← Chapters

အန္တရာယ်နယ်မြေ

Vol. 24 Ch. 372

အန္တရာယ်နယ်မြေ

Vol. 24 Ch. 372

မဟာမိတ်ကို ရောက်မလာခင်က ဂိုဏ်း၏ဖိုင်တွဲထဲမှ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်အကြောင်း ရွှီချင်း ဖတ်ခဲ့ဖူးသည်။

ထိုတောင်သည် အလောင်းတောင် သို့မဟုတ် အရိုးတောင်ကြီးတစ်တောင်နှင့် ဆင်တူပြီး ကီလိုမီတာတစ်သန်း ရှည်လျားသည်။

တောင်ပေါ်တွင် အရေပြားများက ကောဇောပမာ ဆံပင်များက သားမွေးသဖွယ်ဖြင့် ဖုံးလွှမ်းလျက်ရှိပေရာ တောင်ကြီးတစ်ခုလုံး မည်းနက်သွားတော့သည်။

တောင်ကြီးထဲ၌ ပုပ်ပွနေသော မရေမတွက်နိုင်သော အသွေးအသားများဖြင့် ပြည့်နေသည်။

သစ်ပင်တစ်ပင်စာမျှ စုပုံနေသော အရိုးများ၊ သစ်ပင်များ၏ အသီးများ ဖြစ်လာသော ခေါင်းပြတ်များ၊ မသေမရှင်ဖြင့် မချိမဆန့် အော်ဟစ်သံများနှင့် တစက်စက်ယိုစီးကျနေသောသွေးများကို သောက်နေသော မိစ္ဆာဝိညာဉ်များလည်း ရှိသည်။

ယင်းသည် နေရာအနှံ့ အလောင်းများ၊ သွေးများဖြင့် ပြည့်နှက်နေသော လောကငရဲတစ်ခု ဖြစ်သည်။

၎င်း၏ပိုင်နက်ထဲတွင် လူသားများနှင့် လူသားမဟုတ်သော မျိုးနွယ်များ နေထိုင်သည့် တိုင်းပြည် ( ၁၃၇ ) ခု ရှိသည်။ ထိုတိုင်းပြည်များအားလုံး သူတို့၏ အစာဖြစ်သည်။

တိုင်းပြည်တစ်ခုကို စားသုံးပြီးသည်နှင့် နောက်ထပ်တိုင်းပြည်တစ်ခုကို ဖန်တီးကြသည်။

ယင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ ဖိုင်တွဲထဲတွင် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်အကြောင်း ဖော်ပြချက် ဖြစ်သည်။

ထိုအန္တရာယ်နယ်မြေသည် ရှစ်ဂိုဏ်းမဟာမိတ်နှင့် ကပ်လျက်တည်ရှိပြီး တားမြစ်ပင်လယ်ဘေးတွင်လည်း တည်ရှိကာ ထိုက်စီကြမ္မာဆိုးတောင်တန်းကြီးသာ ခြားထားသည်။

ဂိုဏ်းက မည်သည့်အတွက် ဤနေရာအား ရွေးချယ်ခဲ့ရသည်ကို ရွှီချင်း သိသည်။ တစ်ဖက်တွင် မဟာမိတ်ကို အင်အားစုတစ်စုအဖြစ် ယူဆနိုင်သည်။ ဤနေရာသည် ချုပ်နှောင်ရာတောင်နှင့် အနီးဆုံးတွင် တည်ရှိသည်ဖြစ်ပါသော်လည်း နှစ်ဖက်စလုံးက ယင်ဟွမ်ပြည်နယ်၏ အင်အားကြီးအုပ်စုများ ဖြစ်သည်။ ချုပ်နှောင်ရာတောင်သာ ဤနေရာကို တိုက်ခိုက်လာပါက စစ်ပွဲဖြစ်သွားမည်မှာ သံသယဖြစ်စရာ မလိုပေ။

တခြားတစ်ဖက်တွင် ဤနေရာသည် အင်မော်တယ်အားတိုးမြစ်လက်တက်နှင့် အနီးဆုံးတွင် တည်ရှိသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအားများသည် အလွန်အားကောင်းသည်ဖြစ်၍ ချီရွှဲ့ထုံဂိုဏ်းသားများ၏ ခန္ဓာကိုယ်များထဲရှိ ဓာတ်နှောများကို အချိန်တိုင်း သန့်စင်ပေးနေမည်ဖြစ်သည်။

