မရင်းနှီးသောအရပ်
Vol. 24 Ch. 371
ထိုတိုက်ပွဲပြီးနောက် ရွှီချင်း၏ နာမည်က ခုနစ်ဂိုဏ်းမဟာမိတ်အတွင်း ပျံ့နှံ့သွားပြီး ဂိုဏ်း ( ၁၃၇ ) ဂိုဏ်းသို့ပါ ဟိုးလေးတကြော်ကြော် ဖြစ်သွားသည်။
သူတော်စင်ကြယ်က ကောင်းကင်နန်းတော်ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်သည်။ ယခင်က ချီရွှဲ့ထုံဂိုဏ်း၏ အကြီးဆုံးမင်းသားကို သူ အနိုင်ယူခဲ့သည်မှာ အကြီးဆုံးမင်းသားက ကောင်းကင်နန်းတော်မဖြစ်ခင် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာခဲ့သောကြောင့် ဖြစ်သည်။
ရွှီချင်းမှာ မတူညီပေ။ ကောင်းကင်နန်းတော်ကို တည်ဆောက်ထားသော ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
ယင်ဟွမ်ပြည်နယ်တစ်ခုလုံးတွင် ထိုသို့ လုပ်နိုင်သူ အလွန့်အလွန် နည်းပါးသည်။
ယင်းအပြင် ရွှီချင်းက သူ၏ကန့်သတ်ချက်သို့ မရောက်သေးပေ။ သက်စောင့်မီးလုံးသုံးလုံးကိုသာ ထွန်းညှိနိုင်သေးသည်။
ယင်းကြောင့် ရှစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းသားများ၏ သဘောထားများ ချက်ချင်း ပြောင်းလဲသွားသည်။ ရန်လိုသောလူများ ရှိသေးသော်လည်း အများစုက ရွှီချင်းကို လေးစားလာကြသည်။ ထိုထဲမှ အများစုမှာ ဂိုဏ်းသူများ ဖြစ်ကြသည်။
ခေါင်းဆောင်၏ အမြင်၌ ရွှီချင်း၏ရုပ်ရည်သွင်ပြင်သည် သူ၏ကျင့်ကြံခြင်းအခြေခံကို ကျော်လွန်သည့် ဝှက်ဖဲတစ်ချပ် ဖြစ်သည်။
ပြင်ပလောကကြီးထဲတွင် မည်မျှ ဆူညံပွက်လောရိုက်နေသည့်တိုင်အောင် ရွှီချင်းသည် တိုက်ပွဲပြီးနောက် သူ့နေအိမ်မှ တစ်ဖဝါးမခွာပေ။ သူသည် တစ်နေ့လုံး တရားထိုင်ကာ ကျင့်ကြံနေပြီး သက်စောင့်မီးအိမ်နှစ်လုံးကို ပို၍ နားလည်ရန် ကြိုးစားနေသည်။
အမှတ်ခုနစ်သခင်ကြီးသည် စီမာယွီနှင့် တိုက်ပွဲက စီမာမျိုးနွယ်စုနှင့် ချီရွှဲ့ထုံဂိုဏ်းကြားက ကိစ္စတစ်ခုသာဖြစ်ကြောင်း သူ့ကို ပြောပြခဲ့သည်။
တချိန်တည်းမှာပင် မဟာမိတ်သို့ ချီရွှဲ့ထုံဂိုဏ်း ပြောင်းရွှေ့မည့်အသေးစိတ်ကို ဆွေးနွေးပြီးနောက် ဂိုဏ်းတည်နေရာကိုလည်း ရွေးချယ်ခဲ့ကြသည်။
ဂိုဏ်းတည်နေရာသည် လျှို့ဝှက်ချက်ဖြစ်သည်။ မဟာမိတ်သို့ လိုက်လာကြသူများပင် ဂိုဏ်းတည်နေရာကို မသိကြပေ။ အမှတ်ခုနစ်သခင်ကြီးတစ်ယောက်သာ သိသည်။
သို့ဖြစ်၍ ခေါင်းဆောင်၊ ရွှီချင်းနှင့် တတိယမင်းသားတို့က ပထမဆုံး သိသွားကြသည်။
