အခန်း(၁၈) ကတ်ပန်းချီ ပြီးသွားပြီ
Vol. 2 Ch. 18
အခန်း(၁၈) ကတ်ပန်းချီ ပြီးသွားပြီ
ဟွမ်ကြီးက ကျိုးကြီးကို ကြည့်လိုက်သည်။ "မင်းဘယ်လို သဘောရလဲ။"
ကျိုးကြီးက ခေတ္တ စဥ်းစားလိုက်သည်။ "တစ်ခုခုတော့ ဖြစ်လာမယ် ထင်တယ်။"
တခြားသူများလည်း ခေါင်းငြိမ့်လိုက်ကြသည်။
ဟွမ်ကြီးက လေးလေးနက်နက် ထပ်စဥ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဟုတ်ပြီ အလုပ်ကို လက်ခံလိုက်ကြစို့။ အလုပ်ရှင်က ပိုက်ဆံ ပေးထားပြီးပြီဆိုတော့ ငါတို့စမ်းကြည့်ကြတာပေါ့။"
"စတိုင်က အဆင်မပြေရင် အလုပ်ရှင်ကပဲ ပိုက်ဆံဆုံးရှုံးမှာ။ ဒီပန်းချီစတိုင်ကို လက်လျှော့ဖို့လည်း သိလိုက်ရတာပေါ့။”
"ဒါပေမယ့် ဒီပန်းချီစတိုင်သာ နာမည်ကြီးသွားရင် ငါတို့ရဲ့ ကိုယ်ပိုင် စတူဒီယိုကို တကယ် တည်ထောင်နိုင်လောက်တယ်။ ငါတို့ နာမည်ကြီးသွားရင် အားလုံးဖြစ်နိုင်ပြီကွာ။”
ရွမ်ကွမ်းကျန့်က ခေါင်းငြိမ့်လိုက်ပါသည်။ "ငါတွေးတာလည်း ဒီအတိုင်းပဲ။”
"လောလောဆယ် ငါတို့ရဲ့ နာမည်ကို တည်ဆောက်ဖို့ အလုပ်ရှင်ရဲ့ လိုအပ်ချက်တွေကို အသုံးပြုတာ ပိုကောင်းတယ်။ ပြီးတော့လည်း အလုပ်ရှင် ပေးထားတာလည်း မနည်းဘူး။ နောက်ထပ် ၃ ပတ်လောက် ကြိုးစားလိုက်ကြရအောင်။ ပြီးတော့ ဒီအလုပ်ကို လှလှပပ ပြီးမြောက်စေဖို့ အမြင့်မားဆုံး စံနှုန်းတွေကို သုံးလိုက်ကြရအောင်။"
"ဒီမူရင်းပုံတွေသာ တော်တော် အောင်မြင်သွားရင် ဒီအခွင့်အရေးကိုယူပြီး ငါတို့ရဲ့ နာမည်ကိုလည်း တည်ဆောက်လို့ရတယ်။ ငါတို့ရဲ့ အနာဂတ်လည်း သေချာပေါက် တောက်ပလာမှာပဲ။”
နောက်ဆုံးတော့ သူတို့ လူနည်းစု သဘောတူညီချက် ရသွားပြီး အလုပ်စတင်တော့သည်။
ရွမ်ကွမ်းကျန့်က အကြောင်းအရာ မူကြမ်းများကို ဖန်တီးပြီး ဟွမ်ကြီးက အခြေခံ ပုံကြမ်းကို ဆွဲသားဖို့ တာဝန်ယူ၏။ စွမ်းရည် သိပ်မရှိသည့် သို့မဟုတ် ပန်းချီစတိုင်နှင့် သိပ်မရင်းနှီးသော တခြားသူများက အသေးစိတ်ရေးဆွဲခြင်းနှင့် အရောင်ခြယ်ရာတွင် တာဝန်ယူကြသည်။
သာမန် လုပ်ပုံလုပ်နည်းအတိုင်းဆိုလျှင် ရွမ်ကွမ်းကျန့်က မူရင်းပုံကြမ်းများကို ဆွဲသားပြီးလျှင် ဖေးချမ့်ကို ပြသရမည်ဖြစ်သည်။ ဖေးချမ့်က သူ့လိုအပ်ချက်နှင့် ကိုက်ညီသည်ဟု အတည်ပြုလိုက်ပါက သူတို့က အသေးစိတ် ဆက်ဆွဲကြရမည်ဖြစ်သည်။
သို့သော်လည်း ဖေးချမ့်က ဂရုမစိုက်သဖြင့် ဒီအဆင့်ကို လုံးဝ ကျော်ခဲ့ပါသည်။
အဆောင်တစ်ခုလုံး ပုံများကို ကြိုးစားပမ်းစား စတင်ဆွဲသားကြပါတော့သည်။
...
