← Chapters

ရာဂအတွေးများ

Vol. 25 Ch. 378

ရာဂအတွေးများ

Vol. 25 Ch. 378

ထိုအမျိုးသမီး၏ ချစ်စဖွယ်ကောင်းပြီး ညှို့ငယ်ဖမ်းစားနိုင်စွမ်းရှိသော အရိပ်အငွေ့ ယှက်သန်းနေသည်။ ဖျပ်ခနဲ ကြားလိုက်ရလျှင် ဇာမဏီငှက်၏ အော်မြည်သံနှင့် ဆင်တူသယောင်ထင်ရပြီး ချိုသာကြည်လင်ကာ နားဝင်ချိုသည်။

ရွှီချင်း၏တစ်ကိုယ်လုံး တုန်ရီသွားပြီး ဦးရေခွံများ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရသည်။ သူ မလှုပ်ရှားနိုင်တော့ပေ။

ထိုအမျိုးသမီးက သူ့မေးအား ပင့်လိုက်သည်ကို သူ မတတ်သာဘဲ ကြည့်နေရသည်။ တချိန်တည်းမှာပင် ထိုအမျိုးသမီး၏ စနောက်ကျီစယ်နေသော မျက်ဝန်းများထဲတွင် အလင်းတန်းများ စီးဆင်းနေသည်ကို သူ မြင်လိုက်ရသည်။

သူ အနည်းငယ် အံ့အားသင့်သွားရပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ထူးဆန်းသော မွှေးရနံ့ဖြင့် သင်းပျံ့နေသည်။

ထိုမွှေးရနံ့သည် သူ့ရှေ့ရှိ အမျိုးသမီးထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ထိုမွှေးရနံ့ကြောင့် ရွှီချင်းမှာ တစ်ခါမှမကြုံဖူးလောက်လောက်အောင် ရင်ခုန်သံများ မြန်ဆန်လာသည်။

ထိုကဲ့သို့ အတွေ့အကြုံမျိုး သူ့ဘဝတွင် တစ်ခါမှ မကြုံခဲ့ရဖူးချေ။

ယင်းသည် သေရေးရှင်ရေးအန္တရာယ်ဖြစ်ပါသော်ငြား သူ ခံစားနေရသည်ကို အတိအကျ ဖော်ပြရန် ခက်သည်။ သူက တခြားတစ်ယောက် မြည်းစမ်းနိုင်သော အရသာရှိသည့် မုန့်တစ်ချပ် ဖြစ်သွားသည့်ပမာ။

ထိုအမျိုးသမီး၏ ကျင့်ကြံခြင်းအဆင့်နှင့် မုဆိုးက သားကောင်အား ကြည့်နေသကဲ့သို့ အကြည့်ကြောင့် သူ ထိုသို့ ပိုခံစားလာရသည်။

ခေါင်းဆောင်က အသက်ပြင်းပြင်း ရှူလိုက်သည်။

‘ ဟွမ်ရီခွန်၊ ခွေးကောင်။ ရွှမ်ယုံလက်ချောင်းတစ်ချောင်းပဲကို။ မင်းကြီးတော် ဘိုးဘေးကို ခေါ်ရသလားဟ ’

ခေါင်းဆောင်၏အသက်ရှူသံများ မြန်ဆန်လာသည်။ သို့သော်လည်း ထိုအတွေးက မမှန်ကန်ပေ။ ဟွမ်ရီခွန်က ကောင်းကင်လက်ရွေးစင်တစ်ယောက် ဖြစ်သည့်တိုင်အောင် သူတော်စင်ကြယ်ကဲ့သို့ ဘိုးဘေး၏ မြေးတစ်ယောက်မဟုတ်ပါဘဲ သူ၏ဂိုဏ်းစောင့်ဘိုးဘေးကို အကူအညီတောင်း၍ ရမည်မဟုတ်ပေ။

သူ သိရသရွှေ့ ထိုသို့ မဟုတ်နိုင်ပေ။

သူ ပြန်လည်တည်ငြိမ်သွားပြီး အတုမဲ့အမျိုးသမီးကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ထိုအမျိုးသမီး၏ ကိုယ်ဟန်အမူအရာနှင့် စကားများကို သူ ပြန်တွေးကြည့်မိလိုက်သည်။ သူ၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ရဲတင်းသောအတွေးတစ်စ သူ့စိတ်ထဲ ပေါ်လာကာ နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။

