နတ်မိမယ် ကျစ်ရွှမ်
Vol. 25 Ch. 377
ရွှီချင်းသည် ချီရွှဲ့ထုံဂိုဏ်းနှင့် ဆက်သွယ်ထားသော ရှစ်စင်းမြောက်တံတားပေါ်သို့ လျှောက်သွားသည်။ တံတားအောက်တွင် သိပ်သည်းသောအင်မော်တယ်ချီများနှင့် မြစ်တစ်စင်း ရှိသည်။
တံတားပေါ်ရှိ အနီရောင်အလင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ညအချိန်သို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသော ကောင်းကင်ကြီးနှင့် ပြူထွက်လာသော လမင်းကြီးကို ရွှီချင်း ကြည့်လိုက်သည်။ သူ အကြည့်လွှဲလိုက်ပြီး ကျန်းစန်းဆီသို့ အလည်အပတ်သွားရန် ချီရွှဲ့ထုံဂိုဏ်း၏ပင်မမြို့ကြီးတစ်လျှောက် ပြန်လျှောက်သွားသည်။
လမ်းတွင် မှော်သင်္ဘောကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း ကျန်းစန်း၏ အသံလွှင့်အကြောင်းကြားစာကို သူ လက်ခံရရှိလိုက်သည်။
ရွှီချင်းသည် မှော်သင်္ဘောမရှိဘဲ နေထိုင်ရသည်ကို အသားမကျသေးပေ။ ထို့ကြောင့် ညအချိန်ဖြစ်သည့်တိုင်အောင် ကျန်းစန်းကို ချက်ချင်း သွားရှာခြင်း ဖြစ်သည်။
ကျန်းစန်း၏ သယ်ယူပို့ဆောင်ရေးဌာနခြံဝန်းထဲတွင် မှော်သင်္ဘောကြီးကို ရွှီချင်းမြင်လိုက်ရသည်။
ပေခြောက်ထောင်ရှည်သော သင်္ဘောကြီးက အံ့သြစရာကောင်းလှသော မြင်ကွင်းတစ်ရပ် ဖြစ်သည်။ ထိုသင်္ဘောကြီးသည် ယခင်ကနှင့် တူညီသယောင်ရှိပါသော်လည်း ကွဲပြားနေသေးသည်။ ထိုကွဲပြားချက်မှာ သင်္ဘောထိပ်ဦးနှင့် ပဲ့ပိုင်းတွင် ပို၍ သိသာသည်။
သင်္ဘောထိပ်ဦးသည် ပင်လယ်ဖွတ်ကြီးတစ်ကောင် မဟုတ်တော့ဘဲ သံမျက်နှာဖုံးတစ်ခုအလား မျက်နှာလက္ခဏာရပ်များ မရှိသည့် ဧရာမမျက်နှာကြီးတစ်ခု ဖြစ်သည်။
ပဲ့ပိုင်းမှာမူ ချီရွှဲ့ထုံဂိုဏ်းရှိ ဧရာမသင်္ဘောကြီးကို အတုယူ၍ အမြီးကိုးချောင်းပုံစံ ပြုလုပ်ထားသည်။
အမြီးများက များစွာ သေးငယ်ပါသော်လည်း အမြီးတစ်ချောင်းစီတွင် မန္တန်အစီအရင်များ ရှိပြီး မတူညီသောအစွမ်းများကို ပိုင်ဆိုင်ထားကြသည်။
ယင်းအပြင် ရွက်တိုင်ရှစ်တိုင်မှသည် ဆယ့်ခြောက်တိုင်အဖြစ်သို့ တိုးသွားပြီး ပိုရှည်လာသည်။
“ ရွှီချင်း၊ မင်းရဲ့ မှော်သင်္ဘောက မှော်သင်္ဘောရဲ့ကန့်သတ်ချက်ကို ရောက်သွားပြီ။ ပြောရရင် စစ်သင်္ဘောတစ်ပိုင်းအဆင့်ကို ရောက်နေပြီ ”
“ ငါ လေ့လာထားတဲ့ နည်းပညာတွေအားလုံး ဒီသင်္ဘောကြီးမှာ အသုံးပြုထားတယ်။ ဒီသင်္ဘောကြီးက ရေအောက်မှာ ငုပ်လျှိုးသွားနိုင်ရုံတင်မကဘူး။ မျက်နှာဖုံးတစ်ခုလိုပါ သိမ်းဆည်းလို့ရတယ် ”
