အခန်း(၂၇) အရှုံးပေါ်ဖို့ မအောင်မြင်မှဖြစ်မယ်
Vol. 2 Ch. 27
အခန်း(၂၇) အရှုံးပေါ်ဖို့ မအောင်မြင်မှဖြစ်မယ်
"ဂုဏ်ယူပါတယ်။ သင့်ဂိမ်း တစ္ဆေစစ်သူကြီးက တစ်လတာ ရေပန်းအစားဆုံး ဂိမ်းသစ်၏ ညွှန်းဆိုနေရာကို ရောက်ရှိသွားပါပြီ။ ကျေးဇူးပြုပြီး ဂိမ်း၏ Version ကို Update မပြုလုပ်ပါနှင့်။ မဟုတ်ပါက ဂိမ်းကစားခြင်းရသကို bug တချို့က သက်ရောက်မှုရှိနိုင်ပါသည်။”
ထိုမက်ဆေ့ချ်ကို မြင်လိုက်ရသောအခါ ဖေးချမ့် နှလုံးခုန်နှုန်းရပ်တန့်သွားသလိုပင်။
လာပြန်ပြီ၊ လုပ်ပြန်ပြီကွာ။
ပြဿနာတွေက အမြဲတမ်း အတွဲလိုက် ရောက်လာတတ်တယ်။ ကွင်းဆက် တုန့်ပြန်မှုပဲ။
တကယ်တော့ အထီးကျန်ကန္တာရဂိမ်းဖြစ်ဖြစ် တစ္ဆေစစ်သူကြီးဂိမ်းဖြစ်ဖြစ် ၎င်းတို့၏ ရေပန်းစားမှုက မယုံကြည်နိုင်စရာကောင်းလောက်အောင် သေးငယ်သော လုပ်ရပ်များမှ စတင် ပြန့်ပွားလာခဲ့ခြင်း ဖြစ်
ပေသည်။
အထီးကျန်ကန္တာရလမ်းက ဆရာချောင်းမှ ဝေဖန်ရေး ဗီဒီယိုတစ်ခု ပြုလုပ်လိုက်သဖြင့် ရေပန်းစားလာရခြင်းဖြစ်ပြီး တစ္ဆေစစ်သူကြီးကတော့ ရွမ်ကွမ်းကျန့်က သူ့မူရင်းပန်းချီပုံများကို ပန်းချီဆရာ အသိုင်းအဝိုင်းတွင် ပို့စ်တင်လိုက်သောကြောင့် ရေပန်းစားခဲ့ရခြင်း ဖြစ်ပါသည်။
ဒီလောက်သာဆို အကျိုးဆက်များက ဒီလောက်ထိ ပြင်းထန်နေမည် မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် ထိုလုပ်ရပ်များကြောင့် သက်ရောက်မှုရှိသော လူက အနည်းစုသာ ဖြစ်သည်။
၎င်းတို့၏ ရေပန်းစားမှုကို ဆက်လက် မထိန်းသိမ်းနိုင်ပါက ဂိမ်းများက အောက်ဆုံးထိ ပျောက်ကွယ်သွားရမည်ဖြစ်သည်။
သို့သော်လည်း ဖေးချမ့် ဒီလောက် ဆိုးဆိုးရွားရွား ထိခိုက်ရသည့် အဓိကတရားခံမှာ ESRO ၏ အလိုလျောက် ညွှန်းဆိုပေးသော စနစ်ကြောင့် ဖြစ်သည်။
ESRO ၏ တရားတင် ဂိမ်းပလက်ဖောင်းက အချိန်တစ်ခုတည်းမှာ ဖြန့်ချိခဲ့ကြသည့် ဂိမ်းများအကြား ဂဏန်းများကို နှိုင်းယှဥ်ကာ ပိုကောင်းသည့် ရလဒ်နှင့် ဂိမ်းက ပိုကောင်းသောာ ညွှန်းဆိုနေရာကို ရနိုင်မည်ဖြစ်သည်။
ဂိမ်းနှစ်ခုစလုံးအတွက် အတူတူပဲ ဖြစ်သည်။ မယုံကြည်နိုင်လောက်အောင် သေးငယ်သော လုပ်ရပ်များက ကိန်းဂဏန်းများကို မြင့်တက်သွားစေခဲ့ပြီး ပလက်ဖောင်းက ထိုကိန်းဂဏန်းများကို မြင်ကာ ညွှန်းဆိုနေရာများတွင် ဂိမ်းများကို ထည့်ပေးခဲ့သည်။
ထိုအချိန်ကစပြီး ဂိမ်းများ၏ ကိုယ်ပိုင် အရည်အသွေးများကြောင့် ညွှန်းဆိုနေရာများသို့ ရောက်ရှိပြီးကြတာတောင် ထပ်ပြီး အဆင့်တက်သွားကြပါသေးသည်။
ဒီလိုနဲ့ တည်ငြိမ်နေတဲ့ အခြေအနေတစ်ခုလုံး ဗြောင်းဆန်သွားခဲ့ရပါသည်။
လောလောဆယ် တစ္ဆေစစ်သူကြီးက ဂိမ်းအပိုင်းတွင် တစ်လတာ ရေပန်းအစားဆုံး ဂိမ်းသစ်နေရာကို ရထားခဲ့ပါပြီ။ ထိုဘွဲ့ကြောင့် ဒေါင်းလုတ် ပမာဏများကလည်း ကြမ်းတမ်းလွန်းလှသည်။
တစ္ဆေစစ်သူကြီး၏ Rating မြင့်မြင့်နှင့် Review အပိုင်းက ချီးကျူးထားသော ကောမန့်များကြောင့်...