‘ ချီးပဲ၊ ချီးပဲ ၊ ချီးပဲဟေ့ ’

ခေါင်းဆောင်သည် မျက်လုံးများကို မြန်မြန် မှိတ်လိုက်ပြီး မမြင်ချင်ယောင်ဆောင်လိုက်သည်။ သို့သော်လည်း သူ့စိတ်ထဲတွင် ခံစားချက်လှိုင်းများ ရိုက်ခတ်လာ၏။

‘ ချင်းလေးရဲ့ မျက်နှာက သောက်ကျိုးနည်းပဲဟေ့ ’

တချိန်တည်းမှာပင် တောင်ခြေသို့ လူရိပ်နှစ်ရိပ် အပြေးလာနေကြသည်။ တစ်ယောက်က ဟွမ်ရီခွန်ဖြစ်ပြီး တခြားတစ်ယောက်က ဟွမ်ရီခွန်နှင့် အနည်းငယ် ဆင်တူပါသော်လည်း အသက်ပိုကြီးသည်။

သူတို့နှစ်ယောက်က အဆောင်နှင့် အလျင်အမြန် နီးကပ်လာကြ၏။

“ အစ်ကို၊ ဒီနေ့ ကျနော့်ကို တရားမျှတအောင် လုပ်ပေးနော်။ လက်ချောင်းငါးချောင်းလုံး သူတို့ ချိုးသွားကြတာ။ သူတို့က ရက်စက်ကြမ်းကြုတ်တဲ့အပြင် စိတ်တိုဖို့ ကောင်းတယ် ”

ဟွမ်ရီခွန်သည် အံတင်းတင်းကြိတ်ကာ တဟုန်ထိုး ပြေးသွားသည်။

“ ဘာမှမပူနဲ့။ မင်းအစ်ကိုကြီးအနေနဲ့ … ဟမ် ”

ဟွမ်ရီခွန်၏ ဘေးက သူ့အစ်ကိုကြီး ဟွမ်လင်ဖေး ဖြစ်သည်။ သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ တောင်ခြေအနီးသို့ သူတို့ ရောက်သည်နှင့် သူ၏စကားများ လည်ချောင်းဝတွင် တစ်ဆို့သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ခြေလှမ်းများ ချက်ချင်း ရပ်သွားပြီး မနီးမဝေးရှိ မြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

သူ မြင်လိုက်ရသည်မှာ သူ၏ဂိုဏ်းစောင့်ဘိုးဘေးက ရွှီချင်းကို ပရော်ပရည်လုပ်နေသည့်အလား ရွှီချင်း၏မေးအား ပင့်တင်နေခြင်း ဖြစ်သည်။

ယင်းအပြင် သတ္တမမြောက်တောင်ထိပ်၏ အကြီးဆုံးမင်းသားက ရွှီချင်းနှင့် ဂိုဏ်းစောင့်ဘိုးဘေးတို့ကို မကြည့်ဝံ့သည့်အလား မျက်လုံးများ တင်းတင်းမှိတ်ထား၏။ သို့သော်လည်း သူ့မျက်နှာပေါ်က အမူအရာအရ လတ်တလော ဟွမ်လင်ဖေး ခံစားနေရသည်နှင့် တစ်ထပ်တည်းပင်။

ဟွမ်လင်ဖေး ဆွံ့အသွားသည်။ သူ့ဘေးတွင် ရှိသော ဟွမ်ရီခွန်သည် နောက်အနည်းငယ် ဆုတ်သွားပြီး အော်ဟစ်လိုက်သည်။

“ အာ ဒီကောင် ရွှီချင်း၊ အစ်ကို ကျနော့်ကို ကူညီ … ”

သူတို့ ရောက်လာသည်ကို ခေါင်းဆောင် သတိထားမိလိုက်သည်။ သူ မျက်လုံးများကို ဖွင့်၍ လှမ်းကြည့်လိုက်သည်။ တချိန်တည်းမှာပင် ပြိုင်စံရှားမိန်းမလှလေးသည် ရွှီချင်းကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီးနောက် လက်ကို ချလိုက်ပြီး ဟွမ်လင်ဖေးနှင့် ဟွမ်ရီခွန်တို့ကို လှည့်ကြည့်လိုက်သည်။