ကျန်းစန်းက မှော်သင်္ဘောပေါ် ရပ်လိုက်သည်။ သူ့ပုံစံက ပင်ပန်းနွမ်းနယ်နေဟန်ပေါက်နေပါသော်လည်း သူ့လေသံက ဝင့်ကြွားနေဟန်တူသည်။
ရွှီချင်းသည် လက်နှစ်ဖက်ကို စုပ်လိုက်ပြီး လေးနက်တည်ကြည်စွာဖြင့် ကျန်းစန်းကို အရိုအသေပေးလိုက်သည်။
“ အခုတစ်ခေါက် ကုန်ကျစားရိတ်က မယုံနိုင်လောက်အောင် များတယ်ဆိုပေမဲ့ နန်းဟွမ်ကျွန်းကြီးရဲ့ ဆိပ်ကမ်းက ရခဲ့တဲ့ အကျိုးအမြတ်တွေက ဒီသင်္ဘောကြီး တည်ဆောက်ဖို့ လုံလောက်ပါတယ် ”
“ ပြီးတော့ သင်္ဘောကြီးရဲ့ အလိုလိုပျက်စီးနိုင်စွမ်းကိုလည်း ငါ တိုးမြှင့်ထားတယ်။ မင်းကို ရိုးရိုးသားသား ပြောရရင် ငါ အာရုံစိုက်ထားတာက အလိုလိုပျက်စီးသွားပြီးတဲ့နောက် ဒီသင်္ဘောကြီးရဲ့အစွမ်းကို ဘယ်လိုတိုးမြှင့်ရမလဲ ဆိုတာပဲ ”
“ ငါ တိုင်းတာကြည့်ရသလောက် မင်းရဲ့မှော်သင်္ဘောက အလိုလိုပျက်စီးတာတွေကို အကြိမ်အများကြီး ခံနိုင်ရည်ရှိတယ်။ မင်း အကြိမ်နည်းနည်းလောက် အလိုလိုဖျက်စီးပစ်လို့ရအောင်လို့ သင်္ဘောကိုယ်ထည်ကို စုစုပေါင်း သုံးလွှာလုပ်ထားတယ် ”
ကျန်းစန်းက ပြောနေရင်း ရွှီချင်းကို လှမ်းကြည့်လိုက်သည်။
ရွှီချင်းသည် ထိုစကားကို ကြားသောအခါ ပို၍ လေးနက်သောအမူအရာဖြင့် အာရုံစိုက်လိုက်သည်။
“ သင်္ဘောထဲမှာ အရည်အသွေးကောင်းတဲ့စွမ်းအင်ရင်းမြစ်တစ်ခုနဲ့ နတ်အစွမ်းတွေအများကြီး ရှိတယ်။ အဲဒီစွမ်းအင်ရင်းမြစ်ကို အပြည့်အဝ အသက်သွင်းလိုက်ရင် သာမန်သက်စောင့်မီးလုံးအစွမ်းနဲ့ သင်္ဘောကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး ”
“ သင်္ဘောမှာ လိုနေတာ တစ်ခုက ဝိညာဉ်ပဲ။ အဲဒါကြောင့် မျက်နှာမဲ့မျက်နှာဖုံးသင်္ဘောထိပ်ဦးကို ငါ ချန်ထားခဲ့တာ ”
“ ဝိညာဉ်တွေနဲ့ ပတ်သက်ပြီး ဂိုဏ်းရဲ့ ကျင့်ကြံခြင်းအတတ်မှာ မိတ်ဆက်တစ်ခု ရှိတယ်။ မိစ္ဆာမီးဝိညာဉ် ဝါးမျိုခြင်းအတတ်ကို မင်း ကျင့်ကြံတာ ငါ သိတယ်။ ငါလည်း အဲဒီအတတ်ကို ကျင့်ကြံခဲ့တယ်။ အဲဒီကျင့်ကြံခြင်းအတတ်ရဲ့ ဖော်ပြချက်မှာ မြင့်မားတဲ့အဆင့်တစ်ခုရောက်တဲ့အထိ ကျင့်ကြံပြီးသွားရင် ရန်သူရဲ့ဝိညာဉ်အမျှင်တန်းတွေကို ဓမ္မတံခါးတွေတိုင်းမှာ ဖိနှိပ်ထားနိုင်တယ်ဆိုတာ မင်း မှတ်မိသေးလား ”