တချိန်တည်းမှာပင် ဤနေရာတွင် မြစ်ရေက ခွဲသွားပြီး ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားသည်မှာ အကျိုးအရှိဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြစ်လက်တက်နှင့် အနီးဆုံးတွင် တည်ရှိသည့်အပြင် မြစ်လက်တက်မှ ခွဲထွက်လာသော မြစ်လေးကလည်း မြို့သစ်တစ်လျှောက် စီးဆင်းနေမည်ဖြစ်ရာ မြို့သစ်တစ်မြို့လုံး သိပ်သည်းထူထပ်သော ဝိညာဉ်စွမ်းအားများဖြင့် တချိန်လုံး ပြည့်နှက်နေမည်ဖြစ်သည်။

ယင်းအပြင် အင်မော်တယ်အားတိုးမြစ်လက်တက်ကို မဟာမိတ်က ပိုင်ဆိုင်သည်။ သဘောတူညီချက်အရ ထိုမြစ်လက်တက်မှ ခွဲထွက်လာသော မြစ်လေးကို ချီရွှဲ့ထုံဂိုဏ်း၏အပိုင်အဖြစ် ယူဆနိုင်သည်။

ချီရွှဲ့ထုံဂိုဏ်း၏ မြို့နေရာတန်ဖိုးသည် မကြာသေးခင်က ကြီးမားစွာ တိုးတက်လာခဲ့သည်။ မြစ်လက်တက် မရောက်ခင်က ဤနေရာသည် တန်ဖိုးမရှိပေ။

သို့သော်လည်း ထိုအရာများသည် ရွှီချင်း၏ ခန့်မှန်းချက်များသာ ဖြစ်သည်။ ထိုအတောအတွင်း အစည်းအဝေးပွဲကို သူ မတက်ရောက်ခဲ့သည့်အပြင် ဂိုဏ်းချုပ်များနှင့် ဘိုးဘေးများကြားရှိ ထိပ်သီးဆွေးနွေးပွဲများမှာလည်း မပါခဲ့ပေ။ ထို့ကြောင့် အကြောင်းအရင်းမှန်ကို သူ မသိပေ။

သို့သော်လည်း ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်ကို သူ အလွန် သတိထားသည်။ ထိုမြင်ကွင်းက ဤလောကကြီးပေါ်တွင် သုခဘုံဟူ၍ မရှိကြောင်း သူ့ကို တစ်ဖန် နားလည်သွားစေခဲ့သည်။ အပေါ်ယံ ငြိမ်းချမ်းရေးကို ခွန်အားဖြင့် တည်ဆောက်ထားသည်ဖြစ်ပြီး ယင်းငြိမ်းချမ်းရေးမှာလည်း တာရှည်ခံမည်ဟု သတ်မှတ်၍ မရပေ။ သူသာ တဒင်္ဂသာယာမှုလေးကို လိုက်၍ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် မလုပ်ပါက အနှေးနှင့်အမြန် တစ်ပါးသူ၏ အစာ ဖြစ်သွားပေမည်။

“ ငြိမ်းချမ်းရေးမပြောနဲ့ နေထွက်တာနဲ့ နေဝင်တာလိုမျိုး ကိစ္စတွေတောင် ရုတ်တရက် ပြောင်းလဲချင် ပြောင်းလဲသွားနိုင်တာပဲ ”

ရွှီချင်းသည် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်မှ အကြည့်လွှဲလိုက်သည်။ သူ့ကိုယ်သူ နိမ့်ကျသည်ဟု ခံစားနေရဆဲပင်။

“ ဂိုဏ်းရဲ့မြို့သစ်ကို တည်ဆောက်ပြီးတဲ့အခါကျရင် ဆရာ့ဆီကနေ နတ်အတတ်တစ်မျိုးကို ငါ သင်မှဖြစ်မယ်။ ငါ ပိုပြီး အစွမ်းထက်လာမှ ရမယ် ”

ရွှီချင်း၏ မျက်လုံးများထဲ အခိုင်အမာဆုံးဖြတ်ချက်ချလိုက်ဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပတ်ဝန်းကျင်ကို ဆက်လက်စောင့်ကြပ်လိုက်သည်။