ဟွမ်ရီခွန်၏ စိတ်ထဲ တုန်ရီသွားသည်။ သူ ချာခနဲလှည့်ကာ သူ့ညီလေး၏ခေါင်းကို ဒေါက်ခနဲ ပိတ်ခေါက်လိုက်ရာ ဟွမ်ရီခွန် သတိလစ်သွားသည်။

“ မင်းဘကြီး ကူညီရမှာလား ”

ဟွမ်ရီခွန်က စိတ်ထဲမှ အော်ငေါက်လိုက်သည်။ သူ့ညီလေး၏ ဦးနှောက်က တစ်ခုခု လွဲမှားနေသည်ဟု သူ တွေးမိလိုက်သည်။ ထိုသို့မဟုတ်လျှင် ယခင်က သူ့ညီလေးက သတ္တမမြောက်တောင်ထိပ်သို့ သွားရန် စီစဉ်ခဲ့မည် မဟုတ်ပေ။

တခြားသူများလည်း မသွားခဲ့ကြသည် မဟုတ်ပါလား။

သူတစ်ယောက်သာ ရူးမိုက်စွာဖြင့် သတ္တမမြောက်တောင်ထိပ်သို့ သွားခဲ့သည်။

သူ သွားခဲ့ပြီး လက်ချောင်းများ ဆုံးရှုံးခဲ့ရသည်က တော်သေးသည်။ ယခုအခါတွင်လည်း အသတ်ခံရလုနီးပါး ဖြစ်နေပေပြီ။

ဟွမ်လင်ဖေးမှာ စိတ်ထဲမှာ တုန်ရီနေပြီး လတ်တလောမြင်ကွင်းကို သူ့မျက်စိထဲမှ မထုတ်နိုင်အောင် ဖြစ်နေသည်။ ‘ ဒီလောက်လူတွေအများကြီးထဲ ဂိုဏ်းစောင့်ဘိုးဘေး သဘောကျတဲ့လူကိုမှ ဘာလို့ သွားရန်စတာလဲ ’ ဟူ၍ သူ တွေးကာ ဟွမ်ရီခွန်ကို စိတ်ထဲမှ ကျိန်ဆဲနေတော့သည်။

“ မင်းတို့နှစ်ယောက် ဘယ်လိုလုပ် ဒီရောက်နေတာတုံး ”

ကျက်သရေရှိသောအမျိုးသမီးက ဟွမ်လင်ဖေးကို လှည့်ကြည့်၍ မေးလိုက်သည်။

ဟွမ်လင်ဖေးမှာ တုန်ရီသွားပြီး တွေဝေတွန့်ဆုတ်မနေဘဲ သတိလစ်သွားသော ဟွမ်ရီခွန်ကို ဆွဲခေါ်ကာ အနားသို့ ချက်ချင်း တိုးကပ်သွားသည်။ ထို့နောက် သူ့ညီကို မြေပြင်ပေါ် ပစ်ချလိုက်ပြီး ဒူးထောက်၍ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။

“ ဘိုးဘေးခင်ဗျား၊ တပည့် ရွှီ … တာအိုရောင်းရင်းနဲ့ ချိန်းထားတာလေးရှိလို့ပါ။ ကျနော့်ညီလေးက မသိနားမလည်ဘဲ တာအိုရောင်းရင်းရွှီကို အပြစ်ပြုခဲ့မိပါတယ်။ အဲဒါကြောင့် ဒီနေ့ သူ့ကို တောင်းပန်ရအောင် ကျနော် ခေါ်လာခဲ့တာပါ ”

ဟွမ်လင်ဖေးမှာ အလွန် စိုးရိမ်ကြောင့်ကြနေသည်။ စောစောက သူ ရပ်သွားခဲ့သည်မှာ ရွှီချင်းကို ‘ ညီလေး ’ ဟု ခေါ်လိုက်ရမလား၊ ‘ အစ်ကို ’ ဟု ခေါ်လိုက်ရမလား စဉ်းစားနေသောကြောင့် ဖြစ်သည်။ မည်သို့ပင် သူ ပြောသည်ဖြစ်စေ အခြေအနေကောင်းပုံမရပေ။ ဘိုးဘေးသာ နားလည်မှုလွဲသွားခဲ့လျှင် … ။ သို့သော်လည်း သူသည် ‘ တာအိုရောင်းရင်း ’ ဟူသောစကားကို မြန်မြန် တွေးမိသွားခဲ့သည်။

