အခန်း(၁၆) သုံးစားမရတဲ့ လိုအပ်ချက် ဖောင်
Vol. 2 Ch. 16
အခန်း(၁၆) သုံးစားမရတဲ့ လိုအပ်ချက် ဖောင်
နောက်တစ်နေ့ နေ့လည်ခင်းတွင် မာယန်က ဖေးချမ့်အား ပြုပြင်ထားသည့် လိုအပ်ချက် ဖောင်ကို ပေးလိုက်ပါသည်။
ဖတ်ကြည့်သောအခါ မာယန်ရေးထားသည့် အရာကို ဖေးချမ့် အပြည့်အဝ ကျေနပ်အားရ သွားလေသည်။
ဘာမှ မရေးထားတာလောက်တောင် ကောင်းပါသည်။
ဖေးချမ့် အရင်တုန်းက ဂိမ်းလောကတွင် အလုပ်မလုပ်ဖူးသော်လည်း လိုအပ်ချက်ဖောင်ဆိုသည်မှာ ရင်းမြစ်ဝက်ဘ်ဆိုက်မှ နမူနာ ဖောင်တစ်ခုဖြစ်ပြီး ဖောင်ထိပ်တွင် အခြေခံ လမ်းညွှန်များပင် ရေးထားပေးသည်။
အသေးစိတ်ကျလေ ပိုကောင်းလေ ဖြစ်ပါသည်။
ဒီဇိုင်နာက ပုံမှန်အားဖြင့် စိတ်ကူးထဲက မသဲမကွဲသည့် ပုံတစ်ပုံကို တင်ပြလိမ့်မည်။ ထိုပုံကို အခြေခံပြီး ပုံဆွဲသူက ပုံကို တိကျပြီး အသေးစိတ်ကျအောင် ပြန်ဆွဲပေးသည်။
ထိုလုပ်ငန်းစဥ်အတွင်း တစ်ခုခု မှားယွင်းသွားဖို့က အလွန်လွယ်ကူ၏။
ဥပမာအားဖြင့် ဒီဇိုင်နာက "အလွန်အမင်း ယောက်ျားပီသသော ယောက်ျားလေးဇာတ်ကောင်" ကို လိုချင်သည် ဆိုပါစို့။ ဒါက မသဲမကွဲဘဲ တိုင်းတာဖို့ ခက်ခဲသည့် ဖော်ပြချက်ဖြစ်ပါသည်။
'အလွန်အမင်း ယောက်ျားပီသခြင်း' ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုရမည်နည်း။
ထိုအခါကျလျှင် ပုံဆွဲသူက သူ့မျက်လုံးထဲ အလွန်အမင်း ယောက်ျားပီသသူဟု သတ်မှတ်သည့် ဇာတ်ကောင်တစ်ကောင်ကို ဆွဲလိုက်နိုင်သည်။ သို့သော်လည်း ထိုဇာတ်ကောင်က ဒီဇိုင်နာကို စိတ်ကျေနပ်စေနိုင်ပါ့မလား။ မဖြစ်နိုင်ပါ။
ဘာပဲဖြစ်ဖြစ် အလှအပဆိုတာ မျိုးစုံ ရှိသည်။
ထို့ကြောင့် ဒီဇိုင်နာက ၎င်းတို့၏ လိုအပ်ချက်များကို ဖော်ပြရာတွင် အသေးစိတ်ကျနိုင်သမျှ အကျဆုံး ဖော်ပြပေးရသည်။ အဝတ်အစားများ၊ ဦးထုပ်များ၊ လက်နက်များ သို့မဟုတ် စရိုက်များကိုပင် ထည့်သွင်းပေးပါက အကောင်းဆုံးဖြစ်ပါသည်။
မှီငြမ်းဖို့အတွက် ဆင်တူသည့် ပုံတစ်ပုံရှိလျှင် ပို၍ပင် ကောင်းပါသေးသည်။
ဒီကိစ္စမျိုးက ဂိမ်းလောကတွင် ဟာသကြီး တစ်ခုလို အမြဲဖြစ်တတ်သည်။
