← Chapters

မျက်နှာဖုံးနှင့် လူငယ် ( ၁ )

Vol. 25 Ch. 375

မျက်နှာဖုံးနှင့် လူငယ် ( ၁ )

Vol. 25 Ch. 375

နောက်ဆုံးတွင် ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီး ပြီးစီးသွားပြီ ဖြစ်သည်။

တည်နေရာရွှေ့ပြောင်းခြင်းများ တစ်သုတ်ပြီးတစ်သုတ် လုပ်ဆောင်ခဲ့ကြပြီး မြို့လူဦးရေက နန်းဟွမ်ကျွန်းမှာရှိစဉ်ကကဲ့သို့ မများသေးပါသော်လည်း မဟာမိတ်၏ တခြားဂိုဏ်း ( ၁၃၇ ) ဂိုဏ်းမှ ဂိုဏ်းသားအများအပြား မြို့ကြီးထဲ ရောက်လာသည်။ သူတို့က မြို့သစ်ကို အလွန် စိတ်ဝင်စားနေကြသည်။

မြို့သစ်ကြီးထဲတွင် စီးပွားရေးလုပ်ရာ၌ဖြစ်စေ၊ ဆိုင်ဖွင့်ရာ၌ ဖြစ်စေ၊ မိတ်ဆွေသစ်များ ရှာဖွေရာ၌ ဖြစ်စေ မြို့ကြီးက စည်ကားသက်ဝင်နေသည်။

ဌာနအသီးသီး၏ အဖွဲ့ဝင်များကိုလည်း ရာထူးများ ခန့်အပ်ထားသည်။ ဟွမ်ရန်သည် ရေကြောင်းပြဌာနမှာ ရှိနေဆဲဖြစ်သည်။

သူ ချစ်မြတ်နိုးရပါသော် ဂိုဏ်းတူအစ်မက ကင်းလှည့်ဌာန၏ လက်ထောက်ဌာနမှူးအဖြစ် ထမ်းဆောင်နေသည်။ ထိုတာဝန်သည် သူမ၏အကျင့်စရိုက်နှင့် ကိုက်ညီသည်။ သူမ ရှိနေလျှင် ရာဇဝတ်ကောင်များ အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့ကြသည်။

မဟာမိတ်ရှိ တခြားဂိုဏ်းကြီးများနှင့် လိုက်လျောညီထွေဖြစ်စေရန် တိုးချဲ့ထားသော ဌာနတချို့လည်း ရှိသည်။

ဥပမာအနေဖြင့် စီးပွားရေးဌာန ဖြစ်သည်။

ထိပ်သီးပုဂ္ဂိုလ်များနှင့် တားမြစ်ဓမ္မရတနာပြီးလျှင် အင်အားစုတစ်စု၏ အင်အားကို အဆုံးအဖြတ်ပေးသော နောက်ထပ်အရေးကြီးသည့်အချက်တစ်ချက်ရှိသည်။ ထိုအချက်မှာ ချမ်းသာကြွယ်ဝခြင်း ဖြစ်သည်။

ထိုစည်းမျဉ်းသည် မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ အမြဲမှန်ကန်နေမည်သာ ဖြစ်သည်။

စီးပွားရေးဌာန ပေါ်ပေါက်လာသည်မှာ သဘာဝကျပေသည်။ စီးပွားရေးဌာနသည် ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး၏ အတွင်းနှင့်အပြင် စီးပွားရေးကိစ္စများကို တာဝန်ယူရသည်။ အမှတ်ခုနစ်သခင်ကြီးသည် သူ၏တတိယမြောက်တပည့်ကို ထိုဌာန၏ လက်ထောက်ဌာနမှူးအဖြစ် ကိုယ်တိုင် ခန့်အပ်ခဲ့သည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့ကိုမူ သူတို့နှစ်ယောက်ကြားရှိ ကောင်းမွန်သော ဆက်ဆံရေးကို အမှတ်ခုနစ်သခင်ကြီး သိထားသည်ဖြစ်၍ မဟာမိတ်နှင့် ချီရွဲှ့ထုံဂိုဏ်း ပေါင်းစည်းပြီးနောက် အရေးအကြီးဆုံး ဌာနသို့ သူတို့နှစ်ယောက်လုံးကို စေလွှတ်လိုက်သည်။

