လမ်းဆုံးပြီ.....
Vol. 21 Ch. 282
ဝုန်းးးးးး
နယ်မြေအပြင်ဘက်တွင် အပြင်းထန်ဆုံးလေပြင်းမုန်တိုင်းနှင့်အတူ ငလျင်အကြီးစားကြီးပါ လှုပ်ခတ်သကဲ့သို့ အခြေနေပြင်းထန်နေလေ၏။
ပေါက်ကွဲမှုအရှိန်ကြောင့် အဝေးသို့လွင့်ထွက်သွားသော ကျန်းချင်းအာသည် မြေပြင်ပေါ်ဓားစိုက်ပြီး ဟန်မပျက်အောင်အရှိန်ထိန်းလိုက်နိုင်သော်လည်း သွေးတစ်လုတ်အန်ချလိုက်လေသည်။
အရူးမျက်နှာ၏ လက်သည်းချက်ကြောင့်
သူမ ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပြီ......
ကျန်းချင်းအာသည် ရထားသောဒဏ်ရာကို ဂရုမစိုက်နိုင်သေးဘဲ အရူးမျက်နှာ ဘယ်လောက်ထိခိုက်သွားသည်ကိုသာ သိချင်ဇောများနေသည်။
အရူးမျက်နှာသည် စွမ်းအားကို ခုခံခြင်းနှင့် တိုက်ခိုက်ခြင်းတွင်တစ်လှည့်စီသုံးခဲ့ရသော်လည်း သူမကိုပြင်းထန်စွာ ထိခိုက်စေနိုင်သေးသည်။
ကျန်းချင်းအ.ကလည်း အထိနာမည်မှန်းသိသိရက်နှင့်ပင် ဇွတ်တိုးတိုက်ခိုက်ခဲ့သည်။
သူမသည် ထိခိုက်ဒဏ်ရာရထားသော်လည်း အခြားသော မိန်းမပျိုလေးများလို အကူအညီတောင်းခံခဲ့ခြင်းမျိုးမရှိပေ။
အကယ်၍ သူမသာထိုသို့မတိုက်ခိုက်လျှင် နယ်မြေ၁၃၏ အလင်းအကာအကွယ် မည်မျှထိ တောင့်ခံနိုင်မည်မှန်း မသေချာတော့ပေ။
တစ်ခါတစ်ရံမှာ အကောင်းဆုံးထိုးစစ်ဆင်ခြင်းသည် အကောင်းဆုံး ခံစစ်ဖြစ်နေတတ်သည်။
အရူးမျက်နှာ၏ မျက်နှာပေါ်တွင် နဖူးမှ မေးစေ့ထိ ဟက်တက်ကွဲနေသော ရွှေရောင်အမာရွတ်တစ်ခုရှိနေပြီး အမာရွတ်၏ အမားသားများတွင် ရွှေရောင်မီးပွားများ တလက်လက်တောက်ပနေ၏။
ကမ္ဘာမြေနှင့်ရင်းနှီးခြင်း အဆင်လောက်က သူ့ကို ဤမျှလောက်ထိ ဒဏ်ရာရစေခဲ့သည်ကို အရူးမျက်နှာလည်း အံ့သြပုံရသည်။
အလင်းပဲ့တင်ထပ်သံသည် ကမ္ဘာခြားသက်ရှိများအပေါ် သက်ရောက်မှုပြင်းထန်လွန်းလှသည်။
အရူးမျက်နှာ ဒဏ်ရာရသွားသည့်အတွက် ကျောင်းသားများကလည်း ပျော်ရွှင်နေကြသည်။
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး......