“ မြင့်မားတဲ့အဆင့်ကို ရောက်သွားလို့ ရန်သူ့ဝိညာဉ်အမျှင်တန်းတွေကို မင်းရဲ့ဓမ္မတံခါးတွေအားလုံးမှာ ဖိနှိပ်လိုက်ပြီး အဲဒီဝိညာဉ်အမျှင်တန်းတွေကို စုပြီး မှော်သင်္ဘောကြီးဆီ လွှဲပြောင်းပေးနိုင်ရင် ဝိညာဉ်ဖြစ်လာပြီး မှော်သင်္ဘောကနေ မှော်စစ်သင်္ဘောအဆင့်ကို ရောက်သွားမှာပဲ ”
ကျန်းစန်း၏ မျက်လုံးများ တဖိတ်ဖိတ်လက်သွားသည်။
“ ဒါ ငါ တည်ဆောက်ခဲ့သမျှထဲ စစ်သင်္ဘောအဆင့်နား ကပ်နေတဲ့ ပထမဆုံး မှော်သင်္ဘောပဲ။ ရွှီချင်း နောက်ကျ ဒီသင်္ဘောကို ဖျက်ဆီးလိုက်ရင် တိုက်ပွဲပြီးလို့ သန့်ရှင်းရေးလုပ်ရင် သင်္ဘောအပျက်အစီးတွေကို ပြန်ယူခဲ့ဖို့ မမေ့နဲ့။ မင်း ပြန်ယူလာရင် ငါ့အားနည်းချက်တွေကို ပိုနားလည်နိုင်မှာ ”
ကျန်းစန်းက ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည်လည်း ကျန်းစန်း လုပ်ထားသည့် မှော်သင်္ဘောကြောင့် တအံ့တသြ ဖြစ်နေရပြီး ထိုစကားကို ကြား၍ လေးပင်စွာ ခေါင်းညိတ်ပြလိုက်သည်။ ကျန်းစန်း ပြောသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု သူ ခံစားရပြီး အသေးစိတ်များ ဆွေးနွေးကာ နှုတ်ဆက်စကား ပြောလိုက်သည်။
ရွှီချင်း ထွက်သွားသည်ကို ကြည့်၍ ကျန်းစန်း သမ်းဝေလိုက်သည်။ သူ့မျက်နှာပေါ်တွင် မောပန်းနွမ်းနယ်ခြင်းများ ပို၍ ပေါ်လာသည်။ ထိုအတောအတွင်း ရွှီချင်း၏ မှော်သင်္ဘောကို တည်ဆောက်ရန် သူ များစွာ အနားမယူခဲ့ရပေ။
တစ်ဖက်တွင် သူတို့၏ မိတ်ဆွေဆက်ဆံရေးကြောင့် ဖြစ်သည်။ တခြားတစ်ဖက်တွင် ကျန်းစန်းမှာ စိတ်ထဲ မရိုးမရွ ဖြစ်နေရသည်။ သူ တည်ဆောက်လိုက်သည့် မှော်သင်္ဘောကို ရွှီချင်း ဖျက်ဆီးပြီးနောက် ဘေးကင်းလုံခြုံသည့်ခံစားချက် ရစေရန် သူ အမှန်တကယ် မျှော်လင့်နေသည်။
“ နောက်ဆုံးတစ်ခေါက်တုန်းက ငါ ပညာရည်မပြည့်ဝသေးလို့နေမှာ။ ဒီတစ်ခေါက်တော့ အဲဒီလို မဖြစ်လောက်တော့ပါဘူး ”
ကျန်းစန်းသည် သူ့ကိုယ်သူ ဘဝင်ခိုက်စွာဖြင့် တွေးတောလိုက်သည်။ သူက ဆေးတံကြီးကို ရှိုက်လိုက်ပြီးနောက် အနားယူရန် ပြန်သွားသည်။
ရွှီချင်းမှာ ကျေနပ်စွာဖြင့် ထွက်သွားသည်။ ကျန်းစန်းမှာ သယ်ယူပို့ဆောင်ရေးဌာနတွင် ရှိမနေသင့်ဟု သူ ခံစားနေရသည်။ ကျန်းစန်း၏ အရည်အချင်းများမှာ အတော်လေး မြင့်မားသော အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။
