← Chapters

အခန်း(၂၃) Group Chat

Vol. 2 Ch. 23

အခန်း(၂၃) Group Chat

Vol. 2 Ch. 23

အခန်း(၂၃) Group Chat

ဟွမ်ကြီးက စိတ်ပူနေ၏။ "အလုပ်ဖြစ်ပါ့မလား။ ဆရာ ချန်းချီက ငါတို့လောကထဲမှာ နာမည်ကြီးဆိုပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကိစ္စကိုတော့ မေ့နေလောက်ပြီနော်။ သူမင်းကို မှတ်မိမယ်ဆိုတာတောင် သေချာရဲ့လား။"

"ပြီးတော့လည်း ဒီနယ်ပယ်ထဲက ဝါရင့်ကြီးတွေက ကြော်ငြာအတွက် စျေးကြီးကြီးတောင်းကြပြီးတော့ သူတို့ ကိုယ်ပိုင်တန်ဖိုးကို လျှော့ချပစ်မှာ မဟုတ်ဘူး။ သူတို့ကို တစ္ဆေစစ်သူကြီးဂိမ်းကို ကူကြော်ငြာပေးဖို့ တောင်းဆိုပြီး ငါတို့ဘက်က ဘာမှ ပြန်မပေးရင်..."

ရွမ်ကွမ်းကျန့်က ခေါင်းခါလိုက်ပါသည်။ "အဲ့လိုတော့ မဟုတ်ဘူးကွ။ ငါလေ့လာထားသလောက်ဆိုရင် အဲ့ဒီ ဝါရင့်တွေက အရမ်း ဆက်ဆံရေးကောင်းကြတယ်။ သူတို့က ပိုက်ဆံပေးရတဲ့ ကြော်ငြာကိစ္စတွေ အများကြီး လုပ်ကြတယ်ဆိုပေမယ့်ဝေ့ပေါ်မှာ တခြားကြော်ငြာတစ်ခုခုကို တင်ဖို့ ကူညီပေးတတ်ကြပါတယ်။”

"အရေးကြီးတာက သူတို့ ငါတို့ရဲ့ လက်ရာကို သဘောကျမလား မကျဘူးလားဆိုတာပဲ။"

"သဘောကျရင် တစ်ယောက်ယောက်ကတော့ သေချာပေါက် Share လုပ်ပေးမှာပဲ။ ဒါပေမယ့် သူတို့ သဘောမကျရင်တော့ ငါတို့ဘာမှမလုပ်နိုင်ဘူးပေါ့။”

ဟွမ်ကြီးက ခေါင်းငြိမ့်လိုက်ပါသည်။ "ငါတို့ ကြိုးစားကြည့်မှပဲ သိနိုင်မယ်ထင်တယ်။"

ရွမ်ကွမ်းကျန့်က Group Chat ကိုဖွင့်လိုက်ပြီး ဟွမ်ကြီးက ကြည့်လိုက်ပါသည်။ အမှန်ပင်။ Group ထဲတွင် ပါရမီရှင်ပေါင်းစုံ ရှိနေပါသည်။

Group ၏ ပိုင်ရှင်က ချန်းချီဟု ခေါ်သော လူတစ်ယောက်ဖြစ်သည်။ သူက နှစ်အနည်းငယ်လောက်တုန်းက ပြည်တွင် မူရင်းပန်းချီပုံ လောကထဲတွင် နာမည်ရလာအောင် လုပ်နိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါသည်။ သူ့ကို အမြဲလိုလို ဂိမ်းများအတွက် Concept ပန်းချီပြိုင်ပွဲများအတွက် ဖိတ်ကြားခံရသည်။ အကဲဖြတ်ဒိုင်အတွက် ပါဝင်ပေးဖို့ ဖြစ်ပါသည်။

Group ထဲက တခြား အက်ဒ်မင်များကလည်း နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

တချို့က ပြည်တွင်း Animation လောကတွင် နာမည်ကြီးကြသည်။

တချို့က Concept ဒီဇိုင်းဆွဲရာတွင် နာမည်ကြီးကြ၏။

ဂိမ်း ဒီဇိုင်နာများ၊ ပရိုဂျူဆာများ၊ ဝတ္ထဆရာများ အစရှိသည်တို့ပင် ရှိကြပါသည်။

သူတို့အားလုံးက ချန်းချီ၏ အဆက်အသွယ်မှ ဖြစ်ကြပြီး အများစုက ပန်းချီဆရာများဖြစ်ကာ ကျန်သူများက ဂိမ်း၊ Animation နှင့် တခြား ကဏ္ဍများမှ ဖြစ်ကြပါသည်။

