မူမမှန်တဲ့ဖြစ်ရပ်အတွက် အကြောင်းရင်းတစ်ခု ရှိရမယ်
Vol. 25 Ch. 380
တခြားလူများအနေဖြင့် ထိုသို့အသေးစိတ် သတိထားမိရန် အလွန်ခက်သည်။ ရွှီချင်းသည်သာ ထူးဆန်းသော အရိပ်လေးကြောင့် တခြားလူများ၏ အရိပ်များကို အာရုံစိုက်နေခြင်း ဖြစ်သည်။
ရွှီချင်း လှမ်းကြည့်လိုက်သည့်အခိုက် သူ၏အရိပ်လေးမှာ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
“ တူညီ … အမျိုးအစား … ဝါးမျို … ”
ယခုတစ်ခေါက်တွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအား ဘာသာပြန်ခိုင်းနေရန် မလိုပေ။ အရိပ်လေး ဆိုလိုချင်သည့်အဓိပ္ပာယ်ကို ရွှီချင်း နားလည်သွားပြီး မျက်လုံးများ မှေးသွားသည်။
အချိန်အတော်ကြာပြီးနောက် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ ဒီလိုမူမမှန်တဲ့ဖြစ်ရပ်ရဲ့နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခု ရှိလောက်မယ် ”
“ တိတိကျကျဆိုရရင် ဒီလိုမြစ်လမ်းကြောင်းပြောင်းတဲ့ကိစ္စပဲ။ သူတို့ တမင်သက်သက်လုပ်နေတဲ့ပုံ မပေါ်ဘူး။ ကျနော်တို့ အာရုံစိုက်အောင် လုပ်ချင်တဲ့ပုံ ပေါက်နေတယ် ”
ခေါင်းဆောင်သည် ထိုမြင်ကွင်းကို ကြည့်၍ ပြုံးလိုက်ပြီး အမိန့်ပေးလိုက်သည်။
“ အကူအညီတောင်းရမှာလား။ စိတ်ဝင်စားစရာပဲ။ ကိုယ့်လူတို့၊ ဒီတိုင်းပြည်လေးက ဘုရင်ကို ခေါ်လာပြီး အကြောင်းရင်း မေးလိုက်။ ဒါက နည်းနည်း မသင်္ကာစရာပဲကွ။ မဟာမိတ်ရဲ့ဖွင့်မပြောဘဲ လက်ခံထားတဲ့စည်းမျဉ်းတွေကို သူတို့ နားမလည်တဲ့ပုံပဲ ”
ခဏအကြာ အလင်းတန်းများ ချဉ်းကပ်လာပြီး ချီရွှဲ့ထုံဂိုဏ်းသားများက အဝါရောင်ဝတ်ရုံဝတ် ဝဝဖိုင့်ဖိုင့်အဘိုးအိုတစ်ယောက်ကို သင်္ဘောပေါ်သို့ ခေါ်လာသည်။ အဘိုးအိုက သင်္ဘောပေါ်ရောက်သည်နှင့် တုန်တုန်ရီရီဖြင့် ဒူးထောက်ချလိုက်သည်။
“ တန်ခိုးရှင်များခင်ဗျား၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့ တိုင်းပြည်လေးကို ကယ်မပေးပါ ”
ဘုရင်ကြီး၏ စကားများနှင့်အတူ ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် အကြောင်းအရင်းကို တဖြည်းဖြည်း နားလည်လာခဲ့သည်။
ထိုတိုင်းပြည်လေးကို ချီယီတိုင်းပြည်ဟု ခေါ်သည်။
ထိုတိုင်းပြည်လေးအား တည်ထောင်သူသည် ဂိုဏ်းလေးတစ်ဂိုဏ်းမှ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူသည် အဆင့်တက်နိုင်ချေ မရှိတော့သောကြောင့် ဤနေရာသို့ ပြောင်းရွှေ့လာခဲ့သည်။ ယင်းနောက် သူက ဒုက္ခသည်များကို စုစည်းခဲ့ပြီး တဖြည်းဖြည်းနှင့် ဤနေရာလေးက တိုင်းပြည်လေးတစ်ခု ဖြစ်လာခဲ့သည်။
