အခန်း(၃၁) လက်လွတ်စပယ် ဝယ်ယူမှု
Vol. 3 Ch. 31
အခန်း(၃၁) လက်လွတ်စပယ် ဝယ်ယူမှု
မန်နေဂျာကျန်းက ထိုကဲ့သို့ တုံ့ပြန်စကားကို အိပ်မက်ထဲမှာတောင် မမျှော်လင့်ခဲ့ဖူးပေ။ အရင်တုန်းက သူနှင့် ဆက်ဆံဖူးသည့် ကုမ္ပဏီများမှာ တခြား အဆောက်အဦများက ၂ ယွမ် ၃ ယွမ်သာ ကုန်ကျသဖြင့် သူတို့ အဆောက်အဦက ဘယ်လောက်စျေးကြီးကြောင်း အပြစ်တင်ကြသည်။ ရှန်းဟွာဗျူး တောင်းဆိုသည့် စျေးနှုန်းက ၂ဆနီးပါးခန့် ရှိနေ၏။
သို့သော် ဘော့စ်ဖေးကတော့ စျေးပေါတယ်လို့ ထင်တယ်တဲ့လား။
သူက ပြောင်းပြန် စိတ်ပညာ သုံးဖို့ ကြိုးစားနေတာလား။
ဒါမှမဟုတ် သူ့အတွက် ပိုက်ဆံဆိုတာ အရေးမပါဘူးလား။
ဖေးချမ့်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင်လည်း မကျေမနပ် ဖြစ်နေခဲ့သည်။
အစကတော့ ဒီနေရာကြီးကို ၅ ယွမ်ဝန်းကျင်လောက် ရှိမည်ဟု ထင်ခဲ့မိ၏။
တစ်ရက်ကို ၁ စတုရန်းမီတာ ၅ ယွမ် ခန့်မှန်းခြေ စျေးအရ စတုရန်းမီတာ ၃,၀၀၀ ရှိသော ရုံးနေရာမှာ လစဥ်ငှားခ ယွမ် ၄၅၀,၀၀၀ ကျသင့်မည်။
ဘာမှလုပ်ဖို့မလိုဘဲ ယွမ် ၄၅၀,၀၀၀ ဒီအတိုင်း ဆုံးရှုံးနိုင်မည့် အခွင့်အရေးကို ဘယ်မှာရနိုင်ဦးမည်နည်း။
သို့သော်လည်း စျေးနှုန်းက သူ ခန့်မှန်းထားတာထက် ၁ ယွမ်ကြီးများတောင် နည်းနေသည်။
ဒါက တစ်လကို သူ ယွမ် ၉၀,၀၀၀ ဆုံးရှုံးလိုက်ခြင်းနှင့် ညီမျှ၏။
တကယ်ပဲ ဒုက္ခများသည်။
သို့သော်လည်း သူ လက်ခံနိုင်သည့် အတိုင်းအတာတစ်ခုတော့ ဖြစ်နေသေးသည်။
ဖေးချမ့် ဒီလောက်ထိ ပျာယာခတ်နေရသည့် အကြောင်းအရင်းမှာ တစ္ဆေစစ်သူကြီးက သူ့အတွက် နေ့စဥ်ဝင်ငွေများ ရှာပေးနေသောကြောင့်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် တစ္ဆေစစ်သူကြီးက နာမည်တက်ခါစ ရှိသေး၏။ တရားဝင်ပလက်ဖောင်းက ညွှန်းဆိုနေရာများ ပိုပေးလေလေ ဂိမ်းက ပိုပြီး နာမည်ကြီးလာလေလေ ဖြစ်သ်ည။ နေ့စဥ် ဝင်ရောက်လာကြသော ဂိမ်မာတို့ကြောင့် သူ့ဝင်ငွေ မိုးထိုးအောင် မြင့်တက်သွားစေတာ ပုံမှန်ပဲဖြစ်သည်။
ဒီလောက် ငွေပမာဏ အများကြီးကို ဆုံးရှုံးဖို့က သူ့အတွက် မလွယ်ကူပါ။
ဖေးချမ့် ထပ်ကြိုးစားရအုံးမည်။
...