ရွမ်ကွမ်းကျန့်က ဒီလို နာမည်ကြီးများစွာရှိနေသော  Group ထဲတွင် မက်ဆေ့တစ်စောင် ပို့လိုက်ရုံနဲ့ သူ့ပေါ် တောင်တစ်လုံးလောက် ကြီးမားသော ဖိအားကြီးတစ်ခု ကျရောက်လာသလို ခံစားမိပါသည်။

သူသေချာ စဥ်းစားပြီးပါပြီ။ ဂိမ်းကို ကြော်ငြာပေးဖို့ သူတို့ကို ဒီတိုင်း အကူအညီတောင်းလိုက်ပါက ဘယ်သူမှ လုပ်ကြမည် မဟုတ်ဘဲ သူ့ကိုလည်း ရိုင်းပျသလို ဖြစ်သွားပါစေလိမ့်မည်။

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က စတုတ္ထနှစ် ပန်းချီကျောင်းသား တစ်ယောက်ပါ။ ကျွန်တော် မကြာသေးခင်က မူရင်းပန်းချီပုံတွေ ဆွဲထားပြီး ဝါရင့်တွေဖြစ်ကြတဲ့ အားလုံးရဲ့ အမြင်ကို သိချင်ပြီး ဘယ်လို တိုးတက်အောင် လုပ်ရမလဲဆိုတာလည်း ကြားချင်မိပါတယ်။ အဆင်ပြေမလားဗျ။”

ရွမ်ကွမ်းကျန့်က အလွန်အမင်း ယဥ်ကျေးစွာ ပြောလိုက်ပါသည်။

သူ့ကိုယ်ပိုင်စွမ်းရည်ကို ယုံကြည်ချက်ရှိသော်လည်း နောက်ဆုံးမှာတော့ သူက ဂျူနီယာတစ်ယောက်သာ ဖြစ်ပြီး လိုအပ်လာလျှင် ကျိုးနွံတတ်ရပါမည်။

Group က Active သိပ်မဖြစ်ဘဲ နာမည်ကြီး အများစုက ပညာဖလှယ်ခြင်း သို့မဟုတ် ကြော်ငြာ ကိစ္စများကိုသာ အာရုံစိုက်တတ်ကြသည်။

ထို့ကြောင့် ရွမ်ကွမ်းကျန့်၏ မက်ဆေ့က ချက်ချင်း အပေါ်တက်မလာဘဲ Group Chat  ထဲတွင် အချိန် တော်တော်ကြာကြာ ရပ်တန့်နေခဲ့၏။

၂ မိနှစ်လောက်ကြာသောအခါ။ ပန်းချီဆရာ လျို့ကြီးဟု ခေါ်သော လူတစ်ယောက်က စာပြန်လိုက်ပါသည်။ "ရပါတယ်။ ပို့လိုက်ပါ။"

ရွမ်ကွမ်းကျန့်က သူသဘောကျသော သူ့ပန်းချီပုံတချို့ကို ပို့ပေးလိုက်ပါသည်။ "ကျွန်တော့်ကို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာကြီး”

ပန်းချီဆရာလျို့ကြီးက "စိတ်မပူပါနဲ့။ ငါတို့အားလုံးက နယ်ပယ်ချင်း အတူတူပဲကို။ အပြန်အလှန် ကူညီမှုက ငါတို့ကို အတူတူ တိုးတက်လာစေမှာပါ။ မင်းထက် အရင် နှစ်နည်းနည်းလောက်ပဲ စောပြီး ဒီနယ်ပဲထဲ ငါဝင်ခဲ့တာ"

မိနစ် အနည်းငယ် ကြာပြီးနောက်။

ပန်းချီဆရာလျို့ : "..."

