← Chapters

အခန်း(၂၅) ဂဏန်းတွေ ဘာဖြစ်နေကြတာလဲ

Vol. 2 Ch. 25

အခန်း(၂၅) ဂဏန်းတွေ ဘာဖြစ်နေကြတာလဲ

Vol. 2 Ch. 25

အခန်း(၂၅) ဂဏန်းတွေ ဘာဖြစ်နေကြတာလဲ

မာယန် အခက်တွေ့နေသည်။

"ယောက်ဖချမ့်။ ... ငါတို့ဂိမ်းက တကယ်ပဲ အဲ့လောက် စုတ်တာလား။ ဘယ်သူမှလည်း တက်တက်ကြွကြွ မရှိကြဘူးနော် ... "

"ဂိမ်းသစ်တစ်ခုကို ဖြန့်ဝေရင် တစ်ရက်တည်းနဲ့ ဒေါင်းလုတ်တွေ သောင်းနဲ့ချီပြီး ရတတ်ကြတယ်။ ငါတို့ဂိမ်းကျတော့ ဘာလို့ ဆယ်ကျော်ကျော်လေးပဲ ရနေတာလဲ ... "

မာယန် တော်တော်လေး စိတ်မကောင်းဖြစ်နေပါသည်။

ဂိမ်းကို တင်လိုက်ပြီးကတည်းက ဒေါင်းလုတ် ပမာဏနှင့် ကစားသမားများ၏ Review ကို စစ်ကြည့်ဖို့အတွက် စာမျက်နှာကို Refresh ခဏခဏ လုပ်နေခဲ့သည်။

သို့သော်လည်း တစ်နာရီအကြာ...

သုံးနာရီအကြာ...

ငါးနာရီအကြာ...

ကိန်းဂဏန်းများက ဘာမှ မပြောင်းလဲ သလောက်ပင်။

အဘယ့်ကြောင့်ဆိုသော် တစ္ဆေစစ်သူကြီးက ညွှန်းဆိုသော စာရင်းတွင် နေရာသေးသေးလေးသာ ရထားပြီး ခေါင်းစဥ်တစ်ခုတည်းနဲ့ ဘာမှဆွဲဆောင်မှုမရှိဘဲ လှပသည့် ကြော်ငြာ ဓာတ်ပုံများပင် မရှိသောကြောင့် ဘယ်သူက သတိတောင် ထားမိမှာလဲ။

အထီးကျန်ကန္တာရလမ်းကို ဆရာချောင်းက ရှာတွေ့ခဲ့ခြင်းဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူက တစ်ကိုယ်တော်ဂိမ်းများကို ဝေဖန်သည့် UP မာစတာတစ်ယောက်ဖြစ်ပြီး ပုံမှန်အတိုင်း ဂိမ်းသစ်များကို ရှာဖွေတတ်သူဖြစ်သောကြောင့် ဖြစ်ပါသည်။

ဒါက ခြွင်းချက်များထဲက ခြွင်းချက်ဟု ပြောနိုင်ပါသည်။

မိုဘိုင်းဂိမ်မာအများစုက အလွန်အမင်း ရေပန်းစားနေသော သို့မဟုတ် ချီးကျူးခံရသော ဂိမ်းများ မဟုတ်ပါက မိုဘိုင်းဂိမ်းသစ်များကို ရှာဖွေလေ့ မရှိကြပါ။

တစ္ဆေစစ်သူကြီးလို မိုဘိုင်းဂိမ်းသစ် တစ်ခုအတွက် အောက်ခြေအထိ တိမ်ကော ပျောက်ကွယ်သွားနိုင်ချေက မားကတ်တင်း အစီအစဥ်ဘာမှမရှိပါက ၁၀၀ ရာခိုင်နှုန်း သေချာနေပါသည်။

"ဘာမှ မဖြစ်ပါဘူး။ ဂိမ်းသစ်တွေက ဒီလိုပဲလေ။ ငါတို့ စောင့်ကြည့်ဖို့ပဲ လိုတာပါ" ဖေးချမ့်က နှစ်သိမ့်ပေးလိုက်၏။

