အမှတ်ခုနစ်သခင်ကြီးက ပညာရပ်များ လွှဲပြောင်းပေးခြင်း
Vol. 25 Ch. 373
ပန်းချီဆွဲနေသော အမှတ်ခုနစ်သခင်ကြီးမှလွဲ၍ ခန်းမဆောင်ထဲတွင် ရွှီချင်းတစ်ယောက်တည်းသာ ရှိသည်။
အစေခံလည်း ရှိမနေပေ။
“ နန်ယွဲ့တောင်ပေါ်မှာ ငါ ဘာလို့ တရားထိုင်နေတဲ့လူတစ်ယောက်ပုံကို ဆွဲလိုက်တာလဲ မင်း သိချင်လား ”
အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။
“ အဲဒီနေရာက ယင်ဟွမ်ပြည်နယ်ရဲ့ သော့ချက်ပဲ။ မင်း သက်စောင့်မီးလုံးလေးလုံး ဖော်ထုတ်နိုင်တဲ့အခါကျရင် အဲဒီနေရာကို ခေါ်သွားမယ်။ အဲဒီနေရာက မင်းရဲ့အောင်မြေ ဖြစ်လာနိုင်တယ် ”
အမှတ်ခုနစ်သခင်ကြီးက များစွာ ရှင်းမပြပေ။ သူသည် ရွှီချင်း၏လက်ထဲရှိ ဆေးပုလင်းပေါ်သို့ အကြည့်ရောက်သွားသည်။ လက်ကိုဝှေ့ယမ်းလိုက်ရာ ဆေးပုလင်းက သူ့လက်ထဲ ရောက်လာသည်။ သူ တစ်ကျိုက်သောက်လိုက်ပြီး ဘေးချထားကာ ကျားခုံဘေးတွင် ထိုင်လိုက်သည်။
“ လာထိုင် ”
အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
ရွှီချင်းသည် ရိုသေကျိုးနွံစွာဖြင့် အနားသို့ တိုးကပ်သွားပြီး ကျားခုံတခြားဘက်တွင် ထိုင်လိုက်သည်။
“ ကျားဘယ်လိုကစားရလဲ မင်း သိလား ”
အမှတ်ခုနစ်သခင်ကြီးက မေးလိုက်သည်။
ရွှီချင်း ခေါင်းယမ်းပြလိုက်သည်။
“ မင်းကို သင်ပေးမယ် ”
အမှတ်ခုနစ်သခင်ကြီးသည် ကျားစေ့တစ်စေ့ကို ကောက်လိုက်ပြီး ကျားခုံထောင့်တစ်ခုတွင် ချထားလိုက်သည်။ ရွှီချင်းသည် တွေးတောလိုက်ပြီး သူသည်လည်း ကျားခုံ၏ နောက်ထပ်တစ်ထောင့်တွင် ချထားလိုက်သည်။
“ ဘဝဆိုတာ ကျားကစားပွဲလိုပဲ။ ကျားကစားပွဲက လူတစ်ယောက်ရဲ့စရိုက်ကို ထင်ဟပ်စေတယ်။ ဥပမာ ငါ့ဘဝမှာ ကျားကစားရင် တစ်ခါမှ မရှုံးဖူးဘူး။ ဘာလို့လဲ မင်း သိလား ”
အမှတ်ခုနစ်သခင်ကြီးက နောက်ထပ်ကျားစေ့တစ်စေ့ကို ချလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ရွှီချင်းသည် ခေါင်းယမ်းလိုက်ပြီး သူသည်လည်း ကျားစေ့တစ်စေ့ကို ချလိုက်သည်။
“ ငါက လက်ရှိအခြေအနေကို မကြည့်ဘဲ အခြေအနေတစ်ခုလုံးကို ကြည့်ပြီး ကျားစေ့ကို ချတာ။ လူအများစုက အဲဒါကို သိကြတယ်။ လုပ်လည်း လုပ်ချင်ကြတယ်။ ဒါပေမဲ့ လုံလောက်တဲ့အခွင့်အရေးမရတာတွေ၊ ပါရမီညံ့ဖျင်းတာတွေ ရှိတတ်ကြတော့ မလုပ်နိုင်ကြဘူး။ နောင်တတွေနဲ့ ထွက်သွားကြရတယ် ”
“ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ဂိုဏ်းသားတွေ သက်စောင့်မီးလုံးလေးလုံးမှာပဲ ရပ်နေတာက အခြေအနေတစ်ခုလုံးကို မြင်ချင်တဲ့စိတ်ရှိလို့ပဲ ”
“ တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို သူတို့ ဖွင့်ချင်ကြတယ် ”
အမှတ်ခုနစ်သခင်ကြီးသည် ကျားစေ့ကို ချလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
ရွှီချင်း အတွေးနက်သွားသည်။ ထိုအချက်သည် အခြေတည်အဆင့်သို့ သူ ရောက်ရှိပြီး ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ကို အာရုံခံမိပြီးနောက် သူ၏မှန်းဆချက်နှင့် ဆင်တူသည်။ ထိုအချိန်၌ ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ပြီးလျှင် နောက်ထပ်ဓမ္မတံခါးများ ရှိသေးသည်ဟု သူ ခံစားခဲ့ရသည်။
အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်း၏အတွေးများကို ဖောက်မြင်နေရဟန်တူပြီး ပြုံးလိုက်သည်။
“ ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ပြီးရင် ဓမ္မတံခါးတစ်ခုပဲ ရှိတော့တယ်။ အဲဒီတစ်ရာနှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးတစ်ခုတည်းနဲ့ သက်စောင့်မီးလုံးတစ်လုံး ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အဲဒီဓမ္မတံခါးကို ဖွင့်ဖို့က စိတ်ကူးနဲ့ မှန်းဆမရနိုင်လောက်အောင် ခက်တယ်။ ကြီးမားတဲ့အခွင့်အရေးတစ်ရပ်ကို ရမှပဲ အဲဒီဓမ္မတံခါးကို ဖွင့်နိုင်တယ်။ ပြီးတော့ အပြင်လူတွေ အကူအညီပေးပြီး ဖွင့်ပေးလို့မရဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ဖွင့်မှပဲ ရမယ် ”
“ အဲဒီဓမ္မတံခါးကို ဖွင့်တဲ့အခါ အဓိကအခက်အခဲက အဲဒီဓမ္မတံခါးရဲ့ တည်နေရာကို ရှာဖွေရတာပဲ ”
“ ယင်ဟွမ်ပြည်နယ်ရဲ့သမိုင်းမှာ တစ်ရာနှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးကို ဖွင့်တဲ့သူတွေက အန္တရာယ်ကြီးတစ်ခုနဲ့ ကြုံတွေ့ကြရတယ်။ သေရေးရှင်ရေးအခြေအနေမှာ တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးရဲ့ တည်နေရာကို သူတို့ တွေ့သွားပြီး အဲဒါကို ဖွင့်နိုင်သွားကြတယ်။ ပြီးတော့ မှတ်တမ်းတွေအရ တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးရဲ့တည်နေရာက လူအပေါ်လိုက်ပြီး မတူညီဘူး။ အဲဒါကြောင့်လဲ အဲဒါနဲ့ပတ်သက်ပြီး မှတ်တမ်းဟောင်းတွေ မရှိတာ ”
ရွှီချင်း ငြိမ်သက်သွားသည်။ အတန်ငယ်ကြာပြီးနောက် သူသည် ကျားစေ့ကို အောက်ချလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
“ ဆရာ၊ သက်စောင့်မီးလုံးငါးလုံးရှိရင် ဘာအကျိုးကျေးဇူးတွေ ရမှာလဲခင်ဗျ ”
“ အကျိုးကျေးဇူးတွေက ကောင်းကင်နန်းတော်ရွှေအမြုတေအဆင့်ကို ရောက်တဲ့အခါ သိရလိမ့်မယ် ”