"ကျွန်တော် ဒီတစ်ထပ်လုံးကို ငှားမယ်။ စာချုပ်ကို ပြင်ထားပါ" ဖေးချမ့်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
မန်နေဂျာကျန်းက ခေတ္တ ကြက်သေသေသွားပြီး ပြုံးလိုက်သည်။ "ရတာပေါ့။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
ဒီလောက်ထိ တဲ့တိုးဆန်သည့် ကတ်စတမ်မာမျိုးကို တကယ်တွေ့ဖို့ ရှားပါးလှသည်။
ဖေးချမ့်နှင့် ရှင်းဟိုက်လူတို့ မန်နေဂျာကျန်း၏ ရုံးသို့ ရောက်လာပြီး စာချုပ်ချုပ်ကာ ငွေကို လွှဲပြောင်းပေးလိုက်သည်။ အားလုံး ခပ်မြန်မြန်ပဲ ပြီးဆုံးသွား၏။
စရန်ငွေနှင့် ပထမတစ်လ ငှားရမ်းခတို့ကြောင့် ချက်ချင်း သူ ၇၀၀,၀၀၀ သုံးလိုက်ရသည်။
ဖေးချမ့်က နည်းနည်းလေးတောင် မျက်မှောင် ကြုတ်မသွားပါဘူး။ ဆန့်ကျင်ဘက် အနေဖြင့် တိုးတိုးတိတ်တိတ် ဝမ်းသာနေမိသည်။
သူ့ပိုက်ဆံကို ဖြုန်းသည့်အခါ အေးချမ်းမှုကို အခံစားရဆုံးဖြစ်သည်။
စနစ်ရန်ပုံငွေအားလုံးကို မသုံးစွဲပါက ဘယ်လိုလုပ်ပြီး အားလုံးကို သူ့ကိုယ်ပိုင်စည်းစိမ်ထဲ အလဲအထပ် လုပ်နိုင်မည်နည်း။
စာချုပ်ပါ အချက်အလက်များကိုတော့ ဖေးချမ့် စိတ်ပူစရာ မလိုပါဘူး။ ဒါတွေအတွက် သူ့မှာ လက်ထောက်ရှင်း ရှိသည်။
ငွေရေးကြေးရေးနှင့် ဥပဒေကိစ္စရပ်များအတွက် သူမ အနားတွင်ရှိနေလျှင် ဖေးချမ့် အပြည့်အဝ စိတ်အေးမိသည်။
"ဒါဆို ရှင်းဟွာဗျူးကနေ ကြိုဆိုပါတယ်ဗျာ။နောက်ပိုင်း ဘာပြဿနာပဲ ရှိလာပါစေ ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်။ သေချာပေါက် ကျွန်တော် အတတ်နိုင်ဆုံး မြန်မြန်ဖြေရှင်းပေးမှာပါ" မန်နေဂျာကျန်းက ပြုံးကာ ပြောလိုက်သည်။
ဖေးချမ့်က ယဥ်ကျေးမှုအရ စကားတချို့ပြောပြီး မန်နေဂျာကျန်းထံမှ အငှားစာချုပ်ကို ယူကာ လက်ထောက်ရှင်းထံ အပ်ထားလိုက်သည်။
ထို့နောက် ဖေးချမ့်နှင့် ရှင်းဟိုက်လူတို့ မန်နေဂျာကျန်း၏ ရုံးခန်းထဲမှ ထွက်လာပြီး ၁၇ ထပ်မြောက်ကို ပြန်လာခဲ့ကြသည်။
...
