ဆိုးဝါးသော လောကကြီး
Vol. 25 Ch. 379
အမှတ်ခုနစ်သခင်ကြီး၏ စကားကြောင့် ရွှီချင်း အနည်းငယ် စိတ်ရှုပ်သွားရသည်။ သို့သော်လည်း သူ တစ်ခုခု လွဲနေသည်ကိုသာ ခံစားလိုက်ရပြီး အသေးစိတ်ကို မသိပေ။
သို့သော် နတ်မိမယ်ကျစ်ရွှမ်နှင့် ဝေးဝေးနေသည်က ပိုကောင်းသေးသည်ဟု သူ ခံစားရသည်။ နောင်တွင် ရွှမ်ယုံဂိုဏ်း၏တောင်သို့ မသွားရန် သူ ဆုံးဖြတ်လိုက်သည်။
ထိုအတွေးနှင့်အတူ ရွှီချင်းသည် မျက်လုံးများကို မှိတ်၍ တရားထိုင်လိုက်သည်။
သို့သော်လည်း မည်သည့်အတွက်ကြောင့်မသိ သူ အနည်းငယ် နေမထိထိုင်မသာ ဖြစ်နေရသည်။
ထို့ကြောင့် မျက်လုံးများကို ဖွင့်လိုက်ပြီး သမားတော်ကြီးပိုင် ပေးခဲ့သည့် အပင်နှင့်အသီးအရွက်များအကြောင်း ဆေးကျမ်းကို ထုတ်လိုက်သည်။ ဆေးကျမ်းကို တစ်နာရီကြာ ဖတ်ရှုပြီးနောက် သူ့စိတ် လုံးဝ ငြိမ်သက်သွားခဲ့သည်။
ထိုသို့ဖြင့် မျက်တောင်တစ်ချက်ခတ်အတွင်း လဝက်ခန့်ကြာမြင့်သွားသည်။
ထိုလဝက်တာအတောအတွင်း ကျင့်ကြံခြင်းအပြင် စီမာလင်းထံမှ ရခဲ့သည့် တားမြစ်ဓမ္မရတနာအကျိုးအပဲ့ကို အင်မော်တယ်အားဖြည့်မြစ်ရေဖြင့် ဆေးကြောခဲ့သည်။
သို့သော်လည်း ထိုတားမြစ်ဓမ္မရတနာက ဓာတ်နှောများကို ထုတ်လွှတ်ပေးသည်ဖြစ်ရာ မြစ်ရေဖြင့် ဆေးကြောသည့်တိုင်အောင် သာမန်သာ အကျိုးရှိသည်။
ရွှီချင်းသည် အတန်ငယ် တွေးတောပြီးနောက် အရိပ်လေးကို စိတ်မချသေးသည်ဖြစ်၍ ထိုတားမြစ်ဓမ္မရတနာအကျိုးအပဲ့ကို စုပ်ယူခွင့်မပြုသေးပေ။ ထိုအစား မြစ်ရေဖြင့် ဆက်လက်ဆေးကြောလိုက်သည်။ သာမန်သာ အကျိုးရှိပါသော်ငြား ဘာမှမလုပ်သည်ထက်စာလျှင် အကျိုးရှိသေးသည် မဟုတ်ပါလား။
ပင်မမြို့ကြီးတစ်ခုလုံး စနစ်တကျဖြင့် တိုးတက်လာစဉ် ချီရွှဲ့ထုံဂိုဏ်း၏ အထူးလုံခြုံရေးဌာနသည် ပထမတာဝန်ကို လက်ခံရရှိလိုက်သည်။
အင်မော်တယ်အားတိုးမြစ်လက်တက်အား ကင်းလှည့်ခြင်း …
ထိုမြစ်လက်တက်သည် အလွန် ရှည်လျားပြီး စီအနိမ့်ဂိုဏ်းမှ ရှစ်ဂိုဏ်းမဟာမိတ်ကို စီးဆင်းသွားကာ ယင်ဟွမ်ပြည်နယ်တစ်ဝက်နီးပါးခန့် စီးဆင်းနေသည်။