ဟန်တုန်း တက္ကသိုလ်၊ အဆောင်။
မျက်စိတစ်မှိတ်အချိန်အတွင်း ၂ ပတ်ကုန်ဆုံးသွားခဲ့၏။
ဖေးချမ့်က စနစ်ကို စစ်ဆေးကြည့်လိုက်သည်။
[ စည်းစိမ် အလဲအထပ် စနစ် ]
[ ပိုင်ရှင် : ဖေးချမ့် ]
[ အမြတ်ငွေ အလဲအထပ် အချိုး ၁၀၀ : ၁၊ အရှုံးငွေ အလဲအထပ် အချိုး ၁ : ၁ ]
[ နောက်ထပ် ငွေစာရင်းရှင်းချိန် : ၁၆ ရက်အလို ]
[ မှတ်ချက် : ငွေစာရင်း မရှင်းခင် တစ်ပတ်အလိုတွင် မကြေညာထားသည့် ထုတ်ကုန်များ ရှိနေပါက ငွေစာရင်းရှင်းရက်ကို ဆိုင်းငံ့ခံရမည်။ ဆိုင်းငံ့မည့် နေ့ရက်ကို စနစ်က ဆုံးဖြတ်ပေးပါမည်။]
[ စနစ် ရန်ပုံငွေ : ၈,၇၉၂ (⬇️၂၉၁,၂၀၈) ]
[ ကိုယ်ပိုင်စည်းစိမ် : ၁၆၀၇.၆ ]
ဖေးချမ့်က စနစ်ရန်ပုံငွေ ယွမ် ၂၉၀,၀၀၀ ကို သုံးစွဲထားပြီးပြီ ဖြစ်ပြီး ယွမ် ၁၀,၀၀၀ သာ ကျန်တော့သည်။
ပန်းချီရင်းမြစ်များ၊ နောက်ခံတီးလုံးနှင့် အသံလုပ်ဆောင်ချက်များ၊ Cloud ဆာဗာများကို ငှားရမ်းခြင်းအပြင် ဖေးချမ့်က ကတ်ဂိမ်းများအတွက် ကျွမ်းကျင်မှု နမူနာတစ်ခုကိုပင် ဝယ်ယူခဲ့ပါသေးသည်။
အစကတော့ ဒါကိုဝယ်ဖို့ အစီအစဥ်မရှိသော်လည်း ဖေးချမ့်က စနစ်ရန်ပုံငွေကို ချန်မထားချင်ပါ။
ဘာပဲဖြစ်ဖြစ် မသုံးစွဲရသေးသည့် စနစ် ရန်ပုံငွေကို သူ့ကိုယ်ပိုင်စည်းစိမ်အဖြစ် ပြောင်းလဲခံရမည် မဟုတ်ပေ။ ဒါက အရှုံးသက်သက်သာ ဖြစ်ပြီး ဖေးချမ့်တစ်ယောက် သည်းခံနိုင်သောအရာမဟုတ်ပါ။
ဤကျွမ်းကျင်မှုစနစ်အစုံကို ဖေးချမ့်သည် ဂိမ်းထဲတွင် ထည့်သွင်းပြီးပြီ ဖြစ်သည်။