စောင့်ကြည့်မယ်ဟုတ်လား။

သေချာတာပေါ့။

ဖေးချမ့်က အပြင်ပိုင်းမှာတောာ့ မာယန်လို စိတ်ပူနေသည့်ပုံပေါက်သော်လည်း ရင်ထဲမှာတော့ ပီတိဖြစ်နေခဲ့တာကြာပါပြီ။

ဒေါင်းလုတ်ဆွဲသူမရှိတာ သာမန်ပဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီဂိမ်းက အစအနပင် ပေါ်မလာသဖြင့် ကစားသမားများက ဘယ်ကရောက်လာကြမည်နည်း။

ရက်အနည်းငယ်ကို မဆိုဦးနှင့်။ တစ်ပတ်လောက် သို့မဟုတ် တစ်လလောက် ကြာသွားရင်တောင် ဒီဂိမ်းက ဒီတိုင်းပဲ ရပ်တန့်နေပါလိမ့်မည်။

ဖေးချမ့်က တတ်နိုင်သမျှ ရက်သတ္တပတ်ကို အမြန်ဆုံး ကုန်ဆုံးဖို့ စောင့်နေမိပါသည်။ တဖြည်းဖြည်းနဲ့ တစ္ဆေစစ်သူကြီးဂိမ်းက ဂိမ်းပလက်ဖောင်း၏ ညွှန်းဆိုနေရာမှ ကျသွားပြီး ရေပန်းစားမှုလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။ ဒီလိုဆို စနစ်၏ ငွေစာရင်းရှင်းသည့် အချိန် ရောက်သောအခါ စနစ်ရန်ပုံငွေ ၃၀၀,၀၀၀ ကို သူ့ကိုယ်ပိုင်စည်းစိမ်အဖြစ် အပြည့်အဝ ပြောင်းလဲပေးနိုင်ပါလိမ့်မည်။

ကောင်းလိုက်တာ။

ဖေးချမ့်၏ နှစ်သိမ့်မှုက ဘာမှအာနိသင် သိပ်မရှိဘဲ မာယန်က စိတ်ဓာတ်ကျနေဆဲဖြစ်ပါသည်။

"ဟူး ဂဏန်းတွေကို ထပ်စစ်ကြည့်ပါရစေဦး။ ၃ နာရီကျော်သွားပြီဆိုတော့ ပြောင်းလဲမှု နည်းနည်းတော့ ရှိရင် ရှိမှာပါ" မာယန်က ESRO ၏ တရားဝင်ဂိမ်းပလက်ဖောင်းကို ဖွင့်ကာ တစ္ဆေစစ်သူကြီးဂိမ်းကို ရှာလိုက်သည်။

ဂိမ်း၏ အချက်အလက် စာမျက်နှာသို့ ရောက်သောအခါ မာယန် ကြက်သေသေသွားရသည်။

သူအမြင်မှားနေသလားဟု ထင်ကာ မျက်လုံးကို ပွတ်ကြည့်လိုက်သည်။

အရင်တုန်းက မကြာခဏ စစ်ကြည့်ခဲ့တုန်းကတော့ ဒေါင်းလုတ်ပမာဏက ဆယ်ဂဏန်းသာ ရှိခဲ့သည်။ သို့သော်လည်း ရုတ်တရက်ကြီး ၂,၀၀၀ ကျော်တက်သွားခဲ့ပါသည်။

မာယန်က သူအမြင်မှားနေသည်ဟု ထင်ခဲ့မိသည်။ သို့သော် ကစားသမားများ၏ Rating နှင့် Reviews များကို စစ်ကြည့်သောအခါ အစစ်အမှန်ဖြစ်ကြောင်း သိလိုက်ရပါသည်။

ဂိမ်မာ အုပ်စုတစ်စုက တကယ်ပဲ ဂိမ်းကို ရှာတွေ့သွားခဲ့ကြပါပြီ။

မာယန် ပထမဆုံး စစ်ဆေးကြည့်တာက ဂိမ်း၏ Rating ပဲဖြစ်၏။ အလွန်ကောင်းမွန်သော ၉.၇ ဖြစ်ပါသည်။

အစကတော့ တစ္ဆေစစ်သူကြီး၏ Review အပိုင်းက လုံးဝ ကွက်လပ် ဖြစ်နေခဲ့ပါသည်။ သို့သော်လည်း အခုတော့ Review ရာချီနေပါပြီ။

