← Chapters

ဓားကိုင်ဆိုသည်မှာ

Vol. 25 Ch. 374

ဓားကိုင်ဆိုသည်မှာ

Vol. 25 Ch. 374

ဂိုဏ်းချုပ်ခန်းမဆောင်ထဲမှ ရွှီချင်း ထွက်သွားသည်။

ခန်းမဆောင်အပြင်ဘက်သို့ သူ ရောက်သည်နှင့် ခရမ်းရောင်ကောင်းကင်သရဖူကို ထုတ်ကာ ဆောင်းလိုက်သည်။

ယခင်က ထိုပစ္စည်းသည် သာမန်မဟုတ်ဘဲ ခေါင်းဆောင်ပင် မနာလိုနေခဲ့သည်ကို သူ ခံစားမိခဲ့သည်။ ယခု ၎င်း၏အသုံးဝင်ပုံများကို သူ သိသွားပြီး မည်သို့အသုံးပြုရမည်ကို နားလည်သွားသောအခါတွင် သူ ကြာကြာမစောင့်ချင်တော့ပေ။ သရဖူကို ဆောင်းပြီးနောက် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ ရုတ်တရက် ခရမ်းရောင်ကောင်းကင်သရဖူ၏ အလင်းများ မှေးမှိတ်သွားပြီး နောက်ဆုံးတွင် မမြင်ရတော့ပေ။

သူ၏နတ်အာရုံဖြင့်ပင် ခရမ်းရောင်ကောင်းကင်သရဖူကို အာရုံမခံနိုင်တော့ပေ။

သူ ကျေနပ်သွားသည်။

သူ၏နေအိမ်သို့ သူ ပြန်သွားသည်။ မင်းသားတစ်ယောက်ဖြစ်၍ သတ္တမမြောက်တောင်ထိပ်မှ ကျင့်ကြံရာဂူရှိသည်။ သို့သော်လည်း သူသည် ပင်လယ်ထဲ၌ နေရသည်ကို အသားကျနေပြီ ဖြစ်သည်။ မှာ်သင်္ဘောမရှိတော့သည်မှာ ကြာပြီဖြစ်ပါသော်လည်း ဆိပ်ကမ်းရှိ ဧည့်တွေ့ဆောင်ထဲ၌ သူ ယာယီနေလေသည်။

သူသည် ကျန်းစန်း အလုပ်ကိစ္စများ ပြီးပြတ်သွားမည့်အချိန်ကို စောင့်နေသည်။

ဧည့်တွေ့ဆောင်သို့ ပြန်ရောက်ပြီးနောက် ပထမဦးစွာ ပတ်ဝန်းကျင်ရှိ အစီအမံများကို သူ စစ်ဆေးကြည့်လိုက်သည်။ သူ ထွက်သွားသည့်အတောအတွင်း တစ်ယောက်မှ ရောက်မလာကြောင်း သူ အတည်ပြုပြီးနောက် ထိုင်ချလိုက်ပြီး အမှတ်ခုနစ်သခင်ကြီး သင်ကြားပေးခဲ့သည့် ပညာရပ်သုံးမျိုးကို ရင်းနှီးအောင် လုပ်လိုက်သည်။

“ မန္တန်က အစွမ်းထက်တယ်။ အဲဒါကို ကျွမ်းကျင်နေအောင် ငါ လုပ်ထားရမယ် ”

“ မိစ္ဆာအတတ်လည်း အတူတူပဲ။ ဘယ်သူမှမလာတတ်တဲ့နေရာတစ်နေရာရှာပြီး ငါ စမ်းကြည့်ရမယ် ”

“ လျှို့ဝှက်ပညာရပ်ကိုတော့ … ”

ရွှီချင်းက သူ့စိတ်ထဲမှ တံဆိပ်ကို အာရုံခံကြည့်လိုက်ပြီး သူ့မျက်လုံးများ ထူးဆန်းစွာ ဝင်းလက်သွားသည်။ ထိုပညာရပ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ ထိုကဲ့သို့ လျှို့ဝှက်ပညာရပ်မျိုး ယခင်က သူ တစ်ခါမှ မကြားခဲ့ဖူးချေ။

“ သူတော်စင်ကြယ်နဲ့ တိုက်တုန်းက သူတော်စင်ကြယ်က လျှို့ဝှက်ပညာရပ်တွေ သုံးသွားသေးလား မသိဘူး ”