ဒီဇိုင်နာက ပရိုဂရမ်မာကို ပြော၏။ "xxx လုပ်နိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုကို လိုချင်တယ်ကွာ။ အဲ့ဒီလုပ်ဆောင်ချက်ရဲ့ ဒီဇိုင်းအကြောင်းအရာက xxx ဖြစ်ပြီးတော့ xxx လို လုပ်ဆောင်ချက်မျိုး ဖြစ်ရမယ်။"
ပရိုဂရမ်မာက ဒေါသထွက်စွာ ပြန်ပြောလိုက်သည်။ "မင်းကော်ပီကူးချင်တဲ့ ဂိမ်းတစ်ခုရဲ့ လုပ်ဆောင်ချက်ကိုသာ ပြစမ်းပါကွာ။ ငါကြည့်လုပ်လိုက်ပါ့မယ်။"
ဒီဇိုင်နာက ပုံဆွဲသူကို ပြော၏။ "xxx နဲ့တူတဲ့ ဇာတ်ကောင်တစ်ကောင်ကို လိုချင်တယ်ကွာ။ ဇာတ်ကောင်က xxx နဲ့တူပြီး xxx စရိုက်မျိုး ရှိရမယ်။ xxx ခံစားချက်မျိုးကို ပေးစွမ်းနိုင်ရမယ်။"
ပုံဆွဲသူက ဒေါသထွက်စွာ ပြန်ပြောသည်။ "မင်းကော်ပီကူးချင်တဲ့ ဇာတ်ကောင်တစ်ကောင်ကိုသာ ပြောစမ်းပါကွာ။ ငါ့ကိုဓာတ်ပုံ တစ်ပုံသာပြပေး။"
သူတို့က ရေသာခိုချင်၍ မဟုတ်ပါ။ အဓိကအချက်က စာသားမှ ပန်းချီအဖြစ် ပြောင်းလဲရာတွင် အချက်အလက်များစွာ ပျောက်ဆုံးကုန်တတ်ကြသောကြောင့်ဖြစ်ပါသည်။
ထို့ကြောင့် ဆင်တူညီသည့် လိုအပ်ချက်ဖောင်များ ဖြည့်သွင်းရာတွင် ဖော်ပြချက်နှင့် မှီငြမ်းဓာတ်ပုံများကို အသေးစိတ်ကျအောင် ထည့်ထားနိုင်လေလေ ပိုကောင်းလေလေ ဖြစ်ပါသည်။ ဒီလိုဆို ပုံဆွဲသူ ဆွဲသားသည့်ပုံက ဒီဇိုင်နာ၏ စိတ်ကူးယဥ်ပုံနှင့် သိပ်ပြီး မခြားနားနိုင်ပါ။
ယခုတော့ မာယန်၏ လိုအပ်ချက်ဖောင်ကို ကြည့်လိုက်ရအောင်။
ကိုယ့်ဖာသာကိုယ် နားလည်ရင်တော်ပြီ ဟူသော ဖော်ပြချက်မျိုး ဖြစ်နေပါသည်။
ဥပမာအားဖြင့် ကွမ်ယုဇာတ်ကောင်ကိုပဲ ကြည့်ပါဦး။
"သူက နဂါး။ လူသားပုံစံနဲ့ နဂါးဖြစ်တယ်။"
"နဂါးမျိုးနွယ်စု၏ သူရဲကောင်းတစ်ဦးအနေဖြင့်၊ သူသည် စွမ်းအားအရာမှာ အထွတ်အထိပ်ဟု သတ်မှတ်ခံရသည်။”
"သူ့တစ်သက်လုံး ဓားသွားပေါ်မှာ လျှောက်လှမ်းရင်း ကုန်ဆုံးခဲ့ကာ တိုက်ပွဲတွေကို နားလည်မှု၊ သတ်ဖြတ်မှု အတွေ့အကြုံတွေက သာမန်လူတွေနဲ့ ခြားနားတယ်။"
ဒါပါပဲ။
ယခု မာချောင်ကို ဥပမာကြည့်ရအောင်။
"သူက လူသားတစ်ပိုင်း မြင်းတစ်ပိုင်းမို့လို့ တခြားမျိုးနွယ်စုလို့ ခေါ်တယ်"
