အခန်း(၃၆) မျှော်မှန်းလစာ
Vol. 3 Ch. 36
အခန်း(၃၆) မျှော်မှန်းလစာ
အမှန်ပင်။ ဟွမ်းစစ်ပေါ် ဝင်ဝင်လာချင်း ကြက်သေ သေသွားရလောက်သည့်အထိ အမြွှာနှစ်ယောက်က မျှော်လင့်ထားသလို အာနိသင်ရှိနေခဲ့သည်။
ဒီလိုဧည့်ကြိုမျိုးကို ခန့်အပ်နိုင်တဲ့ ကုမ္ပဏီက ငွေကြေးအင်အား နည်းပါးပါ့မလား။
မဖြစ်နိုင်တာ...
ဒီကုမ္ပဏီက လိုအပ်ချက်များ မြင့်မားသဖြင့် သူ မဝင်နိုင်မှာကသာ စိတ်ဓာတ်ကျဖို့ကောင်းသည်။
မဟုတ်ပါက တခြားသူများကိုသာ သူရှန်းဟွာဗျူးမှာ အလုပ်လုပ်ရပြီး ဧည့်ကြိုနေရာတွင် လှပသည့် အမြွှာလေးနှစ်ယောက် ရှိနေကြောင်း ပြောပြလိုက်ပါက သေချာပေါက် သူ့ကို မနာလို ဖြစ်ကြပါလိမ့်မည်။
ထို့နောက် ဟွမ်းစစ်ပေါ်က အလုပ်စားပွဲများကို စစ်ကြည့်လိုက်သည်။
အလုပ်စားပွဲအားလုံးက အကြီးကြီးတွေ ဖြစ်ကြသည်။
အလုပ်စားပွဲတွေ အကုန်လုံးကို ဘာဖြစ်လို့ တစ်ခုနဲ့တစ်ခု ဒီလောက် ခြားထားတာလဲ။ ဒီနေရာကို အလကား ငှားထားတာလား၊ ဘာလား။
စားပွဲတွေကြားထဲမှ နေရာလွတ်မှာ ကြက်တောင်ရိုက်လို့ပင် ရသည်။
စားပွဲတိုင်းတွင် အဆင့်မြင့်ပြီး ကြီးမားသည့် မော်နီတာကြီးနှစ်လုံး တပ်ဆင်ထားသည်။ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် စျေးကြီးသည့် ပစ္စည်းများဖြစ်ကြောင်း သိနိုင်သည်။
ပြတင်းပေါက်နားတွင် အပင်တန်းများ ရှိသည်။ တစ်ပင်ချင်းစီတိုင်းက စျေးကြီးမည့်ပုံပေါ်ပြီး ထိုအပင်များကို ပြုစုနေသည့် ဥယျာဥ်မှူးတစ်ယောက်ပင် ရှိနေသေးသည်။
လူငယ်အိုင်ဒေါ ဒရမ်မာကားထဲတွင် ပြန်လည် မွေးဖွားလာသလို ဟွမ်းစစ်ပေါ်ခံစားလိုက်ရသည်။
ကုမ္ပဏီများကို ဖန်သားပြင်ပေါ်တွင် ထိုကဲ့သို့ သရုပ်ပြတတ်ကြသည်။
သို့သော်လည်း လက်တွေ့မှာတော့ အဝေးကြီး ခြားနားလှသည်။
သို့သော်လည်း ဒီကုမ္ပဏီက လိုအပ်ချက်များ မြင့်မားသဖြင့် သူ ဝင်ခွင့်ရမှာ မဟုတ်ကြောင်း ထပ်ပြီး ညည်းတွားမိပါသေးသည်။
ဧည့်ကြိုစားပွဲနား လျှောက်သွားပြီး သူ့နာမည်ကို စာရင်းသွင်းလိုက်သည်။ ဒီကိုရောက်နေမှတော့ သူကြိုးစားကြည့်ရမည်။
"ခဏလေးနော်။ ကျွန်မ အင်တာဗျူးသူကို အကြောင်းကြားပေးပါ့မယ်”
ဘယ်ဘက်က ဧည့်ကြိုလေးက ပြုံးပြလိုက်သည်။ သူမက ဝန်ဆောင်မှုက ၁၀ မှတ် အပြည့် ရနိုင်ရုံသာမကဘဲ သူမ၏ အပြုံးကလည်း ထိုနည်းတူစွာ ကုစားနိုင်စွမ်းရှိသည်။
"ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ”