ရလဒ်က စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်အောင် ရှိလှသည်။
ပိုမို စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်ကာ ဖေးချမ့် Back End က ပမာဏများကိုပင် မစစ်ကြည့်ရဲတော့ပါ။
တကယ်တော့ ပလက်ဖောင်းကို တောင်းပန်ပြီး သူ့ဂိမ်းကို ညွှန်းဆိုစာရင်းတွင် ထည်မတိုးဖို့ ပြောနိုင်ဖို့ ဆုတောင်းမိသည်။
သို့သော်လည်း ဒီလို လုပ်လို့ မဖြစ်ပေ။
ပလက်ဖောင်း၏ ညွှန်းဆိုစနစ်က ပမာဏများအပေါ် အခြေခံကာ အလိုအလျောက် တွက်ချက်ခြင်း ဖြစ်သည်။ ထို့အပြင် ဒီလို လုပ်လိုက်ပါက စည်းကမ်းဖောက်ဖျက်မှုအဖြစ် သတ်မှတ်ခံရပြီး စနစ်၏ သတိပေးခြင်းကို ခံရပါလိမ့်မည်။
ထိုအခါမှသာ ဆိုရိုးစကားတစ်ခုကို ဖေးချမ့် နားလည်သွားခဲ့ရပါသည်။
တစ်ခါတစ်လေ ယောက်ျားတစ်ယောက်မှာလည်း ဘာရွေးချယ်ခွင့်မှ မရှိတတ်ပါ။
...
အဆောင်၏ ခေါင်မိုးပေါ်တွင် တစ်ယောက်တည်း မတ်တပ်ရပ်နေရင်း ဖေးချန်း စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့၏။
ငွေစာရင်းရှင်းချိန်ရောက်ပြီမို့ သူ့ရှိုက်ငိုသံကို မာယန်ကြားသွားမည်စိုးသဖြင့် အဆောင်ထဲမှာ မနေချင်ပါ။
ဖေးချမ့်ရှေ့တွင် စနစ်မျက်နှာ ထပ်ပေါ်လာပြန်ပြီး စည်းစိမ်အလဲအထပ်စနစ်၏ ငွေစာရင်းရှင်းချိန် ရောက်ပါပြီ။
[ စည်းစိမ် အလဲအထပ် စနစ် ]
[ ပိုင်ရှင် : ဖေးချမ့် ]
[ အမြတ်ငွေ အလဲအထပ် အချိုး ၁၀၀ : ၁၊ အရှုံးငွေ အလဲအထပ် အချိုး ၁ : ၁ ]
[ ငွေစာရင်းစရှင်းနေပါပြီ... ]
[ စနစ်ရန်ပုံငွေ : ၅၁၄, ၇၂၃.၅ (⬆️၂၁၄, ၇၂၃.၄) ]
[ ကိုယ်ပိုင်စည်းစိမ် : ၂၂၄.၆ ]
[ ငွေစာရင်းစရှင်းနေပါပြီ။.. ]
[ အလဲအထပ် စတင်နေပါပြီ... ]
[ စနစ်ရန်ပုံငွေ : ၅၁၄, ၇၂၃.၅ ]
[ ကိုယ်ပိုင်စည်းစိမ် : ၂,၃၇၁.၈ (⬆️၂,၁၄၇.၂) ]
ကိန်းဂဏန်းများကို ကြည့်ရင်း ဖေးချမ့် ကိုယ့်ကိုယ်ကို သတ်သေချင်သွားသည်။
ကတ်ဂိမ်းတွေက ဒီလောက်ထိ အမြတ်ရနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပါ။