ရွှီချင်း ပြန်တွေးကြည့်ကာ သူတော်စင်ကြယ် သုံးနိုင်ချေနည်းပါးကြောင်း ခံစားမိလိုက်သည်။ အကယ်၍ ရှိနေခဲ့လျှင်ပင် ဝိညာဉ်ကိုးပါးလက်သီးသိုင်းကို ယှဉ်နိုင်မည် မဟုတ်ပေ။

“ လက်သီးချက်ကိုးချက်က ဓမ္မတံခါးတစ်ခုကို ဖျက်ဆီးတယ်။ အဲဒီလျှို့ဝှက်ပညာရပ်က လက်ရည်တူရန်သူတစ်ယောက်နဲ့ ရင်ဆိုင်တဲ့အခါ အသုံးဝင်ဆုံးပဲ ”

ထိုအတွေးကြောင့် ရွှီချင်းသည် လက်သီးကွက်ကို အတတ်နိုင်ဆုံး တုပကြည့်လိုက်သည်။ တစ်ရက်ကြာပြီးနောက် စိတ်ထဲရှိ ပညာရပ်သုံးမျိုးအား လေ့လာခြင်းအပြင် ရွှီချင်းသည် သက်ပွားတစ္ဆေကလေးအပေါ်သို့လည်း သူ့သွေးတစ်စက် ချခဲ့သည်။

ထိုသွေးစက်ကျသွားသည်နှင့် တစ္ဆေကလေး၏ မျက်လုံးလေးများ ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းသည် တဖြည်းဖြည်း သမ်းဝေကာ အိပ်မောကျသွားသည်။

ရွှီချင်းက ထိုတစ္ဆေကလေးကို ကိုယ်နှင့်မကွာ သိမ်းဆည်းထားလိုက်သည်။ သူ့စိတ်ထဲတွင် ကျေနပ်သည့်ခံစားချက်တစ်ခု ပေါ်လာသည်။ ထို့နောက် သူ အတွေးနက်သွား၏။

“ သရဖူက အသက်သေစေနိုင်တဲ့အန္တရာယ်တွေကို ကာကွယ်ပေးနိုင်တယ်။ ဒါတောင် ပထမအဆင့် အကာအကွယ်ပဲ ရှိသေးတယ်။ သရဖူကို ဖျက်ဆီးနိုင်လောက်အောင် ကြီးမားတဲ့အန္တရာယ်နဲ့ ကြုံတွေ့ရင် ငါ့မှာ သက်ပွားတစ္ဆေကလေး ရှိတယ်။ အဲဒါက ဒုတိယအဆင့် အကာအကွယ်ပဲ ”

“ ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး ”

ရွှီချင်းက တွေးတောကြည့်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သာမန်အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးမှ ထွက်ခွာကာ ကောင်းကင်ရတနာဂိုဏ်း၏ မြို့ကြီးသို့ သွားလိုက်သည်။

ထိုမြို့ကြီးထဲတွင် လှည့်ပတ်ရှာဖွေပြီးနောက် သူ လိုချင်သောအရာကို ရှာတွေ့သွားသည်။

ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင် …

ထိုပစ္စည်းကို ချီရွှဲ့ထုံဂိုဏ်းတွင် ဝယ်၍မရနိုင်ချေ။ မဟာမိတ်ထဲ၌သာ ဝယ်ယူနိုင်သည်။ အထူးသဖြင့် ကောင်းကင်ရတနာဂိုဏ်း၏ ဆိုင်ကြီးတချို့တွင်သာ ဝယ်၍ရနိုင်သည်။ သို့သော်လည်း ဈေးနှုန်းက အလွန် ခေါင်ခိုက်နေသည်။

ရွှီချင်းသည် ခေါင်းကိုက်လာသည်ကို ကြိတ်မှိတ်တောင့်ခံလိုက်ပြီး သုံးခု ဝယ်လိုက်သည်။

“ အန္တရာယ်ရဲ့ ပထမအဆင့်ကို သရဖူက ကာကွယ်ပေးမယ်။ ဒုတိယအဆင့်က သက်ပွားတစ္ဆေကလေး၊ ခုခံလို့မရတဲ့ အန္တရာယ်နဲ့ ကြုံလာလို့ တစ္ဆေကလေး သေသွားရင် ကျပန်းအဆောင်ကို သုံးပြီး ငါ ထွက်ပြေးရမယ် ”

အဆောင်များကို ဝယ်ယူပြီးနောက် ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးဆီသို့ ရွှီချင်း ပြန်သွားသည်။ သူသည် လမ်းများပေါ် လျှောက်သွားကာ ပတ်ဝန်းကျင်တွင် ဆောက်ထားသော အဆောက်အအုံများကို ကြည့်လိုက်သည်။ ချီရွှဲ့ထုံဂိုဏ်း၏ ဆောက်လုပ်ရေးအမြန်နှုန်းကြောင့် ရွှီချင်း အထင်ကြီးသွားရသည်။ သူ လျှောက်သွားနေရင်း ကျန်းစန်းထံမှ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။