ယခုတစ်ခေါက် ယင်ဟွမ်ပြည်နယ်ခရီးစဉ်တွင် ရွှီချင်းမှာ နောက်ထပ်ရည်မှန်းချက်တစ်ခု ရှိသည်။ ကျန်းစန်းက ရွှီချင်းကို ဂိုဏ်းအသစ်တည်နေရာအား ချက်ချင်း ပေးပို့ပေးရန် တောင်းဆိုထားခဲ့သည်။ ယင်းမှာ အကျိုးအမြတ်များစွာ ရရှိနိုင်သော ကိစ္စတစ်ခုဖြစ်သည်။
ဥပမာအနေဖြင့် ဂိုဏ်းနေရာသစ်အတွင်းနှင့်အပြင်ရှိ မြေနေရာများကို ဝယ်ယူခြင်းဖြစ်သည်။ ကျန်းစန်း၏ အဆိုအရ ထိုကဲ့သို့ ကိစ္စမျိုးသည် အလွန့်အလွန် ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သည်။
ခေါင်းဆောင်က မယုံကြည်ရသည်ဟု ခံစားရသည်ဖြစ်၍ ကျန်းစန်းသည် ရွှီချင်းကို မမေ့စေရန် အထပ်ထပ်အခါခါ မှာကြားခဲ့သည်။
ထို့ကြောင့် ရွှီချင်းသည် ဂိုဏ်းနေရာသစ်ကို သိလိုက်ရပြီးနောက် ကျန်းစန်းကို ချက်ချင်း သတင်းပို့လိုက်သည်။ ကျန်းစန်းသည်လည်း ကျွမ်းကျင်သောလူတစ်ယောက်ဖြစ်သည်။ သူသည် နှမြောတွန့်တိုခြင်းမရှိ သုံးစွဲကာ တည်နေရာရွှေ့ပြောင်းခြင်းများစွာ သုံး၍ မဟာမိတ်သို့ ရောက်လာသည်။ သူသည် ရွှီချင်းနှင့်ခေါင်းဆောင်တို့ကို နှုတ်ဆက်လိုက်ပြီးနောက် အလုပ်ရှုပ်သွားသည်။
တတိယဆရာတူအစ်ကိုသည်လည်း အလုပ်ရှုပ်နေသည်။ သူသည် အစီအစဉ်များပင် ချမှတ်ထားပြီ ဖြစ်သည်။
ထိုသတင်းကို သိသွားကြသည့် တခြားတောင်ထိပ်များမှ မင်းသားများသည်လည်း ထိုသတင်း၏အရေးကြီးပုံကို နားလည်ကြသည်။ သူတို့သည် ဆက်လက်စိန်ခေါ်မနေတော့ဘဲ ထိုသတင်းမှ ပိုက်ဆံမျိုးမျိုးမြတ်မြတ်ရနိုင်ရန် ကြိုးစားလိုက်ကြသည်။
ထိုသို့ဖြင့် ထိုသတင်းကို ဆက်လက်ထိန်းမထားနိုင်တော့ပေ။ မဟာမိတ်ထဲ ပျံ့နှံ့သွားပြီး ချီရွှဲ့ထုံဂိုဏ်းရွေးချယ်ထားသည့် မြေနေရာပတ်လည်ရှိ နေရာများ၏ ဈေးနှုန်းများမှာ ခေါင်ခိုက်လာသည်။
မဟာမိတ်ရှိ တောင်ထိပ်အသီးသီးမှလူများသည်လည်း ပါဝင်လာကြကာ မြေနေရာများ ဝယ်လာကြသည်။ မည်သို့ပင်ဖြစ်စေ ဆွေးနွေးမှုအရ မဟာမိတ်က သူတို့၏ ကြင်နာမှုကို ပြသသည့်အနေဖြင့် ပြောင်းရွှေ့ရေးကုန်ကျစားရိတ်ကို ပေးဆောင်မည်ဖြစ်ကြောင်း တာဝန်ခံထားသည်။ သို့ဖြစ်၍ လူတိုင်းက လွန်လွန်ကျူးကျူး လုပ်၍ မရသည်ကို နားလည်ကြသည်။
မည်သည့်အချိန်တွင် ရပ်ရမည်ကို သူတို့ သိထားကြသည်။
ထိုသို့မဟုတ်ဘဲ ချီရွှဲ့ထုံဂိုဏ်းသာ ထပ်မံဆွေးနွေးပြီး တည်နေရာရွှေ့ပြောင်းလိုက်ပါက ဤနေရာတွင် ရင်းနှီးမြှုပ်နှံထားသည့်လူအားလုံး အကြီးအကျယ် ဆုံးရှုံးသွားမည်ဖြစ်သည်။