ထိုသို့ဖြင့် နေ့ရက်များ ကုန်လွန်သွားသည်။ ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးသည် နေ့တိုင်း ပြောင်းလဲနေသည်။ ချီရွှဲ့ထုံဂိုဏ်းသားများနှင့် သာမန်လူများ၏ ကြိုးစားအားထုတ်ခြင်းအောက်တွင် လမ်းများ၊ အဆောက်အအုံများနှင့် မန္တန်အစီအရင်များ နေ့ချင်းညချင်း ပေါ်ပေါက်လာသည်။

ဂိုဏ်းသားများနှင့် သာမန်လူများ ပို၍ တည်နေရာရွှေ့ပြောင်းလာရာ မူလက ဟာလာဟင်းလင်းဖြစ်နေခဲ့သော မြို့ကြီးမှာ သက်ဝင်စည်ကားလာခဲ့သည်။

ချီရွှဲ့ထုံဂိုဏ်း၏ တောင်ကြီးခုနစ်လုံးသည်လည်း တစ်လုံးပြီးတစ်လုံး ရောက်ရှိလာပြီး မြို့လယ်ခေါင်တွင် ထားလိုက်သည်။ နန်းဟွမ်ကျွန်းကြီးမှ အခြေခံအုတ်မြစ်ကိုလည်း ချီရွှဲ့ထုံဂိုဏ်းက စွန့်လွှတ်မပစ်ပေ။ သူတို့သည် အမှန်တရားတောင်တန်းကြီးမှ တောင်ကြီးခုနစ်လုံးကို တည်နေရာရွှေ့ပြောင်းလိုက်ပြီး မန္တန်အစီအရင်များဖြင့် ဖုံးလွှမ်းလိုက်သည်။

ယင်းအပြင် ထိုနေရာကို စောင့်ကြပ်ရန် ဂိုဏ်းသားတချို့ကို သူတို့ ချန်ထားခဲ့သည်။ ယခင်ကလောက် အင်အားမကြီးမားတော့သော်လည်း ယခုတွင် ချီရွှဲ့ထုံဂိုဏ်းက အထက်ဂိုဏ်းဖြစ်နေပြီဖြစ်၍ တားမြစ်ပင်လယ်ထဲရှိ အင်အားစုများဖြစ်စေ၊ နန်းဟွမ်ကျွန်းရှိ အင်အားစုများဖြစ်စေ ရန်စဝံ့မည် မဟုတ်ပေ။

အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့သည်။

ရှစ်ဂိုဏ်းမဟာမိတ်၏ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လာပြီဖြစ်၍ ချီရွှဲ့ထုံဂိုဏ်းရှိ ရာထူးတချို့ကို သတ်မှတ်ရမည်ဖြစ်သည်။ ထိုအခါမှသာ မဟာမိတ်ထဲတွင် ပို၍ ဝင်ဆံ့မည်ဖြစ်သည်။ ဥပမာအနေဖြင့် ယခင်က ချီရွှဲ့ထုံဂိုဏ်း၌ ဂိုဏ်းချုပ်မရှိခဲ့ပေ။

ယခုတွင် ဂိုဏ်းချုပ်ရှိလာပြီ ဖြစ်သည်။

အမှတ်ခုနစ်သခင်ကြီးကို ဂိုဏ်းချုပ်အဖြစ် ရွေးချယ်ခြင်းနှင့်ပတ်သက်၍ အငြင်းပွားမှုများ မရှိခဲ့ပေ။ လက်ထောက်က သူ၏တာအိုလက်တွဲဖော်ဖြစ်သော တင်းရွှယ်၏ ဒေါ်လေး ဖြစ်သည်။

အကြီးအကဲများကိုလည်း တာအိုအစောင့်အရှောက်များအဖြစ် သတ်မှတ်လိုက်သည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်က လက်ရှိတောင်သခင်များနှင့် ကျင့်ကြံခြင်းအဆင့်နှင့်အတူတူဖြစ်သော ယွမ်ယင်အဆင့်သို့ ရောက်သောအခါမှသာ အကြီးအကဲအဖြစ် သတ်မှတ်မည် ဖြစ်သည်။

ထိုအချက်မှစတင်၍ ချီရွှဲ့ထုံဂိုဏ်း၏ ဖွဲ့စည်းတည်ဆောက်ပုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ချီရွှဲ့ထုံဂိုဏ်းက တောင်သခင်များအားလုံး နောင်တွင် ဝိညာဉ်သိုက်အဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ထားကြသည်။