ကင်းလှည့်အဖွဲ့သည် မြစ်လက်တက်၏ အထက်ပိုင်းများသို့ မြစ်တစ်လျှောက် သွားရမည် ဖြစ်သည်။ မြစ်ရေ၏ အရည်အသွေးကို စစ်ဆေးရင်း အဓိကအချက်မှာ သူခိုးများကို ခြောက်လှန့်ရန် ဖြစ်သည်။ ရေခွဲဝေခြင်းများ တွေ့ခဲ့ပါက သက်ဆိုင်ရာအုပ်စုများကို သူတို့ ဖျက်ဆီးကြရမည် ဖြစ်သည်။
မြစ်က ရှည်လျားပြီး မရေမတွက်နိုင်သော ဂိုဏ်းများနှင့် တိုင်းပြည်လေးများကို ဖြတ်ကျော်စီးဆင်းနေသည်။ သူတို့ ကင်းမလှည့်ပါက မြစ်ရေ ခွဲယူခံလိုက်ရပြီး ရှစ်ဂိုဏ်းမဟာမိတ်မှ ရရှိမည့် မြစ်ရေပမာဏ များစွာ လျော့နည်းသွားမည် ဖြစ်သည်။
ထို့ကြောင့် မြစ်ကင်းလှည့်ခြင်းသည် အရေးကြီးသော တာဝန်တစ်ခု ဖြစ်သည်။
ရှစ်ဂိုဏ်းမဟာမိတ်၏ အထူးလုံခြုံရေးဌာနများ ထိုတာဝန်ကို ထမ်းဆောင်ရပြီး အလှည့်ကျ ဆောင်ရွက်ကြသည်။ ယခု ချီရွှဲ့ထုံဂိုဏ်းရှိ အထူးလုံခြုံရေးဌာန၏ အလှည့် ဖြစ်သည်။
ရွှီချင်းသည်လည်း အပြင်ထွက်ပြီး ယင်ဟွမ်ပြည်နယ်ကို ကြည့်ရှုရန် စီစဉ်ထားသည်။ သို့သော်လည်း သတိကြီးသောစရိုက်ကြောင့် အမှတ်ခုနစ်သခင်ကြီးကို ဦးစွာ မေးမြန်းလိုက်သည်။
အမှတ်ခုနစ်သခင်ကြီးက သွားခွင့်ပြုလိုက်ပြီး ရွှီချင်းကို ရုပ်ဖျက်ကျောက်စိမ်းပေလွှာတစ်ခုကို ပေးလိုက်သည်။
ရွှီချင်းသည် ကျောက်စိမ်းပေလွှာကို ရပြီးနောက် ပို၍ စိတ်အေးလက်အေး ဖြစ်လာသည်။
သူက ရုပ်ဖျက်လိုက်ပြီး အဝတ်အစားများကို လဲလှယ်ကာ အရှိန်အဝါကို ပြောင်းလဲစေနိုင်သော ဓမ္မအသုံးအဆောင်ကိုပင် အသုံးပြုလိုက်သည်။ ထိုနေ့မနက်ခင်းက သူနှင့် ခေါင်းဆောင်တို့သည် ဂိုဏ်းသားခုနစ်ရာ၊ ရှစ်ရာကို ဦးဆောင်ကာ သင်္ဘောကြီးအစင်းနှစ်ဆယ်ဖြင့် ရှစ်ဂိုဏ်းမဟာမိတ်မှ ထွက်သွားသည်။
သင်္ဘောကြီးနှစ်ဆယ်စင်းသည် ရှစ်ဂိုဏ်းမဟာမိတ်၏ မြို့ကြီးထဲမှ ထည်ဝါစွာဖြင့် ရွက်လွှင့်ကာ မြစ်ရိုးတစ်လျှောက် ဆန်တက်သွားသည်။
အင်မော်တယ်အားတိုးမြစ်ပြင်က အလွန် ကျယ်ပြန့်သည်။ အထက်ပိုင်းသို့ ရောက်လေ ပို၍ ကျယ်ပြန့်လာလေပင်။ တဖြည်းဖြည်းနှင့် မိုးကောင်းကင်တမျှ ကျယ်ပြောသော မြစ်ကြီးတစ်စင်း ရွှီချင်း၏ ရှေ့တွင် ပေါ်လာသည်။
မြစ်ရေသည် တဝေါဝေါစီးဆင်းနေ၏။
အင်မော်ချီက သိပ်သည်းထူထပ်သည်။