မဟာမိတ်က သဘောထားမသေးသိမ်ပေ။ အကျိုးအမြတ်အများဆုံးရရှိကြသည်မှာလည်း မဟာမိတ်၏ အတွင်းစည်းအဖွဲ့ဝင်များသာ ဖြစ်သည်။ ယင်းကို ဂိုဏ်းအသီးသီးက နှုတ်ဖြင့်ပြောစရာမလိုသော ခွဲဝေခြင်းအဖြစ် ယူဆနိုင်သည်။ ထို့ကြောင့် ထိုသတင်းကို သူတို့က တစ်ရက်ကြာ ဖြန့်ခွင့်ပြုလိုက်ပြီးနောက် ပင်မမြို့ကြီးထဲရှိ မြေနေရာဝယ်ခွင့်ကို ပိတ်လိုက်သည်။
ယင်းနောက် ချီရွှဲ့ထုံဂိုဏ်း၏ ပထမတစ်သုတ် တည်နေရာရွှေ့ပြောင်းခြင်း စတင်လေသည်။
ပထမတစ်သုတ်ရောက်လာကြသူများသည် ဆဋ္ဌမမြောက်တောင်ထိပ်၏ ဂိုဏ်းသားတစ်ဝက်ကျော် ဖြစ်သည်။ နန်းဟွမ်ကျွန်းကြီးသည် သူတို့၏ အုတ်မြစ်ဖြစ်ပြီး လက်မလွှတ်နိုင်သောကြောင့် ဂိုဏ်းသားအနည်းငယ် ချန်ခဲ့သည်။ ဂိုဏ်းသားခြောက်ဆယ်ရာခိုင်နှုန်းသာ အမှတ်ခြောက်သခင်ကြီးနောက်သို့ လိုက်ပါလာခဲ့ကြသည်။
တချိန်တည်းမှာပင် သူက ဆဋ္ဌမမြောက်တောင်ထိပ်ကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့သည်။
ဂိုဏ်းတည်နေရာအသစ်တွင် ဧရာမမြို့ကြီးတစ်မြို့ကို သူတို့ တည်ဆောက်ချင်သည်။ ယင်းသည် ကြီးမားသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ထိုလုပ်ငန်းစဉ် ပြီးမြောက်ရန် ကျင့်ကြံသူများသာမက သာမန်လူများ၏ အကူအညီလည်း လိုအပ်သည်။ ထိုအခါမှသာ လုပ်ငန်းစဉ်က အရှိန်မြင့်သွားမည် ဖြစ်သည်။
မကြာခင် ဒုတိယနှင့် တတိယအသုတ် တည်နေရာရွှေ့ပြောင်းခြင်းများ တစ်ခုပြီးတစ်ခု ဆောင်ရွက်လိုက်သည်။ နေ့တိုင်းနီးပါး ချီရွှဲ့ထုံဂိုဏ်းသားများနှင့် သာမန်လူများ တည်နေရာရွှေ့ပြောင်းလာကြပြီး မြို့တည်ဆောက်ခြင်း၌ ပါဝင်လိုက်ကြသည်။
ချီရွှဲ့ထုံဂိုဏ်း ရွေးချယ်ထားသော နေရာသည် အင်မော်တယ်အားတိုးမြစ်၏ မြစ်လက်တက်ခွဲတစ်ဖက်စွန်းတွင် တည်ရှိပြီး မူလခုနစ်ဂိုဏ်းမဟာမိတ်က တံတားကြီးရှစ်စင်းဖြင့် ချိတ်ဆက်ထားသည်။ တံတားတစ်စင်းစီက မြင်းလှည်းပေါင်းတစ်ရာခန့် ဘေးချင်းယှဉ်လျက် သွားလာနိုင်သည်။
တခြားတစ်ဖက်တွင် ဖုန်ဆိုးမြေရှိသည်။ အဝေးတွင် ထိုက်စီကြမ္မာဆိုးတောင်တန်းကြီးကို မြင်နိုင်သည်။
မြို့ပုံစံကိုလည်း အတည်ပြုခဲ့သည်။ မြို့ပုံစံက နန်းဟွမ်ကျွန်းကြီးမှာကဲ့သို့ စတုရန်းပုံစံ မဟုတ်ပေ။
အပေါ်စီးမှကြည့်လျှင် ဧရာမမျက်လုံးကြီးတစ်လုံးနှင့် ဆင်တူနေမည်ဖြစ်သည်။
မြို့အစွန်တစ်ဖက်က တားမြစ်ပင်လယ်နှင့် ထိစပ်နေပြီး တခြားတစ်ဖက်က မဟာမိတ်မြို့ကြီးကို တံတားကြီးများတစ်ဆင့် ချိတ်ဆက်ထားသည်။ ယင်းအပြင် အင်မော်တယ်အားတိုးမြစ်ရေများ ပါဝင်သော မြစ်လေးတစ်စင်းက ချီရွှဲ့ထုံဂိုဏ်း၏ မြို့ကြီးမှတစ်ဆင့် ပင်လယ်ထဲသို့ စီးဆင်းသွားသည်။