"... ခုနကငါပြောလိုက်တာကို ပြန်ရုတ်သိမ်းတယ်။ မင်းကမှ ဝါရင့်ကွ ဒီအရိပ်တွေ၊ ဒီစတိုင်နဲ့၊ အသေးစိတ်တွေကို ကြည့်ပါဦး။ မင်းက စတုတ္ထနှစ်ကျောင်းသားဆိုတာ သေချာရဲ့လားကွာ။"

သိပ်မကြာခင် တခြားစောင့်ကြည့်နေကြသူများလည်း ထိုဓာတ်ပုံများကို ကြည့်ပြီး ထွက်လာကြပါသည်။

"လူသစ်ဟန်ဆောင်နေတဲ့ နောက်ထပ်ဝါရင့် တစ်ယောက် လာပြန်ပြီလား။ ဒီကောင်က ဒီလောက် စကေးကြမ်းတဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကို လူသစ်လို့ခေါ်နေတယ်။ မင်းက လူသစ်ဆိုရင် ငါက ဘာလဲ။"

"သူ့အခြေက တော်တော် ခိုင်မာတာပဲ။"

"တင်ပြတဲ့ စတိုင်က တော်တော်လေး ထူးခြားတယ်။ အဲ့ဒီနဂါးက ကွမ်ယုလား။ စတိုင်ကြောင့် တော်တော်လေး ဆန်းသစ်ထားတယ်လို့ ထင်ရပေမယ့် အရုပ်ဆိုးတယ်လို့ မထင်ရဘဲ ပုံမှန်အတိုင်းပဲ။"

"တကယ် ထူးခြားတဲ့ ခံစားချက်မျိုးပဲ။ ဇာတ်ကောင်ဖြစ်ဖြစ် နောက်ခံဖြစ်ဖြစ် အားလုံးက ခမ်းနားနေတာပဲကွာ။"

"လူသစ်တွေ အကုန်လုံးက ဒီလောက်တောင် ကြမ်းလာကြတာလား။"

"ဒီအဆင့်နဲ့ မူရင်းပန်းချီတစ်ခုအတွက် အထင်အမြင်ကိုတောင် မပေးနိုင်တော့ဘူး။ ဒါက ပါရမီပါတာပဲ။"

"နိုင်ငံခြားဝါရင့်တစ်ယောက်ရဲ့ ခံစားချက်မျိုးတောင် ပေးစွမ်းနေတယ်။ Fantasy World ရဲ့ မူရင်းပန်းချီပုံတွေကတောင် ဒီလောက်ထိ မမိုက်ဘူး။"

"အင်း ပြီးပြည့်စုံတယ်လို့တော့ မဟုတ်ပါဘူး။ တချို့ အသေးစိတ်တွေမှာ တိုးတက်အောင် လုပ်လို့တော့ ရသေးတယ်... ဒါပေမယ့်လည်း သေချာပါတယ် ငါနဲ့ ပြိုင်ရင် နိုင်နိုင်လောက်တယ်..."

ရွမ်ကွမ်းကျန့် ပို့လိုက်သည့် ပုံအနည်းငယ်ကြောင့် Group တစ်ခုလုံး ပွက်လောရိုက်သွားခဲ့ပါသည်။

အားလုံးက ကျွမ်းကျင်သူများဖြစ်သဖြင့် သာမန်လူများ မလုပ်နိုင်လောက်သည့် အရည်အသွေးမျိုးကို သူတို့ မြင်နိုင်ပါသည်။

လူအများစုက ဘာနဲ့တူသလဲ ဘယ်လောက် တိကျသလဲ ဆိုတာကိုသာ ကြည့်တတ်ကြသည်။ အများဆုံး ၎င်းတို့၏ အမြင်ဖြင့်သာ ကြည့်တတ်ကြသည်။

သို့သော်လည်း ကျွမ်းကျင်သူများကတော့ အရိပ်များ၊ အသေးစိတ်နှင့် ပန်းချီ စတိုင်များကို ကြည့်တတ်ကြပါသည်။

တစ်နည်းအားဖြင့် သာမန်လူတွေအတွက် ဆင်တူညီသည့် ပန်းချီပုံနှစ်ပုံ၏ ခြားနားချက်ကို မပြောပြနိုင်လောက်ပါ။ သို့သော်လည်း ကျွမ်းကျင်သူများက ပန်းချီဆရာများ၏ စွမ်းရည်ခြားနားမှုကို ချက်ချင်း သဘောပေါက်သွားနိုင်ပါသည်။

လောလောဆယ် ရွမ်ကွမ်းကျန့် ပို့လိုက်သည့် ပန်းချီပုံများက ဒီဝါရင့်ကြီးများ ပြောပုံအရဆို အထွတ်အထိပ် အဆင့်ထိ ရောက်နေပါပြီ။

