အစိမ်းရောင်လွမ်.....
Vol. 21 Ch. 293
အမြီးသုံးချောင်းသားရဲ၏ အမွေးအမှင်များသည် သွေးများစိုရွှဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော အကြည့်များနှင့် ကြည့်နေသောကြောင့် အားလုံး ထိတ်လန့်ကုန်ကြသည်။
အရူးမျက်နှာကို လီလော့ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း အမြီးသုံးချောင်းသားရဲ ပို၍ကြီးမားသောပြဿနာတစ်ခုဖြစ်နိုင်သည်။
တကယ်ဆို အရူးမျက်နှာထက်တောင် အားကောင်းနိုင်သည်။ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပေမယ့်လည်း ကျောင်းသားတွေဘက်က ရင်ဆိုင်ဖို့မဖြစ်နိုင်သေးပေ။
ပွဲပြီးတာ စောလွန်းတယ်......
ပျော်မယ်မှမကြံသေး နောက်တစ်ကြိမ်သေဘေးနှင့်ရင်ဆိုင်ရတော့မည်ဖြစ်သောကြောင့် ကျောင်းသားအားလုံး စိတ်ဓာတ်ကျကုန်ကြသည်။
ကျန်းချင်းအာတို့တောင် ဘာလုပ်ရမှန်းမသိတော့ပေ။
"သွားကြရအောင်..... ငါတို့ တတ်နိုင်သမျှ ထိန်းကြည့်ကြတာပေါ့...... အနည်းဆုံးတော့ သားရဲက တစ်ကောက်တည်းပဲလေ.....အကယ်၍ ငါတို့ ဒီမှာ ရှုံးရင်တောင် တကွဲတပြားဆီ ထွက်ပြေးနိုင်တယ်...... "
ကျန်းချင်းအာ ပြောသည်မှာလည်း မှားတော့မမှားပေ။
အရူးမျက်နှာသည် အဖော်ပေါင်းနှင့်ရောက်လာခြင်းဖြစ်ပြီး သားရဲကြီးကတော့တစ်ကောင်တည်းပင်......
ထို့အပြင် ဝိညာဉ်သားရဲသည် ရိုင်းစိုင်းနိုင်သော်လည်း အခြားတိရစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက ၎င်းသည် လူသားစားခြင်းကို စိတ်အားထက်သန်ခြင်းမရှိပေ။
ကမ္ဘာခြားသက်ရှိများကတော့ ကြုံရာအကုန်စားသည့် မကောင်းဆိုးဝါးများသာပင်......
ယခုချိန်တွင် လီလော့၏ အကြံအစည်အတွက် မည်သူမျှ အပြစ်မတင်ကြပေ။ အနည်းဆုံးတော့၊ အချိန်ဆွဲပေးနိုင်ခဲ့သည်မဟုတ်လော......
အရူးမျက်နှာသာဇာတ်တူသားအစားမခံရလျှင် သားရဲကြီးကို ပူးပေါင်းနိုင်နင်းနိုင်လိမ့်မည်။ဒါမှမဟုတ် စစ်ကူရောက်လာဖို့ အချိန်အလုံအလောက်ဆွဲထားနိုင်လောက်သည်။
အမြီးသုံးချောင်းသားရဲ ခြေတစ်လှမ်း လှမ်စလိုက်တိုင်း ကျောင်းသားများအားလုံး ဖိအားကြောင့်အသက်ရှုရခက်လာသည်။
၎င်း၏နီညိုရောင်မျက်လုံးများထဲတွင် ကြည်နူးမှုတစ်ခုရှိနေသည်။
ဂန္ထဝင်သားရဲကစားနည်းဖြစ်သော... သားကောင်ကို ချက်ချင်း မသတ်ဘဲ ဝအောင်ကစားသောနည်းလမ်းကိုသုံးတော့မည်။
တတိယနှစ်ကျောင်းသားများအားလုံးသည် ယခုအချိန်တွင် သူမနှင့်အတူ ခိုင်ခိုင်မာမာရပ်တည်နေကြသော်လည်း ကြယ်နှစ်ပွင့်ခန်းမ ကျောင်းသားများသည် အချိန်မရွေးပြိုကွဲသွားနိုင်သည့်အတွက် ကျန်းချင်းအာ ချက်ချင်းတိုက်ခိုက်ဖို့မဆင်းရဲသေးပေ။
သူမထက်အရင် လီလော့ထွက်လာသည့်အတွက် လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။
"အင်း......ငါလုပ်ထားတဲ့အရှုပ်ကို ငါပဲရှင်းရတော့မှာပေါ့........"