မျက်လုံးပုံစံမြို့ကြီး၏ မျက်လုံးအိမ်တည်နေရာက နောင်တွင် ချီရွှဲ့ထုံဂိုဏ်းရှိ တောင်ထိပ်ခုနစ်လုံး တည်နေရာဖြစ်လာမည်ဖြစ်သည်။ ဘေးပတ်လည်တွင် မြို့များစွာဖြင့် ပြည့်နေပြီး ဆိပ်ကမ်းတည်နေရာကို သတ္တမမြောက်တောင်ထိပ်က ချုပ်ကိုင်မည်ဖြစ်သည်။
ဂိုဏ်းနှင့် မြို့ကြီး တည်ဆောက်ခြင်းကြောင့် ရွှီချင်းမှာ ကျင့်ကြံခြင်းတွင် အာရုံမစိုက်နိုင်တော့ပေ။ သတ္တမမြောက်တောင်ထိပ်၏ မင်းသားတစ်ပါးဖြစ်၍ သူ လုပ်ရမည့်ကိစ္စများစွာ ရှိသည်။
ဥပမာအနေဖြင့် ထိုအချိန်၌ မြို့အသစ်၏ အကြမ်းထည်ကို တည်ဆောက်ပြီးသည်နှင့် ချီရွှဲ့ထုံဂိုဏ်းက အကြီးစားတည်နေရာရွှေ့ပြောင်းခြင်းပုံစံတစ်ခုကို ဖော်ဆောင်ခဲ့သည်။ ယခုတစ်ခေါက်တွင် သူတို့သည် သာမန်လူနှင့် ဂိုဏ်းသားများ အများအပြား တည်နေရာရွှေ့ပြောင်းချင်ခဲ့သည်။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ကြိုတင်စစ်ဆေးခြင်းသည်ပင် တစ်ရက်နီးပါး ကြာမြင့်သွားခဲ့ပြီး ညနေစောင်းသောအခါမှသာ ပြီးစီးသွားခဲ့သည်။ ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားများသည်လည်း လေထဲသို့ ပျံတက်လာကြပြီး ပတ်ဝန်းကျင်ကို စိုးရိမ်တကြီးဖြင့် စစ်ဆေးလိုက်သည်။
ယခုတစ်သုတ် တည်နေရာရွှေ့ပြောင်းခြင်းတွင် သာမန်လူ များစွာ ပါလာမည်ဖြစ်သည်။ သာမန်လူများသည် ချီရွှဲ့ထုံဂိုဏ်း၏ စီးပွားရေးအတွက် အဓိကထောက်ပံ့သူများဖြစ်၍ ချီရွှဲ့ထုံဂိုဏ်းက သူတို့ကို အလွန် အကာအကွယ်ပေးသည်။ ထို့ကြောင့် ထိုနေရာကို စောင့်ကြပ်ရန် ရွှီချင်းအား တာဝန်ပေးလိုက်သည်။
ခေါင်းဆောင်နှင့် အမှတ်သုံးဆရာတူအစ်ကိုတို့သည်လည်း သူနှင့်အတူ စောင့်ကြပ်ကြမည်ဖြစ်သည်။
သူတို့သုံးယောက်က လေထဲတွင် ရပ်နေ၏။ တစ်ဖက်တွင် ချီရွှဲ့ထုံဂိုဏ်း၏ မြို့သစ်ကြီး ရှိပြီး မန္တန်အစီအရင်ကြီးက တဖြည်းဖြည်း အသက်ဝင်လာသည်။ တခြားတစ်ဖက်တွင် ဖုန်ဆိုးမြေရှိသည်။
ဖုန်ဆိုးမြေကို မဟာမိတ်က ဧရာမမြို့တံတိုင်းကြီးများ၊ မန္တန်အစီအရင်ကြီးများဖြင့် ပိုင်းခြားထားပါသော်ငြား ကောင်းကင်မှကြည့်ပါက ယင်ဟွမ်ပြည်နယ်သည် နန်းဟွမ်ဒေသကြီးနှင့် ယှဉ်လျှင် ပို၍ပင် အရိုင်းဆန်သည်။
