မျက်နှာဖုံးနှင့် လူငယ် ( ၂ )
Vol. 25 Ch. 376
“ ဒီကိုလာတဲ့လမ်းမှာ အင်မော်တယ်ရေကန်တစ်ကန်ကို ကျနော် တွေ့ခဲ့တာ။ အစ်ကိုကြီးက ကန်ထဲစိမ်ရတာကို ကြိုမှန်းသိလို့ နှစ်ဆယ်ရာခိုင်နှုန်း လျော့ဈေးပေးတဲ့ ဒီကျောက်စိမ်းပေလွှာကို ကျနော် ဝယ်ခဲ့လိုက်တာ ”
ရွှီချင်းက ခေါင်းဆောင်၏ မျက်လုံးများကို ကြည့်၍ တည်ကြည်သောအမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ခေါင်းဆောင်၏ မျက်နှာတွင် အပြုံးတစ်စ ပေါ်လာပြီး မကျေမနပ်ဖြစ်နေသည့်အမူအရာများ ချက်ချင်း ပျောက်သွားသည်။
သူ အလွန် စိတ်သက်သာရာရသွားသည်။
ရွှီချင်းက မကောင်းသောအတတ်များ သင်ယူခဲ့ပါသော်လည်း ဆရာတူအစ်ကို၏ အကြိုက်အား သိတတ်သည်ဟု သူ ခံစားရသည်။ ထို့ကြောင့် အခက်ခဲဆုံးတာဝန်များအား သူ၏ဆရာတူညီလေးကို မပေးတော့ပေ။
“ ထားလိုက်တော့။ အထူးလုံခြုံရေးဌာနမှာ အလုပ်တွေရှုပ်နေတယ်ကွ။ အစက မဟာမိတ်ထဲက တခြားဂိုဏ်းတွေနဲ့ ပြဿနာတက်တာကို မင်းကို သွားဖြေရှင်းခိုင်းဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ မင်းအကျင့်နဲ့ဆို သူတို့ကို သတ်ပစ်လောက်တယ်။ ငါပဲ လုပ်တာ အဆင်ပြေမယ်ထင်တယ် ”
“ မင်းက ဂိုဏ်းနဲ့ မဟာမိတ်ကြားက အကျိုးအမြတ်နဲ့ ရပိုင်ခွင့်တွေအတွက် တာဝန်ယူလိုက်။ အဲဒါက သိပ်ပင်ပန်းတဲ့အလုပ်မဟုတ်ဘူး ”
ခေါင်းဆောင်က ပြောရင်း ဖိုင်တွဲကို လှန်လျောကာ ဖိုင်တစ်ဖိုင်ကို ရွှီချင်းအား ပေးလိုက်သည်။
“ မဟာမိတ်မန္တန်အစီအရင်ကြီးရဲ့ လုပ်ပိုင်ခွင့်ကို လွှဲပြောင်းယူပြီး ငါတို့ ချီရွှဲ့ထုံဂိုဏ်းမန္တန်အစီအရင်ကြီးနဲ့ ချိတ်ဆက်ရမယ်။ အဲဒါ တတိယမြောက်တောင်ထိပ်က လူတွေက မဟာမိတ်ကလူတွေနဲ့ ဆက်သွယ်ပေမဲ့ မဟာမိတ်မန္တန်အစီအရင်ဌာနက အချိန်ဆွဲနေတယ် ”
ရွှီချင်းက ဖိုင်တွဲကို ယူလိုက်သည်။ ထိုကိစ္စများတွင် သူ အချိန်မကုန်ချင်ဘဲ အဆိပ်ကိုသာ လေ့လာချင်သည်။
ရွှီချင်းသည် ဖိုင်တွဲကိုယူ၍ ထွက်သွားရန်ပြင်လိုက်စဉ် ခေါင်းဆောင်က လှမ်းပြောလိုက်သည်။