ရာထူးအဆင့်များကို သတ်မှတ်ပြီးသောအခါ မဟာမိတ်သို့ ဝင်ရောက်ရေးအတွက် ကိစ္စအများစု ပြီးစီးသွားပြီ ဖြစ်သည်။ သို့သော် လုပ်စရာများစွာ ကျန်နေသေးသည်ဖြစ်၍ ချီရွှဲ့ထုံဂိုဏ်းရှိ လူအားလုံး အလုပ်ရှုပ်နေကြသည်။

လူတိုင်း ပုံသေတာဝန်တစ်ခု သိ့ုမဟုတ် နှစ်ခု ထမ်းဆောင်ရသည်။

သို့သော်လည်း ဂိုဏ်းသားများ၏ နေ့စဉ်ကျင့်ကြံခြင်းအချိန်ကို ဂိုဏ်းက မယူဘဲ ဂိုဏ်းသားများကို ကျင့်ကြံခြင်းအချိန် အလုံအလောက် ရစေသည်။ ဂိုဏ်း၏အလုပ်များကို မြန်ဆန်စွာ ပြီးစီးစေရန်အတွက်လည်း ဂိုဏ်းက အပိုတာဝန်များအတွက် ဆုကြေးငွေအဖြစ် ရင်းမြစ်များစွာ ထုတ်ပေးသည်။

ထိုကဲ့သို့ ကိစ္စမျိုးသည် အသက်နှင့်ရင်းကာ မတိုက်ခိုက်ရဘဲ ရင်းမြစ်ပစ္စည်းများ ရသည်ဖြစ်၍ လူအားလုံး စိတ်အားထက်သန်နေကြတော့သည်။

ရွှီချင်းသည်လည်း ဒုတိယမြောက်တာဝန်ကို ထမ်းဆောင်ရသည်။ သူသည် တခြားဂိုဏ်းသားများနှင့်အတူ ဆိပ်ကမ်းတွင် မန္တန်များ ရွတ်ဖတ်ကာ ဓာတ်နှောများဖြင့် ပြည့်နှက်နေသော တားမြစ်ပင်လယ်ရေများကို တွန်းထုတ်ရမည်ဖြစ်သည်။ တားမြစ်ပင်လယ်ရေများ မရှိတော့သော မြေနေရာတွင် တခြားဂိုဏ်းသားများက ဆိပ်ကမ်းတစ်ခု တည်ဆောက်ကြမည်ဖြစ်သည်။

ရွှီချင်းသည် မဟာမိတ်ကို စတင်ရောက်လာခဲ့စဉ်က မဟာမိတ်ဂိုဏ်းသားများကြားထဲ အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေခဲ့ပြီး စီမာယွီကိုလည်း အနိုင်ယူခဲ့သည်။

ယင်းကြောင့် သူသည် သူတော်စင်ကြယ်ကဲ့သို့ နာမည်ကြီးနေပြီ ဖြစ်သည်။

မဟာမိတ်က တရားဝင်ကြေညာခြင်း မပြုရသေးသော်လည်း ရှစ်ဂိုဏ်းမဟာမိတ်၏ လက်ရှိမျိုးဆက်သစ်များထဲတွင် သူသည် နံပါတ်တစ်ကောင်းကင်လက်ရွေးစင် ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် မဟာမိတ်ထဲတွင် ရွှီချင်းကို သိချင်နေကြသူများစွာ ရှိသည်။

ရွှီချင်းသည် ဆိပ်ကမ်းသို့ ရောက်လာပြီး တခြားဂိုဏ်းသားများနှင့်အတူ မန္တန်ရွတ်ဖတ်လိုက်သောအခါ ပင်လယ်ရေ တဝုန်းဝုန်းမြည်ကာ ကျဆင်းသွားသည်။ ကုန်းမြေအကျယ်ကြီး ပေါ်လာစဉ် အဝေးမှ ကြည့်နေသော မဟာမိတ်ရှိ ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများစွာကို မြင်နိုင်သည်။

သူတို့အတွက် ချီရွှဲ့ထုံဂိုဏ်း ပြောင်းရွှေ့လာသည့်ကိစ္စသည် ကြီးကျယ်သော ဖြစ်ရပ်တစ်ခုဖြစ်ပေရာ လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။

အများစုက ဂိုဏ်းသူများ ဖြစ်ကြသည်။ ရွှီချင်းကို သူတို့ မြင်သောအခါ သူတို့ မျက်လုံးများ ဝင်းလက်သွားကြပြီး ဟေးခနဲ အော်ဟစ်လိုက်ကြသည်။

