အခန်း(၃၂) ဝတ်စုံ
Vol. 3 Ch. 32
အခန်း(၃၂) ဝတ်စုံ
ဖေးချမ့် ခေတ္တ ကြက်သေသေသွားသည်။ "ဟုတ်တာပေါ့။ နင်က တကယ်အမြော်အမြင် အရှိဆုံးပဲ။ လက်ထောက်ရှင်း ငါအဲဒါကို မေ့တောင် မေ့တော့မလို့”
သီအိုရီအရတော့ ဝတ်စုံများက ဂိမ်းလောကလို လုပ်ငန်းမျိုးအတွက် အရေးမကြီးပါ။
တချို့ သာမန်နှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများအတွက်တော့ လုပ်ငန်းအစည်းအဝေးများအတွက် ဝတ်စုံများက အလွန် အရေးကြီးသည်။
ဝတ်ဆင်သည့် အဝတ်အစားမှစပြီး လက်ပတ်နာရီ အမျိုးအစား၊ သူတို့မောင်းနှင်သည့် ကားများ၊ အားလုံးက အရေးသည်။
တချို့လူတွေက ဝတ်စုံတစ်ခုတည်းအတွက် သောင်းချီပြီး သုံးစွဲကြသည်။ ဒါကလည်း လိုအပ်ချက် တစ်ခု ဖြစ်သည်။
သူတို့၏ ဝတ်စားဆင်ယင်မှုကိုသာ သေသေချာချာ မပြင်ဆင်ပါက လုပ်ငန်းညှိနှိုင်းခြင်းများတွင် ဆိုးရွားသည့် ပုံစံကြောင့် မအောင်မြင်နိုင်ပါ။
ထိုနည်းတူစွာ ကောင်းမွန်သည့် ဝတ်စုံများက သာမန်လုပ်ငန်းများတွင် အလုပ်ရှာဖွေသည့်အခါ ယဥ်ကျေးမှု အရ အခြေခံလိုအပ်ချက် ဖြစ်သည်။
သို့သော်လည်း အင်တာနောက်ခေတ်တွင်၊ အထူးသဖြင့် ဂိမ်းလောကများတွင်တော့ ခြားနားသည်။
ဂိမ်းကုမ္ပဏီကြီးများမှ ဘော့စ်များစွာမှာ အလုပ်သို့ တီရှပ်တစ်ထည်နှင့် ဘောင်းဘီတိုဖြင့်သာ သွားတတ်ကြသည်။
ပရိုဂရမ်မာများ အလုပ်လျှောက်သည့် အခါမှာတောင် သူတို့က သာမန် တီရှပ်များ သို့မဟုတ် အကွက်ရိုက် တီရှပ်များနှင့် ဂျင်းဘောင်းဘီ၊ ကွင်းထိုးဖိနပ်၊ ကျောပိုးအိပ်တို့ကို ဝတ်ဆင်ထားတတ်ကြသည်။
ဘာပဲဖြစ်ဖြစ် ဒီလိုထူးခြားသည့်လုပ်ငန်း လောကမျိုးတွင် အင်တာဗျူးမှ သူတို့၏ နည်းပညာစကေးများက သူတို့၏ ပုံသဏ္ဌာန်ထက် အများကြီး ပိုအရေးကြီးသည်။
ဒါက ပုံမှန်ဓလေ့လို ဖြစ်နေသဖြင့် အင်တာဗျူး ဖြေမည့်လူ အများစုက အင်တာဗျူးများအတွက် အထူးတလည် ဝတ်စားဆင်ယင်မှု မရှိကြပါ။ တကယ်တော့ ဝတ်စုံ၊ နက်ကတိုင်နှင့် လူတို့ကသာ တခြား နေရာများတွင် အလုပ်ထပ်ရှာသွားရတတ်ကြသည်။