မနက်ပိုင်းတွင် မြစ်ပြင်အထက် ပျံတက်နေသော မြူခိုးများကို မြင်နိုင်သည်။ ထိုမြူခိုးများကို ရှူရှိုက်မိလိုက်သည်နှင့် လန်းဆန်းတက်ကြွသွားမည် ဖြစ်သည်။
ထိုမြစ်သည် ပေတစ်သိန်းထက် ပို၍ ကျယ်ပြန့်ပြီး သမုဒ္ဒရာကြီးတစ်စင်းအလားပင်။ သင်္ဘောကြီးများသည် တစ်ခုနှင့်တစ်ခု များစွာ ခြားကာ ဘေးချင်းကပ်လျက် သွားလာနိုင်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ဤနေရာကို အမှန်ပင် သဘောကျသည်။ ရွှီချင်းအား သူ့စိတ်ဆန္ဒအား ဖော်ပြလိုက်ရာ ရွှီချင်းက သံတုတ်နက်လေးကို ထုတ်လိုက်ပြီး ဤနေရာတွင် ကျင့်ကြံခွင့်ပြုလိုက်သည။
အရိပ်လေးမှာ ထူးဆန်းသည်။ ထိုကဲ့သို့ ပတ်ဝန်းကျင်သည်ပင် ၎င်းကို သက်ရောက်ခြင်း မရှိပေ။ နေရောင်အောက်၌ ၎င်း၏တစ်စိတ်တစ်ပိုင်းက ပင်လယ်ပြင်သို့ ဖြန့်ကျက်သွားသည်။
တစ်ခါတရံ မြစ်ထဲမှ ဝိညာဉ်ငါးတချို့ အရိပ်လေးအနီးသို့ တိုးကပ်လာသောအခါတွင် အရိပ်လေးက ချက်ချင်း ဝါးမျိုပစ်တတ်သည်။ ထိုသို့ ဖြစ်ပျက်သွားသည့်အခါတိုင်း အရိပ်လေးက သဘောကျသည့်ခံစားချက်များ ထုတ်လွှတ်တတ်သည်။
“ အင်မော်တယ်ချီကိုလည်း စုပ်ယူနိုင်တာလား ”
ရွှီချင်း အာရုံခံကြည့်လိုက်သည်။
“ သိပ်ကောင်းတဲ့ အင်မော်တယ်အားတိုးမြစ်ပဲ ”
ရွှီချင်း အတွေးနက်နေစဉ် ဘေးရှိခေါင်းဆောင်သည် ဘေးပတ်လည်ကို ကြည့်ကာ ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။
“ ရှစ်ဂိုဏ်းမဟာမိတ်က မဟာမိတ်ထဲ မြစ်ရေစီးဝင်လာအောင်လို့ စီအနိမ့်ဂိုဏ်းရဲ့ ဆည်ကြီးကို ဖျက်ဆီးပြီး ထိုက်စီရှန်းမုန်ဂိုဏ်းကို အပြစ်လုပ်ဝံ့တာ အံ့သြစရာမရှိဘူး ”
“ ဒီရှေးဟောင်းမြစ်ကြီးရဲ့ဇစ်မြစ်က ဘယ်လောက်တောင် ကျယ်ပြောပြီး အံ့သြစရာကောင်းနေမလဲ မသိဘူး။ ငါတို့ကျင့်ကြံသူတွေ အဲဒီနေရာကို သွားလည်ပြီး ရှုခင်းတွေ ကြည့်သင့်တယ်။ ငါတို့ ဓားကိုင်တွေ ဖြစ်လာခဲ့ရင်လည်း ငါတို့ဘဝတွေက အချည်းနှီး ဖြစ်တော့မှာ မဟုတ်ပါဘူး ”
ခေါင်းဆောင်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး သူ့ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူ့အသံက ရူးသွပ်ခြင်းများဖြင့် ပြည့်နေသည်။