ယင်းအပြင် ချီရွှဲ့ထုံဂိုဏ်းရွေးချယ်လိုက်သောနေရာသည် ထိုက်စီကြမ္မာဆိုးတောင်တန်းကြီးနှင့် နီးကပ်နေသည်။ ထို့ကြောင့် ရွှီချင်းသည် ထိုက်စီကြမ္မာဆိုးတောင်ကြီးကို ပြတ်သားစွာ မြင်လိုက်ရသည်။ ထိုက်စီကြမ္မာဆိုးတောင်တန်းကြီးသည် ဧရာမသားရိုင်းကောင်ကြီး၏အလောင်းနှင့် ဆင်တူပြီး မည်းနက်သောတောင်တန်းကြီးတစ်ခုဖြစ်သည်။
ပင်လယ်နှင့်ထိစပ်နေသော ထိုက်စီကြမ္မာဆိုးတောင်တန်းကြီး၏ အစွန်အဖျားတွင် မည်းနက်သောတောင်ကြီးများ တစ်လုံးပြီးတစ်လုံး ဆင့်လျက် တည်ရှိနေကြပြီး သစ်ပင်များ ထူထပ်သော တောအုပ်များ ရှိသည်။ အဝေးသို့ မျှော်ကြည့်လျှင် တောင်များ၏ အဆုံးသတ်ကို မမြင်ရပေ။
“ တောင်ကြီးရဲ့ တခြားတစ်ဖက်မှာ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်အင်အားစု တည်ရှိတယ် ”
ခေါင်းဆောင်သည် ရွှီချင်း၏ဘေးတွင် ရပ်ကာ ပန်းသီးတစ်လုံးကို စားလိုက်ရင်း ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ သူ ကြည့်နေစဉ် သူ့နောက်ရှိ ပင်မမြို့ကြီးထဲမှ မန္တန်အစီအရင်မှာ အသက်ဝင်သွားပြီ ဖြစ်သည်။ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားအငွေ့အသက်များ အဖက်ဖက်သို့ လွင့်ပျံသွားပြီး စူးရှတောက်ပသောအလင်းတန်းကြီးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်။
လေပြင်းများ သူ့မျက်နှာကို တိုက်ခတ်လာပြီး မြေပြင် တုန်ခါသွားသည်။ ပင်မမြို့ကြီးထဲရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲတွင် လူရိပ်များ ရုတ်တရက် ပေါ်ပေါက်လာသည်။ လူများ သိန်းချီ၍ ပြွတ်သိပ်လျက်ရှိနေသည်။ အပေါ်စီးမှကြည့်ပါက နေရာအနှံ့ ပြန့်ကျဲနေသော ပုရွက်ဆိတ်လေးများနှင့် ဆင်တူသည်။ ရောက်ရှိလာသော လူအားလုံး စိတ်လှုပ်ရှားနေသောအမူအရာများ ရှိနေကြသည်။
သူတို့အတွက် ဤနေရာသည် မရင်းနှီးသော်လည်း ပိုကောင်းမွန်သော အနာဂတ်တစ်ခု အစပြုရာ ဖြစ်သည်။
အလင်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပြီး လူများပေါ်လာသည်နှင့် အထဲမှ ဂိုဏ်းသားများ လေထဲသို့ ပျံတက်လာကြသည်။ ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည့် ဂိုဏ်းသားများသည်လည်း အစီအစဉ်များအတိုင်း စတင်လုပ်ဆောင်လိုက်ကြသည်။
ရွှီချင်းသည်လည်း အာရုံစိုက်ကာ ဘေးပတ်ဝန်းကျင်ကို စူးစိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် အဝေးရှိ ထိုက်စီကြမ္မာဆိုးတောင်တန်းများတည်ရှိရာအရပ်ရှိ ကောင်းကင်ကြီးသည် အရောင်များ ပြောင်းလဲသွားပြီး ပန်းရောင်တိမ်စိုင်များ လွင့်မျောနေသည်။