“ ပြီးတော့ မဟာမိတ်ဌာနချုပ်က အကြောင်းကြားထားတာ ရှိတယ်။ မကြာခင် ငါတို့ မြစ်ကို ကင်းလှည့်ရမယ် ပြောတယ်။ ဂိုဏ်းကြီးရှစ်ဂိုဏ်းက အဲဒီမြစ်ကင်းလှည့်တာဝန်ကို အလှည့်ကျ ယူရတာ။ ငါတို့အလှည့်ရောက်လို့ ဘာပြဿနာမှမရှိရင်တော့ အကောင်းဆုံးပေါ့ ”
ရွှီချင်း ခေါင်းညိတ်ပြလိုက်ပြီး ဌာနမှ ထွက်သွားသည်။
သူတစ်ယောက်တည်း မဟုတ်ပေ။ တတိယမြောက်တောင်ထိပ်မှ မန္တန်အစီအရင်ကို တာဝန်ယူသော ဂိုဏ်းသားများနှင့် ဌာနအဖွဲ့ဝင်တစ်ရာခန့်ကို သူ ခေါ်သွားပြီး မဟာကျယ်ပြန့်တာအိုနန်းတော်ထဲတွင် တည်ရှိသော မဟာမိတ်၏ မန္တန်အစီအရင်ဌာနသို့ တန်းတန်းမတ်မတ် သွားလေသည်။
လမ်းတွင် သူသည် တတိယမြောက်တောင်ထိပ်ဂိုဏ်းသားအား ကြန့်ကြာနေရသည့် အကြောင်းရင်းကို မေးမြန်းလိုက်သည်။
“ ဂိုဏ်းတူအစ်ကိုရွှီ၊ အဲဒီကိစ္စကို အထက်ပိုင်းက ဆွေးနွေးပြီးသွားပြီ။ ဒါပေမဲ့ အောက်ပိုင်းလူတွေက ဝေ့လည်ကြောင်ပတ်လုပ်နေတာ။ အထူးသဖြင့် တိမ်လွှာဓားဂိုဏ်းကလူတွေ။ သူတို့က ခဏခဏ ရောက်တောင်မလာခဲ့ဘူး။ အဲဒါကြောင့် လွှဲပြောင်းရေးကိစ္စက မပြီးပြတ်သေးဘဲ ဖြစ်နေတာ ”
ထိုကိစ္စကို တာဝန်ယူထားသည့် ဂိုဏ်းသားက ညည်းညူသောလေသံဖြင့် ပြောလိုက်သည်။
“ တိမ်လွှာဓားဂိုဏ်းလား ”
ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ မကြာခင် မန္တန်အစီအရင်ဌာနသို့ သူတို့ ရောက်သွားကြသည်။
ရွှီချင်းသည် ဖိုင်တွဲကို အပ်လိုက်ပြီး အချိန်အတော်ကြာသည်အထိ စောင့်နေလိုက်သည်။ ထို့နောက် တခြားဂိုဏ်းများမှ မန္တန်အစီအရင်များကို တာဝန်ယူထားသူများ တဖြည်းဖြည်း ရောက်လာကြသည်ကို သူ မြင်လိုက်ရသည်။ သို့သော် ရွှီချင်းကို မြင်ပြီးနောက် ထိုလူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး ခြေလှမ်းများ မြန်သွားသည်။
“ အစ်ကိုရွှီချင်းကို နှုတ်ဆက်ပါတယ် ”
“ အစ်ကိုရွှီချင်း၊ အစ်ကို ဒီမှာ ရှိနေမှန်း မသိလို့ ကျနော်တို့ အစ်ကို့ကို စောင့်နေသလို ဖြစ်အောင် လုပ်မိသွားတယ်။ မဟုတ်ရင် ကျနော်တို့ မြန်မြန် လာခဲ့ပါတယ် ”
ယခုအချိန်တွင် ရွှီချင်းသည် ရှစ်ဂိုဏ်းမဟာမိတ်၌ နာမည်ကြီးနေပြီ ဖြစ်သည်။ သို့သော်လည်း သူတို့ကို သူ အပြစ်တင်ခြင်းမရှိဘဲ ဝေ့ကြည့်လိုက်ပြီးနောက် တိမ်လွှာဂိုဏ်းသားများ ရောက်မလာသေးသည်ကို တွေ့လိုက်ရသည်။