"ဒီဂိမ်းက ဘာလို့ ၁၀ ယွမ်နဲ့ ရောင်းတာလဲ။ သုံးပြည်ထောင်ကတ်ဂိမ်းထက်တောင် ပိုစျေးကြီးတယ်ဟ။ ဘာလဲကွ။"

"အပေါ် ကောမန့်ကကောင်။ မင်းဂိမ်းကို မဆော့ကြည့်ရသေးဘူးမလား။ ဒီ ၁၀ ယွမ်ကို စျေးကြီးလွန်းတယ်လို့ အထွန့်တက်နေတာလား။ တကယ်က စျေးပေါလွန်းတာကွ။"

"ငါ ခဏလောက် ကစားကြည့်လိုက်တော့ သဘောထားပြည့်ဝမှုတွေနဲ့ ပြည့်နှက်နေတဲ့ မိုဘိုင်းကတ်ဂိမ်းမှန်း သိလိုက်ရတယ်။ အဓိက အချက်က ဂိမ်းက ရောင်းတဲ့ ရာသက်ပန် မန်ဘာဝင် ကတ်တစ်ခုပဲရှိတယ်။ ဂိမ်းရဲ့ စျေးနဲ့ ပေါင်းလိုက်ရင် ဘာမဟုတ်တဲ့ ယွမ် ၄၀ ပဲကျတာကွ။”

"ယွမ် ၄၀ ပေးပြီး ငွေဖြည့်တာတွေ Paywall တွေမရှိဘဲ အားလုံးနဲ့ တန်းတူညီ ကြိုက်သလောက် ကစားလို့ရတယ်။ ငါကြိုက်တယ်ကွာ။ ဒါ မိုဘိုင်းကတ်ဂိမ်းတောင် ဟုတ်ရဲ့လား။"

"ဒီဂိမ်းရဲ့ အရည်အသွေးကလည်း မဆိုးပါဘူး။ မိုဘိုင်းကတ်ဂိမ်း ပရိတ်သတ်တစ်ယောက် အနေနဲ့ ထူးခြားတဲ့ ဂိမ်းတစ်ခုကို ငါတွေ့ခဲ့ပြီ။”

"အမှတ်တရ ဖြစ်စရာတွေက အထဲက ဇာတ်ကောင်တွေပဲ ဒီလိုထူးခြားတဲ့ ပုံစံမျိုးနဲ့ သုံးပြည်ထောင်ဇာတ်ကောင်တွေကို ဆန်းသစ်တာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ လုံးဝ ယုံနိုင်စရာ မကောင်းဘူးကွာ။ ဒါပေမယ့် အဲ့ဒီ အဓိပ္ပာယ်မရှိမှုတွေကြားထဲမှာ လန်းဆန်းတဲ့ ခံစားချက်တစ်ခုတော့ ရရှိစေတယ်။"

"မူရင်းပန်းချီပုံက တော်တော်မိုက်တယ်။ မူရင်း ပန်းချီပုံတွေကြောင့်ပဲ ငါဂိမ်းကို ပိုက်ဆံပေးချင်လာပြီ။ ဘာဖြစ်တယ် ဂိမ်းထဲမှာ ပိုက်ဆံသုံးလို့မရဘူးလား။ ဒါဆိုလည်း ကြယ် ၅ ပွင့် Review ပဲ ပေးရတော့မှာပေါ့လေ။"

မာယန်၏ လက်ချောင်းများက စိတ်လှုပ်ရှားမှုများကြောင့် တုန်ယင်နေခဲ့သည်။ Review များကို တစ်မျက်နှာချင်း ဖတ်ပြီးသွားသောအခါ မကောင်းသည့် Review တစ်ခုတစ်လေတောင်မှ မတွေ့ခဲ့ရပါ။

မူရင်းပန်းချီပုံများက လှပပြီး သင့်တင့်မျှတသည့် စျေးနှုန်းကြောင့်ပဲ မကောင်းသည့် Review မရှိတာ မဟုတ်ပါဘူး။ အရေးအကြီးဆုံး  အကြောင်းပြချက်က ကစားသမား ပထမအသုတ်မှာ မူရင်းပန်းချီပုံများကြောင့် ရောက်လာခြင်း ဖြစ်ပါသည်။