ဘဝက အမြဲလိုလို ခက်ခဲတတ်ပါသော်လည်း ထိုက်စီကြမ္မာဆိုးတောင်တန်းကြီးကို သက်ဝင်ယုံကြည်သော ဂိုဏ်းလေး၏ အကာအကွယ်အောက်တွင် သူတို့ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ခဲ့ကြသည်။ ဓာတ်နှောများ ကိန်းအောင်းနေသည့် အစားအစာများကို စားသုံးရင်း သူတို့ အသက်ဆက်နေခဲ့ကြသည်။
သူတို့သက်တမ်းများက တိုတောင်းလှပါသော်လည်း ဤလောကကြီးထဲတွင် သူတို့ မည်သည့်အရာကိုမျှ မတောင်းဆိုပေ။
သို့သော်လည်း ထိုအခြင်းအရာအားလုံးသည် အင်မော်တယ်အားတိုးမြစ်လက်တက် ပေါ်ပေါက်လာခြင်းနှင့်အတူ ပြောင်းလဲသွားခဲ့သည်။
ထိုအပြောင်းအလဲ၏ ဇစ်မြစ်က ထိုက်စီကြမ္မာဆိုးတောင်တန်း ဖြစ်သည်။ ထိုက်စီကြမ္မာဆိုးတောင်တန်းပေါ်ရှိ အင်အားစုအသီးသီးက နေ့စဉ် တိုက်ခိုက်လာခဲ့ကြသည်။
မြစ်လက်တက် ပေါ်ပေါက်လာခြင်းကြောင့် သူတို့က နယ်ပယ်များ ချဲ့ထွင်လာခဲ့ကြသည်။ ပြီးခဲ့သည့် တစ်လခန့်က သူတို့ကို အကာအကွယ်ပေးနေသော ဂိုဏ်းလေးအား လူသားမဟုတ်သောမျိုးနွယ်ဝင် လေလွင့်ကျင့်ကြံသူသုံးယောက်က ဖျက်ဆီးသွားခဲ့သည်။
ထိုဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီး ဂိုဏ်းသားများအားလုံး အစားခံလိုက်ရပြီးနောက် ထိုလေလွင့်ကျင့်ကြံသူသုံးယောက်သည် ထိုဂိုဏ်းလေးနေရာကို တပ်စွဲလိုက်ကြသည်။
သူတို့က ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်ကို သက်ဝင်ယုံကြည်ကြသည်ဖြစ်၍ သူတို့ကိုယ်သူတို့ ‘ ဝိညာဉ်လေးသုံးဖော် ’ ဟု ခေါ်ဝေါ်ခဲ့ကြပြီး အနီးအနားရှိ တိုင်းပြည်လေးများကို ငြိမ်းချမ်းရေးအတွက် အလဲအလှယ်အနေဖြင့် မြစ်ရေများစွာ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။
သတ်မှတ်ထားသော အချိန်အတွင်း မြစ်ရေပမာဏအလုံအလောက် မပို့ဆောင်နိုင်ပါက ဝိညာဉ်လေးသုံးဖော်က ထိုတိုင်းပြည်ကို သွားကာ တိုင်းသူပြည်သားများကို စားသောက်တတ်သည်။ နောက်ဆုံးတွင် တိုင်းပြည်လေးများသည် မြစ်ရေအလုံလောက် ပို့ကြရသည်။ ထိုသို့မပို့ဆောင်ပါက အရှင်လတ်လတ် ဝါးမျိုခံကြရသည်။
ထိုဝိညာဉ်လေးသုံးဖော်သည် ရှစ်ဂိုဏ်းမဟာမိတ်၏ ဖွင့်မပြောထားသော သဘောတူညီချက်ကို နားလည်ထားပြီး ထို့ကြောင့်လည်း ထိုသို့တောင်းဆိုခြင်း ဖြစ်သည်။
ရှစ်ဂိုဏ်းမဟာမိတ်က သာမန်လူများအား မြစ်ရေများ ယူဆောင်ခြင်းကို တားဆီးမထားသည် မဟုတ်ပါလား။