ယွမ် ၅၀၀,၀၀၀ တွင် အစိတ်အပိုင်းတချို့က အထီးကျန်ကန္တာရလမ်းမှ ဆက်လက်ရရှိနေသော ဝင်ငွေဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဂိမ်းက ဆက်လက်လည်ပတ်နေဆဲဖြစ်ကာ ၎င်း၏ ၁ ယွမ်စျေးမှ ဝင်ငွေ ရရှိနိုင်ခြင်းက အတော်လေး အထင်ကြီးဖို့ ကောင်းပါသည်။
သို့သော်လည်း ပမာဏ နည်းနည်းလေးသာ ဖြစ်သည်။
ဝင်ငွေ အများစုက တစ္ဆေစစ်သူကြီးဂိမ်းမှ ဝင်ခြင်း ဖြစ်ပါသည်။
ဖေးချမ့်က သူ့သင်္ချာစွမ်းရည် ခပ်စုတ်စုတ်လေးကို အသုံးပြုပြီး အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်သည်။
တစ်ပတ်အတွင်း တစ္ဆေစစ်သူကြီး၏ အသားတင် အမြတ်ငွေက ၅၀၀,၀၀၀ ဝန်းကျင်ရှိသည်။ ဆိုလိုရင်းက ဝင်ငွေမှာ ၁,၀၀၀,၀၀၀ ဝန်းကျင်ဖြစ်နိုင်သည်။
လာမည့်အပတ်တွင် ဂိမ်မာအသစ်များ ထပ်ဝင်ရောက်လာပြီး ဂိမ်း၏ ရေပန်းစားမှုကလည်း ထပ်မံမြင့်တက်လာနိုင်သဖြင့် ဝင်ငွေက ပို၍ ကြီးမားလာဖို့ပဲ ရှိပါသည်။
ဂိမ်းထဲမှာ Paywall မရှိသောကြောင့် နောက်ပိုင်း ဂိမ်းဝင်ငွေ သိပ်မများနိုင်သော်လည်း သူတို့ရင်ဆိုင်နေရတာက စျေးကွက်ကြီးကြီးမားမားဖြစ်ပြီး ဂိမ်း၏ ရေပန်းစားမှု ပြန်လည် ပျောက်ကွယ်သွားဖို့ အနည်းဆုံး ၃ လလောက် ကြာပါလိမ့်မည်။
ဂဏန်းအရေအတွက်အရ ဂိမ်း၏ ဝင်ငွေ ၅,၀၀၀,၀၀၀ အထက် ရရှိသွားနိုင်ပါသည်။
မိုဘိုင်းဂိမ်းတစ်ခုအတွက် သာမန် ဂဏန်းများသာ ဖြစ်သော်လည်း ဝန်ထမ်း ၃၀ အောက် ကုမ္ပဏီအသေးစားတစ်ခုအတွက် အတော်လေး ကောင်းမွန်သော အမြတ်ငွေ ဖြစ်သည်။
သို့သော် ဖေးချမ့်အတွက်တော့ မတူပေ။ အစကတည်းက ဂိမ်းအတွက် သူတစ်ယောက်တည်း အလုပ်လုပ်ခဲ့ရသည်။
မာယန်က လိုအပ်ချက်ဖောင် ကူဖြည့်ပေးရုံဖြင့် လစာ ၃,၀၀၀ ကို ရလိုက်ခြင်းဖြစ်သည်။ ဖေးချမ့်ကသာ စုစုပါင်း ၃၀၀,၀၀၀ တန်ဖိုးရှိသည့် နမူနာနှင့် ပန်းချီရင်းမြစ်အားလုံးကို ဝယ်ယူခဲ့ရပါသည်။
ဂိမ်းက ပထမ တစ်ပတ်အတွင်း အရင်းကျေသွားရုံသာ မကဘဲ အသားတင်အမြတ် ၂၀၀,၀၀၀ ပင်ရလိုက်သေးသည်။
အရေအတွက်များက အလွန်အမင်း များပြားနေခြင်း မဟုတ်သော်လည်း ဖေးချမ့်ကို မျှော်လင့်ချက် ပျက်သုန်းသွားစေဆဲ ဖြစ်သည်။
အဆိုးဆုံးက ဖေးချမ့်အတွက် တစ္ဆေစစ်သူကြီးဂိမ်းက ဝင်ငွေ ဆက်လုပ် ထုတ်ပေးနေဦးမည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သုံးပြည်ထောင် ကတ်ဂိမ်းတောင် တစ်နှစ်လုံးလုံး ရေပန်းစားနေဆဲ မဟုတ်ပါလား။