အမှတ်ခုနစ်သခင်ကြီးက ပြုံးလိုက်သည်။
“ ‘ သက်စောင့်မီးတောက်ရွှမ်ယောက်၊ ကောင်းကင်နန်းတော်ကို အလင်းဆောင်အံ့ ’ ဆိုတဲ့စကားကို ကြားဖူးတယ်မလား။ အဲဒီစာသားထဲက ကောင်းကင်နန်းတော်ဆိုတာ ရွှေအမြုတေအဆင့်အတွက် သော့ချက်ပဲ ”
“ ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေမှာ ကန့်သတ်ချက်ကိုယ်စီ ရှိကြတယ်။ အဲဒီကန့်သတ်ချက်က သက်စောင့်မီးလုံးတွေကနေ ဖြစ်လာတာပဲ။ သက်စောင့်မီးလုံးသုံးလုံးက နန်းတော်ခြောက်ဆောင်ကို အလင်းဆောင်နိုင်တယ်။ ဒါက သင့်တင့်တဲ့ပါရမီနဲ့ ဂိုဏ်းသားတစ်ယောက်ရဲ့ ကန့်သတ်ချက်ပဲ ”
“ တခြားနည်းနဲ့ပြောရရင် သက်စောင့်မီးလုံးသုံးလုံးနဲ့ ဂိုဏ်းသားတွေက ကောင်းကင်နန်းတော်ခြောက်ဆောင်ကို အလင်းဆောင်နိုင်တယ်။ ကောင်းကင်နန်းတော်ကို မွေးမြူပြီးလို့ အလင်းဆောင်ပြီး ရွှေအမြုတေကို အထဲထည့်လိုက်ရင် အထွတ်အထိပ်အခြေအနေကို ရောက်သွားမယ်။ ဒါပေမဲ့ တကယ်တော့ အဲဒါက အခြေခံအဆင့်ပဲ ရှိသေးတယ် ”
အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်း မှတ်မိသွားသည့်တိုင်အောင် စောင့်လိုက်သည်။
ရွှီချင်း အတွေးနက်သွားပြီး မေးလိုက်သည်။
“ သက်စောင့်မီးလုံးသုံးဆယ့်ခြောက်လုံး တိုက်ရည်ခိုက်ရည်လား ”
“ အဲဒီလိုတွေးလည်း ရတယ် ”
အမှတ်ခုနစ်သခင်ကြီးက ခေါင်းညိတ်ပြလိုက်သည်။
“ အဲဒါကို အခြေခံလို့ပဲ ပြောတာက ကောင်းကင်နန်းတော်ခြောက်ခုအထက်မှာ ဘဝမြူခိုးတွေ ရှိတယ်၊ အဲဒီဘဝမြူခိုးတွေထဲမှာ ကောင်းကင်နန်းတော်တွေ ရှိနေသေးလို့ပဲ။ အဲဒီမြူခိုးတွေကြောင့် ထူးချွန်တဲ့ပါရမီရှင်တွေတောင် မြူခိုးတွေထဲက ကောင်းကင်နန်းတော်ကို အလင်းပေးဖို့ မတတ်နိုင်ကြဘူး။ သက်စောင့်မီးလုံးလေးလုံးမှပဲ သတ္တမမြောက်ကောင်းကင်နန်းတော်ကို အလင်းပေးနိုင်တယ် ”
“ နန်းတော်တစ်ခုပဲ ပိုလာတယ်လို့ မတွေးနဲ့။ ကောင်းကင်နန်းတော်ခြောက်ဆောင်ကို ခုနစ်ဆောင်က ဖိနှိပ်တယ်ဆိုတာ သက်စောင့်မီးလုံးငါးလုံးကို ခြောက်လုံးနဲ့ ဖိနှိပ်တာနဲ့ ဆင်တယ် ”
“ ဒီတော့ သက်စောင့်မီးလုံးလေးလုံး ပိုင်ထားတဲ့ ကျင့်ကြံသူတွေက တစ်ရာနှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးကို ဖွင့်ပြီး သက်စောင့်မီးလုံးငါးလုံး ရရှိဖို့ ဆန္ဒရှိနေကြတာပဲ။ ဘာလို့လဲဆိုတော့ သက်စောင့်မီးလုံးငါးလုံးက နန်းတော်ရှစ်ဆောင်ကို အလင်းပေးနိုင်လို့ပဲ။ ကန့်သတ်ချက်က ပိုမြင့်လာလေ အဆုံးသတ်မှာ အောင်မြင်မှုက ပိုကြီးလာလေပဲ ”