သူတို့က မြစ်ရေများစွာ လိုအပ်ပါသော်လည်း မြစ်ရေများကို မြောင်းတူး၍ မသယ်ဝံ့ပေ။ ထို့ကြောင့် ထိုကဲ့သို့ စီစဉ်လိုက်ခြင်း ဖြစ်သည်။
“ ကျနော်မျိုးတို့ သတ်မှတ်ထားတဲ့ရက် ရောက်နေပါပြီ။ အဲဒီဝိညာဉ်လေးသုံးဖော်က နေ့တိုင်း မနက်ခင်းဆို ရောက်လာပြီး လူတစ်ထောင်ကို စားပြီးရင် ထွက်သွားပါတယ်။ မနက်ဖန်ရောက်လို့ မြစ်ရေ မလုံလောက်သေးရင် သူတို့ ထပ်လာမှာပါ။ ကျနော်မျိုးမှာ တန်ခိုးရှင်တို့ သတိထားမိအောင် မြစ်ရေကို မြောင်းဖောက်ရုံကလွဲပြီး တခြားနည်းမရှိတော့ပါဘူးခင်ဗျာ ”
ဘုရင်ကြီးသည် ကျင့်ကြံသူတစ်ယောက်ဖြစ်ပါသော်လည်း ချီစုစည်းခြင်းအဆင့်သာ ရှိသည်။ ထိုအချိန်၌ သူ၏အသံက တုန်ရီနေသည်။
ရွှီချင်း၏ အစောပိုင်းက ခန့်မှန်းချက် မှန်ကန်ခဲ့ပေသည်။ မြစ်ရေကို မြောင်းသွယ်ခြင်းသည် သူတို့ကိုယ်သူတို့ ကယ်တင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
ထိုအချိန်၌ သူသည် ဆည်းဆာနေရောင်အောက်၌ သင်္ဘောကုန်းပတ်ပေါ်တွင် ပေါ်နေသော ဘုရင်ကြီး၏အရိပ်ကို ကြည့်လိုက်သည်။
ဘုရင်ကြီးအရိပ်၏ ဘယ်ဖက်နားရွက်သည်လည်း မရှိတော့ပေ။
ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ခြင်းပေလား၊ သို့မဟုတ် မသိဘဲဖြင့် လုပ်နေသည်လား၊ ဘုရင်ကြီးသည် ခေါင်းကို အနည်းငယ် စောင်းနေသည်ဖြစ်၍ တခြားလူများအနေဖြင့် ဘုရင်ကြီး၏အရိပ်က ဘယ်ဖက်နားရွက်ပျောက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်ရရန် ပို၍ပင် ခက်သည်။
ထိုအရိပ်အား သတိထားကြည့်နေသူများသည်သာ ဘုရင်ကြီး အရိုအသေပေးလိုက်စဉ် အသေးစိတ် မြင်နိုင်ကြသည်။
“ ဝိညာဉ်လေးသုံးဖော် ”
ခေါင်းဆောင်၏ မျက်လုံးများ မှေးသွားသည်။ ရွှီချင်း၏ အကြည့်က စူးရှသွားသည်။ သူတို့နှစ်ယောက်သည် အတွေ့အကြုံရင့်ကျက်နေကြပြီး ခေါင်းဆောင်က ပို၍ ပါးနပ်သည်။ ဘုရင်ကြီးပြောသည်မှာ အမှန်လား၊ အမှားလား သူ ကောင်းစွာ ပြောနိုင်သည်။
ရွှီချင်း၏အမြင်၌ ဘုရင်ကြီး၏ ပြောစကားများသည် အမှန်ဖြစ်ပါသော်လည်း ဘုရင်ကြီးက တစ်ခုခုကို ဖုံးကွယ်နေသည်မှာ သိသာသည်။
သို့သော်လည်း သူတို့ ချက်ချင်း ဆုံးဖြတ်ချက်မချပေ။ ထိုအစား ဝိညာဉ်လေးသုံးဖော်၏ တည်နေရာကို မေးမြန်းပြီးနောက် ဂိုဏ်းသားတချို့ကို သွားရောက်စစ်ဆေးကြည့်စေလိုက်သည်။ နာရီအနည်းငယ် ကြာပြီးနောက် ထိုဂိုဏ်းသားများသည် သတင်းနှင့်အတူ ပြန်ရောက်လာသည်။ ခေါင်းဆောင်က ပြုံး၍ ရွှီချင်းကို ကြည့်လိုက်သည်။