"မာချောင်က တခြားမြင်းလူသားတွေနဲ့ ခြားနားပြီး နဂါးမျိုးနွယ်စုရဲ့ သွေးမျိုးဆက် လက္ခဏာကို ရှင်းရှင်းလင်းလင်း ပိုင်ဆိုင်ထားတယ်။ သူ့ခေါင်းပေါ်မှာ နဂါးဦးချို ရှိနေတာမျိုးပေါ့။"
"နဂါးမျိုးနွယ်စုရဲ့ မျိုးဆက်သွေးပါတာကြောင့်မို့လို့ မာချောင်က နဂါးမျိုးနွယ်စုနဲ့ ဆင်တူတဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားတယ်။"
ယခု ကျူးကောလျန့် အလှည့်ရောက်ပြီ။
"ကျူးကောလျန့်သည် ငယ်စဥ်ကလေးဘဝတွင်ပင် အကြီးကျယ်ဆုံး တီထွင်သူ၊ ရူပဗေဒပညာရှင်၊ သုံးပြည်ထောင်ခေတ်ရဲ့ ယန္တရားနဲ့ လျှပ်စစ်အင်ဂျင်နီယာကြီးလို့ လူသိများကြတယ်။"
"သူ့သုတေသနတွေမှာ လူလုပ်မိုးကြိုးတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်နက်တွေ၊ လေပေါ်ပျံတဲ့ ကိရိယာတို့၊ ကားတို့၊ စက်ရုပ်တို့ တခြားကျယ်ပြန့်တဲ့အရာတွေလည်းပါဝင်ခဲ့တယ်။"
"တစ်ချိန်တည်းမှာပဲ သူ့ကို ကဗျာဆရာ၊ ဒဿနပညာရှင်၊ ဂီတပညာရှင်နဲ့ ဘာသာဗေဒ ကျွမ်းကျင်ပညာရှင်လို့လည်း လူသိများကြတယ်။"
ကျူးကောလျန့်၏ ဖော်ပြချက်က အရင်နှစ်ယောက်ထက် ပိုရှည်နေပါသည်။ ရေးနေရင်း မာယန်တစ်ယောက် စိတ်ပါသွားတာ သိသာသည်။
ထို့အပြင် ကိုယ်ရံတော်နဂါးမလေး ကျိုးချန်၊ မိဘမဲ့ဖီးနစ်စ် ဖန်းထုံ၊ ရေခဲသလင်းကျောက်အပျိုစင် ရွှီရှု၊ စက်ရုပ် ရုပ်သေး ဟွမ်းယွဲ့ယင်၊ သွေးလောကအရှင်သခင် ကော်ကျား၊ လိုလီနဂါးမုဆိုး လုမန်၊ ညရိန်းဂျား ထိုက်ရှစ်စီ၊ အရိပ်ဓားသမား ကျိုးယု အစရှိသည်တို့လည်း ပါသေးသည်။
၎င်းတို့၏ နာမည်နှင့် မသဲမကွဲ တချို့ ဝိသေသ လက္ခဏာများမှ လွဲပြီး ထိုဇာတ်ကောင်အားလုံးမှာ သုံးပြည်ထောင်ခေတ်က ဇာတ်ကောင်များနှင့် လုံးဝ မတူတော့ပါ။
အကြောင်းအရာကလည်း ပုံဆွဲသူ၏ ဖန်တီးမှုအတွက် ဘာမှ အထောက်အကူ မပြုပေ။
ထို့အပြင် ကွမ်ယုက လူသားအသွင်နဲ့ နဂါးလို့ ရိုးရိုးရှင်းရှင်းသာ ရေးလို့ရသော်လည်း အနောက်တွင် ရှုပ်ယှက်ခတ်နေသည့် ပေါက်ကရ စာများကိုပါ ရေးထားသေးသည်။
သို့သော်လည်း ဖေးချမ့်အတွက်တော့ ဒါက ပြီးပြည့်စုံသည့် လိုအပ်ချက်ဖောင်တစ်ခု ဖြစ်ပါသည်။
တကယ်တော့ သူ့ကို လက်မ ထောင်ပြရလောက်သည့် အထိ ပျော်ရွှင်နေပါသည်။
မာယန်က တကယ့်ကို အားကိုးရသည်။