ထိုသို့ ပြောပြီးသည်နှင့် ရွှီချင်းကို ကြင်နာသောအမူအရာဖြင့် သူ ကြည့်လိုက်သည်။

“ တာအိုရောင်းရင်းရွှီချင်း၊ ကျုပ်ညီလေးက အရူးတစ်ယောက်ပါ ”

ဘေးတွင် ဟွမ်ရီခွန်သည် မြေပြင်သို့ ပစ်ချခံလိုက်ရခြင်းကြောင့် သတိပြန်လည်လာပြီး သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသောအမူအရာ ပေါ်လာသည်။ သို့သော် သူ ကောင်းကောင်း မနိုးသေးခင်မှာပင် ဟွမ်လင်ဖေးက သူ့ကို ချက်ချင်း ပါးရိုက်လိုက်ရာ သူ သတိပြန်လစ်သွားသည်။

“ တာအိုရောင်းရင်းရွှီချင်း၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ”

ဟွမ်လင်ဖေး၏နဖူးတွင် ချွေးများဖြင့် ရွှဲနစ်နေသည်။ ထိုသို့ပြောပြီးနောက် သူ၏ရင်ခုန်သံများ မြန်ဆန်လာပြီး သူ မတ်တတ်မထဝံ့တော့ချေ။

ရွှီချင်းရှေ့၌ ရပ်နေသော ကျက်သရေရှိသောအလှပိုင်ရှင်အမျိုးသမီးသည် ပြုံးလိုက်၏။ သူမသည် တစ်ခွန်းမဆိုဘဲ ရှေ့တစ်လှမ်း လှမ်းလိုက်ပြီး လေထဲသို့ လျှောက်သွားသည်။

ထိုအချိန်၌ လရောင်ဖြာကျလာပြီး ငွားငွားစွင့်စွင့်ဖူးပွင့်နေသော ခရမ်းရောင်ပန်းပမာ သူမ၏ ပြစ်မျိုးမှဲ့မထင်အလှကို ဖြည့်စွက်ပေးလိုက်သည်။ ဆွတ်ဆွတ်ဖြူနေသော အသားရေပေါ်သို့ လရောင် ဆင်းသက်သွားသောအခါ လရောင်က ကောင်းကင်ဇာပဝါအသွင် ပြောင်းလဲသွားသည့်အလားပင်။

ယင်းကြောင့် ရင့်ကျက်တည်ငြိမ်သော အလှပိုင်ရှင်အမျိုးသမီးသည် တုဖက်ကင်းသော ကျက်သရေအရှိန်အဝါများဖြင့် တင့်တယ်ထည်ဝါသွားသည်။ ထိုအမျိုးသမီးသည် လေထဲတွင် ရပ်ကာ မြေပြင်ကို ခေါင်းငဲ့ကြည့်ကာ တခစ်ခစ် ရယ်မောလိုက်သည်။

“ မိတ်ဆွေလေး၊ ရွှမ်ယုံဂိုဏ်းကို အချိန်မရွေး အလည်လာလို့ ရတယ်နော် ”

ထိုအမျိုးသမီးသည် လမင်းကြီးကို နောက်ခံထား၍ ကောင်းကင်ယံတွင် ရပ်နေသည်။ လင်းထိန်သော လရောင်အောက်တွင် ခရမ်းရောင်သစ်ခွပန်းများ ဖူးပွင့်နေကြသည့်အလား။ သေးကျဉ်သောခါးလေးနှင့် ကျောက်စိမ်းဖဲကြိုးလေးက ဝေဟင်တွင် ရွေ့လျားနေသည်။ ထိုမြင်ကွင်းသည် ကောင်းကင်ဘုံကိုးထပ်မှ နတ်မိမယ်တစ်ပါး ဆင်းသက်လာပြီး ကြယ်ပွင့်လေးများထက် ပို၍ တောက်ပသောအပြုံးဖြင့် လည်ပြန်ကြည့်နေသည့်ပမာပင်။

