တွေ့ဆုံနှုတ်ဆက်ခြင်း
Vol. 27 Ch. 394
ဝမ်ရုံနည်းပညာက သံသယ ဝင်စရာ မလိုလောက်အောင် နာမည်ကြီးလာ၏။
သူတို့၏ လက်ရှိ ကျော်ကြားမှုက ယခင် ကျော်ကြားမှုထက် မနိမ့်ပေ။ ၎င်းက တကယ့် နည်းပညာ ဆင့်ကဲ တိုးတက်မှုကြီး ဖြစ်ပေသည်။
ယခုအချိန်၌ သတင်းမီဒီယာတိုင်းက ဝမ်ရုံ နည်းပညာနှင့် ပတ်သက်သော သတင်းများကို ရေးနေကြပြီး ရှောင်ယွင်က ဉာဏ်ရည်မြင့် စက်ရုပ်များ၏ ထိပ်၌ ရပ်တည်နေသည်ဟု ဆိုကြသည်။
“ထိတ်လန့်စရာပဲ၊ ဉာဏ်ရည်မြင့် စက်ရုပ်တွေရဲ့ အစသစ်ပါလား”
“ဝမ်ရုံ နည်းပညာက အပြီးပြည့်စုံဆုံး သန့်ရှင်းရေး စက်ရုပ်ကို ဖန်တီးခဲ့တယ်”
“ထိတ်လန့်စရာ ကောင်းတဲ့ ကံကြမ္မာ အပြောင်းအလဲပဲ၊ ဝမ်ရုံ နည်းပညာ ပြန်ဦးမော့လာခဲ့ပြီ”
“တစ်ရက်တည်းနဲ့ သန်းသုံးရာ ရောင်းချနိုင်ခဲ့တယ်၊ ဒါက အသစ် တည်ထောင်ခါစက နည်းပညာ ကုမ္ပဏီတဲ့”
သတင်းခေါင်းစဉ် ပေါင်းစုံတို့ဖြင့် ပြည့်နှက်လာပြီး ပြည်တွင်းသာမက ပြည်ပကပါ စိတ်ဝင်စားလာသည်။ နည်းပညာသည် တစ်ကမ္ဘာလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည့် အရာတစ်ခုပင်။
အင်တာနက်ပေါ်တွင် အပူတပြင်း ပြောဆိုနေကြပြီး ရပ်မည့် လက္ခဏာ မပြချေ။
[ငါ ရှောင်ယွင် တစ်ခု ဝယ်ခဲ့ပြီးတော့ သုံးကြည့်လိုက်တာ၊ သုံးရတာ လွယ်လွန်းလို့ အံ့တောင် အံ့ဩမိတယ်၊ ဟားဟားဟား …]
[တကယ်ကို အဆင်ပြေတယ်၊ ငါ့အိမ်က သုံးထပ်တိုက် ပြီးတော့ နေရာကလည်း ကျယ်တယ်၊ ရှောင်ယွင်နဲ့မှ ကိစ္စတွေက ပိုလွယ်သွားတာ၊ အဲ့ဒါက လှေကားတွေကိုတောင် တိုက်လိုက်သေးတယ်၊ ငါ သဘောကျတယ်]
[အပေါ်ကလူ၊ မင်းချမ်းသာတာကို ကြွားနေတာက ရှက်ဖို့ကောင်းတယ်၊ ငါ ရှောင်ယွင် သုံးခုတောင် ဝယ်ခဲ့တာ၊ မဟုတ်ရင် ငါ့အိမ်က တစ်နေ့တည်းနဲ့ သန့်ရှင်းသွားမှာ မဟုတ်ဘူး]
[ဟဲဟဲ ငါ ရှောင်ယွင်ကို သဘောကျပါတယ်၊ ဒါပေမဲ့ မဝယ်ဘူး ဘာလို့လဲဆိုတော့ ငါ့မှာ အိမ်တစ်လုံး မရှိလို့ပဲ …]
[ဝိုး … မင်းတို့ အနောက်တိုင်း သတင်းစာတွေကို ဖတ်ပြီးပြီလား၊ သူတို့က ရှောင်ယွင်ကိုတောင် ထည့်ရေးထားပြီးတော့ တိုးတက်မှုလို့ ပြောနေတာ၊ အံ့ဩဖို့ ကောင်းလွန်းတယ်၊ ငါတို့ရဲ့ ကြီးမြတ်နိုင် တရုတ်နိုင်ငံကြီးက မယုံနိုင်လောက်အောင် အံ့ဩစရာ ကောင်းတာပဲ]