ဗလာကျင်းဖြစ်နေသော ရုံးနေရာလွတ်ကြီးကို ပတ်ကြည့်ရင်း ကုမ္ပဏီ၏ ပုံစံကို ဘယ်လို နေရာချရမလဲ ဖေးချမ့် စီစဥ်နေသည်။
ဒါကလည်း ပိုက်ဆံဖြုန်းဖို့အတွက် အရေးပါသော အပိုင်းတစ်ပိုင်းဖြစ်၏။
"ကောင်းမွန်တဲ့ အလုပ်နေရာတစ်ခုက ငါတို့ ဝန်ထမ်းတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရုံသာမကဘဲ ငါတို့ကုမ္ပဏီရဲ့ ပုံရိပ်ကိုလည်း မြှင့်တင်ပေးနိုင်တယ်”
"လက်ထောက်ရှင်း သေချာမှတ်ထားပြီး ငါ့အတွက် ဝယ်ယူရမဲ့ စာရင်း လုပ်ထားပေးပါ”
"အလုပ်စားပွဲတွေနဲ့ ထိုင်ခုံတွေက စျေးကြီးရမယ် အာ... စျေးကြီးရုံတင်မကဘဲ အဆင့်အတန်း မြင့်ရမယ်၊ လှပသေသပ်ပြီး ထိပ်တန်းအဆင့် ဖြစ်ရမယ်။ တခြား ကုမ္ပဏီတွေနဲ့ လုံးဝ ကွဲထွက်နေရမယ်ကွာ”
"ကွန်ပျူတာတွေမှာ အကောင်းဆုံး အစိတ်အပိုင်းတွေရှိပြီး ကီးဘုတ်နဲ့ မောက်စ်တွေကလည်း ထိပ်တန်းအဆင့် ဖြစ်နေရမယ်။ အကုန်လုံးမှာ မော်နီတာနှစ်လုံး ရှိရမယ်။ ငါတို့က ဆက်သွယ်ရေးခေတ်မှာ နေထိုင်နေပြီး ငါတို့က ဂိမ်းကုမ္ပဏီတစ်ခု ဖြစ်တာကြောင့် ကွန်ပျူတာတွေက ငါတို့ရဲ့ ဖန်တီးနိုင်စွမ်းပဲ”
"အပင်တွေလည်း ရှိရဦးမယ်။ အလုပ်ကနေ ပင်ပန်းပြီး အပင်တွေကို ကြည့်လိုက်ရင် စိတ်အပန်းပြေသွားစေမယ်။ အပင်တွေက ဂရုစိုက်ဖို့ မလွယ်လို့ အဲဒါတွေကို ဂရုစိုက်ဖို့ ပရော်ဖက်ရှင်နယ် ဥယျာဥ်မှူးတစ်ယောက်ကို ငှားရမ်းရမယ်”
"အဲဒီက နေရာလေးက အားကစားရုံ အသေးစားလေး လုပ်ဖို့ သင့်တော်မယ်ထင်တယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ ရောဂါတွေရှိလို့ မကြာခဏ လေ့ကျင့်ခန်းလုပ်တာက ဝန်ထမ်းတွေကို ကျန်းမာရေးကောင်းစေပြီး အလုပ်ပို လုပ်နိုင်စေမယ်”
"ဧည့်သည်အခန်း၊ ဆိုဖာနဲ့ ကော်ဖီစားပွဲတွေကလည်း ချွေတာလို့ မဖြစ်ဘူး။ အဆင့်မြင့် လက်ဖက်ရည် set တွေ ဝယ်နိုင်ရင် အကောင်းဆုံးပဲ။ လက်ဖက်ခြောက် ကောင်းကောင်း ၈ မျိုးလောက် ဝယ်လိုက်။ လုပ်ငန်းအစည်းအဝေးပွဲတွေ ဘာတွေရှိလာရင် ငါတို့ဧည့်သည်တွေကို ရေတိုက်လို့ မဖြစ်ဘူးလေ”
ဖေးချမ့်က ယုံကြည်ချက်ပြည့်ဝစွာ ပြောလိုက်သည်။