“ အစွမ်းထက်ဆုံးက သက်စောင့်မီးလုံးနှစ်လုံး အခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်ပဲ ”
ခေါင်းဆောင်က ညာလက်ကို သင်္ဘောပေါ်သို့ ဖိချလိုက်သည်။ သင်္ဘောကြီး၏ မန္တန်အစီအရင်ကို ဖွင့်လိုက်ပြီးနောက် မမြင်ရသော လှိုင်းတစ်ခု အဖက်ဖက်သို့ ရိုက်ခတ်သွားသည်။
ခေါင်းဆောင်သည် လှိုင်းရိုက်ခတ်သည့် နယ်နိမိတ်ကို ထိန်းညှိကာ သတ်မှတ်ထားသောနေရာသို့ ရောက်အောင် လုပ်လိုက်သည်။ မန္တန်အစီအရင်ကြီးကို အားပြု၍ ထပ်စံစစ်ဆေးကြည့်ကာ ထိုသတ်မှတ်ထားသောနေရာတွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်မှ မရှိကြောင်း အတည်ပြုပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။
“ မဟာမိတ်ရဲ့ စစ်ဆေးရေးမန္တန်အစီအရင်က တကယ်အသုံးဝင်တာပဲဟ။ ရွှီချင်း၊ အဲဒီဝိညာဉ်လေးသုံးဖော်ကို ဖျက်ဆီးဖို့ ငါတို့ ဘာလို့ လူမလွှတ်ဘဲနေရမှာလဲ ”
ခေါင်းဆောင်က ပြောလိုက်ရင်း ထိုကိစ္စအား ကိုင်တွယ်ရန် ချီရွှဲ့ထုံဂိုဏ်းသားများ စေလွှတ်ဖို့ စီစဉ်လိုက်သည်။
ရွှီချင်းက ရုတ်တရက် ပြောလိုက်သည်။
“ အစ်ကိုကြီး၊ သူတို့နဲ့အတူ ကျနော်လည်း လိုက်သွားမယ် ”
ခေါင်းဆောင်က ရွှီချင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ဖျတ်ခနဲ ကြည့်လိုက်ပါသော်လည်း ထပ်မမေးပေ။ ထို့နောက် သူ ခေါင်းညိတ်ပြလိုက်သည်။
“ ငါလိုက်ဖို့ လိုသေးလား ”
“ အဲဒါက ရလောက်မှာပါ ”
ရွှီချင်းက တွေးတောလိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။ သူက ခေါင်းဆောင်ကို ကွယ်ဝှက်ထားရန် စိတ်ကူးမရှိပေ။
ယင်းအပြင် ယခုအချိန်တွင် ခေါင်းဆောင် သတိမထားမိခဲ့လျှင်လည်း နောင်တွင် ပြန်တွေးသည့်အခါ သဲလွန်စများ မြင်သွားမည်ဖြစ်ကြောင်း ရွှီချင်း ခံစားမိသည်။
မည်သူ့ကိုမျှ လျှော့မတွက်သင့်သည် မဟုတ်ပါလား။
နောက်ကျမှ ခေါင်းဆောင်ကို အတွေးရိုင်းများ ဝင်စေမည့်အစား ယင်းသည် သူ၏လျှို့ဝှက်ချက်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောထားသည်က ပိုကောင်းသည်။
ရွှီချင်း၏ ယူဆချက်မမှားပေ။ ရွှီချင်း၏စကားကို ခေါင်းဆောင် ကြားပြီးနောက် သူ ပြုံးလိုက်ပြီး ထပ်မမေးတော့ပေ။
ရွှီချင်း၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး လေထဲသို့ ပျံတက်သွားကာ ချီရွှဲ့ထုံဂိုဏ်းသားတစ်ရာကို ဆင့်ခေါ်လိုက်သည်။ သူတို့အုပ်စုသည် အဝေးရှိ ထိုက်စီကြမ္မာဆိုးတောင်တန်းဆီသို့ ဦးတည်သွားကြသည်။