ရွှီချင်းက ခေါင်းဆောင်ကို တအံ့တသြဖြင့် ကြည့်လိုက်သည်။ သူတို့ ထွက်ခွာလာခဲ့သည့်မနက်ခင်းမှနေ၍ ယခုအချိန်အတော်ကြာပြီဖြစ်သည့်တိုင်အောင် ခေါင်းဆောင် ပန်သီးစားသည်ကို သူ မမြင်ခဲ့ရပေ။ ထိုအချိန်၌ ခေါင်းဆောင်၏စကားများသည် ရွှီချင်းကို ပို၍ ထူးထူးဆန်းဆန်း ခံစားရစေသည်။
ထိုစကားများသည် ခေါင်းဆောင် ပြောနေကျစကားများ မဟုတ်ပေ။
ထို့ကြောင့် ရွှီချင်းက ပန်းသီးတစ်လုံးကို ထုတ်၍ ကိုက်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
နောက်ဆုံးတစ်ခေါက် ရွှမ်ယုံဂိုဏ်းမှ မတော်တဆဖြစ်ရပ်ပြီးကတည်းက ခေါင်းဆောင် ပြောင်းလဲသွားဟန်တူသည်ကို သူ ပြန်တွေးမိလိုက်သည်။ ထိုအတောအတွင်း သူတို့နှစ်ယောက် အကြိမ်ရေအနည်းငယ်ခန့်သာ ဆုံခဲ့ကြသည်။ ခေါင်းဆောင်ကို သူ မြင်လိုက်သည့်အခါတိုင်း ဝူကျန်းဝူအား ကြည့်နေရသကဲ့သို့ ခံစားနေခဲ့ရသည်။
ယနေ့တွင်လည်း အတူတူပင်။
ကဗျာများ မရွတ်သည်သာ ပြောစရာရှိသည်။
“ အစ်ကိုကြီး၊ ပန်းသီးစားချင်လား ”
ရွှီချင်းက မေးလိုက်သည်။
“ အစ်ကိုကြီးက စားဖို့ပဲ တတ်တယ်လို့ မင်း ထင်နေတာလား ”
ခေါင်းဆောင်က ခေါင်းလှည့်၍ ရွှီချင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည။
ထိုစကားကို ရွှီချင်း ကြားသောအခါ ပန်းသီးကို ထုတ်၍ ပစ်ပေးလိုက်သည်။
ခေါင်းဆောင်သည် အလိုလို ဖမ်းယူလိုက်သည်။
ရွှီချင်း ငြိမ်သက်နေသည်။
ခေါင်းဆောင်သည်လည်း ငြိမ်သက်နေ၏။
အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ယောက်သည် သင်္ဘောထိပ်ဦးတွင် ထိုင်၍ အတူတကွ စားလိုက်ကြသည်။
ခေါင်းဆောင်သည် စားရင်း သက်ပြင်းချလိုက်သည်။
“ နတ်မိမယ်ကျစ်ရွှမ်က မင်းကို ဘာလို အဲဒီလို ဆက်ဆံတယ်ထင်လဲ။ ငါက ပိုနိမ့်ကျနေလို့လား။ ငါ ပြန်ကြည့်တော့ ငါလည်း မဆိုးပါဘူးကွာ။ နတ်မိမယ်ကျစ်ရွှမ်ငယ်ငယ်တုန်းက ယင်ဟွမ်ပြည်နယ်မှာ သိပ်နာမည်ကြီးတာ။ သူ့အလှအကြောင်းက ပြည်နယ်တစ်ခုလုံး ပျံ့နှံ့နေခဲ့တယ်။ ဒါပေမဲ့ သူ့ကို ချစ်ရေးဆိုတဲ့ ယောက်ျားလေးတွေအားလုံး အငြင်းခံရတယ်လို့လည်း ကြားတယ် ”