သို့သော်လည်း လက်ရှိဘဝကို ကျန်းစန်း သဘောကျနေသည်မှာ သိသာသည်။ သူ၏ကျင့်ကြံခြင်းတိုးတက်နှုန်း နှေးကွေးပါသော်လည်း သူ ကျေနပ်နေသည်ကို ရွှီချင်း ခံစားမိသည်။ သူ့အတွက် ရွှီချင်းနှင့် ခေါင်းဆောင်တို့ အစွမ်းထက်သည်ထက် အစွမ်းထက်လာသမျှ စိတ်ပူစရာမရှိဟု ယူဆထားသည့်အလားပင်။
“ အခွင့်ကြုံရင် ငါ သူ့ကို ပြန်ဆပ်ရမယ် ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး ဆိပ်ကမ်းသို့ သွားလိုက်သည်။
သူသည် မြို့သစ်စတည်ကတည်းက သူ့အတွက် ဆိပ်ကမ်းတစ်ခုကို ရွေးချယ်ထားပြီး ဖြစ်သည်။ မှော်သင်္ဘောကို ချလိုက်ပြီးနောက် မှော်သင်္ဘောထဲ သူ လှစ်ခနဲ ခုန်ဝင်လိုက်သည်။ ထို့နောက် ရုပ်ဖျက်ခြင်းကို အသက်သွင်းလိုက်ပြီး အခန်းငယ်လေးထဲ ဝင်သွားသည်။
သူသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ထူးထူးခြားခြား အပြောင်းအလဲမရှိသည်ကို တွေ့လိုက်ရသည်။
သူ ထိုင်ချလိုက်သည်။ သင်္ဘောကြီး အနည်းငယ် ယိမ်းခါလာသည်နှင့်အမျှ သူ့စိတ်က တဖြည်းဖြည်း တည်ငြိမ်လာသည်။
သူသည် ညသန်းခေါင်ယံရောက်သည့်တိုင်အောင် အချိန်ကြာမြင့်စွာ တရားထိုင်လိုက်ပြီးနောက် တစ်နေ့တာကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။ ထို့နောက် အင်မော်တယ်ဂျယ်လီကို စားခဲ့သော ပိုးကောင်နက်များအား သူ စစ်ဆေးကြည့်လိုက်ရာ အိပ်မောကျနေသေးသည်ကို တွေ့လိုက်ရသည်။ ပြီးသည်နှင့် အမှတ်ခုနစ်သခင်ကြီး သင်ကြားပေးခဲ့သော မန္တန်များနှင့် ပညာရပ်များကို သူ စတင်လေ့လာလိုက်သည်။
ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် ရွှီချင်းသည် ဇွဲနပဲကြီးမားသူ ဖြစ်သည်။
ထိုသို့ဖြင့် အချိန်များ စီးဆင်းသွားပြီး သုံးရက်တာ ကျော်လွန်သွားသည်။
ထိုသုံးရက်တာအတောအတွင်း ရွှီချင်းသည် မှော်သင်္ဘောပေါ်မှ မထွက်ခွာခဲ့သလို အထူးလုံခြုံရေးဌာနသို့လည်း မသွားခဲ့ပေ။ ကျင့်ကြံခြင်း၌သာ သူ လုံးလုံးလျားလျား အာရုံစိုက်ထားပြီး ကျင့်ကြံခြင်းပညာရပ်ကို လေ့လာနေခဲ့သည်။ သူ၏တစ်ရာ့နှစ်ခုမြောက်ဓမ္မတံခါးသည်လည်း ပြေလျော့လာခဲ့ပြီ ဖြစ်သည်။
တတိယမြောက်ညတွင် တရားထိုင်နေသော ရွှီချင်း၏ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသည်။ သူသည် ကူကယ်ရာမဲ့နေဟန်ဖြင့် ထရပ်လိုက်ပြီး အခန်းအပြင်ဘက်သို့ ထွက်ကာ သင်္ဘောအပြင်ဘက်ရှိ အမှောင်ထုကြီးထဲသို့ ကြည့်လိုက်သည်။