ချန်းချီ၏ Group ထဲက ပန်းချီဆရာများက ၎င်းတို့၏ဝေ့ပေါ်တွင် ပုံများကို Share ပြီးသောအခါ အလွန်အမင်း နွေးထွေးသော တုန့်ပြန်မှုကို ရခဲ့ပြီး ဂိမ်းနာမည်ကို ရှာဖွေရင်း ဒီကို ရောက်လာကြခြင်း ဖြစ်ပါသည်။

တစ္ဆေစစ်သူကြီး ဂိမ်းမှာ တစ်ကိုယ်တော်ဂိမ်း သို့မဟုတ် ကျယ်ပြန့်သည့် အွန်လိုင်းဂိမ်း မဟုတ်သဖြင့် လူအများစုက သဘောမကျသော်လည်း ဂိမ်းကို စကစားကြည့်လိုက်သောအခါ မကောင်းသည့် Review မပေးနိုင်ကြတော့ပါ။

အဘယ့်ကြောင့်ဆိုသော် ဂိမ်းက တကယ်ပဲ သဘောထား ပြည့်ဝသောကြောင့် ဖြစ်ပါသည်။

ပန်းချီပဲဖြစ်ဖြစ် ဂီတရင်းမြစ်တွေပဲဖြစ်ဖြစ် အရည်အသွေးက ကောင်းမွန်သည်။ ကုန်ကျမှုက ဖေးချမ့်အတွက် ပြဿနာ မဟုတ်ဘဲ ပထမဆုံး တုန့်ပြန်မှုကလည်း ကောင်းမွန်သည်။

Paywall လည်း မရှိသည့်အတွက်ကြောင့် ကစားသမားများစွာက ဂိမ်းကို ပိုသဘောကျသွားကြပါသည်။

ထို့ကြောင့် ပထမ ဂိမ်မာတစ်သုတ်က ကစားကြည့်ပြီး စကားဖြင့် ကြော်ငြာပေးပြီးနောက် တစ္ဆေစစ်သူကြီးဂိမ်းမှာ Review ကောင်းများဖြင့် ဗြောင်းဆန်သွားရ၏။

မာယန်က အပေါ်ဘက် ကုတင်မှ ခေါင်းပြူကြည့်ပြီး ဖေးချမ့်ကို ပြောလိုက်သည်။ "ယောက်ဖချမ့် ငါတို့လုပ်နိုင်ခဲ့ပြီကွ။ ငါတို့ဒေါင်းလုတ်ပမာဏတွေ တက်လာပြီး ကြယ် ၅ လုံး Review တွေလည်း အများကြီးပဲ။”

"ဖွီးးး"

ဖေးချမ့်က ရေသောက်နေရင်း သီးသွားကာ တစ်မိနစ်လောက် ချောင်းဆိုးသွားပါသည်။

"မင်း ဘာပြောလိုက်တယ်" သူ နားကြားမှားသည်ဟုပင် ထင်သွားခဲ့၏။

မာယန်က ပျော်ရွှင်စွာ ထပ်ပြောလိုက်သည်။ "ငါတို့ အခု ဒေါင်းလုတ် ၂,၀၀၀ ကျော်ရသွားပြီကွ။ ပြီးတော့လည်း အားလုံးက ဂိမ်းကို Review ကောင်းတွေပေးကြပြီး ငါ့ဇာတ်ကောင် ဒီဇိုင်းတွေကို ချီးကျူးတဲ့လူတွေတောင် ရှိတယ်။"

ဖေးချမ့် လုံးဝ ရီဝေသွားပါသည်။

ဒေါင်းလုတ်က ၂,၀၀၀ ကျော််သွားပြီ ဟုတ်လား...။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဂိမ်မာတွေက ဒီဂိမ်းအကြောင်းကို ဘယ်ကနေ ကြားသွားတာလဲ။