[သေစမ်း ငါ သတိထားခဲ့မိသင့်တာ၊ ဝိုင်လုပ်ငန်းစုအတွက် ကျရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အဲ့ဒါ ဝိုင်လေ]
[ဝိုင်က အနုပညာလောကမှာတင် သူ့အမှတ်အသားကို ချန်ခဲ့ရုံတင်မကဘူး၊ စီးပွားရေးကိုပါ စစိုးမိုးလာတာပဲ]
…
မြို့တော်တွင်းရှိ စံအိမ်တစ်လုံးအတွင်း၌။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် အင်တာနက်ပေါ်မှ သတင်းများကို ဖတ်နေ၏။ သူ့မျက်လုံးများက စိတ်လွတ်နေပြီး မှင်တက်အံ့ဩနေသည်။
ဥက္ကဋ္ဌရှုသာ ဤနေရာ၌ ရှိနေပါက ထိုလူသည် ဝမ်ရုံ လုပ်ငန်းစု၏ ယခင် ရှယ်ယာရှင်များထဲမှ တစ်ယောက် ဖြစ်သည်ကို သေချာပေါက် မှတ်မိမှာပင်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဘာလို့ ဒီလိုမျိုး ဖြစ်လာရတာလဲ”
သူသည် သူ၏ စိတ်ဝိညာဉ် ပျောက်ဆုံးသွားသကဲ့သို့ ထပ်ခါတလဲလဲ တီးတိုး ရေရွတ်နေသည်။ သူ အလွန်အမင်း နောင်တရနေ၏။
“ငါ့ရဲ့ ရှယ်ယာ လေးရာခိုင်နှုန်း”
သူ ဝမ်းနည်းစွာ အော်ဟစ်လိုက်မိသည်။ သူ့ပါးပေါ်သို့ မျက်ရည်များ စီးကျလာပြီး ဝမ်းနည်းသော အငွေ့အသက်က သူ့အား လွှမ်းခြုံလာသည်။
သူ၏ ရှယ်ယာ လေးရာခိုင်နှုန်းကို ရောင်းခဲ့စဉ်က သူ ဂုဏ်ပြုပွဲတစ်ခုပင် စီစဉ်ခဲ့သေးသည်။ မထင်မှတ်ဘဲ လက်တွေ့တွင် သူ ပြန်လည်၍ ရိုက်ချခံလိုက်ရပြီး သူ့နှလုံးသားအား နာကျင်သွားစေသည်။
နောင်တရနေသူက သူတစ်ဦးတည်း မဟုတ်ပေ။ ထိုနေ့တွင် ရှယ်ယာရှင်ပေါင်းများစွာက ကိုယ့်ရင်ဘတ် ကိုယ်ထုလာပြီး ဒေါသထွက်လွန်း၍ ထမင်းပင် မစားနိုင်ကြချေ။
ယိုဂျီ နည်းပညာ။
ပိန်ပါးပါးနှင့် မုတ်ဆိတ်မွေးရှိသော အမျိုးသားတစ်ယောက်က မျက်လုံးကို မှေး၍ သူ့လက်ထဲမှ သတင်းကို ကြည့်နေသည်။ သူ့မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
“ဝမ်ရုံ နည်းပညာက ဘာဖြစ်တာလဲ၊ သူတို့ ဇာတ်မသိမ်းသွားသေးဘူးလား၊ မင်းတို့ ငါ့ကို သင့်တော်တဲ့ ဖြေရှင်းချက် ပေးတာ ပိုကောင်းလိမ့်မယ်”