အမှတ်ခုနစ်သခင်ကြီး၏အသံက ရွှီချင်း၏နားထဲ ပဲ့တင်ထပ်သွားသည်။ ရွှီချင်းသည် တိတ်တဆိတ် တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ သက်စောင့်မီးအိမ်အကြောင်းကို မင်း သိထားပြီးသား နေမှာပဲ။ တကယ်တော့ သက်စောင့်မီးအိမ်ရဲ့တန်ဖိုးက အခြေတည်အဆင့်မှာ အဲဒီလောက်ကြီး မဟုတ်သေးဘူး။ ရွှေအမြုတေအဆင့်ရောက်မှပဲ သက်စောင့်မီးအိမ်ရဲ့ အကျိုးကျေးဇူးတွေ သိလာရတာ ”
“ သက်စောင့်မီးအိမ်နဲ့ လူတစ်ယောက်က ရွှေအမြုတေအဆင့်ကို ရောက်သွားရင် သက်စောင့်မီးအိမ်က ဘဝမြူထဲက ကောင်းကင်နန်းတော်တစ်ဆောင်ကို တစ်ခါတည်း ဖွင့်ပေးနိုင်တယ်။ ကောင်းကင်နန်းတော်ကို မွေးမြူနေစရာမလိုသလို အသားကျအောင်လည်း လုပ်စရာ မလိုဘူး။ ချက်ချင်း ပွင့်သွားမှာ။ သက်စောင့်မီးအိမ်က ရွှေအမြုတေနဲ့ ဆင်တူတဲ့ သက်စောင့်အမြုတေအဖြစ် ပြောင်းသွားပြီး ကောင်းကင်နန်းတော်ထဲ ဝင်ရောက်သွားမှာ ”
“ မင်းရဲ့ပါရမီနဲ့ဆိုရင် တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို မင်း ဖွင့်နိုင်လိုက်ရင် ကောင်းကင်နန်းတော်ဆယ်ဆောင်ကို ပိုင်ဆိုင်သွားမယ် ”
အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းကို လေးလေးနက်နက်ကြည့်လိုက်သည်။
“ သက်စောင့်မီးအိမ်က ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေအတွက် ဘယ်လောက်တန်ဖိုးရှိလဲ အခု မင်း သိပြီမလား ”
ရွှီချင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ အမှတ်ခုနစ်သခင်ကြီးထံမှ ကြားခဲ့ရသမျှထဲ ယခုစကားသည်သာ သူ့မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သည်။ အမှန်စင်စစ် ယခင်က သူ ဝေဖန်ဆန်းစစ်ကာ အနည်းငယ် မှန်းဆကြည့်ခဲ့သည်။ ယခု အမှတ်ခုနစ်သခင်ကြီး အတည်ပြုပေးလိုက်သောအခါတွင် သူ ပို၍ လေးနက်တည်ကြည်သွားသည်။
သူ့ရင်ထဲ အန္တရာယ်အငွေ့အသက်တစ်ခု ပေါ်လာသည်။ ထိုအန္တရာယ်အာရုံက အမှတ်ခုနစ်သခင်ကြီးထံမှ လာခြင်း မဟုတ်ပေ၊ နောင်တွင် သူ ထိပ်တိုက်ကြုံလာရနိုင်သည့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏ မှန်းဆရခက်သော ကောက်ကျစ်စိတ်များကို တွေးမိ၍ ဖြစ်သည်။
“ မင်း ကြောက်သွားလား ”
အမှတ်ခုနစ်သခင်ကြီး ပြုံးလိုက်သည်။
“ ဟုတ် ကြောက်သွားပါတယ် ”
ရွှီချင်းက ရိုးသားပွင့်လင်းစွာ ပြောလိုက်သည်။
“ ဒါဆို မင်း ဘာလုပ်မလဲ ”