ရွှီချင်းသည် ဘာမှမပြောပေ။ သူသည် အဝေးရှိ ကမ်းခြေနှစ်ခုကို ကြည့်လိုက်ပြီး အင်မော်တယ်အားတိုးမြစ်၏ ကမ်းနံဘေးနှစ်ခုအကြောင်း ဖော်ပြချက်များ သူ့စိတ်ထဲ ပေါ်လာသည်။
တစ်ဖက်တွင် တောင်များတစ်သိန်းဖြင့် ဖွဲ့စည်းထားသော ထိုက်စီကြမ္မာဆိုးတောင်တန်းကြီး ရှိသည်။ ထိုတောင်တန်းကြီးသည် ဧရာမသားရဲကြီးတစ်ကောင်၏ ကျောရိုးပမာ အဆုံးမရှိသော အနက်ရောင်ကုန်းမြေကြီးတစ်ခု ဖြစ်သည်။ တောင်တန်းကြီးထဲတွင် မိစ္ဆာများ၊ တစ္ဆေများ၊ မကောင်းဆိုးဝါးများ၊ လေလွင့်ကျင့်ကြံသူများနှင့် မရေမတွက်နိုင်သော ဂိုဏ်းများတည်ရှိသည်။ တောင်တန်းကြီးတစ်ခုလုံး ရှုပ်ယှက်ခတ်နေကာ လောကငရဲကဲ့သို့ ရက်စက်ကြမ်းကြုတ်သောဖြစ်ရပ်များ ရှိသည်။
တခြားတစ်ဖက်တွင် အဆုံးမဲ့ဖုန်ဆိုးမြေကြီးရှိသည်။ ထိုဖုန်းဆိုးမြေကြီးထဲတွင် ဓာတ်နှောများ ထူထိပ်သိပ်သည်းစွာ ရှိပြီး နေရာတိုင်းတွင် ခြောက်ကပ်ကပ်သစ်ပင်များသာ ရှိသည်။ မရေမတွက်နိုင်သော တိုင်းပြည်လေးများလည်း ရှိသည်။ ထိုတိုင်းပြည်တိုင်းက အသက်ရှင်ရပ်တည်ရေးအတွက် ကျင့်ကြံသူတချို့နှင့် အင်အားစုများကို ကိုးကွယ်ယုံကြည်ကြရသည်။
ရွှီချင်းသည် ဖိုင်ထဲမှ အကြောင်းအရာကို တွေးတောကြည့်လိုက်သည်။ ခေါင်းဆောင်က ပန်းသီးစားပြီးနောက် နောက်တစ်လုံးထုတ်ကာ ကိုက်လိုက်သည်။ သူ စကားပြောမည်ပြုစဉ် ရုတ်တရက် မနီးမဝေးတစ်နေရာသို့ သူ အကြည့်ရောက်သွားသည်။
ရွှီချင်းသည်လည်း ခေါင်းမော့ကြည့်လိုက်သည်။
တချိန်တည်းမှာပင် ရှေ့မှ စစ်ဆေးရန်သွားကြသော ဂိုဏ်းသားများထံမှ ပေးပို့လိုက်သော သတင်းကို သူတို့က အသံလွှင့်ကျောက်စိမ်းပေလွှာများဖြင့် ထပ်မံပို့လွှတ်လိုက်သည်။
“ ရှေ့က မြစ်ဘေးမှာ နေထိုင်နေတဲ့ သာမန်လူတွေ ရှိတယ် ”
သင်္ဘောကြီး၏ နောက်ပိုင်းရှိ ဂိုဏ်းသားများသည် အလွန်ဝေးကွာသည်ဖြစ်၍ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ရှင်းရှင်းလင်းလင်း မြင်နိုင်ကြ၏။
သူတို့သည် ကြည့်ပြီးနောက် စိတ်ရှုပ်ထွေးသွားကြသည်။