“ ရွှီချင်း၊ ဒီမှာ ဂိုဏ်းကပေးတဲ့တာဝန် ငါ လုပ်ပြီးသွားပြီ။ မင်း အားရင် လာခဲ့ဦး။ ခေါင်းဆောင်နဲ့ ဟွမ်ရန်လည်း ဒီကို ရောက်တေယ်။ ပြီးတော့ လူတစ်ယောက်က မင်းကို ပေးပေးပါဆိုပြီး ငါ့ကို စာတစ်စောင် ပေးသွားတယ် ”

ထိုစကားကြောင့် ရွှီချင်း သိချင်စိတ် ပြင်းပြသွားရသည်။ ထို့ကြောင့် သူ ဦးတည်ချက် ပြောင်းလဲကာ ကျန်းစန်း ရှိနေသည့် သယ်ယူပို့ဆောင်ရေးဌာနသစ်သို့ ဦးတည်သွားလိုက်သည်။ သူ ရောက်သောအခါ ဧရာမကုန်လှောင်ရုံကြီးတစ်ရာကို အဝေးမှ လှမ်းမြင်လိုက်ရသည်။ ချီရွှဲ့ထုံဂိုဏ်း၏ သယ်ယူပို့ဆောင်ရေးဌာနနှင့် ယှဉ်ပါက အဆပေါင်းများစွာ ကြီးမားသည်။

ကျန်းစန်းသည် ကုန်ပစ္စည်းများပေါ်တွင် ဆောင့်ကြောင့်ထိုင်နေဆဲပင်။ ခေါင်းဆောင်သည်လည်း ဆောင့်ကြောင့်ထိုင်ကာ ပန်းသီးစားနေသည်။ သူတို့ရှေ့တွင် ကျန်းစန်းကို ဂရုတစိုက်ဖြင့် သတိပေးနေသော ဟွမ်ရန် ရှိသည်။

ဟွမ်ရန်က ရွှီချင်းထံမှ ဝယ်ခဲ့သော ရေသူမမျိုးနွယ်၏ သက်စောင့်မီးအိမ်ကို ကိုင်ထားသည်။

သူတို့အားလုံး ရင်းနှီးသော မျက်နှာများ ဖြစ်ကြသည်။

ရွှီချင်းကို သူတို့သုံးယောက် မြင်သောအခါ လက်ဝှေ့ယမ်းပြလိုက်ကြသည်။

ခေါင်းဆောင်က မခိုးမခန့်ရယ်မောလိုက်ပြီး ကျန်းစန်း၏ မျက်လုံးများ တဖိတ်ဖိတ် လက်သွားသည်။ ဟွမ်ရန်က သူ့ဝမ်းဗိုက်ကို ပုတ်လိုက်သည်။ သူသည် ရွှီချင်းကို ဝေ့ကြည့်ကာ သူ့မျက်နှာပေါ်တွင် သဘောကျသောအပြုံးတစ်စ ပေါ်လာသည်။

“ ရွှီချင်း၊ အခု မင်းမှာ သက်စောင့်မီးအိမ်နှစ်လုံးရှိသွားပြီလို့ ငါ ကြားတယ်နော်။ ဟားဟား ဂုဏ်ယူပါတယ်ကွာ ”

ဟွမ်ရန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“ ငါ တွက်ကြည့်ပြီးပြီ။ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ဆရာ့ဆီကနေ ပစ္စည်းကောင်းလေးတွေ တစ်ယောက်ယောက် ရသွားတဲ့ပုံပဲ။ လာ လာ လာ ချင်းလေး ကြည့်ရအောင်။ အစ်ကို မင်းကို ကူညီပေးမယ်။ အဘိုးကြီး လှည့်စားတာ မခံနဲ့ ”

ခေါင်းဆောင်က ချောင်းဟန့်လိုက်ပြီး ရွှီချင်းကို ပြောလိုက်သည်။

ရွှီချင်းက ခေါင်းဆောင်ကို လျစ်လျူရှုလိုက်သည်။ သူသည် ဟွမ်ရန်ကို ပြုံးပြလိုက်ပြိး ကျန်းစန်းကို ကြည့်ကာ မှော်သင်္ဘောတည်ဆောက်ပေးရန် ပြောလိုက်သည်။