မန္တန်အစီအရင်ချုပ်ပိုင်ခွင့်အား လွှဲပြောင်းရေးအတွက် တခြားဂိုဏ်းကြီးခုနစ်ဂိုဏ်း အတူတကွ ရောက်ရှိလာရန် လိုအပ်သည်။ တစ်ဂိုဏ်းဂိုဏ်းသာ ရောက်မလာခဲ့ပါက လွှဲပြောင်းရေးကိစ္စမှာ ကြန့်ကြာသွားမည်သာ ဖြစ်သည်။
“ အစ်ကိုရွှီ၊ တိမ်လွှာဓားဂိုဏ်း ရောက်မလာရင် ကျနော်တို့ ဒီနေ့လည်း ဆက်လုပ်လို့ ရမှာ မဟုတ်လောက်ဘူး ”
မိုးသောက်ဝိညာဉ်တောင်ကြားနှင့် ကောင်းကင်နန်းတော်ဂိုဏ်းတို့၏ ဘိုးဘေးများက ရွှယ်လျန့်ကျစ်နှင့် ရင်းနှီးသော ဆက်ဆံရေးများ ရှိသည်ဖြစ်ပြီး ထိုဂိုဏ်းသုံးဂိုဏ်းက အလွန် ညီညွတ်ကြသည်။ ထိုအချိန်၌ ထိုကိစ္စကို တာဝန်ယူထားသည့် မိုးသောက်ဝိညာဉ်တောင်ကြားမှ ဂိုဏ်းသူက ရွှီချင်းကို နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။ သူမ၏ လှပသော မျက်လုံးလေးများက ရွှီချင်း၏မျက်နှာကို ကြည့်နေသည်။
ရွှီချင်းသည် ခေါင်းညိတ်ပြလိုက်ပြီး ဘေးရှိ အဖွဲ့ဝင်တစ်ယောက်ကို ဆင့်ခေါ်လိုက်ပြီး ကျောက်စိမ်းပေလွှာ ပေးလိုက်သည်။
“ ဒီပစ္စည်းကို တိမ်လွှာဓားဂိုဏ်းက ချူးယွင်ဖုန်းကို ပေးလိုက်။ ပြီးရင် ဒီကိစ္စကို တတ်နိုင်သလောက် မြန်မြန် ဆောင်ရွက်ပေးဖို့ သူ့ကို ပြောလိုက်။ ဒီလိုမှမဟုတ်ရင် ဒီနေ့ကျော်တာနဲ့ သူ့ကို ငါ သွားပြီး စာရင်းရှင်းမယ် ”
ချူးယွင်ဖုန်းသည် သူတော်စင်ကြယ်၏ ဆရာတူညီလေးအဖြစ် ဆိုထားသူဖြစ်ပြီး ချီရွှဲ့ထုံဂိုဏ်း၌ ရွှီချင်း၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ရွှီချင်းသည် ညွှန်ကြားပြီးနောက် ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ တိတ်ဆိတ်စွာ စောင့်နေသည်။ တခြားလူများသည်လည်း ထိုဖြစ်ရပ်ကို မြင်သောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စောင့်နေရန် ဆုံးဖြတ်လိုက်သည်။
မကြာခင် ထိုကျောက်စိမ်းပေလွှာက တိမ်လွှာဓားဂိုဏ်းရှိ ချူးယွင်ဖုန်းလက်ထဲသို့ ရောက်သွားသည်။ ချူးယွင်ဖုန်းသည် ကျောက်စိမ်းပေလွှာကို မြင်သောအခါ မျက်လုံးများ နီမြန်းသွားသည်။