ထိုအမျိုးသမီး ထွက်သွားခဲ့ပြီ ဖြစ်သော်လည်း ရယ်သံလွင်လွင်က ပဲ့တင်ထပ်နေဆဲပင်။

ရွှမ်ယုံဂိုဏ်းစောင့်ဘိုးဘေး ထွက်သွားသည်နှင့် ရွှီချင်း၏ခန္ဓာကိုယ်မှာ ချက်ချင်း လှုပ်ရှားလာနိုင်သည်။ သူ အလျင်အမြန် နောက်ဆုတ်လိုက်ပြီး မောဟိုက်ပင်ပန်းစွာ အသက်ရှူလိုက်သည်။ ထိုအမျိုးသမီး၏ စကားများကို သူ ကြားခဲ့ရပြီး ထိုအမျိုးသမီး၏ အဆင့်အတန်းကို သိလိုက်ရသောအခါ သူ ကြောက်လန့်တုန်ရီသွားခဲ့ရသည်။ ထိုအချိန်၌ သူ့စိတ်ထဲ ယောက်ယက်ခတ်နေပြီး တည်ငြိမ်အောင် မလုပ်နိုင်ချေ။

ဘေးရှိ ခေါင်းဆောင်သည်လည်း အတူတူပင်။

ဟွမ်လင်ဖေးသည်လည်း သူတို့ကဲ့သို့ပင်။

သူတို့သုံးယောက် ငြိမ်သက်နေသည်။ သတိလစ်သွားခဲ့သော ဟွမ်ရီခွန်ထံမှ အသံစိုးစဉ်းမျှ ထွက်မလာတော့ပေ။

အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင် ချောင်းဟန့်လိုက်သည်။

“ အဲ … ငါတို့ လဲလှယ်ကြဦးမှာလား ”

ဟွမ်လင်ဖေးက အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုအချိန်၌ စောစောက တုန်လှုပ်ချောက်ချားသွားခြင်းမှ သူ အနည်းငယ် သက်သာရာရလာခဲ့ပြီ ဖြစ်သည်။ သူ ခေါင်းခါလိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူ့ညီလေးကို ဆွဲခေါ်ကာ ထိုနေရာမှ ခပ်သွက်သွက်ထွက်သွားသည်။

သူ မမြင်သင့်သောအရာတစ်ခုအား မြင်ခဲ့ပြီလားဟု တွေးကာ သူ အလွန် ကြောက်လန့်နေသည်။ ‘ ဘိုးဘေး၏ အချိန်ကောင်းလေးအား သူ ဖျက်ဆီးခဲ့မိလေခြင်း ’ဆိုသော အတွေးကြောင့် သူ ပို၍ နေမထိထိုင်မသာ ဖြစ်လာရသည်။

ရွှီချင်းမှာမူ ကြောက်ရွံ့စိတ် မပျယ်သေးပေ။ ခေါင်းဆောင်ကို သူ့ကို ထွက်သွားရန် မြန်မြန် လောဆောလိုက်သည်။ ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးသို့ ပြန်ရောက်သောအခါမှသာ ခေါင်းဆောင်မှာ စိတ်သက်သာရာရကာ သက်ပြင်းရှည်ကြီးလိုက်သည်။

“ ရွှမ်ယုံဂိုဏ်းရဲ့ ဘိုးဘေး နတ်မိမယ်ကျစ်ရွှမ်နဲ့ ဘယ်လိုလုပ် လာတွေ့နေရတာတုံး ”

ရွှီချင်းသည် နှုတ်ဆိတ်နေ၏။ မည်သည့်အတွက်ကြောင့်မသိ စောစောက ဖြစ်ရပ်က သူ့စိတ်ထဲ ထပ်ခါတလဲလဲ ပေါ်လာနေသည်။ အထူးသဖြင့် နတ်မိမယ်ကျစ်ရွှမ်၏ မျက်ဝန်းများပင်။ ထိုမျက်ဝန်းများသည် သူ၏အသက်ရှူသံများကို အလိုလို မြန်ဆန်သွားစေသည်။ ထိုကဲ့သို့ ခံစားချက်မျိုး သူ့ဘဝတွင် တစ်ခါမှ မခံစားခဲ့ရဖူးချေ။

“ ချင်းလေး၊ ဒီနေ့ ဖြစ်ခဲ့တာတွေအတွက် မင်းကို ကျေးဇူးတင်ပါတယ်ကွာ ”