“ ပျက်စီးသွားပြန်ပြီလား။ ငါ လုပ်ပေးခဲ့တဲ့ အန္တရာယ်သတိပေးချက်ကော ဘယ်လိုလဲ ”

ကျန်းစန်းသည် ရွှီချင်း၏ မှော်သင်္ဘော ပျက်စီးသွားသည်ကို အံ့အားသင့်မနေဘဲ နောက်ထပ်မေးခွန်းတစ်ခုကို စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

ရွှီချင်းက ခေါင်းယမ်းပြလိုက်သည်။

“ မဖြစ်နိုင်ဘူး။ ပုံကြမ်း မှားသွားတာလား ”

ကျန်းစန်း အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ အတန်ငယ် တွေးတောပြီးနောက် ယခုတစ်ခေါက်တွင် ပို၍ လွယ်ကူစွာ အသက်သွင်းနိုင်ရန် သူ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ့အိတ်ကပ်ထဲမှ စာတစ်စောင်ထုတ်ကာ ရွှီချင်းကို ပေးလိုက်သည်။

“ အရင်တုန်းက မင်းနဲ့ တစ်သုတ်တည်း ဂိုဏ်းထဲ ရောက်လာတဲ့ လီကျစ်မေ့လေ။ သူ့ကို မင်း မှတ်မိသေးလား။ နောက်ကျ ငါ သူ့ကို သယ်ယူပို့ဆောင်ရေးဌာနထဲ ခေါ်ခဲ့တာ။ အဲဒီကလေးမက အလုပ်ကြိုးစားတယ် ”

ကျန်းစန်းသည် ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

“ ထိုက်စီရှန်းမုန်ဂိုဏ်းက ကောင်းကင်လက်ရွေးစင်သုံးယောက် ငါတို့ဂိုဏ်းကို လာတော့ သူ့ကို မြင်သွားတယ်။ နောက်ကျ သူတို့က ဂိုဏ်းကို ပြောပြီး သူတို့နဲ့အတူ ခေါ်သွားတယ်။ သူတို့ပြောတာက သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက ထိုက်စီရှန်းမုန်ဂိုဏ်းက ပညာရပ်တွေကို လေ့ကျင့်ဖို့အတွက် သင့်တော်တယ်တဲ့ ”

ခေါင်းဆောင်၏ သိချင်စိတ်ပြင်းပြနေသောအမူအရာနှင့် ဟွမ်ရန်၏ အကြည့်အောက်တွင် ရွှီချင်းသည် ဖွင့်မကြည့်ဘဲ စာကို သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ သူ့စိတ်ထဲ အစာများကို ပြန်ယူသွားချင်၍ ဆိုင်အလုပ်သမား၏ ဆူပူကြိမ်းမောင်းခြင်းခံနေခဲ့ရသော စားသောက်ဆိုင်အပြင်ဘက်ရှိ မိန်းကလေး၏ပုံရိပ် ပေါ်လာသည်။ ထိုမိန်းကလေးသည် ရှက်လွန်း၍ တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။

ဟွမ်ရန်သည် နောက်ကျနေသည်ကို မြင်၍ ကျန်းစန်းကို ထပ်မံ သတိပေးလိုက်သည်။

“ အစ်ကိုကြီးကျန်းစန်း၊ ကျုပ်ကို ဒါလေး အဆင်ပြေအောင် လုပ်ပေးပါဦးဗျာ။ ဒါက ကျုပ်နဲ့ ဂိုဏ်းတူအစ်မတို့ တွေ့ခဲ့တာ ( ၃၃၄၄ ) မြောက်နေ့ အထိမ်းအမှတ်အတွက်ပါ။ သိပ်ဈေးကြီးတဲ့ပစ္စည်းမျိုးလည်း ကျုပ် မပေးဝံ့ဘူး။ သူက တစ်မျိုး ထင်နေလိမ့်မယ်။ ဒီမီးအိမ်ထဲက မီးကို ဆံထိုးထဲ ပြောင်းပေးဖို့ ကူညီပေးပါဦးဗျာ။ ကျုပ် ဒီပစ္စည်းကို ဂိုဏ်းတူအစ်မကို လက်ဆောင်ပေးချင်လို့ ”

ကျန်းစန်းသည် ဗိုက်ကို ပုတ်လိုက်ပြီး ဘာပြဿနာမှ မရှိစေရကြောင်း အာမခံလိုက်သည်။ ဟွမ်ရန် သက်ပြင်းချလိုက်သည်။