ယင်းက ပြဿနာတစ်စုံတရာ ရှိမည်မဟုတ်ကြောင်း သူ ထပ်ခါထပ်ခါ အတည်ပြုခဲ့သည့်တိုင်အောင် သူ၏အကျင့်အရ လူထပ်ခေါ်ခဲ့သေးသည်။
ခေါင်းဆောင်မှာမူ ရွှီချင်း၏နောက်ကျောကို ကြည့်၍ ကျေနပ်သည့်အရိပ်အယောင်များ သူ့မျက်နှာပေါ် ဖြတ်ပြေးသွားသည်။
“ ချင်းလေးက ငါ့ကို အပြင်လူတစ်ယောက်လို တကယ် မဆက်ဆံတာပဲ။ ဒီလိုဆိုမှတော့ ငါ သိချင်မနေတော့ပါဘူး။ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိတာပဲ မဟုတ်လား ”
ခေါင်းဆောင်သည် ပန်းသီးကို ထုတ်လိုက်ပြီး တုန်ရီနေသော ဘုရင်ကြီး၏ ခြေထောက်အောက်ရှိ အရိပ်နှင့် ပျောက်နေသော ဘယ်ဖက်နားရွက်ကို ကြည့်လိုက်သည်။ သူ မခိုးမခန့် ရယ်မောလိုက်ပြီး ဝီစီမှုတ်ကာ ရွှီချင်းပြန်လာသည်အထိ စောင့်ရန် အချက်ပေးလိုက်သည်။
ထိုအချိန်၌ ထိုက်စီကြမ္မာဆိုးတောင်အထက်ရှိ လေထဲတွင် ရွှီချင်းသည် တောင်ထိပ်အသီးသီးမှ ချီရွှဲ့ထုံဂိုဏ်းသားတစ်ရာနှင့်အတူ တရွှီရွှီမြည်သံပေးလျက် ပျံသန်းနေသည်။
ထိုအဖွဲ့ဝင်သုံးဆယ်ရာခိုင်နှုန်းခန့်က ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်တွင် ရှိကြပြီး ကျန်သူများက အခြေတည်အဆင့်၌ ရှိကြသည်။
အထူးလုံခြုံရေးဌာနသို့ ဝင်ခွင့်ရသည့်ဂိုဏ်းသားများက သာမန်မဟုတ်ကြပေ။ အထူးချွန်ဆုံးလူများကိုသာ ရွေးချယ်ထားခြင်း ဖြစ်သည်။ အများစုက သက်စောင့်မီးလုံး မထုတ်ဖော်နိုင်သေးသော်လည်း သက်စောင့်မီးလုံးတစ်လုံးနှင့် ဂိုဏ်းသား နှစ်ဆယ်ခန့်ရှိသည်။ သက်စောင့်မီးလုံးနှစ်လုံးနှင့်ဂိုဏ်းသား ခြောက်ယောက်ရှိပြီး သက်စောင့်မီးလုံးသုံးလုံးနှင့်ဂိုဏ်းသား တစ်ယောက်ရှိသည်။
ထိုဂိုဏ်းသားများထဲတွင် လူအလေးလည်း ပါဝင်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်က ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ဖြစ်ပါသော်လည်း သူက ကြောက်စရာကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သည်။ သူ တိုက်ခိုက်သည့်အခါ သူ့အသက်ကို ဂရုမစိုက်ပေ။ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများအနက် သူ့ကို ထူးချွန်သော ပါရမီရှင်ဟု ယူဆနိုင်သည်။
ထိုကဲ့သို့ လူအင်အားမျိုးဖြင့် သက်စောင့်မီးလုံးနှစ်လုံးနှင့်အထက် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို မကြုံတွေ့ရပါက ရန်သူများကို သူတို့ ဖြေရှင်းနိုင်မည်သာ ဖြစ်သည်။