ရွှီချင်းသည် ဒုက္ခသည်အများအပြားကို မြင်လိုက်ရသည်။ ထိုဒုက္ခသည်များထဲတွင် ယောက်ျား၊ မိန်းမ အသက်ကြီးငယ်မရွေး ရှိနေသည်။ အများစုက အစိမ်းပုပ်ရောင်ပြောင်းနေပြီး သူတို့ကိုယ်ထဲရှိ ဓာတ်နှောများက အလွန် ထူထပ်သိပ်သည်းနေပြီဖြစ်ကာ သန္ဓေပြောင်းရန်မလိုတော့ကြောင်း ဖော်ပြနေသည်။
သူတို့သည် အရိုးခြောက်များပမာ ပိန်ချုံးနေပြီး မျက်လုံးများက အသက်မဲ့နေသည်။ မိတ်ဆွေများ၊ မိသားစုများ၏ အကူအညီဖြင့် ခက်ခက်ခဲခဲ လျှောက်နေကြသူတချို့ပင် ရှိသည်။
ဒုက္ခသည်ပေါင်းရာချီ၍ ဆိပ်ကမ်းတွင် စုစည်းနေကြရာ လူတန်းရှည်ကြီး ဖြစ်နေတော့သည်။ သူတို့က မြစ်ရေကိုသုံး၍ သူတို့ခန္ဓာကိုယ်များကို ဆေးကြောနေကြသည်။
သူတို့က ငြိမ်းသက်တော့မည့်သူတို့သက်တမ်းကို ဆွဲဆန့်ရန် မြစ်ရေ၏ အင်မော်တယ်ချီအား အသုံးချနေကြသည်။
ခန္ဓာကိုယ်များ ပုပ်ပွကာ ကမ်းပေါ်တွင် လှဲနေသူတချို့ပင် ရှိသည်။ တချို့လူများက မြစ်ရေကို ကျောက်ခွက်လေးများဖြင့် ခပ်ကာ တဖြည်းဖြည်း သောက်လိုက်ကြသည်။
လူအုပ်ထဲတွင် ငိုယိုနေသော ကလေးငယ်အနည်းငယ်လည်း ပါသည်။ မြစ်ရေဖြင့် ဆေးကြောခြင်းက သူတို့ကို မခံမရပ်နိုင်လောက်အောင် နာကျင်စေသည့်အလားပင်။
ထိုဆိုးဆိုးဝါးဝါးမြင်ကွင်းသည် ဤလောကကြီးထဲရှိ အသင်္ချေသောဖြစ်ရပ်များအနက် တစ်ခုသာ ဖြစ်သည်။
မဟာမိတ်သင်္ဘောကြီးကို မြင်၍ ထိုလူများမှာ ကြောက်လန့်တုန်ရီသွားကြသည်။
ရွှီချင်းက သူတို့ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ ဆေးလုံးနည်းနည်းလောက် ပေးလိုက် ”
“ ဟုတ်ကဲ့ ”
သူ့နောက်ရှိ အထူးလုံခြုံရေးဌာနမှ ဂိုဏ်းသားများက ပျံထွက်သွားကြပြီး သူတို့ ခရီးမထွက်ခင်က ပြင်ဆင်ခဲ့သော အဆင့်နိမ့်ဆေးများကို ထိုဒုက္ခသည်များအား ပေးလိုက်သည်။
“ ငါတို့ ဘာမှလုပ်နိုင်တာမဟုတ်ဘူး။ ဒါ ဒီလောကကြီးရဲ့ ဖြစ်စဉ်တစ်ခုပဲလေ။ ငါတို့လူသားမျိုးနွယ်က အချင်းချင်း ပဋိပက္ခတွေ ဖြစ်နေတာ ”
ခေါင်းဆောင် သက်ပြင်းချလိုက်သည်။
“ ကျနော်သိတယ် ”
ရွှီချင်းက အကြည့်လွှဲလိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။
“ ကျနော် ကူညီနိုင်ရင် ကူညီရမှာပဲ ”
ခေါင်းဆောင်က ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ မြစ်ထဲမှ ဝိညာဉ်ငါးများစွာ ပျံထွက်လာပြီး ဆိပ်ကမ်းပေါ် ရောက်သွားသည်။