ပြီးတော့ အကုန်လုံးက ကြယ် ၅ လုံး Review  တွေ ပေးကြတယ်တဲ့လား။

အဓိပ္ပာယ်မရှိတာ၊ ဂိမ်းကို လူတိုင်းသုံးလို့ရတဲ့ မိုဘိုင်းဂိမ်းနမူနာနဲ့ လုပ်ထားပြီး ဂိမ်းကစားနည်းကလည်း ဘာမှ ထူးခြားမှုမရှိဘူးလေ။ ဘာဖြစ်လို့ ကြယ် ၅ လုံး Review တွေ ရသွားတာလဲ။

တခြားသူများ၏ ဂိမ်းသာဆို ဖေးချမ့်၏ ပထမဆုံး အတွေးက ထိုဖန်တီးသူများက ကိုယ့်ဖာသာကို Like နှင့် Review များ ဝယ်ယူခဲ့တာဟု ထင်နိုင်သည်။

သို့သော်လည်း ဒါက သူ့ဂိမ်းစစ်စစ်ဖြစ်၏။

သူ ဘာ Review မှ ဝယ်မထားတာကို သူ့ထက်ပိုပြီး သိနိုင်မည့်သူ မရှိပေ။

သူ့ပိုက်ဆံတွေ အကုန်လုံးကို သုံးပြီးသားဖြစ်သဖြင့် ဘယ်လိုလုပ်ပြီး Review တုတွေ ဝယ်ယူဖို့ ကျန်ဦးမည်နည်း။

ထို့အပြင် သူ့မှာ ပိုက်ဆံကျန်သေးရင်တောင် ဖေးချမ့် မလုပ်ချင်ပါ။ သူအဖြစ်စေချင်ဆုံးအရာက ဂိမ်းကို တိုးတိုးတိတ်တိတ်လေး ပျောက်ကွယ်သွားစေဖို့ ဖြစ်သည်။ ဒီလောက် ရေပန်းစားစေမည့် လုပ်ရပ်မျိုး သူ ဘယ်လိုလုပ် လုပ်နိုင်မည်နည်း။

တခြားကုမ္ပဏီတွေကများ Review တုတွေ ဝယ်ပြီး ဂိမ်းမှားပြီး ပေးမိတာလား။

ဒါလည်း မဖြစ်နိုင်လောက်ပါ။ သူများဂိမ်းကို မှားပြီးတော့ Review ပေးရလောက်အောင် ညံ့ဖျင်းသည့် ဝန်ဆောင်မှုမျိုး ရှိနိုင်ပါ့မလား။

မဟုတ်မှလွဲရော... အရင်တစ်ခေါက်ကလို မတော်တဆမှုမျိုး ထပ်ဖြစ်ပြန်ပြီလား ။

ဖေးချမ့်တစ်ယောက် ESRO ၏ ရင်းမြစ်ဝက်ဘ်ဆိုက်ထဲ ဝင်လိုက်ပြီး ဂိမ်း၏ ဒေါင်းလုတ် နံပါတ်များကို စိုက်ကြည့်လိုက်သည်။

မာယန်သူ့ကို လိမ်နေတာမဟုတ်ပါ။ တကယ်ပဲ ဆောင့်တက်သွားခဲ့ပါသည်။

ထို့အပြင် ကစားသမားများ၏ Review များကလည်း Review တု ပေးသူများ ရေးမည့် စာသားများအတိုင်းပင်။ အားလုံးက တစ္ဆေစစ်သူကြီးဂိမ်းကို သဘောထား ပြည့်ဝသည့်အတွက် ချီးကျူးနေကြ၏။

ဒေါင်းလုတ် နံပါတ်များက ဂိမ်းထဲက ရာသက်ပန် မန်ဘာဝင်ကတ်ကို ဝယ်ယူသည့် လူအရေအတွက် နှင့်အတူ ဆက်တိုက် တက်နေဆဲ ဖြစ်ပါသည်။

ဖေးချမ့် လုံးဝ ကြက်သေသေလျက် ခုန်တက်နေသော ဂဏန်းနှစ်ခုစလုံးကို ကြည့်နေမိသည်။

(ဒီလောကကြီး ဘာတွေဖြစ်နေတာလဲ)

(ဒီတစ်ခေါက်ကော ဘာဖြစ်ရပြန်ပြီလဲ)

သူ့ အမြင်အာရုံ မှောင်မိုက်လာပြီး ဖေးချမ့် ကုတင်ပေါ်  ပြန်မှောက်သွားတော့သည်။

All Chapters