တိမ်စိုင်များထဲရှိ ဖိအားသည် ကြောက်မက်ဖွယ်ကောင်းပြီး လျှပ်စီးများ အရပ်မျက်နှာအနှံ့ ပစ်ခတ်နေသည်။
ထိုဖြစ်ရပ်သည် ချီရွှဲ့ထုံဂိုဏ်းသားများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ ကောင်းကင်တွင် ရွှယ်လျန့်ကျစ်၏ မျက်နှာကြီး ပေါ်လာပြီး စူးစိုက်ကြည့်လိုက်သည်။
ရွှီချင်းသည်လည်း လှမ်းကြည့်လိုက်ရာ တုန်လှုပ်ချောက်ချားစရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ဒုက္ခသည်ထောင်ဂဏန်းခန့်ရှိနေသည်။ သူတို့သည် ထိုက်စီကြမ္မာဆိုးတောင်ထဲရှိ တိုင်းပြည်ငယ်လေးတစ်ခုမှ လူသားမဟုတ်သော မျိုးနွယ်မှ ဖြစ်ဟန်တူသည်။ သူတို့အားလုံး ထင်းများပမာ ပိန်ချုံးနေပြီး ကြောက်လန့်တုန်ရီနေသောအမူအရာများဖြင့် အစွမ်းကုန် ပြေးနေကြသည်။
ထိုစဉ် ပန်းရောင်တိမ်စိုင်ကြီးက သူတို့အထက်ရှိ ကောင်းကင်ယံတွင် လွင့်မျောလာသည်။ ထိုပန်းရောင်သည် တစ်မျိုးကြီး ဖြစ်နေပြီး နုတ်နုတ်စဉ်းထားသော အသားအရောင်နှင့် ဆင်တူသည်။ ၎င်းသည် ဧရာမပါးစပ်ကြီးအသွင် ပြောင်းလဲ၍ မြေပြင်ကို လှမ်းဟပ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ဒုက္ခသည်အားလုံး ပါးစပ်ထဲ ရောက်သွားသည်။ တဂျွမ်းဂျွမ်းမြည်သံများ ပဲ့တင်ထပ်လာပြီး သွေးများ ဖွာခနဲ ပန်းထွက်သွားသည်။
ထိုပါးစပ်ကြီးထံမှ ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါများ လွင့်ပျံနေသည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားစဉ် ပန်းရောင်မြူခိုးများသည် တရွှီရွှီအော်မြည်၍ ဧရာမလူရိပ်ကြီးအသွင် ပြောင်းလဲကာ တိမ်စိုင်များထဲ ဝင်ရောက်သွားသည်။
ထိုလူရိပ်သည် ပေတစ်ထောင် မြင့်မားပြီး အလွန် လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်ကို မြင်နိုင်သည်။ ထိုအမျိုးသမီးသည် ပြစ်မျိုးမှဲ့မထင်အောင် လှပသူဖြစ်ပြီး မျက်လုံးဝိုင်းဝိုင်းများထဲမှ အလင်းများ ဖြာထွက်နေသည်။
နှာခေါင်းက ရှေ့သို့ သိသိသာသာ ချွန်ထွက်နေပေရာ မျက်နှာတစ်ခုလုံးက မျက်နှာသုံးဖက်ရှိနေသကဲ့သို့ ထင်ရပေသည်။
ထိုအမျိုးသမီးက ချီရွှဲ့ထုံဂိုဏ်းသို့ အလျင်အမြန် ချဉ်းကပ်လာစဉ် ထိုအမျိုးသမီး၏ အရေပြားက ကျားသစ်ကဲ့သို့ အစင်းကြောင်းများ ရှိနေသည်ကို မြင်နိုင်သည်။ သူမ၏ခါးသည် သေးသွယ်ပြီး သွားများက ဖြူဖွေးသည်။ နားနှစ်ဖက်တွင်လည်း ကျောက်စိမ်းနားကွင်းနှစ်ခု ရှိသည်။ သူမ ရှေ့သို့ တိုးလာစဉ် တရွှီရွှီမြည်သံ လွင့်ပျံလာသည်။