ချီရွှဲ့ထုံဂိုဏ်းသားများသည် ထိုမြင်ကွင်းကို အသားကျနေပြီဖြစ်ပြီး ထူးဆန်းမနေတော့ပေ။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ထိုသို့ ဖြစ်ပျက်နေခဲ့သည်။ သူတို့သည် ခံစားချက်များဖြင့် ကြိတ်၍ သက်ပြင်းချတတ်ကြပြီး လေထဲတွင် မန္တန်ရွတ်ဖတ်နေသော ရွှီချင်းအား ရံဖန်ရံခါ ကြည့်တတ်သည်။

ရွှီချင်းသည် ထိုအကြည့်များကို မသိကျိုးကျွံပြုကာ မန္တန်ရွတ်ဖတ်ရာတွင်သာ အာရုံစိုက်ထားသည်။

ဂိုဏ်း၏တာဝန်များတွင် လေ့ကျင့်ရေးအခန်းကဏ္ဍန်များ ပါဝင်နေသည်ကို သူ တွေ့ခဲ့ရသည်။

ဥပမာအနေဖြင့် ပင်လယ်အသွင်ပြောင်းပညာရပ်ကို သူ လှည့်ပတ်လိုက်သည်နှင့် တားမြစ်ပင်လယ်မှ ဖိအားကို သူ အာရုံခံမိလိုက်သည်။ ယင်းကြောင့် သူက ပင်လယ်ရေကို ထပ်မလာစေရန် ထိန်းထားနိုင်သည်။

ထိုဖြစ်စဉ်တွင် ဓမ္မစွမ်းအားများကို တည်ငြိမ်အောင်လုပ်ခြင်းနှင့် အပင်ပန်းခံနိုင်ခြင်းတို့ ပါဝင်သည်။

ရေဖိအားက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို သန်မာအောင်လုပ်ရာတွင် သုံးနိုင်သော ဧရာမဓားသွေးကျောက်နှင့် ဆင်တူသည်။

ထိုသို့ နားလည်ခြင်းနှင့် တွေ့ရှိချက်ကြောင့် ရွှီချင်းသည် အလေးအနက် ဖြစ်လာသည်။

ထိုနေရာတွင် သူ ကျင့်ကြံနေစဉ် တင်းရွှယ်ရောက်လာသည်။

တင်းရွှယ်သည် တိမ်လွှာပုံများဖြင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ လှပသော ဆံပင်များကို ကျစ်ဆံမြီးအဖြစ် ကျစ်ထားသည်။ ကျောတွင် ကျောက်စိမ်းဓားတစ်လက်ကို လွယ်ထားရာ သူရဲကောင်းဆန်သည်။ သူမ၏ဝတ်စုံသည် ပင်လယ်လေပြေတွင် လွင့်နေပေရာ သူမ၏ပုံစံက လှပကြော့ရှင်းလှသည်။ နီမြန်းနေသော မျက်နှာလေးနှင့် ချစ်စဖွယ်အကြည့်လေးက သူမကို ပို၍ စွဲဆောင်မှု ရှိစေသည်။

သူမက သိချင်စိတ်ပြင်းပြနေသောအကြည့်ဖြင့် လျှောက်သွားသည်။ သူမသည် ပထမဆုံး မနီးမဝေးတွင် ရွှီချင်းကို ကြည့်နေကြသော ဂိုဏ်းသူများကို သတိထားမိသွားပြီး လှစ်ခနဲ ပြုံးလိုက်သည်။ ရွှီချင်း မန္တန်ကို ရွတ်ဖတ်ပြီး၍ အသက်ရှူခြင်းအား ထိန်းညှိရန် ထိုင်လိုက်သောအခါတွင် ရွှီချင်းဘေးသို့ လျှောက်သွားလေသည်။

“ အစ်ကိုရွှီချင်း ”

ရွှီချင်း၏ မျက်လုံးများ ပွင့်လာပြီး တင်းရွှယ်ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ အစ်ကိုရွှီချင်း၊ ညီမ ဆေးပင်တွေအကြောင်း မကြာခင်တုန်းက သင်ယူခဲ့ပြီးတော့ အခု ဝိညာဉ်တစ်ရာဆေးရည်တစ်ပုလင်း ဖော်စပ်လိုက်တာ။ အဲဒီဆေးရည်ရဲ့အရသာက အဆင်ပြေပေမဲ့ ဆေးအာနိသင်က ကောင်းလား မကောင်းလား ညီမ မသေချာဘူးဖြစ်နေလို့ ”