အနီးသို့ ရောက်သောအခါတွင် ထိုက်စီကြမ္မာဆိုးတောင်ကြီး ရွှီချင်း၏မျက်လုံးများထဲ ပြတ်သားစွာ ပေါ်လာသည်။ ထိုတောင်တန်းကြီးထဲတွင် တောင်များ မရေမတွက်နိုင်အောင်ရှိပြီး ထူထပ်သောတောအုပ်များလည်း ရှိသည်။ ဆည်းဆာနေရောင်ခြည်အောက်တွင် တောအုပ်များသည် မိစ္ဆာများနှင့် မွန်းစတားများကို ကွယ်ဝှက်ထားဟန်တူသည်။
နေရောင်ခြည်သည်ပင် သစ်ပင်များကို ထွင်းဖောက်၍ မသက်ဆင်းနိုင်ပေရာ ပိန်းပိတ်အောင် မှောင်မည်းနေတော့သည်။
တချို့နေရာများတွင် ရွှဲ့နွံထူထပ်ပြီး မရေမတွက်နိုင်သော အန္တရာယ်များနှင့် မကောင်းဆိုးဝါးများကို ကွယ်ဝှက်ထားသည့် မြေသားအက်ကွဲကြောင်းတချို့လည်း ရှိသည်။
အနီးကပ်လာသည်နှင့်အမျှ အဝေးရှိ တောအုပ်ထဲမှ မကောင်းဆိုးဝါးအငွေ့အသက်များကို ရွှီချင်း အာရုံရလိုက်သည်။ ထိုအငွေ့အသက်များသည် အလွန် ဝေးကွာသောအရပ်တွင် တည်ရှိပြီး ရွှီချင်း၏ ပစ်မှတ် မဟုတ်ပေ။ သို့သော်လည်း ရွှီချင်းက ဖျတ်ခနဲ ကြည့်လိုက်ပါသော်လည်း ထိုအရပ်မှ ရက်စက်ကြမ်းကြုတ်သောအာရုံတစ်ခု ချက်ချင်း ထိုးတက်လာပြီး ရွှီချင်းနှင့် တခြားလူများ၏ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ သူ့ခြေထောက်အောက်ရှိ အရိပ်လေးက သွားဖြဲပြလိုက်သည်။
အရိပ်လေး သွားဖြဲလိုက်သည်နှင့် မကောင်းဆိုးဝါးကြောင့် ဖြစ်လာသော ရက်စက်ကြမ်းကြုတ်သည့်အရှိန်အဝါ ချက်ချင်း ပျောက်သွားသည်။ ၎င်းမှာ ထိတ်လန့်တုန်လှုပ်ကာ အစအန ရှာမရအောင် ပျောက်သွားသည့်ပမာပင်။
ရွှီချင်းသည် သူ၏ဦးတည်ရာသို့ ဆက်လက်ပျံသန်းသွားသည်။ တဖြည်းဖြည်းနှင့် တောင်နက်ကြီးတစ်လုံး၏ တောအုပ်ထဲမှ သွေးညှီနံ့ ပျံ့လွင့်လာသည်။ လူသားမဟုတ်သော မျိုးနွယ်များနှင့် လူသားပုံစံသတ္တဝါများ၏ ခေါင်းများ သစ်ပင်များပေါ်တွင် ချိတ်ဆွဲထားသည်ကို မြင်နိုင်သည်။ သစ်ပင်အောက်ရှိ ပုပ်ပွနေသော အရိုးများပေါ်သို့ သွေးများ စီးကျနေသည်။
မြေပြင်ပေါ်တွင် အသွေးအသားများဖြင့် ဖြစ်လာသော နွံအိုင်များလည်း ရှိသည်။
အရာအားလုံးက ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်၏ လုပ်ရပ်များနှင့် ဆင်တူသည်။ ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး အဝေးရှိ တောင်အလယ်သို့ အေးတိအေးစက် ကြည့်လိုက်သည်။ ထိုနေရာတွင် ဂူကြီးတစ်ဂူရှိပြီး လေတိုက်ခတ်ခြင်းကြောင့် ထိုဂူကြီးဆီမှ ဆူဆူညံညံအသံများ ပျံ့လွင့်လာသည်။