အမာရွတ်ပေါ်ရှိ ရွှေရောင်မီးတောက်များက အရူးမျက်နှာ၏ မျက်နှာကို နှစ်ခြမ်းကွဲလုမတတ် တိုက်စားလောက်မြိုက်နေသည်။
ယခုဆိုလျှင် အချိန်ပြည့် ပြုံးရယ်နေသော အရူးမျက်နှာသည် နာကျင်စွာအော်ဟစ်နေပြီး အနက်ရောင်စွမ်းအင် ဝဲဂယက်တစ်ခု ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။
ထို့နောက် အခြားသော အဆင့်နိမ်ကမ္ဘာခြားသက်ရှိများက အရူးမျက်နှာဆီတဟုန်ထိုးတိုးဝင်လာကြပြီး ကျေကျေနပ်နက်ကြီး စားသောက်ခံလိုက်ကြသည်။
ကမ္ဘာခြားသက်ရှိများကို ဝါးမြိုပြီးသည်နှင့် အရူးမျက်နှာ၏ ဒဏ်ရာသက်သာနှုန်းကလည်း အလွန်ပင်မြန်ဆန်လာသည်။
ဝေါင်းးးးးးး
ထိုဒဏ်ရာသည် သူ၏ အနာဂတ်ကိုကောင်းစွာ အထိနာစေသောကြောင့် နာနာကျင်ကျင်အော်ဟစ်နေ၏။
ကျန်းချင်းအာ အထိနာသလို အရူးမျက်နှာလည်းကောင်းစွာအထိနာခဲ့သည်။
သို့သော်လည့်် သန့််စင်သောနယ်မြေအတွင်းရှိ လတ်ဆတ်သောအသွေးအသားများကိုဝါးမြိုနိုင်ပါက ဒဏ်ရာသက်သာမည့်အပြင် ပိုမိုအားကောင်းလာနိုင်သည်မဟုတ်လော။
ထို့ကြောင့် အချက်ပေးသံတစ်ခုထုတ်လွှတ်လိုက်ပြီး ကျန်းချင်းအာကိုတိုက်ခိုက်ရန် ကမ္ဘာခြားသက်ရှိများကို အမိန့်ပေးလိုက်သည်။
နယ်မြေ ၁၃ တွင် အသန်မာဆုံးဖြစ်သော ကျန်းချင်းအာကို အရင်ဖြိုချရမည်။
ကျန်းချင်းအာသည် ဒဏ်ရာရထားသောကြောင့် ယခုချိန်တွင် ဝိုင်းရံတိုက်ခိုက်ခံရပါက မလွဲဧကန် သေဆုံးရလိမ့်မည်။
လီလော့အမြန်ဆုံးနှုန်းဖြင့်ပြေးလွှားနေရင်းကနေ ကျန်းချင်းအာ ဘေးကင်းဖို့ကိုသာဆုတောင်းနေခဲ့မိသည်။
" ခေါင်းဆောင်......"
လီလော့ အခုလို တဇွတ်ထိုးဆန်စွာပြေးသွားခြင်းသည် ကိုယ်ကိုကိုယ် သတ်သေနေသလိုဖြစ်နေသောကြောင့် ပိုင်မျန်မျန် ထိတ်လန့်စွာအော်ဟစ်လိုက်လေသည်။
//ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး.....အကူအညီမရမှန်းသိနေရင်တောင် ကျန်းချင်းအာ တစ်စစီဆုတ်ဖြဲခဲရမှာကို ဒီအတိုင်းကြည့်မနေနိုင်ဘူး......//
ထိုအချိန်တွင် လီလော့၏ ရှေ့သို့ အနီရောင်ပုံရိပ်တစ်ခုကျဆင်းလာပြီး ထိုသူက ကြာပွတ်အနီရောင်တစ်ချောင်းဖြင့် ကျန်းချင်းအာကိုနယ်မြေထဲသို့ ရစ်ပတ်ခေါ်ဆောင်သွားခဲ့သည်။
" နင်ငါ့ကိုကယ်ခဲ့တဲ့အတွက် အကြွေးပြန်ဆပ်တာ......."
ကြာပွတ်ပိုင်ရှင်သည် အခြားသူမဟုတ်....ဒူဇီဟုန်လျန်သာပင်......
ကျန်းချင်းအာက ဘာမှပြန်မဖြေဘဲ သူမချန်ထားခဲ့သည့် အမာရွတ်ကိုသာ နှမြောတသစွာလှည့်ကြည့်နေရှာသည်။ ဤသည်မှာ ပြင်းထန်သည့်ထိုးနှက်ချက်တစ်ခုဖြစ်သော်လည်း အရုးမျက်နှာကို အဆုံးမသတ်နိုင်ခဲ့ပေ။
အကျပ်အတည်းကို နှောင့်နှေးစေနိုင်ခဲ့သော်လည်း မရှောင်လွှဲနိုင်ခဲ့ပါ.......
လီလော့ သူမဘေးသို့ ရောက်လာပြီး.....
" အဆင်ပြေရဲ့လား..... "
သူမ ဒဏ်ရာများကိုစစ်ဆေးကြည့်သည့်အခါ
အရူးမျက်နှာ၏တိုက်ခိုက်မှုကြောင့် သူမ၏ ပဲ့တင်ထပ်သံနန်းတော်ထိခိုက်သွားပြီး စွမ်းအင်စီးဆင်းမှုများ ကမောက်ကမဖြစ်နေသည်ကိုတွေ့ရှိလိုက်သည်။
"မပြေဘူး....."
သူမသည် ဒဏ်ရာရရှိမည်ဟု မျှော်လင့်ထားသော်လည်း အရူးမျက်နှာကို အနိုင်ယူနိုင်မည်ဟုမျှော်လင့်ထားခဲ့သည်။ လက်ရှိအခြေအနေတွင် သူမ နောက်တစ်ကြိမ်ညတိုက်ခိုက်ဖို့မဖြစ်နိူင်တော့ပေ။
"နင် အကောင်းဆုံးကြိုးစားခဲ့ပြီးပြီ....."
လီလော့က သူမလက်ကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး အားပေးစကားဆိုလိုက်သည်။
" နင်တို့တွေ အချစ်စမ်းမနေကြနဲ့.....အရူးမျက်နှာက အခုထိရှိနေတုန်းပဲ....."