ရွှီချင်း အသက်ပြင်းပြင်းရှူလိုက်ပြီး တဖြည်းဖြည်း တည်ငြိမ်သွားသည်။ ယင်းကိစ္စသည် ပြောင်းလဲ၍ မရပေ။ ထိုအန္တရာယ်ကို သူ ရှောင်ချင်ပါက သက်စောင့်မီးလုံးလေးလုံးကို တတ်နိုင်သမျှ မြန်မြန်ရအောင်လုပ်ပြီး ပဉ္စမမြောက်သက်စောင့်မီးလုံးပေါ်လာအောင် အတတ်နိုင်ဆုံး ကြိုးစားကြည့်ရပေမည်။ ပဉ္စမမြောက်သက်စောင့်မီးလုံး ပေါ်လာအောင် သူ မလုပ်နိုင်ခဲ့လျှင် အတင်းအကြပ် လုပ်မည် မဟုတ်ပေ။ ရွှေအမြုတေအဆင့်သို့ သူ မြန်မြန် ရောက်အောင်လုပ်ရမည် ဖြစ်သည်။
ရွှေအမြုတေအဆင့်သို့ သူ ရောက်သွားသည်နှင့် ပြီးပြည့်စုံသော ကောင်းကင်နန်းတော်နှစ်ဆောင်ကို ချက်ချင်း ပိုင်ဆိုင်သွားမည်ဖြစ်သည်။ ထိုအခါမှသာ အခြေအနေအား သူ၏အဆိပ်နှင့်အတူ ခက်ခက်ခဲခဲ ကိုင်တွယ်နိုင်သွားမည် ဖြစ်သည်။
သို့သော်လည်း ထိုအတွေးများသည် ရေရှည်အစီအစဉ်များသာဖြစ်သည်ဟု သူ ခံစားရသည်။ သူ ငြိမ်သက်စွာဖြင့် အမှတ်ခုနစ်သခင်ကြီးကို တိတ်တဆိတ် ကြည့်လိုက်သည်။ စီမာယွီနှင့် တိုက်ပွဲပြီးနောက် အမှတ်ခုနစ်သခင်ကြီးက သူ့ကို ဆရာတူအစ်ကိုများနှင့် ဆရာတူအစ်မတို့ကို မခေါ်ရကောင်းလားဆိုပြီး ဆုံးမခဲ့သည်။ ထို့ကြောင့် သူက ညင်သာစွာ ပြောလိုက်သည်။
“ ဆရာ၊ ကျနော့်ကို ကယ်ပေးပါ ”
အမှတ်ခုနစ်သခင်ကြီးက ရယ်လိုက်သည်။ ထိုအဖြေကို သူ သဘောကျသွားပြီး ရွှီချင်း၏ခေါင်းထိပ်ကို ညွှန်ပြလိုက်သည်။
“ မကြာသေးခင်က ငါ ပေးခဲ့တဲ့ ခရမ်းရောင်ကောင်းကင်သရဖူကို ဆောင်းဖို့ မမေ့နဲ့။ အဲဒါ ယွမ်ယင်အဆင့်အကာအကွယ်ပဲ ”
ထိုသို့ပြောပြီးသည်နှင့် အမှတ်ခုနစ်သခင်ကြီးက လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ့အင်္ကျီလက်ထဲမှ အလင်းလုံးငါးလုံး ပျံထွက်လာသည်။ သူက အလင်းလုံးတစ်လုံးကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပေလွှာအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်းထံ ပျံသန်းသွားသည်။
“ အသုံးပြုရမယ့်နည်းလမ်းက အဲဒီအထဲမှာ ပါတယ်။ နောက်မှ ကြည့်လိုက် ”
ရွှီချင်းသည် ကျောက်စိမ်းပေလွှာကို ယူလိုက်ပြီး တခြားအလင်းလုံးငါးလုံးကို ရင်ခုန်စွာဖြင့် ကြည့်လိုက်သည်။
အမှတ်ခုနစ်သခင်ကြီးက ထပ်မံဝှေ့ယမ်းလိုက်ရာ ဒုတိယမြောက်အလင်းလုံးက ရွှီချင်းထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။ ရွှီချင်း ဖမ်းဆုပ်လိုက်ရာ အလင်း ပျောက်ကွယ်သွားပြီး လက်တစ်ဝါးအရွယ် အဝတ်ရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲသွားသည်။
ထိုအဝတ်ရုပ်လေးသည် သက်ရှိနှင့်ဆင်တူသည်။ ၎င်း၏မျက်လုံးများ ဖျပ်ခနဲ ပွင့်လာပြီး ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ ၎င်းသည် ရွှီချင်း၏ ဖမ်းဆုပ်ထားခြင်းကို မနှစ်မြို့သည့်အလား ပါးစပ်ဟ၍ သွားချွန်ချွန်လေးများကို ဖြဲကာ ရွှီချင်း၏လက်ထဲမှ ရုန်းကန်လေသည်။