ထို့ကြောင့် ဖေးချမ့်က ထိုကဏ္ဍကို လျစ်လျူရှုထားခဲ့သည်။ သို့သော် လက်ထောက်ရှင်း၏ အသိပေးမှုကြောင့် သူစိတ်ပြောင်းသွားခဲ့၏။ သူ့မှာ တကယ်ပဲ ဝတ်စုံတစ်ခု လိုအပ်သည်။
ပထမဆုံး ဒါက ကုမ္ပဏီ၏ အကောင့်ထဲက သုံးရမည်ဖြစ်သဖြင့် သူငွေပိုဖြုန်းလို့ရမည် ဆိုသည့် သဘောဖြစ်သည်။
ဒုတိယက သူ့အလုပ်ကို တိုးတက်အောင် လုပ်ဖို့အကူအညီပေးနိုင်သည်။
လက်ရှိဖေးချမ့်က ကျောင်းသာတစ်ယောက် ဖြစ်သည်။ အသက် ၁၈ နှစ်ပြည့် မွေးနေ့ပြီးခါစဖြစ်၏။ နောက်ထပ် ၁၀ နှစ်အကြာက မှတ်ဉာဏ်များရှိနေရင်တောင် အခက်အခဲများကို ဖြတ်ကျော်ခဲ့ရသည့် လူတစ်ယောက်၏ ပုံစံမျိုးထားဖို့ သူ့အတွက် ခက်ခဲလွန်းသည်။
သူ့အသက်က ခက်ခဲသည့် ကန့်သတ်ချက်ဖြစ်နေပြီး သူဘယ်လိုပဲ ဝတ်ဆင်ပါစေ ဘယ်တော့မှ ဝါရင့်တစ်ယောက်၏ ပုံစံမျိုးဖြစ်လာမည်မဟုတ်ပေ။
ထို့အခါ ဝတ်စုံများက အရေးပါသည့် ကဏ္ဍမှ ပါဝင်လာကြသည်။
ဥပမာအားဖြင့် နိုင်ငံတော်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများတွင် အသက်ကြီးသည့် ခေါင်းဆောင်များက တခြားသူများကို အေးအေးဆေးဆေး ချဥ်းကပ်နိုင်သော်လည်း ငယ်ရွယ်သည့် သူများကတော့ ခံနိုင်ရည်ရှိသော မျက်နှာမျိုး အမြဲတမ်း ဆောင်ထားရ၏။
ဘာကြောင့်လဲ။
အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ မျက်နှာမျိုး မရှိပါက သူတို့ပုံစံက ယုံကြည်စရာ မကောင်းဘဲ သူတို့လက်အောက်ခံများကို ခိုင်းစေဖို့ ခက်ခဲနိုင်သောကြောင့်ဖြစ်သည်။
သူတို့ရဲ့ လက်အောက်ငယ်သားများကသာ သူတို့ကို ဟာသလို သတ်မှတ်ထားပါက အလုပ် ဘယ်လို လုပ်နိုင်တော့မည်နည်း။
ဖေးချမ့်က အစကတည်းက ငယ်ရွယ်သည်။ ကျောင်းသားတစ်ယောက်လည်းဖြစ်၏။ သူ့အင်တာဗျူး လာဖြေသူများကတော့ နှစ်ပေါင်းများစွာ အလုပ်လုပ်နေကြသည့် ဉာဏ်များသူများ ဖြစ်ကြပြီး သူ့ထက် အသက် ၆ နှစ် ၇နှစ်လောက် ကြီးနိုင်သည်။
ဖေးချမ့်သာ ယွမ်ဆယ်ဂဏာန်းကျော်လောက် တန်သည့် တီရှပ်နှင့် ဘောင်းဘီတိုများ ဝတ်ထားပါက ထိုလူတွေ သူ့ကို ရှိန်ပါ့မလား။
ဖေးချမ့်၏ ရည်ရွယ်ချက်အစစ်က အကုန်လုံး ရှုပ်ထွေးအဆင်မပြေအောင် လုပ်ဖို့ ဆိုသော်လည်း နည်းလမ်းတော့ ရှိသည်။