ခေါင်းဆောင်သည် ဆောင့်ကြောင့်ထိုင်နေပြီး ရွှီချင်း၏ မှော်သင်္ဘောကြီးကို ပန်းသီးဖြင့် ပစ်ပေါက်လိုက်သည်။
အကာအကွယ်အလွှာနှင့် ခေါင်းဆောင်၏ ထူးဆန်းသော စွမ်းအားများကြောင့် ပန်းသီးက အကာအကွယ်အလွှာကို တိုက်သွားသောအခါတွင် မပျက်စီးဘဲ ပြန်ကန်ထွက်လာသည်။
ထို့နောက် ခေါင်းဆောင်၏ လက်ထဲ ပြန်ရောက်သွားပြီး ခေါင်းဆောင်က ပန်းသီးကို ယူကာ ကိုက်လိုက်ပြန်သည်။ သူ့ပုံစံက သဘောကျနေဟန်တူသည်။ ရွှီချင်း အပြင်ထွက်လာသည်ကို သူ သတိထားမိသွားပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
“ ချင်းလေး၊ ဒီည မင်း အလုပ်ရှုပ်နေလား ”
ရွှီချင်းက ခေါင်းဆောင်၏ လက်ထဲရှိ တစ်ဝက်ကိုက်စားထားသော ပန်းသီးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ ဟုတ် ”
“ မင်း အားနေရင် သိပ်ကောင်းမှာပဲ။ ငါနဲ့ ကိစ္စလေးတစ်ခု လုပ်ရအောင် လိုက်ခဲ့ပါလား။ မကြာသေးခင်က ငါ ငွေဝင်ပေါက်တစ်ခု တွေ့ထားတာ။ အရူးဟွမ်ရဲ့လက်ချောင်းကို သူ့ပြန်ရောင်းဖို့ ငါ စီစဉ်ထားတာပဲ။ ငါတို့ အဲဒီအကြောင်း ဆွေးနွေးပြီးသွားပြီ။ ဒီကောင်က ပိုက်ဆံယူလာမှာ။ အလဲအလှယ်က ဒီညပဲ ”
ခေါင်းဆောင်က ခပ်တိုးတိုးပြောလိုက်သည်။
“ ငါနဲ့လိုက်ခဲ့ပါကွာ။ မင်း အိမ်ပြန်တုန်းကလဲ ငါ လိုက်ခဲ့သေးတာပဲ ”
ခေါင်းဆောင်က ချောင်းဟန့်လိုက်သည်။
ရွှီချင်းသည် သင်္ဘောအပြင်ဘက်သို့ ထွက်လာပြီးနောက် ဆိပ်ကမ်းပေါ်သို့ ရောက်သွားသည်။ ထို့နောက် သူက မေးလိုက်သည်။
“ ဘယ်မှာ အလဲအလှယ် လုပ်မှာလဲ ”
“ ရွှမ်ယုံဂိုဏ်းတောင်ခြေ ”
ရွှီချင်း သဘောတူသည်ကို ခေါင်းဆောင်မြင်သောအခါ ပျော်ရွှင်စွာဖြင့် ထရပ်လိုက်ပြီး ရွှီချင်းကို ပန်းသီးတစ်လုံး ပေးလိုက်သည်။ ထို့နောက် ရွှီချင်းကို ပခုံးဖက်လိုက်ပြီး ထူးဆန်းသောလေသံဖြင့် ပြောလိုက်သည်။
“ ချင်းလေး၊ မင်းက တကယ့်ငါ့ညီပဲကွ။ အဘိုးကြီးသာ ငါ့စကားကြားရင် ချက်ချင်း ပြေးသွားလောက်တယ်။ စိတ်မပူပါနဲ့။ အစ်ကိုကြီး မင်းကို တုန်နေအောင် ချစ်တာပါ။ မကြာသေးခင်တုန်းက ငါ အစီအစဉ်ကြီးတစ်ခု စဉ်းစားထားတာ။ အချိန်ကျရင် ငါတို့ အတူတူသွားကြမယ် ”
“ အဲဒါ ထောင်ချောက်ဖြစ်နေမှာ အစ်ကိုကြီး မကြောက်ဘူးလား ”
ရွှီချင်းက မေးလိုက်သည်။
ခေါင်းဆောင်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားခြင်းများ ပေါ်လာပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ သွားကြည့်ကြတာပေါ့ ”