သူက စနစ်ရန်ပုံငွေကိုပဲ သုံးရမှာဖြစ်သောကြောင့် သူဆန္ဒရှိသမျှ အကုန်လုပ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ကုမ္ပဏီက အသုံးပြုမည့် အရာအားလုံးမှာ အကောင်းဆုံး အရည်အသွေး ရှိရပါလိမ့်မည်။
ကုမ္ပဏီ အသုံးမပြုနိုင်သည့် အရာတိုင်းလည်း အကောင်းဆုံး အရည်အသွေး ရှိရမည်။
သူပြောနေစဥ် စနစ်ထံမှ တုံ့ပြန်မှု ရှိမရှိ စစ်ဆေးနေခဲ့၏။
ပြောင်းလဲမှုကော၊ သတိပေးချက်ကော မရှိသဖြင့် ဖေးချမ့်၏ လုပ်ရပ်များက စည်းကမ်း ချိုးဖောက်ရာ မကျဘူးဟု ဆိုလိုခြင်းဖြစ်သည်။
ရှင်းဟိုက်လူက မှတ်စုစာအုပ်သေးသေးလေး တစ်အုပ်ကို ကိုင်ဆောင်ရင်း အမြန်လိုက်မှတ်လိုက်သည်။
"စိတ်ချပါ ဘော့စ်ဖေး။ ရှင်ဖြစ်စေချင်တဲ့အတိုင်း အားလုံးကို အမြန်ဆုံး ပြင်ဆင်ပေးပါ့မယ်”
"ရှင့်ရဲ့ ဘက်ဂျက်အကြမ်းဖျင်း ခန့်မှန်းခြေကို သိခွင့်ရှိမလား” ရှင်းဟိုက်လူက မေးလိုက်သည်။
ဖေးချမ့်က ခေတ္တ စဥ်းစားလိုက်၏။ "၅၀၀,၀၀၀ ကနေ ၈၀၀,၀၀၀ ဝန်းကျင်ပေါ့။ ၈၀၀,၀၀၀ ဘက်ကို ပိုရောက်အောင်လုပ်ပါ”
ရှင်းဟိုက်လူက ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ”
ဖေးချမ့် အလွန်အကြူးကြီးလည်း မလုပ်ရဲပေ။ ငွေအလွန်အကျွံသုံးစွဲချင်နေသော်လည်း ကုမ္ပဏီ၏ လိုအပ်ချက်ထက် အလွန်အမင်း ကျော်လွန်အောင် လုပ်လို့မဖြစ်ပေ။
ကုမ္ပဏီက လိုအပ်သည့် ကွန်ပျူတာများကိုပဲ နမူနာ ယူကြည့်ပါ။
သာမန်အားဖြင့် ရိုးရိုးကွန်ပျူတာများကလည်း အလုပ်ဖြစ်ပါလိမ့်မည်။
သို့သော် ဖေးချမ့်က ငွေဖြုန်းလို့ရအောင် အဆင့်မြင့် ကွန်ပျူတာများကို တောင်းဆိုလိုက်သည်။
သာမန် အဆင့်မြင့် ကွန်ပျူတာများကိုတော့ စနစ်က လျစ်လျူရှုလိမ့်မည်။ သို့သော် ဖေးချမ့်သာ သိန်းချီ သို့မဟုတ် သန်းချီတန်သည့် စူပါ ကွန်ပျူတာကြီးတစ်လုံးကို ဝယ်ယူမည်ဆိုပါက စနစ်က စည်းကမ်းချိုးဖောက်မှုအဖြစ် သတ်မှတ်ပါလိမ့်မည်။
ထို့ကြောင့် ဖေးချမ့်က ပိုက်ဆံကို အကန့်အသတ်မရှိ မဖြုန်းနိုင်ပါ။ သုံးစွဲစရိတ်ကို ၈၀၀,၀၀၀ ဝန်းကျင်တွင် ပုံသေထားခြင်း၏ စနစ်၏ စံနှုန်းကို စမ်းသပ်နေခြင်းဖြစ်သည်။
...