"မိုက်လိုက်တာ အဓိကအချက်က စိတ်ကူးယဥ်နိုင်စွမ်းပဲကွ။"

"သမိုင်းကြောင်းထဲက ရှိပြီးသား ဇာတ်ကောင်တွေကို အသုံးချပြီး ဆန်းသစ်တာ တစ်ခုခု တီထွင်ဖို့ဆိုရင် ရဲတင်းတဲ့ စိတ်ကူးယဥ်နိုင်စွမ်း ရှိရမယ်။ ပြီးတော့ အဲ့ဒီ စိတ်ကူးယဥ်နိုင်စွမ်းကို တိကျတဲ့ ပုံတစ်ခုအဖြစ် ပြောင်းလဲနိုင်ဖို့ မွေးရာပါ ပါရမီနဲ့အတူ အရမ်းခိုင်မာတဲ့ အခြေခံလည်း ရှိရမယ်ကွ။”

"ဒီမူရင်းပန်းချီပုံကို ဂိမ်းအဖြစ် ဖန်တီးနိုင်ရင် ကောင်းမှာပဲ။”

ထိုမက်ဆေ့ကို ပို့သူက တခြားသူမဟုတ်ဘဲ Group Chat ပိုင်ရှင်၊ ပြည်တွင်း ဂိမ်းလောကထဲက နာမည်ကျော် Concept ပန်းချီဆရာ ချန်းချီပဲ ဖြစ်ပါသည်။

သူ ခဏလောက် ရပ်တန့်သွားပြီးနောက် မေးလိုက်သည်။ "မိတ်ဆွေ မင်းဘယ်တုန်းက Group ထဲ ဝင်ထားတာလဲ။ ငါသိပ်မမှတ်မိဘူး...."

ရွမ်ကွမ်းကျန့်၏ နှုတ်ခမ်းတွန့်သွားသည်။ တကယ်ပဲ ချန်းချီ သူ့ကို မေ့သွားပါပြီ။

ဘာပဲဖြစ်ဖြစ် လွန်ခဲ့သော တစ်နှစ်လောက်ကမှ အခွင့်အရေးရကာ Group ထဲသို့ ဝင်နိုင်ခဲ့ပြီး ထိုကတည်းက ဘာမက်ဆေ့မှလည်း မပို့ဖူးခဲ့ပါ။ နောက်ပိုင်း ထပ်ဝင်လာသူများလည်း ရှိသဖြင့် ချန်းချီတစ်ယောက် ရွမ်ကွမ်းကျန့်အကြောင်း မေ့သွားတာ တော်တော်ကြာလောက်ပါပြီ။

သို့သော်လည်း အရေးမကြီးပါ။ ပန်းချီဆရာ တစ်ယောက်အတွက် အရေးအကြီးဆုံးအရာက သူ့အလုပ်အတွက် သူ့ဖာသာသူ ပြောတတ်ဖို့ ဖြစ်သည်။

ပုံများကို ပို့လိုက်သောအခါ Group ထဲက လူအားလုံးက ဒီပါရမီရှိသော လူသစ်ပန်းချီဆရာလေး ရွမ်ကွမ်းကျန့်အကြောင်းကို သိသွားကြပြီဖြစ်သည်။

"ညီလေး မင်းဘွဲ့ရပြီးရင် ငါ့ကုမ္ပဏီကို လာခဲ့မလား။ သေချာပေါက် သာမန်လူတွေထက် ပိုမြင့်တဲ့ လစာနဲ့ အကျိုးခံစားခွင့်တွေကို ပေးမှာပါကွ။”

"မင်းငါ့ဆီကို လာသင့်တယ်။ ငါတို့မှာ ဂိမ်းပရောဂျက်တွေလည်း ပိုများပြီး ဘောနပ်စ်တွေ ပိုမြင့်တော့ ငါတို့နဲ့ ပိုခရီးရောက်နိုင်တယ်။"

Group ထဲမှ လူများက သူ့ကို စတင်ဆွဲခေါ်နေကြပါပြီ။

ရွမ်ကွမ်းကျန့် ဘဝင်မြင့်သွားမိပါသည်။ သူ့ပန်းချီကို ဒီလောကထဲက ဝါရင့်ကြီးများက အသိအမှတ်ပြုခြင်းက သူ ဂုဏ်ယူသင့်သောအရာပဲဖြစ်ပါသည်။