ဥပမာအားဖြင့် ကွမ်ယု၏ စကေးက နဂါးစိမ်း လခြမ်းဓားသွားခုတ်ချက်ဖြစ်ပြီး ကျိုးယု၏ စကေးက ရန်သူအားလုံးကို ထိခိုက်မှု ပေးနိုင်သော တောင်စွန်းနီလောင်ကျွမ်းခြင်းဖြစ်သည်။ ရှားဟို့သွမ်း၏ သံမဏိ စိတ်ဓာတ် စကေးကတော့ သူ့အား ခုခံနိုင်စွမ်း အပြည့်အဝနှင့် ထိခိုက်မှု လျှော့ချခြင်းကို အချိန်တိုတစ်ခုအထိ ပေးစွမ်းနိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက တချို့ ကတ်ဂိမ်းစကေးများသာဖြစ်ပြီး အများစုကို သုံးပြည်ထောင် ကတ်ဂိမ်းမှ ကူးယူထားခြင်းဖြစ်၏။ စကေးစနစ်သည်လည်း အကြမ်းဖျင်း တူညီကြသည် ဖြစ်သောကြောင့် စကေးပုံစံခွက် အားလုံးသည်လည်း အတူတူပင် ဖြစ်သည်။
ဖေးချမ့်က စကေးကို ဇာတ်ကောင်မျိုးစုံတွင် ထည့်သွင်းပြီး သူ့ရင်းမြစ်များကို အသုံးချနိုင်ခဲ့ပါသည်။
သို့သော်လည်း ကြားကာလတွင် သူအခက်တွေ့ရသော အလုပ်အားလုံးကို ဖေးချမ့်က မာယန်အား လွှဲပေးခဲ့သည်။
တကယ်တော့ ဖေးချမ့်က မာယန်အား စကေးများကို မှန်မှန်ကန်ကန် ထည့်သွင်းနိုင်ဖို့တောင် မမျှော်လင့်ထားပါ။ တန်ဖိုးများထဲတွင် အမှားတချို့နှင့် bug များ ပါဝင်ပါက အကောင်းဆုံးဖြစ်ပါသည်။
သို့သော်လည်း ဖြစ်ချင်တော့ မာယန်က တာဝန်ကျေပွန်သူ ဖြစ်နေသည်။ သူ စကေးစနစ်ကို ထည့်သွင်းပြီးသွားသောအခါ ဖေးချမ့် စစ်ဆေးကြည့်လိုက်ပြီး ဘာအမှားမှ မတွေ့ရသဖြင့် အံ့အားသင့်ခဲ့ရပါသည်။
သို့သော်လည်း ဒါက သူ့ငွေအရှုံးပေါ်ဖို့ အဓိက အားထားရာ မဟုတ်သဖြင့် ဖေးချမ့် စိတ်ထဲမထားခဲ့ပါ။
နောက်ဆုံးလက်ကျန်တွင် ယွမ် ၈,၀၀၀ တွင် ယွမ် ၃,၀၀၀ က မာယန်၏ လစာဖြစ်ပြီး လကုန်မှ ပေးနိုင်မည်ဖြစ်သည်။
