရုံစိုက်နေကြသည်။ ထိုမြင်ကွင်းကို ကြည့်၍ တောင်ထိပ်အသီးသီးမှ မင်းသားများမှာ ထပ်တူ တုန်လှုပ်သွားကြပြီး ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

ခေါင်းဆောင်သည်လည်း အာရုံစိုက်နေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ သူသည် ပန်းသီးတစ်လုံးကို စားလိုက်ပြီး သက်ပြင်းချလိုက်သည်။

“ နှာခေါင်းတစ်ပိုင်းကို ငါ စောစော ဝါးမျိုလိုက်မိတာ တော်သေးလို့။ မဟုတ်ရင် ငါ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ချင်းလေးက ဖုံးကွယ်ထားတုန်းပဲလို့ ငါ ခံစားနေရတယ်။ ဒီကလေးက ဝှက်ဖဲတွေ သိပ်များတာပဲ ”

တိုက်ပွဲကို ကြည့်နေကြသော လူများ တုန်ရီနေကြစဉ် ရွှီချင်းသည် ဖြူဖပ်ဖြူရော်မျက်နှာနှင့် စီမာယွီထံသို့ တန်းတန်းမတ်မတ်သွားကာ လက်သီးဖြင့် ထိုးလိုက်ပြန်သည်။

စီမာယွီက တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ ဓမ္မအသုံးအဆောင်များအားလုံးနှင့် မိစ္ဆာများကို သူမ အသုံးပြုလိုက်သည်။ ပတ်ဝန်းကျင်ရှိ ထူးဆန်းသောအရိပ်များစွာ ရွှီချင်းထံသို့ အလုအယက် ပြေးဝင်နေကြသည်ကို မြင်နိုင်သည်။ သို့သော်လည်း ထိုအရိပ်များသည် ရွှီချင်း၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ကာကွယ်ပေးထားသော သက်စောင့်မီးအိမ်နှစ်လုံးအကာအကွယ်ကို မထိုးဖောက်နိုင်ချေ။

စီမာယွီ နောက်သို့ လွင့်ထွက်သွားပြန်သည်။ စီမာယွီ၏ ကောင်းကင်နန်းတော် တုန်ရီနေစဉ် ရွှီချင်းသည် နီးကပ်သွားပြန်ပြီး လက်သီးဖြင့် ထိုးလိုက်ပြန်သည်။

စီမာယွီက ကုန်းရုန်းထကာ မိစ္ဆာအားလုံးကို ပစ်လွှတ်လိုက်သည့်တိုင်အောင် အသုံးမဝင်ချေ။ သူမ၏ တိုက်ရည်ခိုက်ရည်က လုံလောက်ခြင်း မရှိပေ။ ကောင်းကင်နန်းတော်နှစ်ဆောင်ကို တည်ဆောက်ပြီး ပို၍ အစွမ်းထက်သော မိစ္ဆာများကို မချုပ်နှောင်နိုင်သေးမချင်း ရွှီချင်းကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

ရွှီချင်း၏ အားအပြည့်သုံးထားသော လက်သီးချက်များအောက်တွင် ကောင်းကင်နန်းတော်မှာ အရှိန်ပြင်းစွာ တုန်ခါနေသည်။ သူမ၏ခန္ဓာကိုယ်သည်လည်း မြေပြင်သို့ မကျတော့ဘဲ တစ်ချက်ပြီးတစ်ချက် တိုးဝင်လာသော လက်သီးချက်များကြောင့် လေထဲမှာပင် နောက်သို့ ထပ်ခါထပ်ခါ လွင့်နေတော့သည်။ သူမသည် မြင့်သည်ထက်မြင့်ရာသို့ ပျံတက်လိုက်ရင်း သူမ၏မျက်လုံးများထဲ ရူးသွပ်ခြင်းများ ပေါ်လာသည်။ သူမသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ သွေးရောင်အချုပ်အနှောင်သလင်းကျောက်တစ်တုံး ပေါ်လာသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုသလင်းကျောက်က ထူးခြားသည်ကို ပြောနိုင်သည်။ သူမက ထိုသလင်းကျောက်ကို ချက်ချင်း ချေပစ်လိုက်သည်။

ရုတ်တရက် ကောင်းကင်နန်းတော်၏ အတွင်းပိုင်းရှိ ခြောက်ကပ်ကပ်လူပုလေး၏ မျက်လုံးများ ပွင့်လာပြီး သွေးဆာနေသောအကြည့်တစ်ခု ပေါ်လာသည်။ လူပုလေးက မတ်တတ်ရပ်လိုက်ပြီး အပြင်ဘက်သို့ ထွက်လာရန် ကြိုးစားလိုက်သည်။