ခေါင်းဆောင်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ နတ်မိမယ်ကျစ်ရွှမ်၊ ငါ သူ့အကြောင်း သိတယ်။ အဲဒီနတ်မိမယ်ကျစ်ရွှမ် ငယ်ငယ်တုန်းက နန်းဟွမ်ဒေသကြီးတစ်ခွင် နာမည်ကြီးပြီး သူ့ကို လေးစားတဲ့သူတွေ မရေမတွက်နိုင်လောက်အောင် ရှိတယ်။ သူက တာအိုလက်တွဲဖော် တစ်ခါမှ မရှိခဲ့ဖူးပေမဲ့ ကောလာဟလတွေ မရေနိုင်လောက်အောင် ရှိတယ် ”

“ စောစောက ငါတို့နှစ်ယောက်ကို သူ သတိထားမိသွားပြီး ငါ့ကို ကြိုက်သွားတာ ဖြစ်မယ်။ ပြီးတော့ ငါ အာရုံစိုက်တာခံရအောင်လို့ မင်းမေးကို ပင့်လိုက်တာ။ ချင်းလေး၊ မင်းကို ဒုက္ခပေးမိပြီ ”

ခေါင်းဆောင်က အရှက်မရှိ ရွှီချင်း၏ပခုံးကို ပုတ်လိုက်သည်။

“ အစ်ကိုကြီး၊ နောက်ကျ ကျွဲကောသီး များများစား ”

ရွှီချင်းက ခေါင်းဆောင်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။

“ ဘာလို့တုံး ”

ခေါင်းဆောင် ဆွံ့အသွားသည်။

ရွှီချင်းက ရှင်းမပြပေ။ သူ၏သင်္ဘောဆိပ်ကပ်ရာနေရာသို့ လျှောက်သွားပြီး သင်္ဘောပေါ်သို့ ခုန်တက်လိုက်သည်။

ခေါင်းဆောင် ချောင်းဟန့်လိုက်သည်။ ရွှီချင်း ထွက်သွားသည်ကို မြင်၍ သူ့နှလုံးသားထဲမှ အံ့သြစိတ်ကို မျိုသိပ်မထားနိုင်ဘဲ ပြန်ပေါ်လာသည်။ သို့သော်လည်း ရွှီချင်း ထွက်မသွားခင် ပြောခဲ့သည့်စကားများကို သူ ဖျတ်ခနဲ တွေးမိလိုက်သည်။

“ ဘာလို့ ကျွဲကောသီး စားရမှာတုံး ”

တချိန်တည်းမှာပင် မှော်သင်္ဘောပေါ်တွင် ရွှီချင်းသည် အခန်းငယ်လေးထဲ လျှောက်သွားသည်။ သူက ဘေးပတ်လည်တွင် အဆိပ်များ ဖြူးလိုက်ပြီး အကာအကွယ်အလွှာများကို အသက်သွင်းလိုက်သည်။ ထိုအခါမှသာ သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ ထိုင်ချလိုက်ပြီးနောက် ယနေ့ ဖြစ်ပျက်သွားခဲ့သည့်ကိစ္စကို စေ့စေ့စပ်စပ် တွေးကြည့်လိုက်သည်။

ထိုကိစ္စမှာ ထူးဆန်းလွန်းလှသည်။ ထိုကဲ့သို့ ကိစ္စမျိုး ရွှီချင်း တစ်ခါမှ မကြုံဖူးသလို ယခင်က တစ်ခါမှ တွေးမထားခဲ့ဖူးပေ။ သို့သော်လည်း မူမမှန်သော ထိုကိစ္စ၏ နောက်ကွယ်တွင် အကြောင်းရင်း ရှိရမည်ဟု သူ ခံစားနေရသည်။

“ ဒီလိုမြင့်မားတဲ့အဆင့်ရောက်အောင် ကျင့်ကြံထားတဲ့ ဘိုးဘေးတစ်ယောက်ရဲ့ စကားတွေ၊ အပြုအမူတွေအတွက် အကြောင်းအရင်း ရှိရမယ်။ အဲဒီနတ်မိမယ်ကျစ်ရွှမ်က ငါ တစ်ခုခု မူမမှန်တာကို မြင်နေရလို့လား။ သူက ဆရာနဲ့ တစ်ခေတ်တည်း ဖြစ်လောက်တယ်။ ဒါမှမဟုတ် ငါက ဆရာ့တပည့်မှန်း သိနေတာကြောင့်လား ”