ရက်စက်ကြမ်းတမ်းသော လူသားမဟုတ်သောမျိုးနွယ်ဝင်များက လူသားအလောင်းများနှင့် သားရဲအလောင်းများကို သယ်ကာ ဂူကြီးထဲ ဝင်နေကြသည်။
ထိုမြင်ကွင်းကြောင့် ရွှီချင်း၏ မျက်လုံးများ ပို၍ အေးစက်လာပြီး သူ တည်ငြိမ်စွာ ပြောလိုက်သည်။
“ သတ်၊ အဓိကလူကလွဲပြီး တစ်ယောက်မှ အရှင်မထားနဲ့ ”
“ အမိန့်အတိုင်းပါ ”
သူ့နောက်မှ ဂိုဏ်းသားတစ်ရာက တစ်ပြိုင်နက်တည်း ပြောလိုက်ကြပြီး အလင်းတန်းအသွင်ပြောင်းလဲကာ ဂူဝသို့ ချက်ချင်း ပျံသန်းသွားသည်။
လူသားမဟုတ်သောမျိုးနွယ်ဝင်များ အလန့်တကြား ဖြစ်သွားသည်။ သူတို့ အသံမထွက်နိုင်ခင်မှာပင် သူတို့ခေါင်းများ လေပေါ် ပျံဝဲသွားသည်။
တိုက်ခိုက်လိုက်သည့်လူက လူအလေး ဖြစ်သည်။ သူသည် ဓားမြှောင်တစ်လက်ကို ကိုင်ထားပြီး ဓားမြှောင်မှ သွေးများ လျှာဖြင့် လျက်လိုက်သည်။ ထို့နောက် မြေပြင်ပေါ် ဝပ်လိုက်ပြီး ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ဂူတည့်တည့်သို့ ခုန်ထွက်သွားသည်။
တခြားဂိုဏ်းသားများသည်လည်း ဝင်ရောက်သွားကြသည်။ တခဏလေးအတွင်း ဒေါသတကြီး အော်ငေါက်သံများ ဂူထဲမှ ထွက်ပေါ်လာသည်။
ရွှီချင်းသည် မျက်နှာသေဖြင့် တစ်လှမ်းချင်း လျှောက်သွားသည်။ သူ့ဘေးတွင် သံတုတ်နက်လေး ပျံဝဲလာပြီး သူ၏အရိပ်က မြေပြင်ပေါ် ဖြန့်ကျက်လာသည်။
ယခု ရွှီချင်းက အလောင်းများဖြင့် ပြည့်နှက်နေသော ဂူထဲ ခြေချသွားသည်။
ရံဖန်ရံခါ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သွေးအေးစွာ ရယ်မော၍ သံတုတ်လေးကို ထိန်းချုပ်ကာ အလောင်းများကို ထိုးဖောက်သည်။ ထိုသို့ထိုးဖောက်လိုက်တိုင်း ထိုးဖောက်ခံလိုက်ရသည့် အလောင်းများထံမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာကာ အပြီးတိုင် ဇီဝိန်ချုပ်သွားသည်။
သူတို့ သေချင်ယောင်ဆောင်နေကြသည်မှာ သိသာသည်။
အရိပ်လေးသည် သေချင်ယောင်ဆောင်နေသော ထိုလူများကို ဂရုမစိုက်ပေ။ ၎င်းက ပြင်းပြသော စိတ်ဆန္ဒတစ်ခုကို ထုတ်လွှတ်ကာ ရွှီချင်းအား ဂူနက်ပိုင်းသို့ ခေါ်သွားသည်။
သူ့ရှေ့မှ တိုက်ခိုက်သံများ လွင့်ပျောက်သွားပြီး ဂူအနက်ပိုင်းသို့ သူ ရောက်လာသည်။
ဂူနက်ပိုင်းတွင် နေရာကျယ်ကြီးတစ်ခုရှိသည်။ ဂူအထက်ပိုင်းတွင် ဆယ်ပေကျယ်သော အပေါက်ကြီးတစ်ခု ရှိပြီး ညကောင်းကင်ကြီးကို ရှင်းလင်းပြတ်သားစွာ မြင်ရသည်။