တောက်တောက်ပပဖြင့် ဧည့်ကြိုမလေးက မတ်တတ်ရပ်လိုက်ပြီး ဟွမ်းစစ်ပေါ်ကို အထဲခေါ်သွားခဲ့သည်။
သူ အံ့အားသင့်သွားရလောက်အောင် ကုမ္ပဏီကြီးက အနည်းငယ် ဗလာကျင်းဖြစ်နေ၏။
သူ ပထမဆုံး ခံစားလိုက်ရသည်က လူလိမ်ခံရမှာကို စိုးရိမ်သွားမိခြင်းပင်။
သို့သော်လည်း ကုမ္ပဏီ၏ အတွင်းပိုင်း အပြင်အဆင်များကို မြင်သောအခါ ဒီလိုမဟုတ်မှန်း သူ သိလိုက်ရသည်။
ဘယ်လိုလူလိမ်မျိုးက ဒီလောက်ထိ သုံးစွဲနိုင်မှာလဲ။
လူလိမ်ဆိုရင်တောင် အမြတ်အစွန်းကို ထည့်တွက်ကြမှာပဲမဟုတ်လား။ အပြင်အဆင်ကို ကြည့်ခြင်းအားဖြင့် သူတို့အရင်းပြန်ရဖို့ လူဘယ်လောက်ကိုတောင် လိမ်ရမလဲ။
ထို့ကြောင့် ဒီကုမ္ပဏီက သေချာာပေါက် သူတို့၏ ကြွယ်ဝမှုကို အယောင်ဆောင်ပြနေတာ မဟုတ်ပါ။
ဒါက သူဌေးတစ်ယောက်ဖွင့်ထားသည့် ကုမ္ပဏီ အသစ်တစ်ခုဖြစ်သည်။ ကလောက်ဂိမ်းများကို ကြိုဆိုဖို့အတွက် လမ်းကြောင်းတစ်ခုဖြစ်နိုင်၏။
အရာအားလုံး၏ နောက်ကွယ်က အမှန်တရားကို သူ ဖော်ထုတ်နိုင်ခဲ့ပြီဟု ဟွမ်းစစ်ပေါ်တစ်ယောက် ယုံကြည်ချက် ပြည့်ဝသွားခဲ့သည်။
ဧည့်သည်အခန်းသို့ ရောက်သောအခါ လူငယ်လေးတစ်ယောက် ဆိုဖာပေါ်တွင် ထိုင်နေတာကို မြင်လိုက်ရသည်။
သူ့ထံတွင် နှစ်လိုဖွယ်ကောင်းသော ခန္ဓာကိုယ်ရှိပြီး ဝတ်စုံပြည့်ကို ဆင်မြန်းထားသည်။
ရုတ်တရက် ဟွမ်းစစ်ပေါ်တစ်ယောက် သိမ်ငယ်စိတ် ဝင်လာခဲ့ပြန်သည်။
အပြင်ဘက်မှာ ခုနက သူ တွေ့ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်က လူငယ်လေးတွေနဲ့ ယှဥ်ရင် ဒီဝတ်စုံက ပိုပြီးတောင် စျေးကြီးမဲ့ပုံပဲ။
တကယ်တော့ ဝတ်စုံ၏ ကုန်ကျစရိတ်ကို ဟွမ်းစစ်ပေါ် ခန့်မှန်းကြည့်လို့တောင် မရပါ။ ဘာပဲဖြစ်ဖြစ် သူ့စိတ်ကူးဖြင့် မှန်းဆ၍မရနိုင်လောက်အောင် ရှိမယ်ဆိုတာတော့ သေချာနေသည်။
ဟွမ်းစစ်ပေါ်က တခြား ဂိမ်းကုမ္ပဏီများတွင် ကံစမ်းကာ အင်တာဗျူးဖြေခဲ့သော်လည်း ၎င်းတို့အားလုံးက သာမန်သာဖြစ်သည်။
အင်တာဗျူးသူများကတောင် ဘောင်းဘီတို၊ စွပ်ကျယ်များ ဝတ်ဆင်ထားခဲ့ကြသည်။ အင်တာဗျူးဖို့ အစည်းအဝေးခန်းထဲ မဝင်ခင် သူတို့ အလုပ်စားပွဲမှာသာ ထိုင်နေတတ်ကြသူများဖြစ်သည်။
သို့သော်လည်း ဒီမှာတော့ မဟုတ်ပါ။ ဒီအင်တာဗျူးသူက သေချာပေါက် သာမန်လူဖြစ်သည့်ပုံမပေါ်ပါ။
ထို့ကြောင့် ဟွမ်းစစ်ပေါ်တစ်ယောက် စိတ်လှုပ်ရှားလာမိသည်။