“ အဆိပ်နတ်ဆိုးရွှီချင်း၊ မင်း တရားလွန်သွားပြီကွ ”
“ ဒီကျောက်စိမ်းပေလွှာလေးနဲ့ မင်းအတွက် ငါ့ကို အလုပ်လုပ်ပေးစေချင်တယ်ပေါ့။ စိတ်ကူးယဉ်မနေနဲ့ ”
ချူးယွင်ဖုန်းသည် အေးစက်စက်နှာမှုတ်လိုက်ပြီး ကျောက်စိမ်းပေလွှာကို လွှင့်ပစ်လိုက်သည်။ သို့သော်လည်း တစ်နာရီကြာသောအခါ အပြင်ဘက်ကောင်းကင်ကြီးကို သူ ကြည့်လိုက်သည်။ တစ်နေ့တာ ကုန်ဆုံးသွားပေတော့မည်။
သူသည် နာကြည်းစွာဖြင့် တိမ်လွှာဓားဂိုဏ်း၏ မန္တန်အစီအရင်ဌာနသို့ အသံလွှင့်အကြောင်းကြားကာ ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။
တိမ်လွှာဓားဂိုဏ်း၏ ကောင်းကင်လက်ရွေးစင်တစ်ယောက်ဖြစ်၍ သူ၏စကားများက အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိသည်။ မကြာခင် တိမ်လွှာဓား၈ိုဏ်း၏ မန္တန်အစီအရင်ဌာနမှ ဂိုဏ်းသားများက ဖြူဖပ်ဖြူရော်မျက်နှာများနှင့် ဌာနချုပ်သို့ ရောက်လာကြသည်။
မန္တန်အစီအရင်ချုပ်ပိုင်ခွင့် လွှဲပြောင်းရေးကိစ္စသည် အဆင်ပြေချောမွေ့စွာ ပြီးစီးသွားခဲ့သည်။
ထိုကိစ္စကို ဖြေရှင်းပြီးသောအချိန်တွင် မှောင်စပြုနေပြီဖြစ်သည်။
ယနေ့ ဆည်းဆာချိန်သည် ပုံမှန်နေ့များနှင့် အနည်းငယ် ကွဲပြားနေသည်။ ကောင်းကင်ယံတွင် မီးများပမာ နီမြန်းနေသော တိမ်စိုင်များဖြင့် ပြည်နေသည်။ ယင်းမြင်ကွင်းသည် လှပပါသော်လည်း သွေးစွန်းနေသည့်အလား ထင်ရသည်။ လူတစ်ယောက်က နတ်ဘုရားများကို ပူဇော်ပသရန် ကောင်းကင်အား သူ၏သွေးများဖြင့် ဆေးခြယ်လိုက်သည့်အလားပင်။
ရွှီချင်းသည် တိမ်နီများဖြင့် လင်းလက်နေသည့် လမ်းပေါ် လျှောက်လာသည်။ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီးသို့ အပြန်လမ်းတွင် ကောင်းကင်ရှိ တိမ်နီများကို သူ ကြည့်လိုက်သည်။ မည်သည့်အတွက်ကြောင့်မသိ ဝမ်ကူးဒေသကို မလာခင်က သူ မက်ခဲ့သော အိပ်မက်ကို ပြန်တွေးမိသွားသည်။
တချိန်တည်းမှာပင် ယင်ဟွမ်ပြည်နယ်ရှိ ရှစ်ဂိုဏ်းမဟာမိတ်နှင့် ဝေးကွာသောနေရာတွင် တည်ရှိသည့် လီယုံကျောက်တိုင်တည်ရှိရာအရပ်၌ နွံတောကြီးတစ်ခု ရှိသည်။
ထိုနေရာသည် တားမြစ်နယ်မြေမဟုတ်ပါသော်ငြား သိပ်သည်းထူထပ်သော ဓာတ်နှောများဖြင့် ပြည့်နှက်နေပေရာ သေမင်းနယ်မြေအဖြစ်ပင် ခေါ်ဆိုနိုင်သည်။