ဖေးချမ့်သည် ကျန်ရှိသည့် ယွမ် ၅,၀၀၀ ကို ဘယ်လိုဖြုန်းတီးရမလဲဟု စဥ်းစားနေ၏။ ရင်းမြစ်ဝက်ဘ်ဆိုက်တွင် နောက်ထပ် ပစ္စည်းများ သွားဝယ်သင့်သည်။ စနစ်ငွေအားလုံးကို အကုန်သုံးရပါမည်။ တစ်ပြားတစ်ချပ်မှ ကျန်လို့ မရပါ။
ဒီလိုမှသာ သူ့ ကိုယ်ပိုင်စည်းစိမ် မြင့်တက်လာမည်ဖြစ်သည်။
သူမိသားစုက သူ့အတွက် မုန့်ဖိုး ၁,၀၀၀ ယွမ် ပို့ပေး၏။
ဖေးချမ့်သည် စနစ်ကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်အနေဖြင့် မုန့်ဖိုးအတွက် သူ့မိသားစုကို အားကိုးရတာ ဘယ်လောက် ရှက်ဖို့ ကောင်းကြောင်းကို မနေနိုင်ဘဲ ငြီးတွားမိပါသည်။
သူက ဇာတ်ကောင်အားလုံးထဲမှာမှ ရှက်စရာ အကောင်းဆုံး ဇာတ်ကောင်ဖြစ်သည်။
အစက ယွမ် ၅၀,၀၀၀ အရှုံးပေါ်အောင် ကြံစည်သော်လည်း ၇၀,၀၀၀ ယွမ် ရလိုက်ပြီး အလဲအထပ်ပြီးနောက် ယွမ် ၇၀၀ သာ ရလိုက်သည်။
သူ့မုန့်ဖိုးထက်ပင် ပိုနည်းနေပါသေးသည်။
ရှက်ဖို့ ကောင်းလိုက်တာ။
သို့သော်လည်း အခုတော့ မတူတော့ပေ။
ယွမ် ၃၀၀,၀၀၀ တောင်။ ဂိမ်းမအောင်မြင်တာနဲ့ အားလုံးကို သူ့ကိုယ်ပိုင်စည်းစိမ်အဖြစ် ပြောင်းလဲနိုင်လိမ့်မည်။ ထိုအခါ ပြောစရာ စကားတစ်လုံးသာ ရှိလာလိမ့်မည်။ မိုက်လိုက်တာ။
ယွမ် ၃၀၀,၀၀၀ စလုံး သူ့အပိုင်ဖြစ်လာတော့မည့်အကြောင်း စဥ်းစားမိသောအခါ ဖေးချမ့်ရင်ထဲတွင် ပီတိများ ဖြာထွက်နေသည်ကို ခံစားမိပါသည်။ တကယ်တော့ အခု အတန်းပင် တက်ချင်လာလေပြီ။
အားလုံးကို ပြင်ဆင်ပြီးပြီဖြစ်ပြီး ဂိမ်းထဲသို့ ပန်းချီရင်းမြစ်များ ထည့်ဖို့သာ စောင့်နေခြင်း ဖြစ်ပါသည်။ ထို့နောက်တွင် ဂိမ်းကို ဖြန့်ဝေဖို့စောင့်ပြီး ဆက်တိုက် အရှုံးပေါ်ဖို့သာ စောင့်ရန်ရှိတော့သည်။ ဒါဆို သူအောင်မြင်ပါပြီ။
...