တကယ်တော့ ဒီမူရင်းပန်းချီပုံများကို မဆွဲသားခင်က သူ့ရဲ့ ဖန်တီးနိုင်စွမ်းရှိသော စတိုင်လ်ကို အသိအမှတ်ပြုပြီး နာမည်ကြီးလားနိုင်မလားဆိုတာကို သူ ယုံကြည်ချက် မရှိခဲ့ပါ။

ဆင်တူညီသော တခြားနယ်ပယ်များတွင်လည်း ထိုနည်းလည်းကောင်းဖြစ်ကြသည်။ စာအုပ်တစ်အုပ် သို့မဟုတ် ရုပ်ရှင်တစ်ကားကို မထုတ်လုပ်ခင် ဘယ်သူကမှ ကောင်း မကောင်း မခန့်မှန်းနိုင်ကြပါ။

ဒီလို မူရင်းပန်းချီပုံများလို အလှအပက အမြင်ကွဲပြားနိုင်သည့် အရာများက ပို၍ပင် ဆိုးပါသေးသည်။

သို့သော်လည်း ဒီဝါရင့်ကြီးများ၏ ဝေဖန်စကားကြောင့် ရွမ်ကွမ်းကျန့်တစ်ယောက် သူ့စွမ်းရည်ကိုသူ ခိုင်ခိုင်မာမာ ယုံကြည်ချက် ရှိသွားစေပါသည်။

သို့သော်လည်း ဒီကို ဘာကြောင့်လာခဲ့ရသလဲ ဆိုသည့် ရည်ရွယ်ချက်ကိုတော့ မမေ့သေးပါ။

"တကယ်တော့ ဒီမူရင်းပန်းချီပုံတွေကို တစ္ဆေစစ်သူကြီးလို့ခေါ်တဲ့ ဂိမ်းတစ်ခုအတွက် ဖန်တီးထားတာပါ။”

ရွမ်ကွမ်းကျန့်က စာဆက်ရိုက်သည်။ "ဒါပေမယ့် လောလောဆယ် ဂိမ်းမှာ ပြဿနာနည်းနည်းရှိတယ်။ အဲ့တာကြောင့် ခင်ဗျားတို့ကို အကူအညီလာတောင်းရတာပါ။"

ချန်းချီက ပြန်ပြောလိုက်၏။ "ဘာဖြစ်လို့လဲ။"

ရွမ်ကွမ်းကျန့် ပြောလိုက်သည်။ "ဟူး... ဒီဂိမ်းကို သဘောထားပြည့်ဝတဲ့ ကုမ္ပဏီအသေးလေးတစ်ခုက ဖန်တီးထားတာပါ။ သူတို့မှာ ပိုက်ဆံသိပ်မရှိဘဲ အကုန်လုံးကို ဂိမ်းရဲ့ အရည်အသွေးပိုင်းမှာပဲ အကုန်သုံးထားတာ။ နောက်ဆုံးတော့ ကြော်ငြာဖိုးတောင် မချန်နိုင်ဘဲ အကုန်လုံးကို သုံးခဲ့ရတယ်လေ။"

"အဲ့တာကြောင့် ဝါရင့်ကြီးတွေအားလုံး ဒီဂိမ်းကို ကြော်ငြာပေးနိုင်မလားလို့ မျှော်လင့်မိတာပါ။ဝေ့ပေါ်မှာ ဒီတိုင်း ရိုးရိုးရှင်းရှင်း Share လုပ်ပေးရင်တောင် အဆင်ပြေပါတယ်။"

ချန်းချီ။ "Weibo မှာ Share ရုံပဲလား။ ရတာပေါ့။ လွယ်လွယ်လေးပဲကို။ ဂိမ်းနဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီနာမည်က ဘာလဲ။"

ရွမ်ကွမ်းကျန့်က ပြန်ပြောလိုက်သည်။ "တစ္ဆေစစ်သူကြီးပါ။ ထန်းတာ့ နက်ခ်ဝါ့နည်းပညာကုမ္ပဏီလိမိတက်က ထုတ်လုပ်တာပါ။"

"ထန်းတာ့ဟုတ်လား။ ထန်းတာ့... ဘာလို့ အရမ်းကြားဖူးသလို ဖြစ်နေပါလိမ့်..." ချန်းချီ စိတ်ဝင်စားသွားသည်။

All Chapters