ရွှီချင်း၏ခန္ဓာကိုယ် ရပ်သွားပြီး လက်သီးဖြင့် မထိုးတော့ဘဲ လက်ကို တည်ငြိမ်စွာ မြှောက်လိုက်သည်။

ခဏအကြာ လေပြင်းများ တဟူးဟူး တိုက်ခတ်လာပြီး လောကကြီး အရောင်ပြောင်းလဲသွားသည်။ အရပ်မျက်နှာအနှံ့မှ ဖော်ပြ၍ မရနိုင်သော ဓာတ်သဘာဝတစ်ခု စုစည်းလာပြီး ခရမ်းရောင်ကောင်းကင်ဓားမော့ကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။

ထိုကောင်းကင်ဓားမော့ကြီးသည် ပုံရိပ်ယောင်မဟုတ်တော့ဘဲ ဒြပ်ထုရှိနေပြီ ဖြစ်သည်။ ထိုဓားကြီးကို မြင်လိုက်ရသည့်လူတိုင်း တအံ့တသြ ဖြစ်သွားကြသည်။ သူတို့ကို ပို၍ အံ့အားသင့်သွားစေသည်မှာ ကောင်းကင်တွင် ကောင်းကင်ဓားမော့တစ်လက်သာ ပေါ်လာခြင်း မဟုတ်သောကြောင့် ဖြစ်သည်။

ကောင်းကင်ဓားမော့ ခုနစ်ချောင်း ရှိနေသည်။

ကောင်းကင်ဓားမော့ခုနစ်လက်က လောကတုန်ခါသွားစေနိုင်သော စွမ်းအားများဖြင့် တစ်လက်ပြီးတစ်လက် ဖြစ်လာသည်။ ရွှီချင်း၏ ညာလက် အောက်သို့ ကျဆင်းသွားသည်နှင့် ကောင်းကင်ဓားမော့ခုနစ်လက်က ကောင်းကင်ပြစ်ဒဏ်အလား ကျဆင်းသွားသည်။ ထိုဓားများသည် ရှောင်တိမ်း၍ မရသလို ခုခံ၍ လည်း မရနိုင်လောက်အောင် ကြောက်ခမန်းလိလိစွမ်းအားများဖြင့် ကြောက်လန့်တုန်ရီသွားသော စီမာယွီနှင့် ကောင်းကင်နန်းတော်ကို တစ်ပြိုင်နက်တည်း ခုတ်ပိုင်းလိုက်သည်။

စီမာယွီထံမှ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်နန်းတော်တွင် အက်ကွဲကြောင်းခုနစ်ခု ပေါ်လာသည်။

အထဲရှိ လူပုလေးသည်လည်း တုန်ရီသွားသည်။ ၎င်းက အပြင်ထွက်ရန် ပြင်လိုက်စဉ် ရွှီချင်း၏နောက်မှ ရွှေကျီးကန်းကြီး ရုပ်လုံးပေါ်လာပြီး ၎င်းကို စူးစိုက်ကြည့်လိုက်သည်။

လူပုလေးမှာ ငြိမ်ကျသွားပြီး ပြန်ထိုင်လိုက်သည်။

ရလဒ်အနေဖြင့် စီမာယွီမှာ ဖိအားများသွားသည်။ သူမသည် သွေးများထွက်ကာ အသက်ရှူသံများ မငြိမ်မသက်ဖြစ်နေပြီး အောက်သို့ ကျသွားသည်။ ထိုစဉ် ရွှီချင်းသည် တိုက်ပွဲတစ်လျှောက် ထိုအခွင့်အရေးကို စောင့်နေသည့်အလား မယုံနိုင်စရာကောင်းလောက်သည့် အမြန်နှုန်းဖြင့် စီမာယွီရှေ့သို့ ရိပ်ခနဲ ရောက်သွားပြီး စီမာယွီ၏ ဗိုက်ကို ညာလက်ဖြင့် ထိုးဖောက်လိုက်သည်။

သူသည် စီမာယွီ၏ ညာဘက်နှလုံးသားကို ဖမ်းဆုတ်ကာ ဆွဲနှုတ်လိုက်သည်။

သွေးများ ဖွာခနဲ ပန်းထွက်သွားသည်။ နှလုံးသားပုံစံရှိသော မည်းနက်တောက်ပြောင်သည့် ကျောက်တုံးတစ်တုံးကို သူ ဖမ်းဆုပ်လိုက်ပြီးနောက် စီမာယွီ၏ အရှိန်အဝါ ပျက်စီးသွားသည်။ သူမ၏နောက်ရှိ ကောင်းကင်နန်းတော်က ပျက်စီးတော့မည်ပြုစဉ် လေအေးတစ်ချက် တိုက်ခတ်သွားသည်။