တစ်ပတ်ကြာသောအခါ။
မျက်လုံးများပတ်လည်တွင် ဧရာမ အနက်ရောင်ကွင်းကြီးများ ပေါ်နေသည့် ရွမ်ကွမ်းကျန့်တစ်ယောက် ဘောပင်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပါသည်။ "ဟုတ်ပြီ အလုပ်ပြီးပြီဟေ့"
သူနောက်လှည့်လိုက်ပြီး တခြားသူများကို ကြည့်လိုက်သည်။ တချို့က ကွန်ပျူတာပေါ်တွင် ဖြစ်သလို အိပ်ပျော်နေကြပြီး တချို့က ကုတင်ပေါ်တွင် အိပ်စက်နေကြ၏။ နိုးနေတာ သူတစ်ယောက်တည်း ရှိပါသည်။
စားပွဲများအောက်တွင် အသင့်စား ခေါက်ဆွဲဗူးခွံများ၊ မုန့်အခွံများစွာ ရှိနေပြီး အားဖြည့်အချိုရည် ဗူးခွံလွတ်များကတော့ စားပွဲအပေါ်တွင် ပြန့်ကျဲနေပါသည်။ အဆောင်တစ်ခုလုံးက ဝံပုလွေသိုက်တစ်သိုက်နဲ့ပင် တူနေပါပြီ။
"ဟူး... အချိန်ကိုက်ပြီးသွားတာပဲ။"
ရွမ်ကွမ်းကျန့်က ဒီလို သမိုင်းဝင် အခိုက်အတန့်မျိုးကို သူနဲ့အတူမျှဝေဖို့ တစ်ယောက်မှ မရှိသဖြင့် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားပါသည်။
သို့သော်လည်း တခြားနည်းလမ်းမရှိပါ။ တခြားသူများက သူ့လိုတက်ကြွမှုမျိုးမရှိဘဲ ဒီလို ဖိအားကြီးကြီးမားမားအောက်တွင် နေ့နေ့ညည အလုပ်လုပ်ရသည့် အခြေအနေများကို ခံနိုင်ရည် မရှိကြပါ။
ကံကောင်းစွာဖြင့် အလုပ်က အချိန်မှီ ပြီးဆုံးသွားပါသေးသည်။
ဒီ့ထက် ပိုပြီး စောစောပြီးနိုင်သော်လည်း ရွမ်ကွမ်းကျန့်က ဒီမူရင်းပန်းချီပုံများအတွက် မျှော်လင့်ချက် မြင့်မြင့်မားမား ထားရှိခဲ့သည်။ သူ မကျေနပ်သည့် နေရာများတွင် ခဏခဏ ပြန်လည်ပြင်ဆင်ခဲ့ရသည်။ ထို့ကြောင့်ပဲ အားလုံး၏ အပြည့်အဝ အားစိုက်ထုတ်မှုနဲ့တောင် အလုပ်က သတ်မှတ်ထားသည့် နောက်ဆုံးနေ့ရက်မှသာ ပြီးဆုံးခဲ့ခြင်း ဖြစ်ပါသည်။
မူရင်းပန်းချီပုံများကို လျှင်မြန်စွာ စစ်ကြည့်ရင်း ရွမ်ကွမ်းကျန့် အတော်လေး ဂုဏ်ယူနေမိပါသည်။
ဒါက အနုပညာပဲ။
ပြီးပြည့်စုံတဲ့ ဂန္တဝင်လက်ရာပဲ။
ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်းကို ၎င်းတို့၏ ကိုယ်ပိုင် ထင်ရှားမှုနှင့် သိသာသည့် စရိုက်များ ပေါ်လွင်အောင် သူကိုယ်တိုင် ခက်ခက်ခဲခဲ ဒီဇိုင်းဆွဲထားခြင်းဖြစ်ပါသည်။ ၎င်းတို့၏ သမိုင်းဝင်ပုံရိပ်များနှင့် လိုအပ်ချက်ဖောင်ထဲက ပြုပြင်ပြောင်းလဲမှုများကော၊ ၎င်းတို့၏ ရိုးရာလက္ခဏာများကိုပါ အပြစ်အနာအဆာ ကင်းစင်စွာဖြင့် ပေါင်းစည်းနိုင်ခဲ့သည်။
တစ်ပုံချင်းစီတိုင်းက ကြည့်ရှုမိသူ၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်စေသည်။
သို့သော်လည်း ဒီမူရင်းပန်းချီပုံများက ရေပန်းစားလာနိုင်သည်ဟုလည်း ရွမ်ကွမ်းကျန့်တစ်ယောက် အာမမခံနိုင်သေးပါဘူး။