တရုတ်ဘာသာစကားဖြင့် ပြောမည့်အစား သူက ဂျပန်ဘာသာစကားဖြင့် ပြောလာသည်။
“မစ္စတာ အူရှီမား ဒါက ကျွန်တော်တို့ အမှားပါ”
အနက်ရောင် မျက်နှာဖုံး တပ်ထားသည့် လူတစ်ယောက်က ပြောလာသည်။
“ကျုပ်တို့ ခန့်မှန်းချက်အရဆိုရင် ဝမ်ရုံ နည်းပညာက အနှေးနဲ့အမြန်ဆိုသလို ပြိုလဲရတော့မှာ၊ ဒါပေမဲ့ အဲ့ဒီ နည်းပညာက ရုတ်တရက်ကြီး ပေါ်လာတယ်၊ ဒါက တကယ်ကို အံ့ဩစရာအဖြစ် ပေါ်လာတာ”
“မင်းက ငါ့ကို အဲ့ဒါလေးပဲ ပြောတော့မှာလား”
မစ္စတာ အူရှီမား၏ မျက်နှာအမူအရာက မည်းမှောင်နေ၏။
“မင်းတို့ဆီက အမှားလေးတစ်ခုက ငါတို့ အစီအစဉ်ကို ဘယ်လောက် ထိခိုက်စေလဲ သိလား၊ ဝမ်ရုံ နည်းပညာ ဒေဝါလီ ခံတာနဲ့ ငါတို့က အဲ့ဒီ မောင်းသူမဲ့ နည်းပညာကို အသာလေး ရလာတော့မှာ၊ နည်းပညာမှာ ပြဿနာ ရှိနေတယ် ဆိုရင်တောင်မှ ငါတို့အတွက် ပြောင်းလဲမှုပဲ၊ အခုတော့ သူတို့ နည်းပညာက တစ်ဆင့် ကျောသွားပြန်ပြီ”
“ခင်ဗျား စိုးရိမ်စရာ မလိုပါဘူး မစ္စတာ အူရှီမား”
ထိုလူ၏ အသံက ပျော့သော်လည်း မျက်လုံးများက လေးနက်နေသည်။
“ဝမ်ရုံ နည်းပညာ အသက်ပြန်ရှင်လာတာက ဝိုင်အလှကုန် ပစ္စည်းက ဝယ်လိုက်လို့ပဲ၊ ဝိုင်အလှကုန် ပစ္စည်းရဲ့ နောက်ကွယ်ကလူက ဆယ်ကျော်သက် လူငယ်လေး တစ်ယောက်ပဲ၊ သူက ဝမ်ရုံ လုပ်ငန်းစုကို ဖျောင်းဖျပြီး မောင်းသူမဲ့ နည်းပညာမှာ ပြဿနာ ရှိနေတယ်လို့ ထောက်ပြခဲ့တဲ့သူပါ”
“ဪ”
မစ္စတာ အူရှီမား၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး ဆက်ပြောမည့်စကားကို ငြိမ်၍ စောင့်နေသည်။
“ဒီတစ်ခေါက် သူတို့ရဲ့ ဉာဏ်ရည်မြင့် သန့်ရှင်းရေး စက်ရုပ်ကလည်း အဲ့လူငယ်လေးဆီက ဖြစ်နိုင်တယ်”
ထိုလူသည် ခန့်မှန်းနေခြင်း ဖြစ်သော်လည်း ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
“ပြီးတော့ သူက ချို့ယွင်းချက်မရှိတဲ့ မောင်းသူမဲ့ နည်းပညာကို နားလည်လောက်တယ်”
“အဲ့ဒါဆိုရင် ကျုပ်တို့ ဂျပန်နိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာက လက်ဖျားခါလောက်တဲ့ အရာတွေ ဖန်တီးနိုင်၊မနိုင်က အဲ့လူငယ်ပေါ် မူတည်နေတာပဲ”
မစ္စတာ အူရှီမားက နှုတ်ခမ်းသပ်လိုက်သည်.