သူမ၏အဝတ်အစားများသည် အလွန် လှပသည်။
သူမသည် အနိမ့်ဆုံး ပုလဲတစ်သောင်းဖြင့် ရက်လုပ်ထားသည့် ဝိညာဉ်ပုလဲကျောက်စိမ်းဝတ်ရုံကို ဝတ်ဆင်ထားသည်။ ပုလဲတစ်လုံးချင်းစီက ပြိုးပြိုးပြက်ပြက် ဝင်းလက်နေပြီး ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေသည်။ ကျောက်စိမ်းအဝတ်မှလည်း သင်းပျံ့သောမွှေးရနံ့တစ်ခု အရပ်မျက်နှာအနှံ့သို့ လွင့်ပျံသွားသည်။
ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ ဝတ်စုံ၏ ရင်ဘတ်နေရာတွင် ဆံချည်မျှင်ဖြင့် ဖီးနစ်ငှက်မွေးပုံစံ ထိုးထားခြင်း ဖြစ်သည်။
ထိုဖီးနစ်ငှက်မွေးမှ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်။
ထိုအမျိုးသမီးက အလှအပကို ချစ်မြတ်နိုးမှန်း သိသာသည်။ ထိုအမျိုးသမီးသည် ရှေ့သို့ သွားနေရင်း လက်ထဲရှိ မှန်ကို ကြည့်၍ ဒုက္ခသည်များကို စားပြီးနောက် ပြောင်းလဲသွားသော သူမ၏အရေပြားအရောင်အဆင်းကို ကြည့်လိုက်သည်။ ချီရွှဲ့ထုံဂိုဏ်းအနီးသို့ သူမ ရောက်ခါနီးတွင် လေထဲရှိ ရွှယ်လျန့်ကျစ်က သုန်မှုန်စွာဖြင့် အော်ဟစ်လိုက်သည်။
“ ရပ်လိုက် ”
သူ၏အသံသည် မိုးခြိမ်းသံအလား လောကကြီးတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ပန်းရောင်တိမ်စိုင်ထဲရှိ အမျိုးသမီးသည် ခေါင်းမော့၍ ချီရွှဲ့ထုံဂိုဏ်း၏ မြို့သစ်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် ရွှယ်လျန့်ကျစ်ကို ကြည့်ကာ အထင်သေးစွာဖြင့် ပြုံးလိုက်သည်။
“ ချီရွှဲ့ထုံဂိုဏ်းလား။ ရှင်တို့တားမြစ်ဓမ္မရတနာက နည်းနည်း စိတ်ဝင်စားဖို့ ကောင်းသားပဲ ”
ထိုသို့ပြောပြီးသည်နှင့် ထိုအမျိုးသမီးသည် ကျောဆန့်လိုက်ရာ လှပသောခါးနှင့် အဖိုးတန်ဝတ်စုံ ပေါ်လာသည်။ ထို့နောက် ပန်းရောင်တိမ်စိုင်များသည် ဦးတည်ချက်ပြောင်းကာ ထိုက်စီကြမ္မာဆိုးတောင်ထဲ ပြန်လည်ဝင်ရောက်သွားသည်။
ယင်းဖြစ်ရပ်ကြောင့် ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ထိုအမျိုးသမီး၏ ကြောက်ခမန်းလိလိ ကျင့်ကြံခြင်းအဆင့်ကို သူ အာရုံရလိုက်သည်။