ဖေးချမ့်တစ်ယောက်တည်းသာဆို ဒီလောက် ဆိုးရွားတာမျိုး ရေးနိုင်လိမ့်မည်မဟုတ်ပေ။
မာယန်ကို သူ့ဝန်ထမ်းအဖြစ် ရွေးချယ်ခြင်းဖြင့် မှန်ကန်သော ရွေးချယ်မှု ဖြစ်ခဲ့ပါသည်။
ဖေးချမ့်က ဘာတစ်လုံးမှ မပြောင်းလဲဘဲ လိုအပ်ချက်ဖောင်ကို ရွမ်ကွမ်းကျန့်ထံသို့ ဒီတိုင်း ပို့ပေးလိုက်ပါသည်။
၅ မိနစ်ခန့် ကြာသောအခါ ရွမ်ကွမ်းကျန့်က စာပြန်လာ၏။
"ဒီလိုအပ်ချက်ဖောင်ထဲမှာ လိုနေတာတွေ မများလွန်းဘူးလား။"
"ကျွန်တော်ဆွဲဖို့အတွက် ခက်လိမ့်မယ်။ ရှင်းရှင်းလင်းလင်း တိုင်းတာဆွဲသားဖို့ ဘာအချက်အလက်မှ မပါဘူး။"
ဖေးချမ့်က ဒီပြဿနာအတွက် ပြင်ဆင်ထားပြီးသား ဖြစ်ပြီး ချက်ချင်း စာပြန်လိုက်ပါသည်။ "ရပါတယ်။ မင်းဆန္ဒရှိတဲ့အတိုင်း ဆွဲလိုက်ပါ။ ဒီလိုအပ်ချက်တွေက သုံးစားမရဘူးထင်ရင် အဲ့ဒီထဲကအတိုင်း ဘာမှ လိုက်မဆွဲလို့လည်း ရတယ်နော်။ မင်းရဲ့ ပရော်ဖက်ရှင်နယ် အကဲဖြတ်နိုင်စွမ်းကို ငါယုံကြည်ပါတယ်။"
ရွမ်ကွမ်းကျန့် " ... မဟုတ်သေးဘူးလေ။ ကျွန်တော်တို့က စာချုပ်ချုပ်ထားတာဆိုတော့ စံနှုန်းတစ်ခုတော့ ရှိရမှာပေါ့။ ဒီ့အတွက် နောက်ပိုင်း ဘယ်သူမှ တာဝန်မယူချင်ရင် ရှုပ်ထွေးမလာနိုင်ဘူးလား။"
ဖေးချမ့်က ခပ်သွက်သွက် ပြန်ဖြေလိုက်ပါသည်။ "တကယ်ပြောတာပါ။ မင်းရဲ့အစွမ်းအစကို ငါအပြည့်အဝ ယုံတယ်။ စိတ်မပူပါနဲ့ကွာ။ နောက်ဆုံးမှာ မင်း ဘယ်လိုပုံပဲ ဆွဲဆွဲ မင်းကို ခဏခဏ ပြန်မပြင်ခိုင်းပါဘူး။ ဒီစာပို့ထားတာကို စခရင်ရှော့ ရိုက်ပြီး သက်သေအဖြစ် ယူထားလည်းရတယ်။ ဒါမှမဟုတ် မင်းလိုအပ်တယ်ထင်ရင် ဒီအကြောင်းကို စာချုပ်ထဲ ထည့်လို့ရတယ်။"
"အဲ့လောက်ကြီးတော့ မလိုပါဘူး ... ဟုတ်ပါပြီ။ ကျွန်တော် ဘာလုပ်နိုင်မလဲ ကြည့်လိုက်ပါ့မယ်" ရွမ်ကွမ်းကျန့်က ပြောလိုက်ပါသည်။
ဖေးချမ့် စိတ်အေးသွား၏။
ရွမ်ကွမ်းကျန့်က သူစိတ်အားထက်သန်စွာ ဆွဲနိုင်အောင် သူတို့ကို အသေးစိတ်ကျသည့် အချက်အလက်များ တောင်းဆိုမှာကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
အခုလို ပုံစံမျိုးနဲ့သာဆို နှစ်ဦးနှစ်ဖက် အဆင်ပြေသော အခြေအနေမျိုးဖြစ်ပြီး နှစ်ဖက်စလုံးတွင် ပြဿနာ နည်းပါးပါလိမ့်မည်။