တစ်ရက်ကြာသောအခါ။
"ဒါ ကျွန်မတို့ ဆွေးနွေးပြီးနောက် ကျွန်မစီစဥ်ထားတဲ့ ဝယ်ယူမှု စာရင်းပါ။ ကျေးဇူးပြုပြီး စစ်ကြည့်ပေးပါဦး"
ရှင်းဟိုက်လူက စာရွက်စာတမ်းတစ်ခုကို ဖေးချမ့်ထံသို့ ပေးလိုက်၏။
ရုံးစားပွဲများ၊ ထိုင်ခုံများ၊ ကွန်ပျူတာများ၊ အပင်များ၊ ဂျင်မ် ကိရိယာများ၊ ဆိုဖာများ၊ ကော်ဖီ စားပွဲများနှင့် လက်ဖက်ခြောက်များ စသည်တို့ ပါဝင်သည့် စျေးဝယ်စာရင်း ဖြစ်သည်။
ဖေးချမ့် ညှစ်ထုတ်ထားသမျှ ထိုစာရင်းတွင် ပါဝင်နေသည်။
ပုံမှန်အတိုင်း စစ်ကြည့်တာတောင် ဖေးချမ့် အနည်းငယ် မှင်တက်မိသွားသည်။
တကယ် သောက်ရမ်း စျေးကြီးတာပဲ။
အပင်များ၏ စျေးနှင့်တင် သက်သေပြနိုင်သည်။
ဗုဒ္ဓထင်းရှူးဘွန်ဆိုင်းပင် တစ်ပင်ကို ၉၈၈ ပေးရ၏။
သို့သော်လည်း ညစ်ပတ်ခံရသည်ဟု ခံစားရလောက်သည့်အထိတော့ စျေးကြီးခြင်းမဟုတ်ပါ။ ဓာတ်ပုံကိုကြည့်ခြင်းအားဖြင့် တကယ်ပဲ လှပသေသပ်စွာ ဖန်တီးထားသည်ကို ဖေးချမ့် မြင်နိုင်သည်။ ကျွမ်းကျင် ပညာရှင် တစ်ယောက်မှ သေသေချာချာ ပျိုးထောင်ပြီး လက်ရာမြောက်စွာ ဖြတ်ညှပ်ထားသည့်ပုံပင်။ တကယ်တော့ ၉၈၈ ယွမ် ဆိုသည့် စျေးကို တန်လွန်းသည်ဟုတောင် ထင်မည့်လူများ ရှိနိုင်သည်။
သစ်အယ်ပင် ၁၀ ပင်က တစ်ပင်ကို ၁၈၈ ယွမ် တန်သည်။
၁၀ ပင် လိုရသည့် အကြောင်းအရင်းက ပြတင်းပေါက်များတွင် တစ်ခုတည်းထားခြင်းက အထီးကျန်သည့်ပုံပေါက်သဖြင့် ပိုပြီး ဝယ်ယူလိုက်ရခြင်းဖြစ်သည်။
၁၀ ပင် ဆို 'ပြီးပြည့်စုံသော ၁၀' ဖြစ်သည်ဟူသော သင်္ကေတ ဖြစ်နိုင်သည်။
တစ်ခုကို ယွမ် ၆၀,၀၀၀ လောက်ကုန်ကျသည့် အဆင့်မြင့် ဆိုဖာကြီးများလည်း ရှိသည်။
လက်ဖက်ရည် Set များ အတွက်မူ လက်လုပ် ငွေအမျိုးအစားက ယွမ် ၂၂,၀၀၀ ကုန်ကျပြီး သဘာဝ Ink Slab ဖြင့် ပြုလုပ်ထားသည့် Set က ယွမ် ၁၃,၀၀၀ ကုန်ကျသည်။ နှစ်မျိုးစလုံးကို အသုံးပြုသွားမည် ဖြစ်သည်။
စျေးကြီးသည့် လက်ဖက်ခြောက်မျိုးစုံလည်း ရှိသည်။
သုည အရေအတွက်များကို ကြည့်ရင်း ဖေးချမ့်တစ်ယောက် မျက်ခုံးများ လှုပ်နေလေပြီ။
အားလုံးကို အတည်ပေါက် သေသေချာချာ ကြည့်ပြီးမှ အနောက်ကို လှန်ကြည့်လိုက်သည်။
စုစုပေါင်း ယွမ် ၇၈၀,၀၀၀
ကုန်ကျစရိတ် အများစုက အလုပ်စားပွဲများတွင် အသုံးပြုတာ ဖြစ်သည်။