ထိုဌာနမှာ အထူးလုံခြုံရေးဌာန ဖြစ်သည်။

ထိုနာမည်က နန်းဟွမ်ကျွန်းကြီး၏ ဓလေ့များနှင့် အနည်းငယ် ကွဲပြားနေပြီး မဟာမိတ်အနံ့အသက်များ ရောယှက်နေသည်။ နာမည်အပြည့်အစုံမှာ အထူးလုံခြုံရေးနှင့် ကာကွယ်ရေးရုံး ဖြစ်သည်။

ထိုအထူးလုံခြုံရေးဌာနသည် ချီရွှဲ့ထုံဂိုဏ်း၌သာ ရှိသည်မဟုတ်၊ တခြားဂိုဏ်းကြီးခုနစ်ဂိုဏ်းမှာလည်း ရှိသည်။ ထိုဌာနသည် တစ်ဂိုဏ်းလျှင် တစ်ခုတည်းသာရှိသော ဌာနဖြစ်ပြီး ထိုဌာနဖွင့်ရန် ဌာနချုပ်၏ ထောက်ခံချက်ရရှိရန် လိုအပ်သည်။ ဂိုဏ်း၏အတွင်းအပြင်နှစ်ရပ်လုံးတွင် ထိုဌာန တာဝန်ယူထားရသည့်ကိစ္စများစွာ ရှိသည်။ ဌာနမှူးက အမှတ်ခြောက်သခင်ကြီး ဖြစ်သည်။

လက်ထောက်ဌာနမှူးတစ်ယောက်က ခေါင်းဆောင်ဖြစ်ပြီး တခြားတစ်ယောက်က ရွှီချင်း ဖြစ်သည်။

အမှတ်ခြောက်သခင်ကြီးသည် ဌာနဆိုင်ရာကိစ္စများကို ဂရုမစိုက်ပေ။ သူ၏လုပ်ပိုင်ခွင့်ကို ရွှီချင်းနှင့် ခေါင်းဆောင်တို့အား လုံးလုံးလျားလျား ပေးအပ်ထားသည်။

ဌာနတည်နေရာကို တံတားကြီးရှစ်စင်းအနီးတွင် တည်ဆောက်ထားသည်။ ခြုံကြည့်ရလျှင် အထဲတွင် အဆောက်အအုံတစ်ရာကျော် ရှိနေသည့် တြွိဂံကြီးတစ်ခုနှင့် ဆင်တူသည်။ အဆောက်အအုံတိုင်းက ခြံဝန်းလေးများနှင့် ဖြစ်သည်။ သို့သော်လည်း ဌာန၏ ဖွဲ့စည်းတည်ဆောက်ပုံကိုလိုက်၍ တည်ဆောက်ထားသည်။

ဌာနငယ် များစွာလည်း ရှိသည်။ ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားသုံးထောင်ကျော်ကို ဤနေရာတွင် ရာထူးများ ပေးထားသည်။ ဂိုဏ်းသားတစ်ဝက်က လူဆိုးထိန်းဌာနအဖွဲ့ဝင်ဟောင်းများ ဖြစ်ကြပြီး လူအလေးလည်း ပါဝင်သည်။

ရွှီချင်းသည် ရာထူးခန့်အပ်ကြောင်း လက်ခံရရှိပြီးနောက် ဌာနကို သွားသည့်လမ်းတွင် ခေါင်းဆောင်နှင့် ဌာနတစ်ခုတည်းမှာ အလုပ်လုပ်ရဦးမည်ဖြစ်ကြောင်း သူ တွေးမိလိုက်သည်။ ထို့ကြောင့် လမ်းရှိ သစ်သီးဆိုင်တစ်ဆိုင်မှ ပန်းသီးတချို့ ဝယ်ခဲ့လိုက်သည်။

သူ ရှေ့ဆက်သွားနေစဉ် အသစ်ဖွင့်ထားသော အင်မော်တယ်ရေကန်တစ်ကန်ကို ကျော်ဖြတ်သွားသောအခါ အသိအကျွမ်းတစ်ယောက်ကိုပင် သူ မြင်လိုက်ရသည်။