ဘာပဲဖြစ်ဖြစ် အလှအပကို ခံစားတတ်ကြပုံကလည်း မတူညီကြသောကြောင့်ဖြစ်ပါသည်။
ကမ္ဘာ့နာမည်အကြီးဆုံး ပန်းချီကားကိုတောင် မလှဘူးဟု ထင်သည့်လူများစွာ ရှိနိုင်သည်။
ဒါက ဂိမ်းများထဲက မူရင်းပန်းချီပုံများအတွက်ဆို ပိုဆိုးပါသေးသည်။ သူတို့ ဘယ်လောက်ပဲ ကြိုးစားပမ်းစား ဆွဲထားပါစေ၊ ဘယ်လောက်ပဲ သူတို့ဒီဇိုင်းက လှပနေပါစေ။ ဂိမ်မာများက ငွေပေးဝယ်ယူလိမ့်မည်ဟု အာမ မခံနိုင်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် ပုံက အနည်းငယ် မှောင်မည်းသည့်ဘက်ရောက်သွားရင်တောင် သဘောမကျမည့်လူများ ရှိနိုင်ပါသည်။
ဘာကြောင့် အဆင့်နိမ့်တဲ့ ဂိမ်းပေါင်းများစွာမှာ ဧရာမ ရွှေတောင်ပံကြီးတွေ ရှိနေတတ်တာလဲ။ သူတို့ ပန်းချီဒီဇိုင်နာချုပ်က သဘောကျလို့လား။ မဟုတ်ပါဘူး။
ဘောစိ ဂိမ်မာများက ဧရာမ ရွှေတောင်ပံကြီးများကို သဘောကျကြပြီး ထိုတောင်ပံကြီးများအတွက် သုံးစွဲကြလိမ့်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် တခြားဂိမ်းကုမ္ပဏီများသာ ဆိုလျှင် ဒီလို မူရင်းပန်းချီပုံများကို သဘောမကျလောက်ပါ။
သို့သော်လည်း အဆိုပါ ထန်းတာ့နက်ခ်ဝါ့နည်းပညာ ကုမ္ပဏီလီမိတက်က ဘော့စ်ဖေးကတော့ ရွမ်ကွမ်းကျန့် ဆန္ဒရှိသလို ဖန်တီးပြီး လွတ်လွတ်လပ်လပ် ဒီဇိုင်းဆွဲနိုင်ကြောင်း သေချာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါသည်။ ထို့ကြောင့် ဒီပုံတွေက ဘာပြဿနာမှ မရှိနိုင်ဘူး မဟုတ်ပါလား။
ရွမ်ကွမ်းကျန့်တစ်ယောက် အားတင်းပြီး ESRO ၏ ရင်းမြစ်ဝက်ဘ်ဆိုက်ထဲ Log-in ဝင်လိုက်ပြီး ဖေးချမ့်ထံသို့ မူရင်းပန်းချီပုံများ ပို့ပေးလိုက်ပါသည်။
"စုစုပေါင်းအစုံ ၅၀ နဲ့ မူရင်းပုံ ၂၀၀ ပါ။ ကျေးဇူးပြုပြီး အတည်ပြုပေးပါဦး။"
စာမပြန်သဖြင့် ဖေးချမ့် လိုင်းပေါ်တွင် မရှိလောက်ဘူးဟု ယူဆလိုက်သည်။
ရွမ်ကွမ်းကျန့်က အချိန်ကို ကြည့်လိုက်ပြီး ကောင်းကင်ကြီးကလည်း စတင် လင်းထင်းလာပါပြီ။ မနက် ၇ နာရီဝန်းကျင်ရှိနေပြီဖြစ်သည်။
ဝက်ပေါင်အသားချောင်းကို ယူလိုက်ပြီး ဖွင့်ကာ ဗိုက်ဖြည့်လိုက်ပြီး ကုတင်ပေါ်တက်ကာ အနားယူလိုက်သည်။
နောက်ဆုံးတော့ သူတို့ အလုပ်ကို ပြီးမြောက်ခဲ့ပါပြီ။ နေ့လည်ခင်း သူနိုးလာတာနဲ့ သူတို့ဘော်ဒါတွေအားလုံး အစားကောင်း အသောက်ကောင်း စားရဖို့ အချိန်ကျပြီဖြစ်သည်။
ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် ရွမ်ကွမ်းကျန့်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါတော့သည်။