ဂိမ်းက အနည်းဆုံးတော့ စမ်းသပ်စစ်ဆေးချက်ကို အောင်မြင်ရမည်ဖြစ်ပြီး အောင်မြင်စွာ စာရင်း သွင်းခံရမည်။ မဟုတ်ပါက စနစ်က စည်းကမ်းဖောက်ဖျက်မှုအဖြစ် မြင်သွားနိုင်သည်။
ထိုကဲ့သို့ ပန်းတိုင်မျိုးကို ရနိုင်ဖို့အတွက် ဖေးချမ့်က သူ့ဝန်ထမ်းများကို ထိန်းချုပ်ပြီး သူတို့ကို အမိန့်နာခံခိုင်းရမည် ဖြစ်သည်။
ဒါဆို သူ့ပုံစံကိုလည်း ပြင်ဆင်ပြောင်းလဲရမည်ဟု ဆိုလိုသည်။
သူ့ပုံစံက ငယ်ရွယ်ပြီး ပါရမီရှိသည့် ဒီဇိုင်နာ တစ်ယောက်နှင့် မတူနိုင်ရင်တောင် စကားအတိုင်း လုပ်တတ်သည့် ဒုတိယမျိုးဆက် သူဌေးသားလေးလို ဖြစ်နေရပါမည်။
ထို့အတွက် အလွန်အမင်း စျေးကြီးသည့် ဝတ်စုံတစ်ခုကို မဖြစ်မနေ လိုအပ်သည်။
ဘာပဲဖြစ်ဖြစ် သီအိုရီအရ ဒုတိယမျိုးဆက် သူဌေးသားများက နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ရာတွင် တီရှပ်နှင့် ဘောင်းဘီတိုများကို ဝတ်ဆင်ထားမည်မဟုတ်ပါ။
အမှင်ပင်။ လူထူးလူဆန်းတချို့ကတော့ ဝတ်နိုင်သော်လည်း ပုံမှန်အားဖြင့်တော့ မဝတ်ကြပါ။
ရှင်းဟိုက်လူက နူးညံ့စွာ ပြုံးလိုက်သည်။ "လိုအပ်မယ်ထင်ရင် အနီးအနားက ရှော့ပင်းမောလ်မှာ ရွေးချယ်ဖို့ ကျွန်မလိုက်ပို့ပေးပါ့မယ်”
ဖေးချမ့် ကျန်တာ ဘာမှ တောင်းဆိုစရာ မလိုတော့ပေ။
...
Cayenne ကားကြီးကို ကျင်းကျိုးမြို့တော်ရှိ အကြီးမားဆုံး ရှော့ပင်းမောကြီး၏ မြေအောက် ကားပါကင်တွင် ပါကင်ထိုးလိုက်သည်။
ဖေးချမ့်က တံခါးကိုဖွင့်ကာ ဆင်းလိုက်၏။
"ဒီဘက်ပါ”
လက်ထောက်ရှင်းက လမ်းပြကာ ဖေးချမ့်ကလည်း ဥက္ကဋ္ဌတစ်ယောက် ခံစားရမည့် ခံစားချက်မျိုးကို ပျော်ပျော်ကြီးရရှိနေသည်။
ဒါက ကျင်းကျိုးမြို့၏ အကြီးမားဆုံးနှင့် တန်ဖိုးအကြီးဆုံး ရှော့ပင်းမောကြီးဖြစ်ပြီး ဖေးချမ့် တစ်ခါမှ မရောက်ဖူးပါ။
သို့သော်လည်း ဒါတွေ ဘာမှ အရေးမကြီးပေ။ သူက ဝတ်စုံတစ်ခု ဝယ်ဖို့အတွက်သာ လာခဲ့ခြင်း ဖြစ်သည်။ လက်ထောက်ရှင်း ရွေးပေးတာ ဘာပဲဖြစ်ဖြစ် သူဝတ်မည်ဖြစ်သည်။
ယောက်ျားလေးနှင့် မိန်းကလေးများက စျေးဝယ်သည့်အခါ ခြားနားကြသည်။