ရွှီချင်းသည် အချိန်အတော်ကြာသည်အထိ စဉ်းစားကြည့်သော်လည်း အဖြေမရပေ။ ထို့ကြောင့် သူသည် အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်၍ ဆရာ့ထံသို့ အသံလွှင့်ပေးပို့လိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။ ဆရာနှင့် နတ်မိမယ်ကျစ်ရွှမ်တို့၏ ဆက်ဆံရေးအကြောင်းကိုလည်း သူ တိုးတိုးတိတ်တိတ် မေးကြည့်လိုက်၏။

ကျောက်စိမ်းပေလွှာ၏ တခြားတစ်ဖက်ရှိ အမှတ်ခုနစ်သခင်ကြီးမှာ ငြိမ်သက်သွားသည်။

အချိန်အတော်ကြာပြီးနောက် အမှတ်ခုနစ်သခင်ကြီး၏အသံ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

“ အရင်တုန်းက အဲဒီနတ်မိမယ်ကျစ်ရွှမ်က ဆရာ့ကို အရူးအမူး ကြိုက်ခဲ့ဖူးတယ်ကွ။ ဒါပေမဲ့ ဆရာ သူ့ကို အကြိမ်သုံးရာကျော် ရက်ရက်စက်စက် ငြင်းခဲ့တယ်။ သူ မင်းကို မြင်တော့ ဆရာ့ကို တွေးမိသွားတာ လက်ခံလို့ရပါတယ်။ ဒီကိစ္စကို လျှောက်မဖွနဲ့ဦး။ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီ ”

“ ဆရာ လုပ်စရာရှိသေးတယ်။ အဲဒီအကြောင်း ထားလိုက်ဦး ”

ရွှီချင်း စဉ်းစားရကြပ်သွားသည်။

ဆရာ၏အဖြေက မကြာသေးခင်က ခေါင်းဆောင် ပြောခဲ့သည့်စကားများနှင့် အနည်းငယ် ဆင်တူနေသလိုလို သူ ခံစားလိုက်ရသည်။

ထိုအချိန်၌ ရွှမ်ယုံဂိုဏ်းတောင်ထိပ်ရှိ ခန်းမဆောင်ထဲတွင် နတ်မိမယ်ကျစ်ရွှမ်သည် တရားထိုင်ခုံပေါ်တွင် ထိုင်၍ လှပသော ခါးကျဉ်ကျဉ်လေးကို ပျင်းရိပျင်းတွဲဟန်ဖြင့် ဆန့်လိုက်သည်။ ထို့နောက် အစေခံအဘွားကြီး ယူလာပေးသော ပန်းတစ်ရာမိုးသောက်နှင်းစက်များဖြင့် ကြိုချက်ထားသည့် တိမ်လွှာနှင်းကြာစေ့စွပ်ပြုတ်ကို ယူ၍ သောက်လိုက်သည်။ ရုတ်တရက် သူမသည် မျက်မှောင်ကြုတ်သွားပြီး ဘေးသို့ လှည့်ကြည့်လိုက်သည်။

အစေခံအဘွားကြီးသည် တစ်ကိုယ်လုံး တောင့်တင်းသွားသည့်အလား မလှုပ်မယှက် ဖြစ်သွားသည်။ ထိုအဘွားကြီး၏ အမူအရာသည်လည်း ရပ်နေ၏။ ထို့နောက် ထိုအဘွားကြီးနောက်ရှိ လေဟာနယ်ထဲမှ လူရိပ်တစ်ရိပ် ပေါ်လာသည်။

ထိုလူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များက ကျောပေါ် ကျနေသည်။ သူသည် ရည်မွန်သော သက်လတ်ပိုင်းလူတစ်ယောက်နှင့် ဆင်တူသည်။

သူ၏မျက်လုံးများထဲတွင် ကြယ်ကလေးများ လှည့်ပတ်နေသည်။ အနီးကပ်ကြည့်ပါက ကြယ်ကလေးများနောက်တွင် သူ၏မျက်လုံးအတွင်းပိုင်းသို့တိုင်အောင် ဆန့်ထွက်နေသော အလွှာများ ရှိနေသည်ကို မြင်နိုင်သည်။ အနိမ့်ဆုံး ထိုအလွှာပေါင်း တစ်သောင်းခန့်ရှိသည်။

ယင်းကြောင့် သူ့မျက်လုံးများက ကြောက်ခမန်းလိလိစွမ်းအားများကို ပိုင်ဆိုင်ထားဟန်တူသည်။ ထိုမျက်လုံးများဖြင့် လူတစ်ယောက်ကို ကြည့်လိုက်သည့်အခါ ထိုလူမှာ ထိုမျက်လုံးများအောက်သို့ အလိုလို သက်ဆင်းသွားရမည် ဖြစ်သည်။