ထိုဝိညာဉ်ငါးများသည် မြစ်ရေထက် ဓာတ်နှောများကို ပို၍ မြန်ဆန်စွာ ဖယ်ရှားပေးနိုင်သည်။
“ ချင်းလေး၊ အဲဒါကြောင့်လည်း အဘိုးကြီးက မင်းကို သဘောကျတာ ဖြစ်မယ်။ ငါလည်း အဲဒါကြောင့် မင်းနဲ့ ဆက်ဆံချင်နေတာ နေမယ် ”
ခေါင်းဆောင်က ရွှီချင်း၏ပခုံးကို ပုတ်လိုက်သည်။
ရွှီချင်း စကားမပြောပေ။
အချိန်များ ကုန်လွန်သွားခဲ့ပြီး ခရီးစဉ်က ဆက်လက်သွားနေခဲ့သည်။ မျက်တောင်တခတ်အတွင်း လဝက် ကုန်လွန်သွားခဲ့သည်။
လဝက်တာအတောအတွင်း ဆိပ်ကမ်းများပေါ်၌ ရုပ်ပျက်ဆင်းပျက်လူများစွာကို သူတို့ မြင်ခဲ့ရသည်။ ရွှီချင်းသည် သာမန်လူများ၊ လေလွင့်ကျင့်ကြံသူများ၊ တခြားမျိုးနွယ်ဝင်များနှင့် တိုင်းပြည်လေးများစွာကို မြင်ခဲ့ရသည်။
သူတို့အားလုံး မြစ်ကမ်းခြေတွင် ဓာတ်နှောများကို သန့်စင်နေခဲ့ကြသည်။ တစ်ယောက်ချင်းစီတိုင်းက အလွန် အခြေအနေဆိုးပြီး ဒုက္ခိတများလည်း ပါသည်။ ယင်းအပြင် အများစုက သန္ဓေပြောင်းတော့မည့်လက္ခဏာများ ပြသနေသည်။
ဤမြစ်လက်တက်ကို ရှစ်ဂိုဏ်းမဟာမိတ်က အတင်းအကြပ် ဖွင့်ခဲ့ခြင်း ဖြစ်ပါသော်လည်း ထိုမြစ်လက်တက် စီးဆင်းလာခြင်းကြောင့် မြစ်လက်တက်အနီးအနားရှိ မရေမတွက်နိုင်သော တိုင်းပြည်များနှင့် မျိုးနွယ်များကို အထောက်အကူ ဖြစ်စေသည်သာမက ဆိုးဝါးသော သူတို့ဘဝများတွင် မျှော်လင့်ချက်များ ရှိလာစေခဲ့သည်။
ရှစ်ဂိုဏ်းမဟာမိတ်က နှုတ်မှဖွင့်မပြောဘဲ နားလည်ပေးခဲ့သည်။ မြစ်ရေကို ခွဲဝေခြင်းမပြုသမျှ သူတို့ တားမြစ်မည် မဟုတ်ပေ။ သူတို့က တိတ်တဆိတ်ဖြင့် နာကျင်ခံစားနေရသူများကို ဘဝသစ်ပြန်လည်ရရှိစေခွင့် ပြုခဲ့ကြသည်။
ရွှီချင်းနှင့် တခြားလူများက ထိုဒုက္ခသည်များကို ဖြတ်သန်းသွားတိုင်း အဆင့်နိမ့်ဆေးများစွာ ဝေငှပေးခဲ့သည်။ ထိုအပြုအမူသည် တခြားဂိုဏ်းများနှင့် ကွဲပြားသည်။ ယင်းသည် သူတို့ မထွက်ခွာလာခင်က အမှတ်ခုနစ်သခင်ကြီး ညွှန်ကြားလိုက်သောအရာ ဖြစ်သည်။