"ဟွမ်းစစ်ပေါ် ဟုတ်တယ်နော်။ ကျေးဇူးပြုပြီး ထိုင်ပါဦး။ ကျွန်တော်က ထန်းတာ့ နက်ခ်ဝါ့ နည်းပညာ ကုမ္ပဏီလိမိတက်ရဲ့ ဥက္ကဋ္ဌ ဖေးချမ့်ပါ”
တစ်ဖက်ကောင်လေးက မတ်တတ်ရပ်လိုက်ပြီး သူနဲ့လက်ဆွဲနှုတ်ဆက်လိုက်သည်။
တဖက်လူ၏ သဘောကောင်းမှုကြောင့် ကြောင်သွားကာ ဟွမ်းစစ်ပေါ်၏ အသံများ တုန်နေသည်။ "မ-မင်္ဂလာပါ ဘော့စ်ဖေး”
"စိတ်မဖိစီးပါနဲ့။ ကျွန်တော်တို့ ဒီတိုင်း ပုံမှန်ပဲ စကားပြောကြမှာပါ။ ဒီမှာ လက်ဖက်ရည်လေး သောက်ပါဦး” ဖေးချမ့်က ငွေရောင်စစ်စစ် လက်ဖက်ရည်ခွက်တစ်ခွက်ကို ဟွမ်းစစ်ပေါ်ရှေ့သို့ တွန်းပို့ပေးလိုက်သည်။
ဟွမ်းစစ်ပေါ်က ချထားသည့် ငွေရောင်လက်ဖက်ရည်ပန်းကန် Set ကို ကြည့်လိုက်ရင်း ထိုတန်ဖိုးကို ခန့်မှန်းကြည့်လို့တောင် မရခဲ့ပါဘူး။
ဖေးချမ့်ကို အရင်က တစ်ခါမှ မမြင်ဖူးသော်လည်း သူ့စိတ်ကူးအပေါ် ဒါက သက်ရောက်မှု မရှိပါ။
'လူငယ် ပါရမီရှင်တစ်ယောက်ပဲ'
'ဂိမ်းနှစ်ခုကို အောင်မြင်မှုကြီးကြီးမားမား ရအောင် လုပ်နိုင်ခဲ့တဲ့လူ'
'လက်ဖက်ရည်သောက်ပြီး လက်ဖက်ရည် ပန်းကန်ကို ကိုင်တွယ်တဲ့ပုံစံကို ကြည့်စမ်းပါဦး။ ဒါမျိုးက အယောင်ဆောင်လို့ရတာမျိုး မဟုတ်ဘူး။'
'ဒါက တကယ်ပဲ ငွေရေးကြေးရေး ခြေသလုံးမွှေးဆိုတဲ့ လူမျိုးပဲ။'
ဘော့စ်ဖေး၏ မျက်လုံးထဲတွင် ငွေစစ်စစ် လက်ဖက်ရည်ပန်းကန်တစ်လုံးက စက္ကူခွက်တစ်ခွက်နှင့် မခြားနားလောက်ဘူးဟု ဟွမ်းစစ်ပေါ် ခံစားလိုက်ရသည်။
ထို့ကြောင့် ဟွမ်းစစ်ပေါ် ထိန်းသိမ်းမရသည့် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့၏။
"ခင်ဗျားရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ရိုးရိုးရှင်းရှင်း ပြောပြပါဦး” ဖေးချမ့်က ပြုံးကာ ပြောလိုက်သည်။
ဟွမ်းစစ်ပေါ်တစ်ယောက် နှလုံးခုန်နှုန်း ပြင်းထန်စွာ အခုန်မြန်နေပြီး ပါးစပ်ထဲတွင်လည်း ခြောက်သွေ့လာသလို ခံစားလိုက်ရသည်။
သို့သော်လည်း အကောင်းဆုံးကြိုးစားကာ သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး လုပ်ငန်းအတွေ့အကြုံများကို အသေးစိတ် ပြောပြလိုက်သည်။
ထိုသို့ ပြောစဥ် စိတ်မသက်သာမှုကြောင့် စကားထစ်ကာ တချို့အရာများကို မှားယွင်းစွာ ပြောလိုက်မိသည်။
ဖေးချမ့်က နားထောင်ရင်း လက်ဖက်ရည်သောက်နေခဲ့သည်။ သူ့မျက်နှာပေါ်တွင်လည်း ဘယ်သူမှ သူ့အတွေးကို ခန့်မှန်းလို့မရနိုင်လောက်သည့် အပြုံးတစ်ခုရှိနေ၏။
ဟွမ်းစစ်ပေါ် နှလုံးခုန်သံ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