“ ဟူးးး ချီရွှဲ့ထုံဂိုဏ်းက ဘာလို့ ဒီလောက်ဆိုးဝါးတဲ့နေရာကို လာတာတုံး။ နန်းဟွမ်ကျွန်းကြီးက သိပ်ကောင်းနေတာပဲကို။ ဘာလို့ နန်းဟွမ်းကျွန်းကြီးကို မပြန်တာလဲ။ ဂိုဏ်းတူအစ်မကိုလည်း ပြန်ရအောင် ငါ ပြောကြည့်ဦးမယ် ”

ထိုစကားကို ရွှီချင်း ကြားသောအခါ အလေးအနက် စဉ်းစားလိုက်သည်။ ခေါင်းဆောင်သည်လည်း သက်ပြင်းချလိုက်ပြီး လက်ထဲရှိ ပန်းသီးကို လက်စသတ်ကာ သစ်တော်သီးတစ်လုံးကို ထုတ်လိုက်သည်။

“ နန်းဟွမ်ကျွန်းအကြောင်းပြောရင် ဝမ်းနည်းလာသလိုပဲ။ အရင်က အချိန်အကြာကြီး ငါ အကြီးကြီး ကြံထားတာ ရှိတယ်။ အဲဒီအကြံအစည်အတွက် သတင်းအချက်အလက်တွေရဖို့ အသိဉာဏ်ဌာနကို ငါ တွေဝေမနေဘဲ ပြောင်းခဲ့တယ်။ အဲဒီအကြံအစည်ကို လုပ်ခါနီးလေးတင်မှကွာ။ ဟင်း ထားလိုက်ပါတော့ မီးလျှံဖီးနစ်ကြီး ကံကောင်းသွားတယ်ပဲ မှတ်လိုက်တာပေါ့ ”

“ ခင်ဗျားအကြံအစည်က မီးလျှံဖီးနစ်ကြီးနဲ့ ဆက်စပ်နေတာလား။ ဘာလုပ်ချင်တာတုံး ”

ထွက်သွားရန် ပြင်နေသော ဟွမ်ရန်မှာ သိချင်စိတ်ပြင်းပြသွားသည်။

ရွှီချင်းသည်လည်း လှမ်းကြည့်လိုက်သည်။

ခေါင်းဆောင်က ချောင်းဟန့်လိုက်သည်။

“ အစက မီးလျှံဖီးနစ်ကြီးရဲ့အသိုက်ထဲ သွားပြီး တစ်ခုခုယူဖို့ ငါ စီစဉ်ထားတာ။ နှမျောစရာပဲ။ ကိစ္စမရှိပါဘူး။ အခု ငါ အစီအစဉ်အသစ် ရှိနေပြီ ”

ဟွမ်ရန်သည် ခေါင်းဆောင်ကို စူးစိုက်ကြည့်လိုက်ပြီး ထွက်မသွားရန် ဆုံးဖြတ်လိုက်သည်။ ခေါင်းဆောင် ဆက်ပြောမည့်စကားကို သူ သိချင်နေသည့်အလားပင်။

ခေါင်းဆောင်သည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ပြီး ရွှီချင်းနှင့် တခြားနှစ်ယောက်ကို ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

“ ဓားကိုင်ဆိုတာ မင်းတို့ သိလား ”

ကျန်းစန်း ကြောင်သွားပြီး ရွှီချင်းသည်လည်း အတူတူပင်။ သူတော်စင်ကြယ်နှင့် တိုက်ခိုက်စဉ်အခါက သူတော်စင်ကြယ်က တီးတိုးရေရွတ်ခဲ့ပြီး ယင်းမှာ သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ဟွမ်ရန်သည် မျက်တောင်တဖျပ်ဖျပ်ခတ်သွားပြီး နဝေတိမ်တောင်ဖြစ်သွားသည့်အမူအရာ ပေါ်လာသည်။

ခေါင်းဆောင်က ဟွမ်ရန်ကို သံသယဝင်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။ အနှီဖက်တီး၏ အပြုအမူများက အနည်းငယ် မှားယွင်းနေသလို သူ ခံစားလိုက်ရပါသော်လည်း အများကြီး တွေးမနေဘဲ တီးတိုးပြောလိုက်သည်။

“ ဓားကိုင်ဆိုတာ လူသားမျိုးနွယ်ရဲ့ အထက်ရုံးတော်ငါးရုံးထဲက တစ်ရုံးဖြစ်တဲ့ ဓားကိုင်ရုံးတော်က အဖွဲ့ဝင်တွေရဲ့ ဘွဲ့ပဲ။ ရုံးချုပ်က နန်းမြို့တော်မှာ ရှိတယ်။ မြို့ကြီးခုနစ်မြို့မှာ နန်းတော်ခုနစ်ဆောင် ရှိတယ်။ နန်းတော်တစ်ခုစီမှာ ရုံးခွဲတွေအများကြီး ရှိတယ်။ ယင်ဟွမ်ပြည်နယ်မှာ ဓားကိုင်ရုံးခွဲတစ်ခု ရှိတယ် ”