“ ပြီးတော့ မင်းသာ ငါနဲ့အတူ ပါလာရင် တစ်ခုခုဖြစ်လာခဲ့ရင်တောင် အဘိုးကြီးက သေချာပေါက် လာကယ်မှာ။ ငါ တစ်ယောက်တည်းဆိုရင် သူ ခေါင်းရှုပ်ခံမှာ မဟုတ်ဘူးကွ ”
ခေါင်းဆောင်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
ရွှီချင်းသည် ခေါင်းဆောင်ကို စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
မကြာခင် သူတို့နှစ်ယောက်သည် အမှောင်ထုကို အားပြု၍ ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး ရွှမ်ယုံဂိုဏ်း၏ မြို့ကြီးသို့ ဦးတည်လာခဲ့ကြသည်။ သူတို့က မြန်ဆန်စွာ သွားနေကြသည်။ ညသန်းခေါင်ယံအချိန်၌ ခေါင်းဆောင်နှင့် ဟွမ်ရီခွန်တို့ ချိန်းဆိုထားကြသည့်် တောင်ခြေသို့ သူတို့ ရောက်သွားကြသည်။
ထိုနေရာသည် အဆောင်တစ်ခုဖြစ်ပြီး ထိုအဆောင်နှင့် မနီးမဝေးတွင် ရွှမ်ယုံဂိုဏ်း၏တောင်ကြီး ရှိသည်။
အမှောင်ထုထဲတွင် ရွှမ်ယုံဂိုဏ်း၏တောင်ကြီးက မိုးသားတိမ်စိုင်များကို ထိလုမတတ် မြင့်မားနေဟန်တူသည်။ မီးရောင်များ ဟိုတစ်စ သည်တစ ရှိနေပါသော်လည်း ခြုံကြည့်လျှင် ပိန်းပိတ်အောင် မှောင်မည်းနေ၏။ တောင်ထိပ်၌ ရုပ်ထုကြီးတစ်ခု ရှိသည်။ နောက်ကွယ်မှ လမင်းကြီးကြောင့် ရုပ်ထုကြီး၏ ပုံစံမှာ ရှင်းလင်းပြတ်သားစွာ ပေါ်လွင်နေသည်။
ထိုရုပ်ထုသည် ရှေးဘုရင်ရွှမ်ယုံ၏ရုပ်ထုဖြစ်သည်။ ရုပ်ထုကြီးသည် တောင်ထိပ်တွင် ရပ်ကာ တားမြစ်ပင်လယ်ရှိရာအရပ်သို့ ကြည့်နေသည်။
ရွှီချင်းသည် ရုပ်ထုနှင့် အတန်ငယ် ကွာဝေးနေသည့်တိုင်အောင် ရုပ်ထုထံမှ ကြောက်ခမန်းလိလိဖိအားများကို ခံစားနေရသည်။ ထိုရုပ်ထုက သာမန်မဟုတ်သည်မှာ ထင်ရှားသည်။
ရွှမ်ယုံဂိုဏ်း၏ တောင်ကြီးတစ်တောင်လုံးမှာ ရွှီချင်းကို လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်မျိုး ခံစားရစေသည်။
သတ္တမမြောက်တောင်ထိပ်သည် ယခင်က ရွှမ်ယုံဂိုဏ်းကြီး၏ ဂိုဏ်းခွဲဖြစ်ခဲ့သည် မဟုတ်ပါလား။ သူတို့၏ကျင့်ကြံခြင်းအတတ်များတွင် တူညီသောအချက်များ ရှိသည်။ လက်ရှိမဟာမိတ်ခေါင်းဆောင်သည်လည်း ရွှမ်ယုံဂိုဏ်းမှဖြစ်ပြီး ရွှမ်ယုံဂိုဏ်းစောင့်ဘိုးဘေး၏ ဆရာတူအစ်ကို ဖြစ်သည်။