“ဒီပြဿနာက ကျုပ်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေတယ်၊ ကမ္ဘာမြေရဲ့ ဂိတ်တံခါးကို ချက်ချင်း သတင်းပို့ ပြီးတော့ ကူညီဖို့ လူလွှတ်ခိုင်းလိုက်ပါ”
ယိုဂျီ နည်းပညာအပြင် အခြားသော နိုင်ငံမှ ကုမ္ပဏီများကလည်း ဝမ်ရုံနည်းပညာအား သူတို့၏ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လာကြသည်။ သူတို့က လုပ်ဆောင်မှုများစွာကို လုပ်ရန် ပြင်ဆင်နေ၏။
…
နည်းပညာသည် ဘယ်နိုင်ငံအတွက်မဆို အလွန် အထိမခံသည့် ခေါင်းစဉ် ဖြစ်သည်။ ဝမ်ရုံ နည်းပညာက တော်တော်လေး ဆူညံအောင် လုပ်ခဲ့လေသည်။ ရဲ့လင်းချန်သည် ထိုအဖွဲ့များ၏ ပစ်မှတ်ထားခြင်း ခံရသည်ကို မသိပေ။ ထိုအချိန်တွင် သူသည် ရှောင်ယွင်နှင့် ပတ်သက်သော သတင်းများအပြင် စနစ်တွင်းမှ မြင့်တက် လာနေသော သူ၏ ရေပန်းစားမှု အမှတ်များကို ဝမ်းသာအားရ ကြည့်နေသည်။
တစ်ရက်တည်းနှင့် သန်းသုံးရာ ရောင်းနိုင်ခဲ့လေပြီ။ သိပ္ပံနှင့် နည်းပညာလမ်းကြောင်းကို ရွေးလိုက်သည်က သူ မှန်သွားခဲ့သည်။ ၎င်းသည် ရေပန်းစားမှုကို တိုးလာစေနိုင်သလို တစ်ချိန်တည်းမှာပင် ပိုက်ဆံ ရှာပေးနိုင်လေသည်။ ဤနှုန်းနှင့်ဆိုလျင် အဆောက်အဦးတစ်ခု ဝယ်ခြင်းက သူ့အား ကျေနပ်စေနိုင်တော့မည် မဟုတ်ပါ။ သူ တတ်နိုင်မည်ဆိုလျင် ကျွန်းတစ်ကျွန်းကိုပါ ဝယ်ချင်မိသည်။
ကျွန်းတစ်ကျွန်း ဝယ်မည့်အတွေး ပေါ်လာသည်နှင့် ယင်းက ရဲ့လင်းချန်၏ အတွေးထဲ အမြစ်တွယ်သွားပြီး စွဲထင်နေ၏။
သူ ကျွမ်းကျင်သော အရာများက များလွန်းပြီး ဘယ်ပညာရပ်မဆို၌ သူ အမြင့်သို့ လျင်မြန်စွာ ရောက်နိုင်သည်။ သို့သော် ယင်းက ဇဝေဇဝါ ဖြစ်ခြင်းနှင့် အနှောင့်အယှက်ဖြစ်ခြင်းတို့ ဖြစ်လာနိုင်သည်။ ဥပမာဆိုရင် ပန်ဒါ ထုတ်လွှင့်ရေး၊ ဝိုင်အလှကုန် ပစ္စည်းနှင့် ဝမ်ရုံ နည်းပညာတို့၌ တိုးတက်မှုများ သေချာပေါက် ရှိလာလောက်သည်။ အလွန် ရှုပ်ထွေးနေလျင် အရာအားလုံး လုပ်ရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် အရာအားလုံး သဟဇာတဖြစ်ရန် လိုကိုလိုအပ်ပေသည်။
ထိုသို့လုပ်ရန် အကောင်းဆုံးနည်းမှာ ဌာနချုပ်တစ်ခု တည်ထောင်ရန် ဖြစ်သည်။ ၎င်းသည် ခမ်းနားရမည် ဖြစ်ပြီး သေးလွန်းလျင်လည်း အလုပ် ဖြစ်မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်းတစ်ကျွန်းက အံကိုက်ပင်။
ကျွန်းတစ်ကျွန်း ဝယ်မည်။ သူ ကျွန်းတစ်ကျွန်း ဝယ်ပြီး နောက်တွင် ကျွန်းပိုင်ရှင် ဖြစ်လာရပေမည်။
သူ ထိုသို့တွေးနေစဉ်မှာပင် သူသည် မြို့တော် အားကစားစင်တာသို့ ရောက်ရှိလာသည်။