မိန်းကလေးများက ရှော့ပင်းထွက်ရသည်ဟူသည့် အဓိပ္ပာယ်ကို တကယ်ပဲ လေးနက်အောင် လုပ်သည်။ သူတို့ တစ်နေရာလုံးက အထပ်တိုင်းကို သွားကာ သူတို့အကြိုက်နှင့် ကိုက်ညီမည့်အရာရှိမလား စစ်ဆေးတတ်ကြ၏။ သူတို့က ရှော့ပင်းထွက်ရသည့် လုပ်ငန်းစဥ်ကို သဘောကျသည်။
သို့သော်လည်း ယောက်ျားလေးများကတော့ သူတို့လိုချင်သည့်အရာထံသို့သာ သွားပြီး ရရှိပြီးသောအခါ တစ်စက္ကန့်တောင် မဖြုန်းဘဲ တန်းထွက်သွားတတ်ကြသည်။ သူတို့က ရှော့ပင်းထွက်ခြင်း၏ ရလဒ်ကို သဘောကျသည်။
ဖေးချမ့်ကလည်း သာမန်ယောက်ျားလေးမျိုးဖြစ်ပြီး ရှော့ပင်ထွက်ရတာကို စိတ်မဝင်စားပါ။ တတ်နိုင်သမျှ အမြန်ဆုံး ဝတ်စုံတစ်ခုကို ရွေးပြီး ပြန်ချင်သည်။
လက်ထောက်ရှင်းကလည်း သူ့စိတ်ကို ရှင်းရှင်းလင်းလင်း နားလည်ပြီး သူ့ကို လျှောက်ခေါ်မနနေဘဲ တန်ဖိုးကြီး ဝတ်စုံဆိုင်တစ်ဆိုင်သို့ တန်းခေါ်သွားခဲ့သည်။
"Jesse က အီတလီနိုင်ငံက တန်ဖိုးကြီး ဖက်ရှင် ဘရန်းတစ်ခုဖြစ်ပြီး နှစ် ၁၀၀ ကျော်ပြီဖြစ်တဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်။ အဲ့ဒီ ဘရန်းက အပြစ်အနာအဆာကင်းတဲ့ လက်ချုပ်အဝတ်အထည်တွေကြောင့် နာမည်ကြီးပါတယ်”
"ဒါက ဟန်တုန်းမှာရှိတဲ့ တစ်ခုတည်းသော Jesse အရောင်းဆိုင်ပါ”
"ရှင်သဘောမကျဘူးဆိုရင် ပိုအဆင့်မြင့်တဲ့ ဝတ်စုံတွေကို ကျွန်မတို့ ထပ်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ဆိုဒ်နဲ့ စိတ်ကြိုက်ဖန်တီးဖို့အတွက် နည်းနည်းတော့ ကြာပါလိမ့်မယ်”
ရှင်းဟိုက်လူက ဖေးချမ့်အား ဆိုင်ထဲမဝင်ခင် ဆိုင်၏ နောက်ခံအကြောင်း ရှင်းပြပေးလိုက်သည်။
"ကိစ္စမရှိပါဘူး။ ဒီလောက်ဆို အဆင်ပြေပါပြီ”
ဖေးချမ့်က ချက်ချင်းပဲ ဆုံးဖြတ်လိုက်သည်။
သူ့အတွက်တော့ စိတ်ကြိုက် ဖန်တီးထားသည့် ဝတ်စုံများသည်လည်း ဒီအတိုင်းပဲဖြစ်သည်။
အင်တာဗျူးများ ဆောင်ရွက်သည့် လူများက စိတ်ကြိုက်ဖန်တီးထားသည့် ဝတ်စုံနှင့် သာမန်ဝတ်စုံတို့အကြား ခြားနားချက်ကို အလွယ်လေး ပြောနိုင်သည်။ အရှေ့တစ်ခုက ကျကျနနနှင့် အဆင့်အတန်းမြင့်သည့်ပုံ ပေါက်ပြီး နောက်တစ်ခုကတော့ လျော့လျော့ရဲရဲနှင့် တန်ဖိုးနည်းသည့်ပုံ ပေါက်လိမ့်မည်။