“ အဲဒါ သက်ပွားတစ္ဆေကလေး။ အဲဒီကောင်လေးကို အင်မတန်မကောင်းဆိုးဝါးဆန်တဲ့ သတ္တဝါတစ်ကောင်လို့ ယူဆနိုင်တယ်။ အဲဒီကောင်လေးမှာ အသက်သုံးသက်ရှိတယ်။ အဲဒီကောင်လေးနဲ့ သွေးနှောင်ကြိုး လုပ်ထားရင် မင်းကို သေစေနိုင်တဲ့အန္တရာယ်သုံးခုကနေ ကာကွယ်ပေးနိုင်တယ်။ ဂိုဏ်းထဲမှာ ရှိနေရင် ဘာမှမဖြစ်ဘူး။ အပြင်သွားရင်တော့ အဲဒီကောင်လေးကိုပါ တစ်ခါတည်း ခေါ်သွား ”
ရွှီချင်း၏ရင်ခုန်နှုန်းများ မြန်ဆန်သွားပြီး သက်ပွားတစ္ဆေကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူက တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည့်အတွက်ကြောင့်ပေလော၊ သက်ပွားတစ္ဆေကလေးသည် စူးစူးဝါးဝါးအော်ဟစ်ကာ အပြင်းအထန် ရုန်းကန်လိုက်သည်။
ရွှီချင်းသည် ဂရုမစိုက်ဘဲ တခြားအလင်းလုံးသုံးလုံးကို ကြည့်လိုက်သည်။ အလင်းလုံးသုံးလုံးက ရွှီချင်း၏ မျက်လုံးများထဲ ရောင်ပြန်ဟပ်သွားပြီး အလင်းက စူးရှတောက်ပနေခြင်းကြောင့်ပေလော၊ ရွှီချင်း၏မျက်လုံးများသည်ပင် နဂိုကတည်းက စူးရှတောက်ပနေခြင်းပေလော၊ ရွှီချင်း၏မျက်လုံးများ ဝင်းလက်နေသည်။
အမှတ်ခုနစ်သခင်ကြီးသည် စိတ်ကြည်လင်နေပြီး ပြုံးလိုက်သည်။
“ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်တစ်ခုကို အပြင်လူတွေကို လွှဲပြောင်းပေးဖို့ ခက်တယ်။ ငါလည်း မင်းကို သင်ပေးဖို့ မရဘူး။ မင်းကိုယ်တိုင် ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ အဖြေရှာရမှာ။ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ် အဆင့်တက်ရင် ပိုပြီး ကြောက်စရာကောင်းလာတယ်ဆိုတာလောက်ပဲ မင်းကို ပြောပြနိုင်မှာ။ ဧကရာဇ်ကျင့်ကြံခြင်းအတတ် အဆင့်တက်အမြန်ဆုံးနည်းက တခြားလူတစ်ယောက်ရဲ့ ဧကရာဇ်ကျင့်ကြံခြင်းအတတ်နဲ့ သန့်စင်ထားတဲ့ အနှစ်သာရ၊ ချီနဲ့ ဝိညာဉ်တွေကို ဝါးမျိုတာပဲ။ တူညီတဲ့ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကျင့်ကြံသူရဲ့ အနှစ်သာရ၊ ချီနဲ့ ဝိညာဉ်တွေဆိုရင် ပိုပြီး အကျိုးရှိတယ် ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။
“ မင်းက အခု အားနည်းနေသေးတယ်။ မဟာမိတ်ခေါင်းဆောင်က သဘောထားသေးသိမ်တဲ့သူ မဟုတ်ဘူး။ ချီရွှဲ့ထုံဂိုဏ်းရဲ့ နောက်ခံအင်အားကို မင်း ချိန်ဆကြည့်လိုက်ရင် မင်းဆီက အကျိုးအမြတ်ရဖို့ဆိုတာ လှည့်ကွက်သုံးမှပဲ ရမယ်။ ဒီတော့ အဲဒီအန္တရာယ်ကို မင်း စိုးရိမ်စရာ မလိုသေးဘူး ”