အားကစားစင်တာ၌ ရဲ့လင်းချန်သည် ဘောပင်တစ်ချောင်းနှင့်အတူ ထိုင်နေပြီး ပြုံးနေ၏။ သူ့ကို မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းမှ ကစားသမားများနှင့် နည်းပြများက ဝိုင်းထားသည်။ သူတို့သည် ရဲ့လင်းချန်အတွက် နောက်ခံလူများသာ ဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းရန် ဖြစ်သည်။
အားကစားရုံပေါ်၌ ခေါင်းစီးများကို ချိတ်ဆွဲထားသည်။ ၎င်းမှာ တရုတ်နိုင်ငံ၏ ဘတ်စကက်ဘော ကြယ်ပွင့် ရဲ့လင်းချန်နှင့် တွေ့ဆုံနှုတ်ဆက်ခြင်း တရားဝင် စတင်ပါပြီ။
မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းက ဤမျှ ပွဲထုတ်လိမ့်မည်ဟု ရဲ့လင်းချန် ထင်မထားမိပါ။ သူမှလွဲ၍ အခြားသူများအားလုံး၌ စိတ်လှုပ်ရှားနေသော အမူအရာများ ပေါ်လွင်နေကြသည်။ ဖန်ဟမ်တောင်မှ နှစ်တစ်ရာအတွင်း တစ်ပွဲတောင် အနိုင်ရမခဲ့ဖူးသကဲ့သို့ ပွဲကြည့်စင်မှ ပရိသတ်များကို ဆက်တိုက် လက်ပြ နှုတ်ဆက်နေသည်။
“ဝိုး … အစ်ကိုရဲ့က သိပ်ချောတာပဲ၊ အား…”
“ရဲ့နတ်ဘုရား၊ ကျွန်မကို လက်မှတ်လေး ထိုးပေးပါ”
“ဓာတ်ပုံ အတူတူ ရိုက်ရအောင်လေ”
“သိပ်ချောတာပဲ၊ တီဗွီထဲကထက် အများကြီး ပိုချောတယ်”
“အစ်ကိုရဲ့ ခင်ဗျားက ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်ယူစရာပဲ၊ ပြီးတော့ ကျွန်တော်က ခင်ဗျားရဲ့ အမာခံ ပရိသတ်ပါ”
“မတိုးနဲ့၊ မတိုးနဲ့၊ ငါ ဒီကို အရင်ရောက်တာ၊ ငါ အရင်ဆုံး လက်မှတ်ရဖို့ လိုတယ်”
ဤအစီအစဉ်အား အဖွဲ့အစည်းက စီစဉ်ထားခြင်း ဖြစ်သည့်အပြင် တရားဝင် အသိအမှတ် ပြုထားခြင်းလည်း ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံက နိုင်ငံခြား ဘတ်စကက်ဘော အသင်းကို တရားဝင် အနိုင်ရခဲ့သည့် ပထမဆုံးအကြိမ်ပင်။ ထို့အပြင် အတော်လေး အံ့ဩစရာ ကောင်းခဲ့သည်။ ယင်းက သေချာပေါက် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူစိတ်တို့ကို ဖြစ်ပေါ်လာစေသည်။
မိန်းကလေးများက ရဲ့လင်းချန်ကို အစ်ကိုရဲ့ဟု ခေါ်ဝေါ်ကြပြီး ယောက်ျားလေး ပရိသတ်များက ရဲ့လင်းချန်အား ရဲ့နတ်ဘုရားဟု တလေးတစား ခေါ်ကြသည်။ အစီအစဉ်က တစ်ခဏမျှ ထိန်းမရအောင် ဖြစ်နေလေသည်။
“ကျေးဇူးတင်ပါတယ်၊ မင်းတို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
သူ့ပရိသတ်များ၏ စိတ်အားထက်သန်မှုကို ခံစားမိပြီး ရဲ့လင်းချန်သည်လည်း ပျော်ရွှင်လာကာ လူတိုင်းကို လက်ပြ နှုတ်ဆက်လေသည်။
ရဲ့လင်းချန်သည် ဘတ်စကက်ဘော ကစားခြင်းဖြင့် စူပါစတားတစ်ယောက် ဖြစ်လာခဲ့သည်။ လူတစ်ယောက်က ထူးချွန်လွန်းနေလျင် သူ၏ အရည်အချင်းကို သိသာလှမှာပင်။ သူ ဖုံးထားချင်လျင်တောင်မှ မဖုံးနိုင်ပါ။ သူက ဝိုင်ပါဟု အများအား ထုတ်ဖော်လိုက်လျင် ယင်းက ပွက်လောရိုက်မှုကြီးတစ်ခု ဖြစ်လာစေနိုင်လေမလား။