ယင်းမှာ ရွှီရှောင်ဟွေ့ ဖြစ်သည်။

ရွှီရှောင်ဟွေ့သည် ရွှီချင်းကို သတိထားမိလိုက်ပြီး ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ကာ ကျောက်စိမ်းပေလွှာတစ်ခုပင် လက်ဆောင်ပေးလိုက်သည်။

“ ဂိုဏ်းတူအစ်ကိုရွှီ … ဒါက ညီမ သူငယ်ချင်းနဲ့ ပေါင်းပြီး ဖွင့်ထားတဲ့ အပိုစီးပွားရေးလေးတစ်ခုပါ။ အစ်ကို အားတဲ့အချိန်တိုင်း ဒီကို လာလို့ ရပါတယ်။ အဖိုးအခ မတောင်းပါဘူးရှင် ”

ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရွှီရှောင်ဟွေ့နောက်ရှိ တခြားအမျိုးသမီးတစ်ယောက်အပေါ်သို့ သူ အကြည့်ရောက်သွားသည်။ ထိုအမျိုးသမီးသည် သူ၏ သတင်းပေးသမား ဖြစ်သည်။

ရွှီချင်းက သူ၏သတင်းပေးသမားကို ရွှီရှောင်ဟွေ့အတွက် ဆိုင်ဖွင့်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဤလောကကြီးထဲတွင် သနားကြင်နာမှုကို သိတတ်သော လူအနည်းငယ်သာ ရှိသည်ဟု ရွှီချင်း ခံစားမိသည်။ ရွှီရှောင်ဟွေ့၏ ပါရမီက ညံ့ဖျင်းပါသော်လည်း သူမမှာ ကောင်းမွန်သော အမူအကျင့်များ ရှိသည်။ သူ တတ်နိုင်လျှင် ကူညီပေးသင့်သည်ဟု ခံစားမိခဲ့သည်။

သို့ဖြစ်၍ ကျောက်စိမ်းပေလွှာကို သူ လက်ခံပြီးနောက် ထွက်လာခဲ့ပြီး အထူးလုံခြုံရေးဌာန၏ ဝင်ပေါက်သို့ ရောက်လာသည်။

“ လက်ထောက်ဌာနမှူးကို နှုတ်ဆက်ပါတယ်ခင်ဗျ ”

အထူးလုံခြုံရေးဝင်ပေါက်ရှိ အဖွဲ့ဝင်များက အားကျသည့်အကြည့်ဖြင့် တလေးတစား နှုတ်ဆက်လိုက်သည်။ သူတို့အားလုံး လူဆိုးထိန်းဌာနအဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည်။

ရွှီချင်းသည် ခေါင်းညိတ်ပြလိုက်ပြီး အထူးလုံခြုံရေးဌာနထဲသို့ လျှောက်သွားသည်။ လမ်းတွင် ရင်းနှီးသောမျက်နှာများစွာကို သူ မြင်ခဲ့ရသည်။ တင်းရှောင်ဟိုင်ကိုပင် သူ မြင်ခဲ့သည်။

တချိန်က အဓိကဂိုဏ်းသားဖြစ်ချင်ခဲ့သော တင်းရှောင်ဟိုင်သည် ရေသူမကျွန်းမှ ပြိုင်ပွဲပြီးနောက် အဓိကဂိုဏ်းသားဖြစ်သွားခဲ့ပြီး အခြေတည်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။ သူသည် ရွှီချင်းကို မြင်သောအခါတွင် သူ့မျက်နှာတွင် ရှုပ်ထွေးသောအမူအရာများ ပေါ်လာသည်။

သူသည် ရွှီချင်းကို ကြည့်၍ ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။

“ လက်ထောက်ဌာနမှူးကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းသည် တင်းရှောင်ဟိုင်ကို တစ်ချက်ကြည့်လိုက်သည်။ တင်းရှောင်ဟိုင်က ပါရမီထူးချွန်သည်။ ယခု သက်စောင့်မီးလုံးတစ်လုံး ထုတ်ဖော်နိုင်ပြီဖြစ်ပြီး ဓမ္မတံခါးလေးဆယ်ခန့် ဖွင့်ထားပြီ ဖြစ်သည်။ နှစ်အနည်းငယ်အတွင်း ထိုသို့လုပ်ရန် မလွယ်ပေ။