ထိုနေရာအရောက်တွင် တင်းရွှယ်သည် ရွှီချင်း အနည်းငယ် မျက်မှောင်ကြုတ်နေသည်ကို သတိထားမိလိုက်ပြီး ဆက်ပြောလိုက်သည်။

“ အစ်ကိုရွှီချင်း၊ ညီမဦးလေးက အလုပ်သိပ်ရှုပ်နေတာ။ ဒေါ်လေးလည်း အတူတူပဲ။ ဘိုးဘိုးကလည်း ဘယ်သူ့ကိုမှ အတွေ့မခံဘူးဖြစ်နေလို့ အစ်ကိုရွှီချင်းဆီ ညီမ လာရတာပါ။ အစ်ကိုရွှီချင်း အချိန်ရရင် ရွှယ်အာကို နည်းနည်းလောက် ညွှန်ပြပေးပါလားဟင် ”

တင်းရွှယ်၌ မသိနားမလည်သောအမူအရာရှိနေပြီး သူမ၏အသံသည် ညင်သာနူးညံ့ပြီး ဆည်းလည်းသံများပမာပင်။ ထိုလေသံတွင် ချစ်စဖွယ်အရိပ်အငွေ့များလည်း ယှက်သန်းနေ၏.

တင်းရွှယ် ပြောလိုက်သည့် လူသုံးယောက်ကို ရွှီချင်း ကြားသောအခါ တိတ်ဆိတ်စွာ ခေါင်းသာ ညိတ်လိုက်ရသည်။

တင်းရွှယ်၏ မျက်လုံးများထဲတွင် ပျော်ရွှင်ခြင်းများဖြင့် ပြည့်သွားသည်။ သူမက ဆေးပုလင်းတစ်ပုလင်းကို ထုတ်ပြီး များစွာ အဖိုးတန်သော ဝိညာဉ်လက်မှတ်တစ်စောင်ကို ပေးလိုက်သည်။

ဝိညာဉ်လက်မှတ်ကို ကြည့်၍ ကျင့်ကြံနေခြင်းအား နှောင့်ယှက်ခံလိုက်ရ၍ မကြည်မလင်ဖြစ်နေသော ရွှီချင်းမှာ အနည်းငယ် စိတ်ပြေသွားသည်။ သူက ဆေးပုလင်းကို ကောက်ယူကြည့်လိုက်သည်။ အပင်နှင့်အသီးအရွက်တွင် သူ၏နားလည်မှုအရ ယင်းက အဆိပ်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ ပြောနိုင်သည်။ ယင်းနောက် သူက တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်သည်။

ဆေးအရသာကို အာရုံခံပြီးနောက် ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ မဆိုးဘူး ”

ထိုစကားကို ကြားသောအခါ တင်းရွှယ် အလွန် ပျော်သွားသည်။ သို့သော်လည်း တင်းရွှယ်သည် သူမ၏အတိုင်းအဆကို သိသည်။ စကားအနည်းငယ် ပြောပြီးနောက် လှပကြော့ရှင်းစွာဖြင့် ထွက်သွားသည်။ သူမက အဝေးမှ လှမ်းကြည့်နေကြသော မဟာမိတ်ဂိုဏ်းသူများထံ အကြည့်ရောက်သွားပြီး စိတ်ထဲမှ နှာမှုတ်လိုက်သည်။

“ မိန်းမပျက်တွေ၊ ငါ့ကိုကိုရွှီချင်းကိုများ ငါ့ဆီကနေ လုယူရဲတယ်ပေါ့။ သူတို့က ဝေးနေလို့ ငါတို့ ဘာပြောလဲ ကြားမှာ မဟုတ်ဘူး။ ငါက အစ်ကိုရွှီချင်းဆီ လျှောက်သွားပြီး ဆေးပုလင်းပေးလိုက်တာကို အစ်ကိုရွှီချင်းက သောက်လိုက်တယ်လို့ပဲ မြင်ကြမှာ ”

“ အရှိန်အဝါကြီးမားခြင်းဆိုတာ ဒါပဲ ”