လူတစ်ယောက်ချင်းစီတိုင်းကို အဆင့်မြင့် စားပွဲ၊ အဆင့်မြင့် ဂိမ်းမင်းထိုင်ခုံံ၊ အဆင့်မြင့် ကွန်ပျူတာ၊ အဆင့်မြင့် ဂိမ်းမင်း မော်နီတာ နှစ်လုံးနှင့် Mechanical ကီးဘုတ်များ ပေးထားပြီး... တစ်စုံလုံးကို အကြမ်းဖျင်းအားဖြင့် ယွမ် ၂၀,၀၀၀ ဝန်းကျင်လောက် ကုန်ကျခဲ့သည်။
ဝန်ထမ်း စားပွဲ ၃၀ ဆိုတော့ စုစုပေါင်း ယွမ် ၆၀၀,၀၀၀ ကုန်ကျသည်။
တခြား အသေးအဖွဲ ကုန်ကျစရိတ်များဖြင့် စုစုပေါင်း ပမာဏက ယွမ် ၇၈၀,၀၀၀ ဖြစ်သွားခဲ့သည်။
တကယ်တော့ ဖေးချမ့်က ပစ္စည်းတစ်ခုချင်းစီတိုင်း၏ စျေးနှုန်းကို ကြည့်ရင်း အနည်းငယ် စိတ်ပျက်မိသည်။
'ယွမ် ၇၈၀,၀၀၀ တည်းလား။ အဲ့လောက်တောင် စျေးပေါတာလား’
အလုပ်စားပွဲ ၃၀... ဒါက သေချာစဥ်းစားချင့်ချိန်ပြီးမှ ဖေးချမ့် သတ်မှတ်ထားသော အရေအတွက် ဖြစ်သည်။
ဖေးချမ့်က ငွေဖြုန်းချင်သော်လည်း စနစ်၏ စည်းမျဥ်းများအောက်တွင် သာမန် စီးပွားရေး လှုပ်ရှားမှုများကို ဆောင်ရွက်မှ ဖြစ်မည်။ ဆိုလိုတာက လူတိုင်းကို ဘာမှ မလုပ်ဘဲ ပျင်းရိကာ ဂိမ်းများ ကစားခိုင်းဖို့ ငှားရမ်းလို့ မဖြစ်ပေ။
ဒါက သေချာပေါက် စည်းကမ်းဖောက်ဖျက်ခြင်းဖြစ်ပြီး စနစ်၏ သတိပေးပါလိမ့်မည်။
Cloud အယ်ဒီတာ ရှိသော လက်ရှိအခြေအနေအောက်တွင် လူ ၃၀ လောက်ဆို သေချာပေါက် အဆင့်နိမ့် အရည်အသွေး ရှိသည့် ဂိမ်းကြီးတစ်ဂိမ်းကို ဖန်တီးနိုင်ပါလိမ့်မည်။။
အလုပ်ခုံ ၃၀ ကြောင့် ရုံးခန်းနေရာ ကျယ်ဝန်းနေရသည့် ပြဿနာ ပေါ်လာခဲ့ပြန်သည်။
သို့သော်လည်း ထိုပြဿနာကို အလွယ်လေး ရှင်းနိုင်ခဲ့သည်။
ဖေးချမ့်က ဘိလိယက်ခုံတစ်ခုံ၊ ဖျော်ဖြေရေး အခန်းတစ်ခန်း၊ မီဒီယာခန်း တစ်ခန်း၊ မီးဖိုဆောင်ခန်း၊ မုန့်စားခန်း၊ အနားယူခန်း စသည်တို့အတွက် ပြင်ဆင်ထားပြီးပါပြီ။
တကယ့် ရုံးလေးက အစိတ်အပိုင်းသေးသေးလေးသာ ရှိသည်။
ဒါတင်မကသေးဘဲ အလုပ်စားပွဲ တစ်ခုတိုင်းကို သေသေချာချာ ခြားထားပြီး ဝန်ထိုင်းတိုင်းကို ကိုယ်ပိုင်အချိန်လေးရှိအောင် သေချာ လုပ်ထားပေးသည်။
ဝယ်ထားသည့် စားပွဲများကတောင် အကြီးမားဆုံး အမျိုးအစားထဲက ဖြစ်သည်။