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ သူ့စိတ်ထဲ သူတော်စင်ကြယ်၏ မြဲ့မုန်ပေါ်လာပြီး ရုတ်တရက် ပိုလိုချင်သွားသည်။ ယင်းနောက် သူသည် အမှတ်ခုနစ်သခင်ကြီးဘေးရှိ သက်စောင့်မီးလုံးသုံးလုံးကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။
“ သူတော်စင်ကြယ်က မင်းရဲ့အားနည်းချက်က မန္တန်တွေ၊ ပညာရပ်တွေ မရှိတာလို့ ပြောခဲ့တာမလား။ အဲဒါက အဲဒီတုန်းက မင်းမှာ ဆရာမရှိလို့။ ငါ့တပည့်တိုင်းရဲ့ ကျင့်ကြံခြင်းအတတ်တွေနဲ့ နတ်အတတ်တွေက မတူကြဘူး။ ငါကိုယ်တိုင် သူတို့ပုံစံကိုလိုက်ပြီး စု၊တု၊ ပြု ပြီး ဖန်တီးထားတာတွေပဲ ”
အမှတ်ခုနစ်သခင်ကြီးက ပြောရင်း တတိယမြောက်အလင်းလုံးကို ရွှီချင်းထံသို့ ပစ်လွှတ်လိုက်သည်။
ထိုအလင်းသည် ပစ္စည်းတစ်ခု မဟုတ်ဘဲ အမှတ်အသားဖြစ်ပြီး ရွှီချင်း၏ မျက်ခုံးမွေးနှစ်ခုကြားထဲ ဝင်ရောက်သွားကာ သူ့စိတ်ကို တစ်ခါတည်း တံဆိပ်ခတ်လိုက်သည်။ ယင်းအမှတ်အသားသည် ခေါင်းလောင်းသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး သူ၏အသိပင်လယ်ထဲ ပဲ့တင်ထပ်သွားသည်။
တချိန်တည်းမှာပင် အမှတ်ခုနစ်သခင်ကြီး၏အသံက ရွှီချင်း၏စိတ်ထဲ ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။
“ မင်းကို ပထမဆုံး လွှဲပြောင်းပေးမယ့် ပညာရပ်က ပင်လယ်အော်သံမန္တန်ပဲ။ အဲဒီမန္တန်က ပင်လယ်အဖြစ် ပြောင်းသွားပြီး လှိုင်းလုံးတစ်လုံးစီရဲ့အစွမ်းက ဆက်တိုက်တိုးသွားပြီး နောက်ဆုံးကျရင် ကြောက်စရာကောင်းတဲ့ဆူနာမီလှိုင်းကြီးတစ်ခု ဖြစ်သွားမယ် ”
ရွှီချင်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတစ်ခု ဝင်းလက်သွားပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့စိတ်ထဲ ထိုမန္တန်၏ မြင်ကွင်းများ ပေါ်လာသည်။
ထိုမြင်ကွင်းသည် နှိုင်းယှဉ်၍ မရလောက်အောင် ကြီးမားသည်။ သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် ပင်လယ်ကြီး ရုပ်လုံးပေါ်လာပြီး လှိုင်းများ ရိုက်ခတ်လာမည်ဖြစ်သည်။ ထိုလှိုင်းများထဲတွင် ဒေါသအမျက်ချောင်းချောင်းထွက်နေသော ပင်လယ်၏စွမ်းအားများ ကိန်းအောင်းနေမည်ဖြစ်ပြီး အရာအားလုံးကို လှဲကျင်းတိုက်ခတ်သွားမည် ဖြစ်သည်။
“ မင်းကို လွှဲပြောင်းပေးမယ့် ဒုတိယမြောက်ပညာရပ်က မိစ္ဆာအတတ်ဖြစ်တဲ့ ရွှမ်ယုံကျိန်စာပဲ ”