ဒူဇီဟုန်လျန် သတိပေးလိုက်ခြင်းဖြစ်သည်။
ကျန်းချင်းအာ လွတ်မြောက်သွားချိန်တွင် အရူးမျက်နှာကလည်း ဒေါသတကြီး အော်ဟစ်ပြီး တဟုန်ထိုးပြေးလိုက်လာသည်။
အရူးမျက်နှာသည် ဇာတ်တူသားစားပြီးနောက် သေဘေးမှလွတ်မြောက်နိုင်ခဲ့သော်လည်း အားနည်းသွားခဲ့ပြီ။
အကယ်၍သာစစ်ကူများထပ်ရောက်လာလျှင် သူ့အတွက်အခွင့်အရေးမရှိနိုင်တော့ပေ။
ထို့ကြောင့် ပြန်လည်အားပြည့်စေရန်ခန္ဓာကိုယ်အစိတ်အပိုင်းများကို စတင်ဝါးမြိုလေတော့သည်။
ခဏအကြာတွင် ကောင်းကင်ပေါ်တွင်ပျံဝဲနေသော အရူးမျက်နှာ၏ဉီးခေါင်းတစ်ခုသာကျန်ရှိနေတော့သည်။
ထပ်ခါတလဲလဲ အော်ဟစ်ပြီးနောက် ပါးစပ်ကိုဖွင့်ကာ စေးကပ်နေသော အနက်ရောင် ရွှံ့မိုးရေများကို အတားအဆီးပေါ်သို့ အန်ချလိုက်လေသည်။
မိုးရေစက်များသည် အက်ဆစ်မိုးကဲ့သို့ ထိတွေ့မိသမျှကို တိုက်စားစေနိုင်စွမ်းရှိသည်။
ဖျစ်.....ဖျစ်......ဖျစ်
အနက်ရောင် မိုးရေစက်များ အတားအဆီးပေါ် ကျရောက်လာသည်နှင့်အမျှ ၎င်းတို့သည် အော်ဟစ်သံနှင့်အတူ အငွေ့ပျံသွားသည်။ သို့သော်လည်း အတားအဆီး၏ သန့်စင်မှုစွမ်းအားသည် မိုးရေစက်
တစ်စက်ချင်းစီကို တွန်းလှန်လိုက်သည်နှင့် အနည်းငယ် အားနည်းသွားသည်။
"ဒါ...သူ့မူလအစီအစဉ်ပဲ..."
ဒူဇီဟုန်လျန် သည် အနက်ရောင်မိုးရေစက်များကို ထိတ်လန့်စွာ ကြည့်နေသည် ။
"အတားအဆီး ကျိုးပျက်သွားတဲ့အထိ ရပ်တန့်သွားမှာ မဟုတ်ဘူး......"
အရူးမျက်နှာ၏ ခြောက်ခြားဖွယ်စွမ်းရည်ကြောင့် ကျောင်းသားအားလုံး ထိတ်လန့်ကုန်ကြသည်။
ဒီအတိုင်းသာဆို အတားအဆီးကျိုးပျက်သွားသည်ကို ကူကယ်ရာမဲ့စွာထိုင်ကြည့်နေရတော့မည်။
ပိုင်မျန်မျန်နှင့်ရှင်းဖူတို့ဆိုမထားနှင့် လီလော့နှင့်ကျန်းချင်းအာတို့ပင်လျှင် အနက်ရောင်မိုးရေစက်များကို သတိလက်လွတ်ငေးကြည့်နေမိတော့သည်။
"ဟူးးးး ဒီအတိုင်းသာဆို ငါတို့တွေအရိပ်လှိုဏ်ဂူထဲမှာ ဇာတ်သိမ်းရတော့မယ်ထင်တယ်....."
လီလော့ ထိုသို့ရေရွတ်ပြီး သက်ပြင်းချလိုက်သည်။
ကျန်းချင်းအာက လီလော့ကို နှစ်သိမ့်သည့်အနေဖြင့်ပုခုံးပုတ်လိုက်ပြီး..
"စိတ်မပူပါနဲ့.....နင် ဒီမှာ မသေစေရဘူး......"
ထိုစကားသည် နှစ်သိမ့်ပေးခြင်းသက်သက်မဟုတ်မှန်း လီလော့ ကောင်းစွာနားလည်ပါသည်။ ကျန်းချင်းအာသည် သူ့အတွက်ဆို အသက်စွန့်ဖို့နည်းနည်းလေးမျှတွေဝေနေမည့်သူမဟုတ်ပေ။
"ဘယ်လောက်ကြာမယ်ထင်လဲ....."
"နောက်ထပ်သုံးရက်လောက်ပဲ တောင့်ခံနိုင်လိမ့်မယ်....."
"သုံးရက်..."
ထိုအဖြေကြောင့် လီလော့၏ မျက်ဝန်းများ တောက်ပလာပြီး.....
" ဒါဆို အချိန်မှီနိုင်တာပေါ့....."
ကျန်းချင်းအာက မျက်ခုံးပင့်လိုက်ပြီး....
"နင် ဘာတွေတွေးနေတာလဲ....?"
"ငါ...အကူအညီယူဖို့စဉ်းစားနေတာ"