ထိုလူသည် ရှစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင် ဖြစ်ပေသည်။

“ ဆရာတူညီမလေး၊ မင်း အချိန်အများကြီး မကျန်တော့ဘူးနော်။ ငါ့ကို အဖြေပေးဖို့ စဉ်းစားပြီးပြီလား ”

မဟာမိတ်ခေါင်းဆောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ လတိုင်းလတိုင်း ရှင် လာမေးတယ်။ ကျမ အမြဲတမ်း ငြင်းနေရတယ်။ ရှင် ရပ်လိုက်လို့ မရဘူးလား ”

နတ်မိမယ်ကျစ်ရွှမ်သည် မျက်မှောင်ကြုတ်သွားကာ အေးစက်စက်ပြောလိုက်သည်။

“ ဘာလို့ ငြင်းနေရတာလဲ။ နှလုံးသားထဲမှာ အလင်းရှိတဲ့လူကို ရှာနေတုံးပဲလား။ ဒီလောကပျက်ကြီးထဲမှာ အဲဒီလိုလူ ရှိမှာ မဟုတ်ဘူး။ အဲဒီလိုလူ ရှိလာခဲ့ရင်တောင် ဒီလောကပျက်ကြီးနဲ့ ကြုံတွေ့ပြီး သူ့နှလုံးသားထဲက အလင်းက မှေးမှိန်သွားမှာပဲ။ ဒါဆို မင်း လိုအပ်ချက်တွေနဲ့ ကိုက်ညီတော့မှာ မဟုတ်ဘူး ”

“ ငါ့နတ်အာရုံကို စိုက်ခွင့်ပြုလိုက်ပါ။ ဒါဆို ငါ့စွမ်းအားအကူအညီနဲ့ မင်းမှာ မရှိသေးတဲ့ နောက်ဆုံးတာအိုအမျှင်တန်းကို လုပ်နိုင်မှာပဲ။ မင်းရဲ့စွေ့ကုံချန်းတာအိုကိုလည်း ပြည့်စုံအောင်လုပ်နိုင်လာပြီး ဒုတိယအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်ရှိလာမှာပဲ ”

“ ရှင် ကျင့်ကြံခြင်းသွေးကြော လိုချင်ရင် တခြားတစ်ယောက်ကို ရှာပါ့လား။ အပြင်လူတွေက ရှင့်အကျင့်စရိုက်ကို မသိပေမဲ့ ကျမက ရှင့်အကြောင်း ကောင်းကောင်းသိတယ် ”

နတ်မိမယ်ကျစ်ရွှမ်က အလျော့မပေးဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

မဟာမိတ်ခေါင်းဆောင်သည် သူ့ရှေ့ရှိ ပြိုင်စံရှားနတ်မိမယ်ကို စူးစိုက်ကြည့်ကာ ပြုံးလိုက်သည်။

“ ဆရာတူညီမလေး၊ မင်းမှာ သက်တမ်း ဘယ်လောက်မှ မကျန်တော့ဘူးနော်။ နောက်လကျရင် မင်းကို ငါ ထပ်မေးမယ် ”

ထိုသို့ပြောပြီးသည်နှင့် မဟာမိတ်ခေါင်းဆောင်သည် ကြယ်အလင်းတန်းအသွင်ပြောင်းလဲကာ လေထဲတွင် မှိန်ဖျော့ပျောက်ကွယ်သွားသည်။

ဘေးရှိ အဘွားကြီးသည် ပုံမှန်ပြန်ဖြစ်လာ၏။ အစောပိုင်းက မည်သို့ ဖြစ်ပျက်သွားခဲ့သည်ကို သူမ မသိလိုက်ပေ။

နတ်မိမယ်ကျစ်ရွှမ်သည်သာ ကြာစေ့စွပ်ပြုတ်ကို ချလိုက်ပြီး မျက်မှောင်ကြုတ်နေသည်။

#ဘာသာပြန်သူမှတ်စု၊ ကျွဲကောသီးဆိုတာ တရုတ်စကားနဲ့ဆိုရင် ‘ ကလေးဆန်သော ’ ဆိုတဲ့စကားနဲ့ အသံထွက်ချင်း ဆင်ပါတယ်။

All Chapters