လီလော့က ဝတ်ရုံလက်စကိုဟန်ပါပါခါလိုက်ပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့်ဆိုလိုက်သည်။
ဤအရာသည် အလွန်ကျေနပ်ဖွယ်ကောင်းသော အဆုံးသတ်ဖြစ်လိမ့်မည်။
သူ့လက်ဖဝါးပေါ်က စည်းတံဆိပ်က ကျေနပ်စွာ အော်ဟစ်နေပြီလေ.......
ကျောင်းသားတွေက သူ့ကို သံသယအကြည့်တွေနဲ ကြည့်နေကြသည်။
သူတစ်ယောက်တည်းလုပ်ဖို့ စီစဉ်နေပြန်ပြီလား.......ဘယ်လိုမှမဖြစ်နိုင်တာကြီးလေ......
"လီလော့.... သားရဲကို ဒီကို ခေါ်လာလို့ နင့်ကို ငါတို့ အပြစ်မတင်ပါဘူး...အဲ့အတွက် သေပေးစရာမလိုပါဘူးဟယ်....."
ထျန်ထျန်း မဝံ့မရဲနဲ့ ပြောလိုက်သည်ကိုကျောင်းသားအားလုံးက ခေါင်းညိတ် သဘောတူကြနေသည်။
"ငါမသေပါဘူး....."
လီလော့ မကျေမချမ်းပြန်ပြောလိုက်သည်ကိုချိုးပိုင်က သက်ပြင်းချလိုက်ပြီး.....
" ငါတို့တွေ မင်းကိုအပြည့်အဝနားလည်ပါတယ်ကွာ....."
" ဟေ့လူတွေ...ဘယ်သူကသေပေးမယ်ပြောနေလို့လဲ.....ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဖင်ကျွတ်အောင် ပြေးခဲ့ရတုန်းကတောင် အရှုံးပေးခဲ့တာမဟုတ်ဘူးကွ......"
" နင် တကယ်သွားမလို့လား...."
ကျန်းချင်းအာ ရုတ်တရက် မေးလိုက်သည်ကို လီလော့က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး....
"လူမှန်ရင် တာဝန်ယူရဲရတယ်....တာဝန်ခံရဲရတယ်....."
ထိုစကားကြောင့် ကျောင်းသူအချို့ မျက်ရည်ကျနေသော်လည်း ကျန်းချင်းအာကတော့ ခပ်ပြုံးပြုံးပင်......
"ဒါဆို သွားတော့...."
"ဟမ်..."
မဟုတ်သေးဘူးလေ....နည်းနည်းပါးပါး ဆွဲထားပါဉီးလား.....
သူသည် သူရဲကောင်းဆန်သော ဇာတ်ညွှန်းကိုပင် ပြင်ဆင်ခဲ့သော်လည်း တဲ့တိုးဆန်သောကျန်းချင်းအာကြောင့် လူရယ်စရာဖြစ်ကုန်တော့မည်။
"ဒါဆို သွားတော့...."
သူမ ထပ်မံတိုက်တွန်းလိုက်သည့်အခါ ကျောင်းသားအချို့၏ မကျေမနပ်အော်ဟစ်သံများ အစီအရီထွက်ပေါ်လာလေ၏။
"အစ်မချင်းအာ သိပ်ရက်စက်တာပဲနော်..... သားရဲကြီးကို ရင်ဆိုင်ဖို့ လီလော့ကိုတစ်ယောက်တည်းလွှတ်လိုက်တော့မလို့လား......"
ကျန်းချင်းအာ ပြုံးနေသေးသည့်အတွက် လီလော့ တွေးလိုက်မိသည်က.....
ငန်းဝတုတ်က ငါ့မှာဝှက်ဖဲတွေရှိနေမှန်းသိနေတာလား......ဉာဏ်ကောင်းလိုက်ပုံများနော်....
သူရဲကောင်းဆန်စွာချီတက်တော့မည့်အချိန်တွင် ရုတ်တရက် လက်ကိုင်ခံလိုက်ရသောကြောင့် ရင်ခုန်သံစည်းချက်များလွဲချော်လုမတတ်ပင်.....
ကျန်းချင်းအာ မကြုံစဖူး ရှက်ရွံနေဟန်ဖြင့်.....