ရွှမ်ယုံဂိုဏ်းစောင့်ဘိုးဘေးကိုမူ ချီရွှဲ့ထုံဂိုဏ်း၌ ရွှီချင်း အဝေးမှ မြင်ခဲ့ဖူးသည်။ သို့သော် သူတို့က ဖုံးကွယ်ထားသည်ဖြစ်၍ သူတို့ရုပ်ရည်များကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။
ခေါင်းဆောင်က ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ အချိန်ကို တွက်ကြည့်ရတာ ခဏနေရင် အဲဒီအရူးကောင်ဟွမ် ရောက်လာသင့်ပြီ ”
ရွှီချင်းသည် အကြည့်လွှဲလိုက်ပြီး ခေါင်းဆောင်နှင့်အတူ စောင့်နေလိုက်သည်။
အချိန်များ နှေးကွေးစွာ ဖြတ်သန်းသွားသည်။ ဆယ့်ငါးမိနစ် ကျော်လွန်သွားသည်။ သို့သော် ဟွမ်ရန်မှာ ပေါ်မလာသေးချေ။ ခေါင်းဆောင် မျက်မှောင်ကြုတ်သွားသည်။ သူ ကျောက်စိမ်းပေလွှာဖြင့် အသံလွှင့်လိုက်သောအခါ မဟာမိတ်အပြင်ဘက်ရှိ ကောင်းကင်ယံမှ လူရိပ်တစ်ရိပ် ရွေ့လျားလာနေသည်ကို သူတို့ သတိမထားမိကြပေ။
ထိုလူရိပ်သည် အလွန် မြန်ဆန်ပြီး မဟာမိတ်၏ မန္တန်အစီအရင်ကြီးဆီသို့ တိတ်ဆိတ်စွာ လျှောက်သွားသည်။ ထို့နောက် သူ၏ခြေတစ်လှမ်းဖြင့် ရွှမ်ယုံဂိုဏ်း၏တောင်ကြီးအပြင်ဘက်သို့ ရောက်သွားသည်။ သူက တောင်ပေါ်သို့ တက်ရန်ပြင်လိုက်စဉ် ခေါင်းဆောင်နှင့် ရွှီချင်းတို့ကို သတိထားမိသွားဟန်တူသည်။ ကောင်းကင်ယံတွင် သူ ရပ်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။
ထို့နောက် သူ၏ရုပ်ရည်သွင်ပြင် ပေါ်လာသည်။
သူသည် အလွန် ဂုဏ်ကျက်သရေရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
ထိုအမျိုးသမီး၏ ပိတုန်းရောင်ဆံပင်ရှည်များမှာ နောက်ကျောသို့ ချထားပြီး ပန်းရောင်ဖဲကြိုးဖြင့် ခပ်ဖွဖွစည်းထားသည်။ ထိုအမျိုးသမီးသည် တဖျပ်ဖျပ်တောက်ပနေသော ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုအမျိုးသမီး၏ ပတ်လည်တွင် မြူခိုးများ ရစ်သိုင်းနေပေရာ ကောင်းကင်မှ နတ်မိမယ်အလား ထင်မှတ်ရသည်။
ထိုအမျိုးသမီး၏ မျက်နှာသည် ဖြူဖွေးပြီး သွယ်လျသည်။ ခါးလေးက ပျော့ပျောင်းနွဲ့ယဉ်သည်။ ကွေးညွှတ်သောမျက်ခုံးမွှေးတစ်စုံက တစ်ခုနှင့်တစ်ခု ထိစပ်နေဟန် ထင်ရသော်လည်း မဟုတ်ပေ။ မျက်လုံးလေးများက ပျော်ရွှင်ခြင်းများဖြင့် ပြည့်နေသယောင် ရှိသော်လည်း မဟုတ်ပေ။ ဖျတ်ခနဲ ကြည့်လိုက်ပါက မိန်းမပျိုလေးတစ်ယောက်နှင့် ဆင်ပါသော်လည်း စေ့စေ့ကြည့်လျှင် ထိုအမျိုးသမီး၏ မျက်လုံးများက နက်ရှိုင်းသောသဘောဆောင်သည်ကို သတိထားမိပေမည်။