'အဲ့တာ ဘာကိုဆိုလိုတာလဲ'
ဆိုလိုရင်းမှာ နောက်ပိုင်းတွင် ဖေးချမ့် သူ့ငွေကို အရှုံးပေါ်အောင် ကြိုးစားမည်ဆိုရင်တောင် အပြည့်အဝ ရှုံးနိုင်မည် မဟုတ်တော့ပါ။
လာမည့် လများတွင် စနစ်ရန်ပုံငွေက တည်ငြိမ်သည့် လစဥ် ငွေကို ရရှိမည်ဖြစ်သည်။ သို့သော် စနစ်က စဦးစနစ် ရန်ပုံငွေပေါ် အခြေပြုကာ အရှုံးကို ဆုံးဖြတ်သည်။
ဒီတစ်ခေါက် ငွေစာရင်းရှင်းခြင်းကို ဥပမာ ယူကြည့်လိုက်ပါ။ စနစ်တွင် အရှုံးအမြတ်တွက်ချက်သည့် အလွန်ရိုးရှင်းသော နည်းလမ်း တစ်ခုရှိပါသည်။ စဦး ရန်ပုံငွေ ၃၀၀,၀၀၀ ကို အလယ်အမှတ်အဖြစ်အသုံးပြုပြီး နောက်ဆုံး ရန်ပုံငွေနှင့် နှိုင်းယှဥ်ကာ ထိုပမာဏထက် ကျော်လွန်သမျှက အမြတ်ငွေဖြစ်ပြီး အပြန်အလှန်အားဖြင့်လည်း မှန်ကန်ပါသည်။
ဖေးချမ့်သာ စဦးရန်ပုံငွေထက် ပိုများသော လစဥ်ငွေများကို ရရှိနေပါက စနစ်က သူအမြဲတမ်း အမြတ်ရနေသည်ဟု သတ်မှတ်သွားပါလိမ့်မည်။
ကံဆိုးတာပဲ ကံဆိုးမိုးမှောင်ကျတဲ့ သတင်းပဲ။
ဖေးချမ့် တကယ် သေချင်သွားပါသည်။
"ဘာလို့ ဒီလောက်ထိ သနားစရာ ကောင်းရတာလဲကွာ။"
"ငါ ယွမ် ၂၀၀,၀၀၀ ရပေမယ့် ယွမ် ၂,၀၀၀ အဖြစ် ပြောင်းလဲသွားတယ်။"
"ပြီးတော့ ပိုဆိုးတာက အခုချိန်ကစပြီး ဘာမှမလုပ်ရင်တောင် ငွေတွေဝင်နေပြီး အရှုံးပေါ်ဖို့ နည်းလမ်း မရှိတော့ဘူးပေါ့။"
"မဟုတ်ဘူး။ တစ်ခုခုတော့ လွဲနေတာ ဖြစ်မယ်။ စိတ်လျှော့ထား စိတ်လျှော့ထား။"
"စဥ်းစားကြည့်ပါဦးမယ်။ ပြဿနာတွေက ဒီလောက်ထိ မဆိုးလောက်ပါဘူး..."
ဖေးချမ့်က ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်သည်။ ထိုအခါ မက်ဆေ့ အသစ်များ စနစ်၏ မျက်နှာပြင်တွင် ပေါ်လာခဲ့ပါသည်။
[ နောက်ထပ် ငွေစာရင်းရှင်းချိန် : ရက် ၉၀ အလို ]
[ စနစ်ရန်ပုံငွေ ဖြည့်သွင်းပေးပါမည်။ သတ်မှတ်ထားသော ပမာဏ : ၅၀၀,၀၀၀ ]
[ စနစ်ရန်ပုံငွေ ၅၀၀,၀၀၀ ကျော်နေကြောင်း တွေ့ရှိပါသည်။ ငွေဖြည့်သွင်းခြင်း မဆောင်ရွက်တော့ပါ ]
[ စနစ် ရန်ပုံငွေ : ၅၁၅,၇၉၂.၅ ]
[ ကိုယ်ပိုင်စည်းစိမ် : ၂,၃၇၁.၈ (⬆️၂,၁၄၇.၂) ]
"ဟုတ်တယ်ဟ..."