“ ဓားကိုင်ရုံးခွဲကို ဝင်ရောက်ခွင့်ရပြီး ဓားကိုင်တစ်ယောက် ဖြစ်လာရင် ဂိုဏ်းရဲ့စည်းမျဉ်းတွေက မင်းအပေါ် ဘာသက်ရောက်မှုမှ မရှိတော့ဘူး။ လူသားမျိုးနွယ်ကို သစ္စာမဖောက်သရွေ့ မင်း ဘာလုပ်လုပ်ရတယ်။ ရှင်းရှင်းပြောရရင် ဓားကိုင်တစ်ယောက် ဖြစ်သွားရင် လူသားမျိုးနွယ်ထဲမှာ မင်းက တခြားသူတွေထက် မြင့်မားသွားမှာပဲ။ မင်းက အရှင်သခင်အတွက် အလုပ်လုပ်ပေးရတော့မှာ ဖြစ်ပြီး အကျိုးအမြတ်တွေအများကြီး ရလာမှာ။ ရှေးဘုရင်ရွှမ်ယုံက မြင့်မြတ်တဲ့နယ်မြေကို သွားပြီဆိုပေမဲ့ ဘုန်းတန်ခိုးအရှိန်အဝါက ရှိနေတုန်းပဲ။ လူသားမျိုးနွယ်ရဲ့တံခွန်မှာဆိုရင် တခြားမျိုးနွယ်တွေကို ခြိမ်းခြောက်နိုင်တဲ့စွမ်းအား ရှိနေတုန်းပဲ ”

“ မင်းက ဓားကိုင်တစ်ယောက်ဖြစ်လာရင် မင်း သဘောမကျတဲ့သူကို ဖမ်းဆီးနိင်တယ်။ ဒါမှမဟုတ် ဝရမ်းထုတ်နိုင်တယ်။ အဲဒါက ဂိုဏ်းက ဝရမ်းထုတ်တာနဲ့ မတူဘူး။ လူသားမျိုးနွယ်တစ်ရပ်လုံးက ဝရမ်းထုတ်လိုက်တာ ဖြစ်သွားမှာ ”

“ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးကို မင်း သဘောမကျရင် သူ့ကို ဝရမ်းထုတ်လိုက်ရုံပဲ။ တခြားမျိုးနွယ်ကသူဆိုရင် မင်း သွားသတ်လိုက်ရုံပဲ။ မင်းကို ဘယ်သူမှ ထိရဲမှာ မဟုတ်ဘူး။ မင်းကို ထိလိုက်တာက အရာရှိတစ်ယောက်ကို သတ်လိုက်တာနဲ့ ညီတယ်။ ခေါင်းဖြတ်အရေးယူခံရမှာ ”

“ ပြီးတော့ ဓားကိုင်တစ်ယောက် ဖြစ်လာရင် ရွှမ်ယုံလျှို့ဝှက်မှော်သိုင်းကိုလည်း လေ့ကျင့်ခွင့်ရတယ်။ အဲဒီသိုင်းက အစွမ်းထက်တယ်လို့ ပြောကြတယ်။ အရင်တုန်းက လူတစ်ယောက်က လျှို့ဝှက်မှော်သိုင်းကို သုံးပြီး မီးလျှံဖီးနစ်ကြီးကို ဓားချက်တစ်ချက်တည်းနဲ့ သတ်နိုင်လောက်အောင် ဖြစ်ခဲ့တယ် ”

ဟွမ်ရန် မှင်သက်သွားသည်။

ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ ခေါင်းဆောင်၏ ချဲ့ကားပြောဆိုတတ်သော အကျင့်ကို သူ အသားကျနေပြီ ဖြစ်သည်။

ရွှီချင်း၏ အမူအရာကို ကြည့်၍ ခေါင်းဆောင်၏ မျက်ခုံးမွှေးများ အထက်သို့ မြင့်တက်သွားသည်။