ဤလောကကြီးထဲတွင် ထိုအမျိုးသမီး မသိသောအရာဟူ၍ မရှိသည့်အလား။ လှုပ်ရှားမှုလေးတစ်ခုဖြင့်ပင် အတွင်းစိတ်ကို ဖောက်ထွင်းသိနိုင်သည့်ပမာပင်။ ထိုအမျိုးသမီးသည် ဘဝအတွေ့အကြုံအားလုံးကို ကြုံတွေ့ခဲ့ဖူးဟန်တူသည်။
ထိုအချိန်၌ ထိုအမျိုးသမီး၏ အကြည့်က တောင်ခြေရှိ ရွှီချင်းအပေါ်သို့ ကျရောက်သွားသည်။ ထိုအမျိုးသမီးသည် တခစ်ခစ် ရယ်မောလိုက်ပြီး လျှောက်သွားသည်။
လေထဲတွင် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တောင်ခြေသို့ ထိုအမျိုးသမီး ရောက်သွားသည်။ သူမ ရောက်သွားသည်နှင့် သူမ၏ခန္ဓာကိုယ်မှ ဖော်ပြ၍ မရနိုင်သော ဖိအားကြီးတစ်ရပ်ကြာင့် ရွှီချင်းနှင့် ခေါင်းဆောင်တို့နှစ်ယောက် မျက်နှာများ ပျက်သွားကြသည်။ သူတို့ နောက်ဆုတ်ရန် ပြင်လိုက်စဉ် နူးညံ့ညင်သာသောအသံတစ်သံ ထွက်ပေါ်လာသည်။
“ မလှုပ်နဲ့ ”
ယင်းသည် စကားတစ်ခွန်းသာ ဖြစ်ပါသော်လည်း သဘာဝနိယာမအလားပင်။ ခေါင်းဆောင်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ထိုအမျိုးသမီးမှာ ရွှမ်ယုံဂိုဏ်း၏ ဘိုးဘေးဖြစ်ပြီး တာအိုနာမည်က နတ်မိမယ်ကျစ်ရွှမ်ဖြစ်သည်ကို သိလိုက်သည်။
ရွှီချင်းမှာ ထိုအမျိုးသမီးကို မသိပါသော်လည်း စိတ်ထဲ အပြင်းအထန် တုန်ရီသွားပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ရှား၍ မရတော့ချေ။ ထိုကျက်သရေရှိသောအမျိုးသမီးက ခေါင်းဆောင်ကို လျစ်လျူရှု၍ သူ့ထံသို့ ချဉ်းကပ်လာသည်ကို သူ ကြည့်သာ ကြည့်နေနိုင်သည်။
အနှီညင်သာပျော့ပျောင်းသောမျက်နှာက ဝိညာဉ်တုန်ခါသွားစေလောက်အောင် ရင့်ကျက်သောအလှမျိုးကို ဆောင်သည်။ ထိုအမျိုးသမီး၏ မျက်လုံးများထဲရှိ တာအိုမျဉ်းကြောင်းများက တစ်ခုပြီးတစ်ခု အပြင်သို့ ထွက်လာပြီး ‘ သားကောင်ကို ကြည့်နေသော မုဆိုးတစ်ယောက် ’ ဆိုသော အဓိပ္ပာယ်ကို လှစ်ဟပြသနေသည်။
ရွှီချင်း အကြီးအကျယ် ထိတ်လန့်နေစဉ် ထိုအမျိုးသမီး၏ အကြည့်က ရွှီချင်း၏ မျက်လုံးများပေါ်သို့ ကျရောက်သွားပြီး ထိုမှတစ်ဆင့် သူ၏ပါးစပ်၊ လည်ပင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်သို့ တဖြည်းဖြည်း ရောက်သွားသည်။
နောက်ဆုံးတွင် ထိုအမျိုးသမီးသည် ရွှီချင်း၏မေးကို ပင့်လိုက်ပြီး အသက်ရှူလိုက်သည်။
“ ကလေး၊ ငါတို့ ပြန်တွေ့ပြန်ပြီနော်။ ရွှမ်ယုံဂိုဏ်းကို ညအချိန်မတော်ကြီး ရောက်လာတာ လမ်းပျောက်သွားလို့လား ”