ဝန်ထမ်းများက ထိုစားပွဲကြီးများပေါ်တွင် သူတို့ကြိုက်တာ ခင်းကျင်း ပြသထားနိုင်သည်။ ၎င်းတို့၏ ငွေကို အလှထား ပစ္စည်းများအတွက် အသုံးပြုချင်ရင်တောင် အကုန်ဆံ့နိုင်သည်။
ဒီလို နေရာပုံစံမျိုးဖြင့် အလုပ်ခုံ ၃၀ စလုံးက နေရာတစ်ခုလုံးကို ပြည့်နှက်သွားစေဖို့ လုံလောက်ခဲ့သည်။
ဖေးချမ့်က ရှင်းဟိုက်လူကို လေးစားစွာ ကြည့်လိုက်သည်။ ဒီမိန်းကလေးက တော်လိုက်တာ။
ဒါက ကျွမ်းကျင်မှုဆိုတာပဲ။
ပရော်ဖက်ရှင်နယ် ဆန်သည့် အပြုံးတစ်ခု ပြုံးကာ ရှင်းဟိုက်လူက တင်ပြလိုက်သည်။ "ဒီပစ္စည်းတွေအားလုံးကို စစ်မှန်တဲ့ အဆက်အသွယ်တွေကနေတဆင့် အနိမ့်ဆုံး ရနိုင်တဲ့ စျေးနဲ့ ဝယ်ယူထားတာပါ။ ကုမ္ပဏီက မလိုအပ်ဘဲ တစ်ပြားတစ်ချပ်တောင် ဖြုန်းတီးမှာ မဟုတ်ပါဘူး”
ဖေးချမ့်က ခေါင်းညိတ်လိုက်သည်။
ရှင်းဟိုက်လူ၏ အစွမ်းအစကို သူယုံကြည်သည်။
ပစ္စည်းများကို စစ်မှန်သော အဆက်အသွယ်များ သုံးကာ အနိမ့်ဆုံးစျေးများဖြင့် ဝယ်ယူထားသဖြင့် စနစ်က ဖေးချမ့်ကို သတိပေးစရာအကြောင်း မရှိတော့ပါ။
ဖေးချမ့်က ဒီလက်ထောက်ကို အတော်လေး အားရကျေနပ်မိသည်။
သူမက သူ့ရည်ရွယ်ချက်များကို လုံးဝနားလည်ပြီး အလွန် စွမ်းဆောင်နိုင်သည်။ သူမ၏ ရင်ဘတ်သာမကဘဲ ဦးနှောက်ကလည်း ကြီးသည်။ သူမတွင် အပြစ်ဆိုစရာ ဘာမှမရှိပေ။
ဒါက ထက်မြက်သောလူများနှင့် အလုပ်လုပ်ရသဖြင့် ပျော်ရွှင်မှုတစ်ခုဖြစ်သည်။
"သိပ်ကောင်းတယ်။ ငါအရမ်း သဘောကျပါတယ်။ ဒီအတိုင်းပဲ ဝယ်ယူမှုကို ဆက်လုပ်မယ်” ဖေးချမ့်က လုံးဝ ကပ်စေးမနဲပါ။ "နောက်အပတ်ကစပြီး အစည်းအဝေးခန်းငယ်ထဲမှာ ဝန်ထမ်းသစ်တွေကို ငါအင်တာဗျူးမယ်။ အဲ့ကျရင်လိုအပ်တဲ့ အချက်အလက်တွေကို ပြင်ဆင်ထားလိုက်ပါ”
ရှင်းဟိုက်လူက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "စိတ်ချပါရှင်။ အဲဒါက ကျွန်မ အလုပ်ပဲလေ”
အားလုံးအဆင်ပြေနေသည်ဟု ဖေးချမ့် ခံစားမိသည်။
ဝန်ထမ်းအသစ်ငှားရမ်းခြင်းက အရေးအကြီးဆုံး ဖြစ်သည်။ သူ့မစ်ရှင် အောင်မြင်ခြင်း မအောင်မြင်ခြင်းက ဒီအပေါ်တွင် မူတည်နေသည်။
ဖေးချမ့်၏ လန်းဆန်းတက်ကြွနေသော မျက်နှာကို ကြည့်ရင်း ရှင်းဟိုက်လူက နူးညံ့သော အပြုံးဖြင့် သူ့ကို အသိပေးလိုက်သည်။ "ရှင် အရေးကြီးတာ တစ်ခုခုမေ့နေတယ် ထင်တယ်နော်”
"ရှင့်ကို ကျွန်မတို့ ပုံစံပြောင်းပေးရမလား”