သို့သော် ရွှီချင်း သူ့ကို သဘောမကျပေ။ တင်းရှောင်ဟိုင်ကို မြင်သောအခါတွင် ကျိုးချင်ဖုန်းအကြောင်းကို သူ တွေးမိသည်။ သို့သော်လည်း လူတိုင်းတွင် ရှင်သန်နေထိုင်ရာနည်းလမ်းကိုယ်စီ ရှိကြသည်။ ထို့ကြောင့် သူ အကြည့်လွှဲလိုက်ပြီး အဝေးသို့ လျှောက်သွားသည်။

တင်းရှောင်ဟိုင် ငြိမ်သက်နေသည်။ သူသည် ထွက်သွားသော ရွှီချင်းကို ကြည့်၍ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ကျိုးချင်ဖုန်းအကြောင်းကို သူ သိသည်။ သို့သော် သူ မှားသည်ဟု မခံစားရပေ။

ဤလောကပျက်ကြီးထဲ၌ လူတိုင်း ပထမဆုံး စဉ်းစားကြသည့်အရာမှာ သူတို့အတွက်သာ ဖြစ်သည် မဟုတ်ပါလား။

ရွှီချင်းသည် အထူးလုံခြုံရေးဌာန၏ အလယ်သို့ ရောက်သောအခါတွင် ခေါင်းဆောင်ကို မြင်လိုက်ရသည်။

ခေါင်းဆောင်သည် ဖိုင်တွဲများကို စစ်ဆေးနေသည်။ အချိန်တိုင်း အမိန့်များ ထုတ်ကာ ဌာနခွဲများကို တာဝန်အသီးသီး ထမ်းဆောင်စေသည်။ သူ့ကိုကြည့်ရသည်မှာ အလွန် အလုပ်ရှုပ်နေဟန်တူသည်။

ထိုမြင်ကွင်းကို ကြည့်၍ ခေါင်းဆောင်က ထိုအလုပ်များနှင့် အလွန်သင့်တော်သည်ဟု ရွှီချင်း ခံစားလိုက်ရသည်။ သူက လမ်းမှ ဝယ်လာခဲ့သော ပန်းသီးအိတ်ကို ထုတ်လိုက်ပြီး ခေါင်းဆောင်၏ စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် ဘေးတွင် ထိုင်ချလိုက်ပြီး ကျင့်ကြံရန် မျက်လုံးများကို မှိတ်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်သည် ခေါင်းမော့၍ ပန်းသီးတစ်လုံးကို ကိုက်လိုက်သည်။ သူသည် ကျင့်ကြံနေသော ရွှီချင်းကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ရွှီချင်းကို အခက်ဆုံးအလုပ်အနည်းငယ် ပေးရန် သူ စီစဉ်လိုက်သည်။ ထို့ကြောင့် သူ ချောင်းဟန့်လိုက်၏။

“ လက်ထောက်ဌာနမှူးရွှီ ”

ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။

“ အစ်ကိုကြီး၊ ပန်းသီး ထပ်လိုချင်လို့လား ”

ရွှီချင်းက ပြောရင်းဆိုရင်း နောက်ထပ်ပန်းသီးနှစ်လုံးထုတ်ကာ ခေါင်းဆောင်၏ စားပွဲပေါ် တင်ထားလိုက်သည်။

ခေါင်းဆောင်သည် ပန်းသီးများကို ကြည့်လိုက်ပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏မျက်နှာ လေးနက်သွားသည်။

“ ငါ့ကို ဒါတွေ မပေးနဲ့။ ချင်းလေး၊ မင်း အတတ်ကောင်းတွေ တတ်နေပါလားကွ ”

ရွှီချင်းသည် တွေးတောလိုက်ပြီး ကျောက်စိမ်းပေလွှာကို စားပွဲပေါ် ထားလိုက်သည်။

“ ဒါ ဘာလဲ ”

ခေါင်းဆောင် အံ့အားသင့်သွားသည်။

All Chapters