“ ချင်းလေး၊ သူတော်စင်ကြယ် မသေဘူးလို့ ငါ ကြားခဲ့တယ်။ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးက ဘာလျှို့ဝှက်မှော်အတတ်ကို သုံးခဲ့လည်း ငါ မသိဘူး။ ဒါပေမဲ့ ကြီးကြီးမားမား ပေးဆပ်ခဲ့ရတဲ့ပုံပဲ။ မဟာမိတ်ခေါင်းဆောင် ဝင်ပါလာပြီး သူ့ကို ကယ်တင်နိုင်လိုက်တယ်။ ဘယ်လိုအန္တရာယ်တွေ ရှိနေမလဲ ငါ သေချာမပြောနိုင်ပေမဲ့ သူ့စိတ်ဓာတ်ကတော့ ပျက်စီးမသွားဘူး။ အခု ဂူပိတ်ကျင့်ကြံပြီး ပဉ္စမမြောက်သက်စောင့်မီးလုံးပေါ်လာဖို့ လုပ်နေတယ် ”

ထိုစကားကို ရွှီချင်း ကြားသောအခါ သူ၏မျက်နှာက တည်ငြိမ်နေပါသော်လည်း သူ၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။

“ မင်း ဓားကိုင်တစ်ယောက် ဖြစ်လာရင် အမိန့်ထုတ်လိုက်တာနဲ့ သူတော်စင်ကြယ် ကြောက်ဒူးတုန်သွားမှာပဲ ”

“ ငါ့အစီအစဉ်က ဓားကိုင်တစ်ယောက် ဖြစ်လာဖို့ပဲ ”

ခေါင်းဆောင်က စားလက်စသစ်တော်သီးကို လက်စသတ်လိုက်ပြီးနောက် လိမ္မော်သီးတစ်လုံး ထုတ်လိုက်သည်။ ထို့နောက် လိမ္မော်သီးကို အခွံနွှာလိုက်ပြီး တစ်ကိုက်ကိုက်ကာ ပြောလိုက်သည်။

“ ဒါဆိုရင် နောင်တချိန်က ကိစ္စအကြီးကြီးတွေ ငါတို့ လုပ်တဲ့အခါ ငါ့ကို ခြေကျိုးလက်ကျိုးဖြစ်အောင် လုပ်တဲ့သူတွေကို လူသားမျိုးနွယ်ကိုယ်စား ပြန်အပြစ်ပေးလို့ရတယ် ”

“ ကျုပ်တို့ ဘယ်လိုလုပ် ဓားကိုင်ဖြစ်လာနိုင်မှာလဲ ”

ကျန်းစန်း စိတ်ဝင်စားသွားသည်။

“ ဓားကိုင်တွေရွေးချယ်ပွဲက သိပ်တင်းကြပ်တာ။ သူတို့က အကောင်းတကာ့ အကောင်းဆုံးလူတွေပဲ ရွေးတယ်။ ဆယ်နှစ်ပြည့်တိုင်း လူငါးယောက်ပဲ ရွေးတယ်။ အချိန်ကို တွက်ကြည့်ရသလောက် သိပ်မလိုတော့ဘူး။ ဓားကိုင်ရုံးခွဲက လီယုံကျောက်တိုင်မှာ။ ငါ အဲဒီအတွက် ပြင်ဆင်နေပြီ။ အချိန်ကျလာရင် မင်းတို့ကို ပြောပြမယ် ”

ခေါင်းဆောင်သည် စကားပြောပြီးနောက် မတ်တတ်ရပ်လိုက်ပြီး သူ၏ဖင်မှ ဖုန်များကို ခါလိုက်သည်။ ထို့နောက် ရွှီချင်းနှင့် တခြားနှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး သယ်ယူပို့ဆောင်ရေးဌာနမှ ထွက်သွားသည်။

ဟွမ်ရန်သည်လည်း ထွက်သွားသည်။ ရွှီချင်းသည် ကျန်းစန်းနှင့် မှော်သင်္ဘောအကြောင်း ဆွေးနွေးပြီးနောက် နေဝင်ရီတရောအချိန်တွင် ထွက်သွားသည်။

တချိန်တည်းမှာပင် တိမ်လွှာဓားဂိုဏ်းထဲရှိ မရေမတွက်နိုင်သော မန္တန်အစီအရင်များဖြင့် ဖုံးလွှမ်းထားသည့် လျှို့ဝှက်နေရာ၌ ဧရာမသွေးရေကန်ကြီးတစ်ကန် ရှိသည်။

ထိုသွေးကန်ကြီးထဲမှ လူမဆန်သော အော်ဟစ်ညည်းညူသံများ လွင့်ပျံလာသည်။ ထိုနာနာကျင်ကျင်အော်ဟစ်သံများကို နေ့နှင့်ညအချိန်တိုင်း ကြားနိုင်သည်။