“ ဒါ တောင်ရဲ့တခြားတစ်ဖက်ခြမ်းမှာ တိုင်းပြည်လေး ( ၁၃၇ ) ခုကို အစာအဖြစ် မွေးမြူနေတဲ့ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်အင်အားစုပဲ။ သူတို့က သက်ရှိတွေကို အသက်ရှင်လျက် စားကြတယ်။ လောကကြီးပေါ်က တကယ့်ငရဲလို့ ပြောရမယ်။ သူတို့ကို တော်တော်များများ ဒေါသထွက်နေကြပေမဲ့ တစ်ဖက်မှာလည်း စိုးရိမ်နေကြတယ်။ အခုလာတဲ့အမျိုးသမီးက တတိယမြောက်ဝိညာဉ်ဖြစ်တဲ့ ဝိညာဉ်သခင်မယုံကျင်းပဲ ”
အမှတ်သုံးဆရာတူအစ်ကိုက ပြောပြလိုက်သည်။
“ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်၊ ဒုတိယဝိညာဉ်ကို ဝိညာဉ်အရှင်ကြွယ်ယန်လို့ ခေါ်တယ်။ ပထမဝိညာဉ်ကိုတော့ ဝိညာဉ်အရှင်ထိုက်ကွမ်လို့ ခေါ်တယ်။ သူတို့အားလုံး ဗလာနတ္ထိအဆင့်မှာ ရှိကြတယ်။ ယင်ဟွမ်ပြည်နယ်ထဲက အင်အားစုကြီးခြောက်စုထဲက တစ်စုဖြစ်လို့ သူတို့အစွမ်းက မှန်းဆလို့မရဘူး ”
“ ငါတို့ ဒီနေရာကို ရွေးလိုက်တာ သူတို့ မြင်လို့ စည်းခြားရအောင် လာခဲ့တာနေမှာ ”
အမှတ်သုံးဆရာတူအစ်ကို၏အသံ လွင့်ပျံသွားသည်။ ထို့နောက် ရွှီချင်းသည် အဝေးရှိ အဆုံးမဲ့တောင်တန်းကြီးကို ကြည့်လိုက်ပြီး ယင်ဟွမ်ပြည်နယ်၏ ရက်စက်ကြမ်းကြုတ်မှုကို သူ ခံစားမိလိုက်သည်။ မဟာမိတ်ထဲရှိ သီချင်းဆိုသံများနှင့် ကခုန်မြူးထူးနေသံများက ငြိမ်းချမ်းနေသယောင်ရှိပါသော်ငြား ဤလောကကြီးသည် ထိုသို့ မဟုတ်ပေ။
အန္တရာယ်များ၊ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နေသည်။ ဤလောကကြီးသည် ‘ သင်က တခြားလူကို မသတ်လျှင် တခြားလူက သင့်ကို စားသွားမည့် ’ လောကကြီး ဖြစ်သည်။
သို့သော် ထိုအချိန်၌ ရွှီချင်း၏ဘေးမှ ဂလုခနဲ တံတွေးမျိုချသံ ထွက်ပေါ်လာသည်။
ခေါင်းဆောင်သည် ဝိညာဉ်သခင်မယုံကျင်း ထွက်သွားသည့်အရပ်သို့ စူးစိုက်ကြည့်နေသည်။
“ ပုလဲတိုင်းက ဝိညာဉ်ဓာတ်တွေ ကိန်းအောင်းနေတဲ့ နှစ်တစ်ထောင်ပုလဲတွေပဲ။ ကျောက်စိမ်းကို ရှားပါးတဲ့ အင်မော်တယ်ကျောက်စိမ်းအတတ်ကိုသုံးပြီး အမျှင်လေးတွေအဖြစ် လုပ်လိုက်တာ။ ဒါ အံ့သြစရာကောင်းတဲ့ အင်မော်တယ်ချီတွေနဲ့ ပြည့်နေတဲ့ အင်မော်တယ်ကျောက်စိမ်းဝတ်ရုံပဲ။ အဲဒါကိုသာ ငါ စားလိုက်ရရင် အကျိုးကျေးဇူးတွေ အများကြီး ရမှာပဲ ”
“ ဆံချည်မျှင်နဲ့ ဖော်ထားတဲ့ ဖီးနစ်ငှက်မွေးလည်း ရှိသေးတယ်။ အဲဒါရဲ့နတ်အစွမ်းက သိပ်အားကောင်းတယ် ”
“ သိပ်ကောင်းတဲ့ဝတ်စုံ၊ ငါ့ဝတ်စုံလေး ”
ခေါင်းဆောင်၏အသက်ရှူသံများ မြန်ဆန်လာပြီး အဆက်မပြတ် တံတွေးမျိုချနေသည်။ သူ၏မျက်လုံးများသည်လည်း တစ်ခါမှ မကြုံဖူးလောက်အောင် ဝင်းလက်နေသည်။