အမှတ်ခုနစ်သခင်ကြီးက လက်ကိုဝှေ့ယမ်းလိုက်ရာ စတုတ္ထမြောက်အလင်းလုံးသည်လည်း အမှတ်အသားအဖြစ် ပြောင်းလဲသွားကာ ရွှီချင်း၏မျက်ခုံးမွှေးနှစ်ခုကြားထဲ တံဆိပ်ခတ်လိုက်သည်။
ယခုတစ်ခေါက်တွင် တဒေါင်ဒေါင်မြည်သံများ မဟုတ်တော့ဘဲ အေးစိမ့်စိမ့်လေပြင်းများက ရွှီချင်း၏ အသွေးအသားနေရာတိုင်းပါမကျန် တိုက်ခတ်လာရာ သူ၏ထွက်လေသည်ပင် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည်။
ရွှီချင်း၏အမြင်၌ အနက်ရောင်ဧရာမလေပွေကြီးထဲမှ ထူးဆန်းသောသဘောဆောင်သည့် အရိုးပေါ်အရေတင်လက်တစ်ချောင်း ဆန့်ထွက်လာသည်ကို သူ မြင်လိုက်ရဟန်တူသည်။
“ အဲဒါ ရွှမ်ယုံလက်ချောင်းကို ငါ လေ့လာပြီး တခြားအသိတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ရွှမ်ယုံကျိန်စာပဲ ”
“ မင်းကို နောက်ဆုံးသင်ပေးမှာက မန္တန်မဟုတ်သလို မိစ္ဆာပညာရပ်လည်း မဟုတ်ဘူး။ ငါ့ရဲ့လျှို့ဝှက်ပညာရပ်ပဲ ”
“ တိုက်ပွဲမှာ မင်းက လက်သီးကို သုံးတာ ငါ မြင်ခဲ့တယ်။ အဲဒီလျှို့ဝှက်ပညာရပ်က မင်းနဲ့ သင့်တော်တယ်။ အဲဒီပညာရပ်ကို ဝိညာဉ်ကိုးပါးလက်သီးသိုင်း လို့ ခေါ်တယ် ”
“ အဲဒီသိုင်းကို ထုတ်ဖော်လိုက်လို့ တစ်ဖက်လူက မင်းရဲ့လက်သီးချက်ရှစ်ချက်ကို ထိထားရင် ကိုးချက်မြောက်လက်သီးက အဲဒီလူရဲ့ ဓမ္မတံခါးတစ်ခုကို ဖျက်ဆီးတာပဲ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေတောင် သက်စောင့်မီးတောက်အလင်းနဲ့ ဓမ္မတံခါးတွေရဲ့ စွမ်းအားတွေ လိုတယ်။ ဓမ္မတံခါးဆိုတာ အခြေခံအုတ်မြစ်ပဲ ”
“ အဲဒီနည်းလမ်းက ရက်စက်ကြမ်းကြုတ်တယ်။ သတိထားပြီး သုံး ”
“ အဲဒီလက်သီးချက်ကို သုံးလိုက်တာနဲ့ လူတစ်ယောက်ရဲ့ အုတ်မြစ်ကို ဖျက်ဆီးပစ်ဖို့ ပြဿနာမရှိတော့ဘူး။ ဒါပေမဲ့ လူတစ်ယောက်က လက်သီးချက်ကိုးချက်ကို ထိသွားပေမဲ့ နောက်ဆုံးကျ မသေဘဲ အဲဒီသတင်းသာ ပျံ့သွားခဲ့ရင် အဲဒီနည်းလမ်းသုံးပြီး တခြားလူတွေကို လှည့်စားလို့ ရမှာ မဟုတ်တော့ဘူး။ အဲဒါ အရေးကြီးဆုံးအချက်ပဲ ”
အမှတ်ခုနစ်သခင်ကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ပဉ္စမမြောက်အလင်းလုံးက ရွှီချင်း၏နဖူးထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
“ အခုအချိန်ထိ ငါ အဲဒီလျှို့ဝှက်သိုင်းကို သုံးတာ တစ်ယောက်မှ မသိကြသေးဘူး ”
“ မင်းတစ်ယောက်တည်းကိုပဲ အဲဒီသိုင်း ငါ လွှဲပေးလိုက်တာ။ ဒါ မျက်နှာလိုက်တာ မဟုတ်ဘူး။ မင်းရဲ့ ဆရာတူအစ်ကိုတွေနဲ့ ဆရာတူအစ်မမှာ မတူညီတဲ့ပုံစံတွေ ရှိလို့ပဲ ”
“ ဒီတော့ အဲဒီလက်သီးသိုင်းကို မင်း သတိထားပြီးသုံးရမယ် ”