သူတို့ခရီးစဉ်က အချိန်ကြာမြင့်နေပြီဖြစ်ပြီး ရွှီချင်းသည်လည်း စတင်ကျင့်ကြံလိုက်သည်။ ခေါင်းဆောင်သည်သာ ငြိမ်ငြိမ်မနေပေ။ တစ်ခါတရံ ငါးဖမ်းတတ်ပြီး တခါတရံ ကမ်းပေါ်သို့ သွားတတ်သည်။ ရံဖန်ရံခါ သားကောင်လေးများ ဖမ်းဆီးတတ်ပြီး ပြန်သယ်လာတတ်သည်။
ယနေ့တွင် ရှေ့မှ စစ်ဆေးရေးသင်္ဘောများထံမှ စာတစ်စောင် ရောက်ရှိလာသည်။ သူတို့ မည်သို့ ဖြေရှင်းရမည်မသိသော ကိစ္စတစ်ခုနှင့် ကြုံတွေ့နေရကြောင်း အကြောင်းကြားလာခြင်း ဖြစ်သည်။
ရွှီချင်းသည် ကျင့်ကြံနေရာမှ ထလာသည်။ အခန်းအပြင်ဘက်သို့ သူ ထွက်လာသောအခါ သင်္ဘောထိပ်ဦးတွင် ရပ်ကာ အဝေးသို့ ကြည့်နေသော ခေါင်းဆောင်ကို မြင်လိုက်ရသည်။
“ ဒီလိုမျိုးအခြေအနေကို ကြုံတွေ့တာ ဒါ ပထမဆုံးပဲ။ သူတို့သာ ကျင့်ကြံသူတွေဖြစ်နေရင် ငါ တစ်ခါတည်း သတ်ပစ်လိုက်မှာ။ ဒါပေမဲ့ အဲဒီလိုလည်း မဟုတ်ဘူး ”
“ လူလေးသောင်း၊ ငါးသောင်းလောက်ရှိတဲ့ တိုင်းပြည်လေးတစ်ခုလုံးက မြစ်ရေကို သယ်ဖို့ လုပ်နေကြတာ။ မြောင်းတစ်ခုလည်း သူတို့ တူးနေတယ် ”
ခေါင်းဆောင်၏ စကားများကို ရွှီချင်း ကြားသောအခါ သင်္ဘောထိပ်ဦးသို့သွားကာ လှမ်းကြည့်လိုက်သည်။
လူသောင်းဂဏန်းခန့်က မြစ်ရေကို ရေပုံးလေးများဖြင့် ခပ်ကာ သစ်သားတွန်းလှည်းများပေါ်တင်၍ တွန်းသွားနေကြသည်။ ထိုသို့လုပ်နေကြသည့်လူများသည် ဝါကျင့်ကျင့်အသားအရေနှင့် ပိန်ချုံးနေသော လူဆင်းရဲများ ဖြစ်ကြသည်။ ဘေးပတ်လည်တွင် ထိုလူဆင်းရဲများကို အော်ငေါက်နေကြသော တပ်သားများလည်း ရှိသည်။
တချို့လူဆင်းရဲများက မြေပြင်ကို တူးကာ မြစ်ရေကို သွယ်နေကြသည်။
တွန်းလှည်းတန်းက အဝေးရှိ တိုင်းပြည်လေးဆီသို့ ဆက်သွားနေကြသည်။
ရွှီချင်းသည် ဝေ့ကြည့်လိုက်ပြီးနောက် ထိုဝါကျင့်ကျင့်နှင့် ပိန်ချုံးနေသော လူဆင်းရဲများထံ အကြည့်ရောက်သွားပြီး ရုတ်တရက် မျက်လုံးများ မှေးသွားသည်။
ထိုအချိန်၌ ဆည်းဆာနေရောင်ခြည်အောက်တွင် ထိုလူများ၏ ခြေထောက်မှ အရိပ်ရှည်ကြီးများ ထွက်နေသည်။ ထိုအရိပ်များသည် သာမန်ဖြစ်ဟန်တူသော်လည်း ရွှီချင်း၏ အကြည့်အောက်၌ ထိုအရိပ်များအားလုံးတွင် နားတစ်ဖက် ပျောက်နေဟန်တူသည်။
ဘယ်ဘက်နားပင်။
ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။