“ ဒါပေမဲ့ သူတို့က ပြဿနာမဟုတ်ပါဘူး။ ကူးမုချင်းကိုလည်း ငါ ပ,ထုတ်ပစ်ရမယ်။ အခု သူက အခြေတည်အဆင့်ကို ဖောက်ထွက်ဖို့ တံခါးပိတ်ကျင့်ကြံနေလို့ ငါ့အကြီးမားဆုံးရန်သူက ယန်ယန်ပဲ ”

ယန်ယန်အကြောင်း တွေးမိသောအခါ တင်းရွှယ်သည် အံတင်းတင်းကြိတ်လိုက်ပြီး မည်သို့ ဖြေရှင်းရမည်ကို တွေးတောလိုက်သည်။ ထိုစဉ် အဝေးမှ ကျောက်ကျုံးဟန်က စိုးရိမ်တကြီးဖြင့် ပြေးလာသည်။

သူသည်လည်း ထူးခြားသော လူတစ်ယောက် မဟုတ်ပါလော။ ရွှီချင်းက မွန်းတည့်နေမင်းကြီးဆိုလျှင် တင်းရွှယ်ကို သူ လက်လွှတ်ပေးမည်မဟုတ်။ တင်းရွှယ်သာ တစ်နေ့ နောက်ပြန်လှည့်ကြည့်ခဲ့လျှင် သူ့ကို စောင့်နေမည့် လူတစ်ယောက်အား မြင်သွားပေမည်။

ကျောက်ကျုံးဟန်သည် သူ့အတွေးကိုသူ သဘောကျသွားပြီး သူ့အကြည့်က ပို၍ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားလာသည်။

ထိုမြင်ကွင်းကို ရွှီချင်း သတိထားမိသည်။ ဂိုဏ်းသို့ ပထမဆုံးဝင်ရောက်လာစဉ်အခါကကဲ့သို့ ယောက်ျားနှင့်မိန်းမကြားက အချစ်ရေးအချစ်ရာများသည် ရတနာမုဆိုးစခန်းထဲရှိ လူများစွာ ဝင်ထွက်နေကြသော ငှက်မွေးရွက်ဖျင်တဲများထဲက ကိစ္စများကဲ့သို့သာ ဖြစ်သည်ဟု သူ တွေးတောရလောက်အောင် နုံအခြင်း မရှိတော့ပေ။

ယခု သူ ကြီးပြင်းလာပြီ ဖြစ်သည်။ ဟွမ်ရန်နှင့် အမှတ်သုံးဆရာတူအစ်ကိုတို့ထံမှ အနည်းနှင့်အများ သူ သိလာရပြီ ဖြစ်သည်။ သို့သော်လည်း ထိုကိစ္စသည် ထိုမျှ စိတ်ဝင်စားစရာကောင်းသည်ဟု သူ မခံစားရပေ။

ထို့ကြောင့် သူသည် ထိုကိစ္စတွင် အချိန်ကုန်မခံတော့ဘဲ ဆက်လက်ကျင့်ကြံကာ ပင်လယ်ရေကို တွန်းထုတ်လိုက်သည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် ဆိပ်ကမ်းကို တည်ဆောက်ပြီးသည်နှင့် ရွှီချင်းမှာ တာဝန်များကို လက်မခံရတော့ပေ။ ထို့ကြောင့် အမှတ်ခုနစ်သခင်ကြီးထံသို့ သူ အသံပို့လွှတ်လိုက်သည်။

“ ဆရာ၊ မဟာမိတ်က လက်ရွေးစင်တချို့က သက်စောင့်မီးလုံးလေးလုံးမှာ တစ်ဆို့နေပြီး ကောင်းကင်နန်းတော်ကို မတည်ဆောက်ကြသေးတာလဲ သိချင်ပါတယ်။ ပြီးတော့ ကျနော့်မှာ မန္တန်နည်းနည်းလေးပဲ ရှိတယ်လို့ ခံစားရတယ်။ ဆရာ ကျွန်တော့်ကို ဉာဏ်အလင်းပြပေးပါခင်ဗျ ”

“ တောင်ပေါ်လာခဲ့ ”

ခဏအကြာ ရွှီချင်း၏နားထဲ အမှတ်ခုနစ်သခင်ကြီး၏အသံ ပဲ့တင်ထပ်သွားသည်။

ရွှီချင်းသည် စိတ်တက်ကြွသွားပြီး မျှော်လင့်ချက်မျက်ဝန်းများဖြင့် တောင်ပေါ်သို့ တန်းတန်းမတ်မတ် သွားလေသည်။