ဖေးချမ့်တွင် ချန်မထားချင်သည့် ငွေတချို့ ကျန်နေသေး၏။ နောက်ခံတီးလုံးများ၊ အသံလုပ်ဆောင်ချက် များနှင့် တခြားပုံရင်းမြစ်များ၊ Cloud ဝန်ဆောင်မှုကို ငှားရမ်းခြင်း စသည်တို့ကို ဝယ်ယူလိုက်ပါသည်။
ထိုအရာအားလုံးက အများကြီး မကုန်ကျပါ။ ဖေးချမ့်က ပြီးပြည့်စုံစွာ အစီအစဥ်ဆွဲထားသဖြင့် အရေးပေါ်အခြေအနေ သုံးနိုင်အောင် ၁၀,၀၀၀ ယွမ်သာ ကျန်တော့သည်။
ဂိမ်းအတွက် မားကတ်တင်း အခကြေးငွေများကိုတော့ တစ်ပြားတစ်ကျပ်မှ ချန်မထားပါ။
ဘာမားကတ်တင်းမှ မဆင်းဖို့ စီစဥ်ထားသည်။ ဘယ်သူမှ ဒီဂိမ်းအကြောင်း မသိရင် အကောင်းဆုံးဖြစ်ပါသည်။
ငွေတွေ ဆက်တိုက်ဖြုန်းတီးနေရင်း တောက်ပနေသည့် သူ့အနာဂတ်ကို ဖေးချမ့်တစ်ယောက် ကြိုမြင်နေရပါပြီ။
...
ရှန်ဟိုင်းမြို့ စီးပွားရေးတက္ကသိုလ်တစ်ခု။
ပန်းချီမေဂျာ အဆောင်တစ်ခုတွင်။
ဒီက အဆောင်များက ဖေးချမ့်တို့ ဟန်တုန်းတက္ကသိုလ်ထက် ပတ်ဝန်းကျင် အခြေအနေ အများကြီး ပိုကောင်းပါသည်။
အထပ်ဆင့် ကုတင်တိုင်း၏ အောက်တွင် ကိုယ်ပိုင် စားပွဲများရှိကြပြီး အဆောင်များကလည်း အဲကွန်းရှိကာ သစ်လွင်နေပြီး ကျယ်ဝန်းပါသည်။
ESRO ကတည်ထောင်ထားသော ရင်းမြစ် ဝက်ဘ်ဆိုက် ကျေးဇူးကြောင့် ပန်းချီကျောင်းသား အများစုက တက္ကသိုလ်တက်စဥ် ကာလများတွင် အချိန်ပိုင်းအလုပ်များ လုပ်နိုင်ပြီး ၎င်းတို့၏ ဘဝကို အနည်းငယ် ပိုမိုအဆင်ပြေလာစေသည်။
ဒါတင်မကသေးဘဲ ထိုပရောဂျက်များက ဘွဲ့ရပြီးနောက် အလုပ်ရှာရာတွင်လည်း အကူအညီ ပေးပါလိမ့်မည်။
ရွမ်ကွမ်းကျန့်က မောက်စ်ကို ဘေးဖယ်ကာ အော်လိုက်၏။ "ဟွမ်ကြီးနဲ့ ကျိုးကြီးတို့ တခြားသူတွေကို မြန်မြန် ဒီခေါ်ခဲ့ ငါတို့ အလုပ်လုပ်ရတော့မယ်။"
သိပ်မကြာခင် အဆောင်ထဲက တခြား လူငါးယောက်တို့ ရောက်လာကြပါသည်။
"၃ ပတ်အချိန်ရတယ်၊ မူရင်းပုံ ၅၀။ တစ်စုကို ၄ ပုံစီ။ တစ်စုကို ၃,၀၀၀ ယွမ်ရမယ်။ ဘယ်လိုလဲ မိုက်တယ်မလား။”
ရွမ်ကွမ်းကျန့်က အားအင်ပြည့်ဝသော လူငယ်လေးဖြစ်ပြီး ဆံပင်တိုတို၊ အသာားဖြူဖြူနှင့် ထင်ရှားသော အစိတ်အပိုင်းများရှိကြသည်။ ပန်းချီဆရာ တစ်ယောက်နှင့်ပင် လုံးဝ မတူပါ။