ထိုလေအေးက အထွတ်အထိပ်စွမ်းအားကို ဆောင်ကြဉ်းလာပြီး စီမာယွီကို အဝေးသို့ သယ်ဆောင်သွားကာ အစအနရှာမရအောင် ပျောက်သွားသည်။ အေးစက်စက်အသံတစ်သံသာ အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားသည်။

“ မင်းတို့နှစ်ယောက်ကြားက အသက်ချင်းလောင်ကြေးထပ်ထားတဲ့တိုက်ပွဲကို ဒီအဘိုးကြီး ပယ်ဖျက်တယ်ဟေ့။ အဲဒါကြောင့် အဲဒီမိစ္ဆာငရဲနှလုံးသားကို မင်းကို ပေးတယ် ”

ရွှီချင်း အဝေးသို့ လွင့်ပျံသွားသည်။ သူ၏ခေါင်းအထက်ရှိ ကွန်ခြာနှစ်ခုက တဖျပ်ဖျပ်ဝင်းလက်နေပြီး ရွှေကျီးကန်းကြီးက သူ့နောက်မှ ဂီးခနဲ အော်မြည်လိုက်သည်။ ပေတစ်ထောင်ခန့် နောက်ဆုတ်ပြီးသောအခါမှသာ သူ ရပ်နိုင်လိုက်သည်။ သူ ခေါင်းမော့ပြီး အဝေးကို ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွားသည်။ ဤတိုက်ပွဲက အဆင်ပြေပြေဖြင့် ပြီးဆုံးသွားခဲ့သည်ဖြစ်၍ တစ်ခုခုလွဲမှားနေသကဲ့သို့ သူ ခံစားလိုက်ရသည်။

ထိုအချိန်၌ ရွှီချင်း၏ဘေးတွင် အမှတ်ခုနစ်သခင်ကြီး ပေါ်လာသည်။

“ အမှတ်လေး၊ သိပ်မတွေးနဲ့။ ရန်ငြှိုးတွေ ပယ်ဖျက်လိုက်ပြီ။ အဲဒီကလေးမ စီမာယွီသာ အကျိုးသင့်အကြောင်းသင့် စဉ်းစားရင် မင်းကို ကျေးဇူးတင်နေမှာ။ အခုလောလောဆယ် မင်းကို ရတနာပေးလို့ မိစ္ဆာသားကောင်ဂိုဏ်းချုပ်ကို ကျေးဇူးမတင်တော့ဘူးလား ”

“ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ခင်ဗျ ”

ရွှီချင်းက လက်သီးများကို ဆုပ်၍ မိစ္ဆာသားကောင်ဂိုဏ်းချုပ်ကို အရိုအသေပေးလိုက်သည်။

တချိန်တည်းမှာပင် ရှစ်ဂိုဏ်းမဟာမိတ်အုပ်ချုပ်ရေးဆောင်တွင် ထိပ်သီးလူရှစ်ယောက် ထိုင်နေကြပြီး သူတို့၏ နတ်အာရုံများကို ပြန်ရုတ်သိမ်းလိုက်ကြသည်။

ရွှယ်လျန့်ကျစ်က ရယ်မောလိုက်သည်။

“ အားလုံးပဲ၊ ကျုပ် နိုင်ပြီနော်။ ဒါက ကျုပ်သားမက်နဲ့ မိစ္ဆာသားကောင်ဂိုဏ်းက စီမာမိသားစုကြားက ကိစ္စဆိုပေမဲ့ ကျုပ်မြေးတပည့် ဘယ်လောက်ထူးချွန်လဲဆိုတာ ခင်ဗျားတို့လဲ မြင်ကြမှာပါ။ ကျုပ်မြေးတပည့်ကို မဟာမိတ်အနေနဲ့ ရင်းမြစ်ပစ္စည်းတွေနဲ့ ထောက်ပံ့ပေးဖို့ ကျုပ်တောင်းဆိုချင်တယ်။ အဲဒီကိစ္စကို ခင်ဗျားတို့ သေချာလေး စဉ်းစားပေးကြပါ။ ဒါက ရှေးအရှင်သခင်တစ်ပါး ဖြစ်လာနိုင်မယ့်သူတစ်ယောက်မဟုတ်လား။ တာအိုကလေးဆိုတဲ့ဂုဏ်ပုဒ်က အရေးမပါဘူး။ တာအိုကလေးထက်ပိုအောင် ကျုပ်တို့ ဆက်ဆံမှ ဖြစ်မယ်။ ကျုပ်ပြောတာ မလွန်ဘူးမလား ”

တခြားခုနစ်ယောက်သည် တစ်ခွန်းမဆိုဘဲ အလင်းတန်းများအသွင်ပြောင်း၍ ထွက်သွားကြသည်။ ပထမတောင်ထိပ်မှ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း အေးစက်စက်နှာမှုတ်ကာ အလင်းတန်းအသွင်ပြောင်း၍ ထွက်သွားသည်။

All Chapters