မြေပြင်ပေါ်တွင် လူသားမဟုတ်သောမျိုးနွယ်ဝင်များ၏ အလောင်းများ၊ အစားအစာများနှင့် ပျက်စီးနေသော စားပွဲများစွာ ရှိသည်။
အထူးလုံခြုံရေးဌာနဂိုဏ်းသားများအားလုံး ဂူထဲရောက်နေကြသည်။ သူတို့က လူသားမဟုတ်သော မျိုးနွယ်ဝင်နှစ်ဆယ်ကျော်ကို အရှင်ဖမ်းဆီးထားပြီး ဒူးထောက်ထိုင်ခိုင်းထားသည်။
ထိုလူသားမဟုတ်သော မျိုးနွယ်ဝင်များ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့စိတ်များ ပေါ်လာသည်။ သူတို့ထဲတွင် သက်စောင့်မီးလုံးနှစ်လုံးနှင့် ကျင့်ကြံသူသုံးယောက်ပါပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။ သူတို့က သူတို့ထံသို့ လျှောက်လာနေသော ရွှီချင်းကို ကြောက်လန့်တုန်ရီစွာဖြင့် ကြည့်လိုက်ကြသည်။
“ အထက်ဂိုဏ်း၊ ကျုပ်တို့ … ”
ထိုစကားပြောလိုက်သည်မှာ ခန္ဓာတစ်ခုလုံး အကြေးခွံများ ဆံပင်များဖြင့် ဖုံးလွှမ်းနေသော မီးတောက်များနှင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူသည်လည်း ဝိညာဉ်လေးသုံးဖော်အနက် တစ်ယောက်ဖြစ်သည်။
ရွှီချင်းသည် သူ့ကို ဂရုမစိုက်ဘဲ လက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုလူသားမဟုတ်သောမျိုးနွယ်ဝင် စကားမပြောနိုင်ခင် သူ့ခေါင်း ပေါက်ကွဲသွားသည်။
ထိုမြင်ကွင်းကြောင့် တခြားလူသားမဟုတ်သော မျိုးနွယ်ဝင်များကို ကြောက်လန့်တုန်ရီသွားစေခဲ့သည်။ သူတို့သည် အလွန် ကြောက်လန့်ကာ စကားမပြောဝံ့တော့ပေ။
ရွှီချင်းသည်လည်း စကားမပြောပေ။ ရွှီချင်းသည် ထိုလူသားမဟုတ်သော မျိုးနွယ်ဝင်များ၏ အရိပ်များကို တစ်ခုပြီးတစ်ခု ကြည့်လိုက်သည်။ နောက်ဆုံးတွင် ကျောတွင် အတောင်ပံများနှင့် လူသားမဟုတ်သောမျိုးနွယ်ဝင်တစ်ယောက်ပေါ်သို့ အကြည့်ရောက်သွားသည်။
ထိုသူသည်လည်း ဝိညာဉ်လေးသုံးဖော်အနက် တစ်ယောက်ဖြစ်သည်။
သူသည် တုန်ရီစွာဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။ သူ ပြောရန်ပြင်လိုက်စဉ် ရုတ်တရက် မျက်နှာရှုံ့တွသွားသည်။ မည်သည့်အတွက်ကြောင့်မသိ သူ လွတ်သွားပြီး ထရပ်ကာ ဂူဝသို့ တန်းတန်းမတ်မတ် ပြေးထွက်သွားသည်။
သူသည် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်၏။
သို့သော် သူ့မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ၊ မယုံကြည်နိုင်ခြင်းများ ရှိနေသည်။ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်သည်မှာ သူ့စိတ်မဟုတ်တော့သည့်အလားပင်။
ရွှီချင်း၏ အရိပ်လည်း မဟုတ်ပေ။
သူ၏အရိပ်သာ ဖြစ်ပေသည်။