" ဒီတစ်ခါတော့ နင့်ကိုအားကိုးလိုက်မယ်.....နင့်ရှေ့မှာ တစ်ခါကျရှုံးခဲ့မိတဲ့အတွက် နောက်ဆို ဒီထက်မကပိုကြိုးစားပါ့မယ်.....နောက်ဆို
ငါ့ကြောင့်နဲ့ နင်အခုလို ဝန်ထုပ်ဝန်ပိုးတွေ ထပ်မထမ်းစေရတော့ဘူး......"
လီလော့၏ နှလုံးသားသည် တစ်ချိန်တည်းတွင် နွေးထွေးမှုရော အေးစက်မှုကိုပါခံစားလိုက်ရသည်။
ရင်ထဲထိစေတဲ့စကားဆိုပေမယ့်လည်း ဒီစကားမျိုးက ယောကျ်ားလေးတွေက
မိန်းကလေးတွေကိုပြောရမယ့်စကားလေ......
"ခေါင်းဆောင်.....အုတ်ဂူမှာရေးဖို့စာလုံးထွင်းထားရဉီးမလား......"
ရှင်းဖူအမောတကောလိုက်လာပြီးပြောလိုက်သည့်စကားကြောင့် လီလော့ဆို့နင့်သွားရှာသည်။
"မင်းးးးးး"
ဒီကောင် မဉီးမချွတ်တွေလာပြောနေပြန်ပြီ.........
ထို့နောက် သူသည် မြင့်မားသောနံရံမှ ခုန်ဆင်းကာ သားရဲရှိရာဆီ လျှောက်သွားခဲ့သည်။
သူ့ကို စိုက်ကြည့်သော သားရဲကြီး၏အကြည့်ထဲတွင် သတ်ဖြတ်လိုစိတ်များလှိုင်လှိုင်ထနေသည်။
အိုးးးး ငါ့ကိုတစ်ပတ်ရိုက်သွားတဲ့လူယုတ်မာလေးပဲ......
ဒီငနာလေးကြောင့်သာမဟုတ်ရင် အရူးမျက်နှာကိုတိုက်ခိုက်ဖို့ အားကုန်ခံစရာအကြောင်းမရှိဘူး.....ဘာပဲဖြစ်ဖြစ် ဒင်းကို ရအောင်စားပစ်မယ်......
" မဂ်လာပါ....တွေ့ရတာဝမ်းသာပါတယ်...... "
လီလော့၏ ပြောင်ချော်ချော် အပြုအမူကြောင့် သားရဲကြီးဒေါသထွက်လာပြီး ခုန်အုပ်လိုက်ချိန်တွင်......
လီလော့၏လက်ဖဝါးပေါ်မှ စည်းတံဆိပ်ညစတင်လင်းလက်လာသည်။
ဝုန်းးးးးးးးးးး
နောက်ဆုံးမှာတော့......ရုတ်တရက် လေပြင်းနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး မျက်စိကျိန်းလောက်သည့် အစိမ်းရောင်အလင်းတန်းနှင့်အတူ တောင်ပံတဖြတ်ဖြတ်ခတ်နေသော အစိမ်းရောင်လွမ် တစ်ကောင်ပေါ်ထွက်လာလေ၏။
ထိုမြင်ကွင်းကြောင့် ကျောင်းသားတိုင်း အသက်ရှူဖို့ပင်မေ့လျော့နေကြသည်။
ဝုန်းးးးးးးးးးးးး
လီလော့၏အနီးတစ်ဝိုက်တွင် အစိမ်းရောင်အလင်း တံတိုင်းတစ်ခု ပေါ်လာသည့်အတွက် သားရဲကြီးနောက်ပြန်လဲကျသွားသည်။
လီလော့တုန်လှုပ်နေတုန်းမှာ သူ့ရှေ့ကို ကျောက်စိမ်းလှံတံကိုင်ဆွဲထားသော အမျိုးသမီးတစ်ဉီးရောက်လာခဲ့သည်။
ထိုသူသည် စစ်ကူရောက်လာသောမင်းသမီးကြီးသာပင်......
မင်းသမီးကြီးရောက်လာသည့်အတွက် လီလော့မပျော်နိုင်တော့ပေ။
ငါ့မှာတော့ ပင်ပင်ပန်းပန်း ကြိုးစားထားလိုက်ရတာ....ပွဲပြီးခါနီးမှ ဝုန်းဒုန်းဆိုပြီးရောက်လာရသလား.......