သွေးကန်ကြီးပတ်လည်တွင် ဧရာမရှေးဟောင်းဓားကြီးရှစ်လက်ကို ထောင်ထားသည်။

ရှေးဟောင်းဓားကြီးတစ်လက်စီပေါ်တွင် လူတစ်ယောက်စီ တင်ပျဉ်ခွေထိုင်နေသည်။ ယောက်ျားများနှင့် အမျိုးသမီးများ ပါဝင်ပြီး သူတို့ထံမှ ယွမ်ယင်အဆင့် ကျင့်ကြံခြင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။

သူတို့သည် ရှေးဟောင်းဓားကြီးများကို အတူတကွ အသက်သွင်းလိုက်ကြရာ ဓားကြီးများမှ ဓားချီများ ထွက်ပေါ်လာပြီး ဓားချီပိုက်ကွန်အသွင်ဖြင့် သွေးကန်ကြီးကို လွှမ်းခြုံလိုက်သည်။ ထိုဓားချီပိုက်ကွ်ကြီးပေါ်တွင် သွေးရေကန်ကို စုပ်ယူနေသော ဧရာမရွှေကျီးကန်းအရိပ်ကြီးတစ်ခု ရှိသည်။

ဘေးရှိ လေထဲတွင် အဘိုးအိုတစ်ယောက် ရှိသည်။ သူသည် တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးဖြစ်သည်။

သူသည် အောက်ဘက်ရှိ သွေးရေကန်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာ အရုပ်ဆိုးနေပါသော်လည်း တချိန်တည်းမှာပင် တဆစ်ဆစ်နာကျင်နေသော နှလုံးသားဖြင့် ညင်သာစွာ ပြောလိုက်သည်။

“ မြေးလေး၊ နည်းနည်းလောက်တောင့်ခံလိုက်ဦး။ အဲဒီခွေးကောင်လေး သုံးခဲ့တဲ့အဆိပ်က အတော်လေး ထူးခြားတယ်။ အဘိုး အတတ်နိုင်ဆုံး ကြိုးစားကြည့်ခဲ့ပေမဲ့ အသုံးမဝင်ဘူး။ မြေးလေးရဲ့သက်စောင့်အားကို ထိန်းထားနိုင်ရုံလောက်ပဲ တတ်နိုင်တယ်။ မဟာမိတ်ခေါင်းဆောင်ရဲ့ ဧကရာဇ်ကျင့်ကြံခြင်းအတတ်ရဲ့အရိပ်ကို ငှားလိုက်မှပဲ မြေးလေးရဲ့ခန္ဓာကိုယ်ထဲက သက်စောင့်အားတွေကို သိပ်သည်းအောင် ပြန်လုပ်နိုင်ခဲ့တယ်။ အဆိပ်ကိုလည်း ပြန်ပြီးထိန်းညှိနိုင်ခဲ့တယ် ”

“ အဲဒါကြောင့် မြေးလေးကြံရမယ့်ကံကြမ္မာက ပေါ့သေးသေး မဟုတ်ဘူး။ မြေးလေး၊ သူတော်စင်ကြယ်ဆိုတဲ့ မြေးလေးရဲ့နာမည်က အလင်းရောင်ကို ကိုယ်စားပြုတယ်။ မြေးလေးဟာ မွေးကတည်းက သဘာဝဖြစ်ရပ်တွေနဲ့ မွေးဖွားလာခဲ့တာ။ မြေးလေးက အရှင်သခင်လမ်းစဉ်ကို လျှောက်မယ်လို့ ကံကြမ္မာပါလာပြီးသား။ လက်မလျော့နဲ့။ ကြံ့ကြံ့ခံပြီး အဲဒီခွေးကောင်လေးဆီက ဂုဏ်အရှိန်အဝါတွေ ပြန်ယူရမယ်။ သူ့မှာရှိသမျှ အရာအားလုံး မြေးလေးအပိုင် ဖြစ်အောင် လုပ်ရမယ် ”

သွေးရေကန်ထဲတွင် အရိုးခြောက်ကဲ့သို့ လူတစ်ယောက်ရှိသည်။ သူ၏အသားများနှင့် အရေးပြားများ သုံးဆယ်ရာခိုင်နှုန်းခန့် မရှိတော့ပေ။ သူ၏အော်ဟစ်သံများက လူမဆန်စွာ ထွက်ပေါ်နေပါသော်ငြား သူ၏မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများ ရှိနေသည်။

“ ရွှီချင်း၊ ငါ မင်းကို သတ်မယ် ”

All Chapters