ချီရွှဲ့ထုံဂိုဏ်း၏ တောင်ခုနစ်လုံးအနက် အမှတ်ခုနစ်သခင်ကြီးက ဂိုဏ်းချုပ်ခန်းမဆောင်ကို တည်ဆောက်ရန် သတ္တမမြောက်တောင်ထိပ်ကို ရွေးချယ်ထားသေးသည်။ ရွှီချင်းက တောင်ထိပ်သို့ ရောက်ရုံရှိသေးသည်၊ ဂိုဏ်းချုပ်ခန်းမဆောင်မှ ဒေါကြီးမောကြီးဖြင့် ထွက်လာသော အမှတ်ခုနစ်သခင်ကြီး၏ တာအိုလက်တွဲဖော်ဖြစ်သော တင်းရွှယ်၏ဒေါ်လေးကို မြင်လိုက်ရသည်။

“ ဆရာကတော်ကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းက အလျင်အမြန် အရိုအသေပေးလိုက်သည်။

ဆရာကတော်၏ ခြေလှမ်းများ ရပ်သွားပြီး ရွှီချင်းကို မြင်သောအခါ မျက်နှာအမူအရာ ပျော့ပျောင်းသွားသည်။

“ အမှတ်လေး၊ မင်းက သိပ်လိမ္မာတာပဲ။ မင်းက ကျင့်ကြံခြင်းကို အလေးအနက်ထားပြီး မင်းရဲ့အကျင့်စရိုက်ကလည်း ကောင်းတယ်လို့ တင်းရွှယ်က ပြောတယ်။ သူ့ကို သိပ်ကြင်နာတာပဲတဲ့။ သူက တစ်ခါတလေ ဇွတ်တရွတ်နိုင်ပေမဲ့ သေးသေးမွှားမွှားကိစ္စလေးတွေ တောင်းဆိုတိုင်း မင်းက ကြင်ကြင်နာနာနဲ့ သူ့ကို အမြဲ ဆက်ဆံတယ်လို့ ပြောတယ်။ မင်းက အသက်ကြီးပြီး အခုထက်ထိ ကြင်ကြင်နာနာ မပြောတတ်တဲ့သူနဲ့ တခြားစီပဲ။ သူကတော့ တစ်သက်လုံး တစ်ယောက်တည်းပဲ နေတာ ကောင်းတယ် ”

ဆရာကတော်မှာ သိသိသာသာ ဒေါသထွက်နေသည်။ ထိုသို့ပြောပြီးသည်နှင့် ရွှီချင်းကို ခရမ်းရောင်ပုလင်း ပစ်ပေးလိုက်သည်။

“ အဲဒါ ဝိညာဉ်တစ်သောင်းအားဖြည့်ဆေးပဲ။ မင်းဆရာကို ကိုယ်တိုင်တွေ့ရလောက်အောင် စိတ်ရှုပ်မခံတော့ဘူး ”

ယင်းနောက် ဆရာကတော် ထွက်သွားသည်။

ရွှီချင်း၏မျက်နှာ တစ်မျိုး ဖြစ်သွားသည်။ လက်ထဲရှိ ဆေးပုလင်းကို သူ ကြည့်လိုက်သည်။ ဂိုဏ်းချုပ်ခန်းမဆောင်ကို သူ ရောက်သွားသောအခါ အနည်းငယ် နွမ်းနယ်နေဟန်ရှိသော်လည်း နံရံပေါ်တွင် ပန်းချီဆွဲနေသော အမှတ်ခုနစ်သခင်ကြီးကို မြင်လိုက်ရသည်။ အမှတ်ခုနစ်သခင်ကြီး ရေးဆွဲနေသည်မှာ ယင်ဟွမ်ပြည်နယ်မြေပုံဖြစ်သည်။

ထိုမြေပုံပေါ်တွင် ရွှီချင်း၏ အကြည့်ကို ရပ်တန့်သွားစေသည့် နေရာတစ်ခု ရှိသည်။ ထိုနေရာသည် ထိုက်စီကြမ္မာဆိုးတောင်ကြီး၏ တခြားတစ်ဖက်ရှိ ပင်မအင်မော်တယ်အားတိုးမြစ်ကြီး ဖြစ်သည်။

ထိုနေရာတွင် အမှတ်ခုနစ်သခင်ကြီးသည် တင်ပျဉ်ခွေကာ တရားထိုင်နေသော လူတစ်ယောက်ပုံကို ရေးဆွဲထားသည်။

All Chapters