အရှေ့တစ်ခုက ဝေါစထရိထ်မှ အဆင့်အတန်း မြင့်မားသူနှင့် တူစေပြီး အနောက်တစ်ခုကတော့ အာမခံအရောင်းသမားနှင့် တူနေလိမ့်မည်။
သို့သော်လည်း စိတ်ကြိုက်ဖန်တီးထားသည့် ဝတ်စုံနှစ်ခုအကြား ခွဲခြားဖို့ကတော့ ခက်ခဲလှသည်။
ရှင်းရှင်းပြောရလျှင် စျေးတင်ရောင်းရင်တောင် ခြားနားချက်က သေးငယ်နိုင်သည်။
ထို့ကြောင့် ဒီဝတ်စုံများက ဖေးချမ့်၏ လိုအပ်ချက်အတွက် ပြီးပြည့်စုံသည်။ ပိုအရေးကြီးတာက အချိန်က အရေးပါပြီး ဖေးချမ့်သည် စောင့်ရတာကို မနှစ်သက်ပေ။
သူက ယွမ်ဆယ်ကျော်ကျော်သာ တန်သည့် တီရှပ်နှင့် ဘောင်းဘီတိုများကို ဝတ်ဆင်ထားသော်လည်း ဖေးချမ့်က ရင်ကော့ကော့ဖြင့်လမ်းလျှောက်နေကာ လုံးဝ အားငယ်သည့်ပုံမပေါ်ပေ။
အကြောင်းအရင်းကတော့ အရင်တိုင်းပင်။ သူနဲ့အတူ ရှင်းဟိုက်လူ ရှိနေသောကြောင့်ဖြစ်သည်။
"ရှင့်ရဲ့ ဆိုဒ်ကို အလွယ်မှာလို့ရပေမဲ့ ဒီသုံးစုံကို ကျွန်မ အကြံပေးချင်ပါတယ်”
ဆိုင်နှင့် အလွန်အမင်း ရင်းနှီးသဖြင့် ရှင်းဟိုက်လူက ဆိုင်ဝန်ထမ်းကို တစ်ဖက်တွင် ထားခဲ့လိုက်သည်။
"ဒီသုံးစုံထဲမှာမှ ပထမဆုံးတစ်စုံက ပိုခမ်းနားပြီး တခြား ဘော့စ်တွေနဲ့ လုပ်ငန်းအစည်းအဝေး သို့မဟုတ် ဆုချီးမြှင့် အခမ်းအနားတွေစတဲ့ အရေးကြီး ပွဲတော်တွေကို တက်ရောက်ဖို့ ဝတ်ဆင်နိုင်ပါတယ်။ တခြား နှစ်စုံကတော့ သာမန်ပိုဆန်ပြီး နေ့စဥ် ဝတ်ဆင်ဖို့အတွက် ပိုပြီး သင့်တော်ပါတယ်”
သူမ၏ စကားကို ကြည့်ခြင်းအားဖြင့် တခြား နှစ်စုံကြောင့် အင်တာဗျူးဖြေသူများအား အထင်လွဲမှားစေနိုင်သည်ဟု ဆိုလိုသည်။
တခြားသူများကို အင်တာဗျူးဖို့အတွက် အလွန်ခမ်းနားစွာ ဝတ်ဆင်ဖို့ မလိုသော်လည်း စုတ်ပြတ်နေလို့လည်း မဖြစ်ပေ။
နေ့စဥ်လုပ်ငန်းတွင်လည်း ဒီလိုပဲဖြစ်၏။ သူ့ဝန်ထမ်းများကို ဖေးချမ့်က ပြောသည့်စကားအတိုင်း လုပ်တတ်သည့် ဒုတိယ သူဌေးသား၏ အရှိန်အဝါမျိုး ပေးစွမ်းရမည်ဖြစ်သည်။ ဒါက သူ့အလုပ်ကို အကူအညီ ဖြစ်စေပါလိမ့်မည်။
စနစ်က ဘာမှ သတိပေးချက် မထုတ်ပါ။
ဖေးချမ့်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ”