နွံတော၏ အလယ်တွင် ရေများစွာနှင့် ချိုင့်ခွက်တစ်ခု ရှိသည်။ နွံတော၏ ရေပြင်မှ အနက်ရောင်ကျောက်တုံးအပိုင်းအစများ ထိုးထိုးထောင်ထောင်ဖြင့် ထွက်နေသည်။
ကောင်းကင်ယံရှိ နီစွေးသောအလင်းရောင်က ရေမျက်နှာပြင်ပေါ်သို့ ဖြာကျသွားသောအခါတွင် ထိုနေရာတစ်ခုလုံး နီမြန်းသွားသည်။
ထိုနေရာတွင် ရဲရဲနီနေသော လူရိပ်နှစ်ရိပ်လည်း ရှိသည်။
တစ်ယောက်က ဒူးထောက်နေပြီး တခြားတစ်ယောက်က ကျောက်တုံးအစွန်းတွင် ထိုင်နေသည်။ ခြေထောက်တစ်ဖက်က တွဲလောင်းကျနေပြီး တခြားတစ်ဖက်က ကျောက်တုံးပေါ်တွင် ရှိသည်။ သူ၏ခန္ဓာကိုယ်က နောက်သို့ မှီထားပြီး လက်တစ်ဖက်ဖြင့် သူ့ကိုယ်သူ ထောက်ထားကာ ကောင်းကင်ယံရှိ နီစွေးသော တိမ်စိုင်များကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက်သည် မျက်နှာဖုံးများကို တပ်ထားကြ၏။ ထိုမျက်နှာဖုံးများ၏ ပုံစံက ကြောက်စရာကောင်းပြီး ကောင်းကင်ယံရှိ နတ်ဘုရား၏ မျက်နှာပျက်ကြီးပုံစံ ဖြစ်ပေသည်။
သို့သော်လည်း မျက်လုံးများက ပိတ်မနေဘဲ ပွင့်နေသည်။
ထိုမျက်လုံးများ၏ တည်နေရာများတွင် ထိုလူနှစ်ယောက်၏ အကြည့်များ ရှိပေသည်။
“ အရှင်၊ အရှင်ညွှန်ကြားတဲ့အတိုင်း နန်းဟွမ်ကျွန်းကြီးက ညဉ့်ငှက်အဖွဲ့အစည်းကို ကျုပ် လက်လျော့လိုက်ပါပြီ။ သူတို့ကို ချီရွှဲ့ထုံဂိုဏ်းဆီ ပို့ပေးပြီး ချီရွှဲ့ထုံဂိုဏ်း သတ်တာ ခံရအောင် လုပ်လိုက်ပါတယ် ”
“ ပိုင်လီသေဆုံးတဲ့ကိစ္စကလည်း ချီရွှဲ့ထုံဂိုဏ်းနဲ့ ဆက်စပ်နေပါတယ်။ သူက ဆဋ္ဌမမြောက်တောင်သခင်ရဲ့ လက်ထဲ သေသွားရတာပါ ”
ဒူးထောက်နေသောလူက ပြောလိုက်သည်။
သူ၏အသံသည် လေးစားသောလေသံဖြစ်ပြီး သူ၏မျက်လုံးများက ယုံကြည်သက်ဝင်ခြင်းများဖြင့် ပြည့်နေသည်။ သူက ညဉ့်ငှက်အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သည့်တိုင်အောင် တစ်ဖက်လူ၏ စကားတစ်ခွန်းဖြင့် ညဉ့်ငှက်အဖွဲ့အစည်းကို စတေးပစ်ကာ ကြီးမားသော အကျိုးအမြတ်များကို ဆုံးရှုံးခံခဲ့သည်။ သူ့ရှေ့တွင် ထိုင်နေသော လူအတွက် အသက်ပင် သူ စတေးနိုင်သည်။