သူ့အတန်းဖော်များကတော့ ဒီလို မဟုတ်ကြပေ။ တချို့က ဆံပင်ရှည်ရှည်များ ထားကြပြီး တချို့က တက်တူးများ ထိုးထားကြ၏။ သူတို့အားလုံးတွင် ထင်ရှားသည့် လက္ခဏာများ ရှိကြပါသည်။
ဟွမ်ကြီးဆိုသည် မုတ်ဆိတ်တိုတိုလူက အရင်ဆုံး ပြေးလာခြင်းဖြစ်သည်။ "၄ ပုံကို ယွမ် ၃,၀၀၀ ရမယ်ဟုတ်လား။ လခွမ်းထဲမှ အဆင်ပြောတာပေါ့ဟ။ အဲ့ဒီစျေးအတွက်ဆို ကာတွန်းဆန်တဲ့ ဒီဇိုင်းတွေတောင် ဆွဲပေးမယ်။ အသက်ရှင်သန်ဖို့အတွက် ပိုအရေးပါတယ်ကွာ။"
ရွမ်ကွမ်းကျန့်က ခေါင်းခါလိုက်သည်။ "ကာတွန်းဆန်တယ်ဟုတ်လား။ ဒီတစ်ခေါက်တော့ ဒီလိုမဟုတ်ဘူး။ ဖောက်သည်က ကာတွန်းမဟုတ်တဲ့ ဘယ်စတိုင်မဆို အဆင်ပြေတယ်လို့ ပြောတယ်ကွ။"
ဟွမ်ကြီးက ကြောင်သွား၏။ "ဟင်။ ဒါပေမယ့် အရင်တုန်းက မင်းကိုယ်ရေးစာမျက်နှာမှာ ကာတွန်းပုံတွေပဲ တင်ထားတာ မဟုတ်ဘူးလား။ ဒီဖောက်သည်က မင်းကိုလာတွေ့ပြီး ကာတွန်းပုံမလိုချင်ဘူးလို့ ပြောတာလား။ သူ ဦးနှောက်မပါဘူးလား။”
"လခွမ်းပဲ။ သူ့ဘက်ကဆိုရင်တော့ ထိုးထွင်းဉာဏ်ရှိတယ်လို့ ခေါ်တယ်" ရွမ်ကွမ်းကျန့်က မျက်စောင်းထိုးလိုက်သည်။ "ငါက ကာတွန်းပုံတွေပဲ ဆွဲနေတာ။ ဒါပေမယ့် အခုရေပန်းစားနေတဲ့ မိုဘိုင်းဂိမ်းတွေ အကုန်လုံးက ကာတွန်းဇာတ်ကောင်တွေနဲ့ပဲဆိုတော့ ငါဘာလုပ်နိုင်မှာလဲ။ အရင်တုန်းကတော့ ကာတွန်းပုံတွေဆွဲဖို့ပဲ ငါအလုပ်ရတာ။ အဲ့တာကြောင့် ရွေးချယ်စရာမရှိဘူး။ အခု သူက ဘာကာတွန်းပုံမှ မလိုချင်ဘူးဆိုတော့ နောက်ဆုံးတော့ ငါ့အစွမ်းအစ အစစ်ကို ထုတ်ပြလို့ရပြီပေါ့။"
"မင်းရဲ့ အဲ့ဒီစတိုင်နဲ့ ဆွဲမလို့လား။ လိုက်မယ်လို့တော့ မထင်ဘူးနော်..." ဟွမ်ကြီးက တွန့်ဆုတ်နေ၏။ "ဖောက်သည်ရဲ့ ပိုက်ဆံကိုယူပြီး မင်းဆွဲချင်တာ ဆွဲနေတာကြီးကတော့..."။
"ဖောက်သည်က ငါ့ပုံဆွဲစွမ်းရည်နဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အကဲခတ်နိုင်စွမ်းကို ယုံကြည်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားကွ။ ပြီးတော့ ဒီဇိုင်းကို ငါ့စိတ်ကြိုက် ပြင်ဆင်ခွင့်ပေးထားတယ်။"
"ပြီးတော့လည်း လိုအပ်ချက်ဖောင်ကို ကြည့်ပါဦး။ ငါ့အတွေးတွေနဲ့ လုံးဝ အံကိုက်ပဲ။"