ရှင်းဟိုက်လူက ဆိုင်ဝန်ထမ်းဘက်သို့ လှည့်သွားသည်။ "ကျွန်မတို့ တစ်ခုကို နှစ်စုံစီယူပါမယ်။ ဒီဇိုင်းနဲ့ တွဲဖက်ပစ္စည်းတွေက ထင်ရှားရမယ်။ အခုပဲ ကိုယ်အတိုင်း စတိုင်းနေပါပြီ။ မြန်မြန်လေးလုပ်ပါ”
တစ်ခုကို နှစ်စုံစီ ဟုတ်လား။
တော်ပါပေတယ်။
ဖေးချမ့်သည် ထိုစကားကို ထုတ်ပြောလုနီးပါး ဖြစ်သွားသော်လည်း ထိန်းလိုက်သည်။
စနစ်ကလည်း ဘာမှမပြောပါ။ စည်းကမ်းဖောက်ဖျက်မှု မဟုတ်ဟု ဆိုလိုသည်။
ထို့နောက် ဆိုင်ဝန်ထမ်းက ဖေးချမ့်ဆီပြေးလာပြီး ကိုယ်အတိုင်း တိုင်းဖို့ ကူညီပေးလိုက်သည်။
ဒီက ဝတ်စုံများက လက်ဖြင့် ရက်လုပ်ထားသော စိတ်ကြိုက်အထည်များမဟုတ်ဘဲ တစ်စုံစီကို ရက်သတ္တပတ်ပေါင်းများစွာ ကြာနိုင်ပြီး အလွန်ဒုက္ခများနိုင်သည်။
ဆိုဒ်ပမာဏ မျိုးစုံနှင့် ကတ်စတမ်မာ၏ ကိုယ်အတိုင်းများအရ ဆိုင်က အသင့်တော်ဆုံး အဖြတ်အတောက်များကို ရွေးချယ်ပေးပါလိမ့်မည်။
ဒီလိုဆို အဆုံးသတ်ပစ္စည်းကို အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ပါလိမ့်မည်။
ဆိုင်ဝန်ထမ်းက သူ့ကိုယ်အတိုင်းကို ယူနေစဥ် ဖေးချမ့်က ရှက်နေသဖြင့် အနီးအနားရှိ ရှပ်အင်္ကျီတစ်ထည်၏ စျေးနှုန်းကတ်ကိုသာ ကြည့်နေမိသည်။
၁, ၂, ၃, ၄, ၅
ကုန်ကျစရိတ်က ဂဏန်း ၅ လုံးရှိနေပြီး ပထမဆုံး ဂဏန်းက ၁ တောင် မဟုတ်ပါ။
ဒီလို ဝတ်စုံမျိုး ၆ စုံဝယ်မယ်ဆိုရင်....
ကျွတ်
ဖေးချမ့်က သူ့အတွက်အချက် စကေး ယိုယွင်းလာမှုကို ခံစားမိသည်။
ဖေးချမ့်၏ ကိုယ်အတိုင်းကို ယူပြီးသွားသောအခါ ရှင်းဟိုက်လူက ပြုံးလိုက်သည်။ "ရှင်က အရမ်းအလုပ်များတာ။ ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ကြမလား။ နောက်ပိုင်းတွေလည်း ရှင်အဝတ်အစားတွေ ဝယ်ဖို့ ကျွန်မ ကူညီပေးပါ့မယ်။ ရှင်ကိုယ်တိုင် ရွေးဖို့ မလိုတော့ဘူးပေါ့”
ကောင်းလိုက်တဲ့ ဆက်ဆံရေးပါလား။
ဖေးချမ့် စိတ်အေးသွားသည်။
ကြည့်လိုက်ပါဦး။ ဒါမျိုးကို တကယ် ပရော်ဖက်ရှင်နယ် ဆန်တဲ့လူလို့ ခေါ်တာ။
"လက်ထောက်ရှင်း။ ခင်ဗျားကို အားလုံး အပ်ထားလိုက်မယ်နော်”