“ အဲဒီတိုက်ပွဲမှာ ကလေးနှစ်ယောက်လည်း ပါပါတယ်။ အဲဒီအဖြစ်အပျက်ကို ကျုပ် မှတ်တမ်းတင်ထားပါတယ် ”
“ မဟာမိတ်ထဲကို ချီရွှဲ့ထုံဂိုဏ်း ဝင်ရောက်သွားပြီး ခုနစ်ဂိုဏ်းမဟာမိတ်ကို ရှစ်ဂိုဏ်းမဟာမိတ်လို့ ပြောင်းပြီးတဲ့နောက်မှာ မဟာမိတ်ထဲက လူတစ်ယောက်က ကျုပ်ကို ဆက်သွယ်ပြီး အလင်းတမန်ဂိုဏ်းထဲ ဝင်ချင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ကျုပ်တို့ကို သူ့ရဲ့ သွေးယဇ်ပူဇော်ပွဲကို လာကြည့်ဖို့ ဖိတ်ခေါ်ထားပါတယ်။ အဲဒီယဇ်ပူဇော်ပွဲကို ကျုပ်တို့ သဘောကျသွားမယ်လို့လည်း သူ ပြောခဲ့ပါတယ် ”
ညဉ့်ငှက်စကားပြောပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားသည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်ကြီးကို ကြည့်နေသော လူသည် မဟာမိတ်တည်ရှိရာ တားမြစ်ပင်လယ်အရပ်သို့ တဖြည်းဖြည်း ခေါင်းလှည့်ကြည့်လိုက်ပြီး ရယ်လိုက်သည်။
“ ဒါဆို သွားကြည့်ကြတာပေါ။ ချီရွှဲ့ထုံဂိုဏ်းကိုလည်း ငါတို့ နှုတ်ဆက်လက်ဆောင်တစ်ခု ပေးရမယ် ”
စကားပြောလိုက်သည့်လူသည် လူငယ်တစ်ယောက် ဖြစ်ဟန်တူသည်။ သူ၏လေသံအရ အသက်ကြီးရင့်နေဟန်မတူဘဲ အလွန်ငယ်ရွယ်ဟန်တူသည်။
ညဉ့်ငှက်၏လူရိပ် ဝေဝါးသွားပြီး လျှို့ဝှက်ရတနာတစ်ပါးအသွင် ပြောင်းကာ ဟင်းလင်းပြင်ထဲ ပုန်းခိုသွားသည့်အလား ထိုနေရာမှ ပျောက်သွားသည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်ယံရှိ နီစွေးသောအလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ လမင်းကြီး ထိန်ထိန်သာလာသောအခါတွင် လူငယ်သည် လမင်းကြီးကို ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ ငါ့ညီလေး ရှိတဲ့ဂိုဏ်း … မင်းကို မတွေ့ရတာ ဆယ့်တစ်တစ်နှစ်တောင်ရှိပြီပေါ့။ ဒါဟာလဲ ဒီဘဝရဲ့ နှောင်ကြိုးပါပဲ ”
လူငယ်က အဓိပ္ပာယ်ရှိစွာဖြင့် မခိုးမခန့် ရယ်လိုက်သည်။
#ဘာသာပြန်သူမှတ်စု၊ အလင်းတမန်အဖွဲ့က ပိုင်လီသေသွားတဲ့အကြောင်းကို အခန်း ( ၃၀၁ ) မှာ ဖတ်ရှုနိုင်ပါတယ်။ အဲဒီအခန်းမှာ အလင်းတမန်အဖွဲ့အကြောင်းကိုလည်း တစွန်းတစ ပြောပြထားပါတယ်ရောင်းရင်းတို့ ...