"ငါ တကယ် သေပြီ။"
ဖေးချမ့်၏ သံသယများ အတည်ပြုပြီးသား ဖြစ်သွားပါပြီ။
ငွေဖြည့်သွင်း ပမာဏနှင့် ငွေစာရင်းရှင်း နေ့စွဲက အမြဲတမ်း ပြောင်းလဲနေလိမ့်မည်။
ငွေဖြည့်သွင်း အကန့်အသတ်က ၅၀၀,၀၀၀ ဖြစ်ပြီး ဖေးချမ့်၏ လက်ရှိ စနစ်ရန်ပုံငွေက ၅၀၀,၀၀၀ ကျော်နေပြီးသား ဖြစ်သဖြင့် ထပ်တိုး ငွေဖြည့်သွင်းခြင်းကို မလုပ်တော့ပါ။
ဖေးချမ့်သာ ငွေ ၃၀၀,၀၀၀ စလုံးကို အရှုံးပေါ်အောင် လုပ်နိုင်ခဲ့လျှင် သူ့ထဲ လတ်လတ်ဆတ်ဆတ် ၅၀၀,၀၀၀ ရောက်လာမည် ဖြစ်ပါသည်။
လောလောဆယ် သူ လုံးဝ သေကြောင်းကြံချင်နေပါပြီ။
သူ့အပိုင်ဖြစ်ဖို့ သေချာသလောက်ရှိနေခဲ့သည့် ၃၀၀,၀၀၀ မှာ အခုတော့ ၂,၀၀၀ အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဘယ်သူက လက်ခံနိုင်မှာလဲ။
တစ်ချိန်တည်းမှာပင် စနစ်ရန်ပုံငွေက မိနစ်ပိုင်းအတွင်း ယွမ် ၁,၀၀၀ ကျော် မြင့်တက်သွားပြန်ပါသည်။
အဘယ့်ကြောင့်ဆိုသော် တစ္ဆေစစ်သူကြီး ဂိမ်းက ဝင်ငွေများ ဆက်လက် ရရှိနေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။
ဖေးချမ့်က စိတ်ဓာတ်ကျလွန်းကာ သူ့ကိုယ်သူပင် သံသယဝင်လာခဲ့သည်။
"မဟုတ်မှလွဲရော ငါ့ရဲ့ တွေးခေါ်ပုံကို ပြောင်းလဲရမှာလား။ နောက်ပိုင်း ငွေဘယ်လိုရမလဲဆိုတာကို ပြောင်းပြီး စဥ်းစားကြည့်ရမလား။"
"မဟုတ်ဘူး။ နောက်ကျလွန်းသွားပြီ။"
"ပြီးတော့ နောက်ပိုင်းကျရင်လည်း ဒီလောက်ထိ ကံကောင်းမှာ မဟုတ်ဘူး။"
ထိုအချိန်တွင် ဖေးချမ့်၏ အမြတ်ရဖို့ လမ်းစဥ်ကို ပြောင်းလဲဖို့ အတွေးမှာ သူ့စိတ်ကူးထဲမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
အကြောင်းပြချက်ကတော့ ရှင်းပါသည်။ ငွေရနှုန်းက အလွန်နည်းပါးပြီး တကယ်လည်း ဖြစ်နိုင်ခြေ မရှိသောကြောင့် ဖြစ်ပါသည်။
အထီးကျန် ကန္တာရလမ်း ဖြစ်ဖြစ် တစ္ဆေစစ်သူကြီး ဖြစ်ဖြစ် ၎င်းတို့ အောင်မြင်မှု၏ အစိတ်အပိုင်းကြီးတစ်ခုက ကံကောင်းမှုကို အကြောင်းပြုခဲ့သောကြောင့်သာဖြစ်သည်။
ဖေးချမ့် ဒီလိုဆက်ပြီး ကံကောင်းနိုင်ပါဦးမလား။ မသေချာတော့ပေ။
သူ ငွေကို ရိုးရိုးတန်းတန်း ရဖို့ကြိုးစားပြီး သိပ်များများစားစားလည်းမရ၊ အရှုံးပေါ်အောင် ကြိုးစားလည်း မအောင်မြင်သောအခါ ခွကျသော အခြေအနေကြီး ဖြစ်မသွားနိုင်ဘူးလား။
အဓိကကတော့ သူ့နဂို အစီအစဥ်ကိုသာ ဆက်လက် ကျင့်သုံးဖို့ ဖြစ်ပါသည်။
အမြတ်ငွေ အလဲအထပ် အချိုးက ၁၀၀ : ၁ လေးသာ ဖြစ်သည်။ သူ ၁,၀၀၀,၀၀၀ လောက်ရရင်တောင် ၁၀,၀၀၀ ပဲ ပြန်ရမည် ဖြစ်သည်။ အလွန် ဆိုးဝါးသော အလဲအထပ် ဖြစ်သွားနိုင်ပါသည်။