(ငါသေပြီ။ ငါ့အတွေ့အကြုံက နည်းလွန်းတယ်လို့ သူတွေးနေတာဖြစ်မယ် ဘော့စ်ဖေး စိတ်ထဲမှာ ငါ့ကို လှောင်ရယ်နေတာဖြစ်ရမယ်။)
(ငါ့အဆင့်ငါ မသိဘဲ ငါ့လိုအစွမ်းအစမျိုးနဲ့ အင်တာဗျူးလာဖြေလို့ သူငါ့ကိုလှောင်နေတာများလား)
သူ့မျက်နှာအနည်းငယ် နီရဲလာပြီး ဟွမ်းစစ်ပေါ် အတင်းရုန်းကန်ကာ ကိုယ့်ကိုယ်ကို မိတ်ဆက်ခြင်းအား ပြီးအောင် အဆုံးသတ်လိုက်သည်။ အခုချိန် တံခါးမှ ပြေးထွက်သွားဖို့က လွဲပြီး ဘာမှ မဖြစ်ချင်တော့ပါဘူး။
"တော်လိုက်တာ”
ဟွမ်းစစ်ပေါ်၏ ကိုယ့်ကိုယ်မိတ်ဆက်ခြင်းကို ကြားပြီးသောအခါ ဖေးချမ့်က ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
(တော်လိုက်တာ ဟုတ်လား)
ဟွမ်းစစ်ပေါ် သူနားကြားမှားသည်ဟုထင်နေသည်။
(ဒါက ပြောင်းပြန်စိတ်ပညာများလား)
အရင်ကုမ္ပဏီမှာ ၆ လလောက် လုပ်ကိုင်ခဲ့ပြီး ထူးဆန်းသည့် အခြေခံအလုပ် အများစုကို လုပ်ခဲ့ရသည့် လျို့ကြီး၏ လက်အောက်ငယ်သားသာ ဖြစ်သည်။
ဒါက ဘာမှ ကောင်းကွက် မရှိသည့် လုပ်ငန်းအတွေ့အကြုံမျိုး ဖြစ်သည်။
ဒါတောင် ဘော့စ်ဖေးက 'တော်လိုက်တာ'လို့ ပြောလိုက်တယ်လား။
(သူ ဘာကို ဆိုလိုတာလဲ။ ငါ့ကိုလှောင်နေတာလား)
ဟွမ်းစစ်ပေါ် ခဏလောက် ဘာပြန်ပြောရမှန်း မသိတော့ပါ။
ဟွမ်းစစ်ပေါ်၏ မျက်နှာကို မြင်သောအခါ အထင်လွဲနေမှန်း ဖေးချမ့်သိသွားပြီး အမြန်ရှင်းပြလိုက်သည်။
"ကျွန်တော်ဆိုလိုတာက ခင်ဗျားရဲ့ စွမ်းရည်က ကျွန်တော်တို့ ကုမ္ပဏီရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတယ်လို့ ပြောချင်တာပါ။ ခင်ဗျား ဘယ်တော့ အလုပ်စလုပ်လို့ရမလဲ မေးလို့ရမလား”
"ဟင်... ကျွန်တော်... သဘက်ခါလောက်ဆို...”
ဟွမ်းစစ်ပေါ်က သာမန်နေ့စွဲတစ်ခုကို ပေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူ့လို ဘာမှမဟုတ်တဲ့ကောင်က အလုပ်လွှဲပြောင်းဖို့ စိတ်ပူစရာမလိုဘဲ အချိန်မရွေး အလုပ်ထွက်နိုင်သည်။
"ကောင်းပါပြီ။ ဒါဆို မနက်ဖြန်သဘက်ခါ အလုပ်အတွက် စာရင်းတင်ပေးပါ။ ကျွန်တော်တို့ဘက်မှာ တရားဝင်စာချုပ်မချုပ်ခင် အရင်အလုပ်ကနေ ထွက်ဖို့ကိစ္စ ရှင်းလိုက်ပါဦးနော်”
"ဒီတော့ လစာနဲ့ အကျိုးခံစားခွင့်တွေကကော။ ခင်ဗျား ဘယ်လိုစဥ်းစားထားလဲ” ဖေးချမ့်က မေးလိုက်သည်။
လစာနဲ့ အကျိုးခံစားခွင့်...
အရင်ကုမ္ပဏီမှာတုန်းက ဟွမ်းစစ်ပေါ်က အာမခံငွေကော အိမ်ငှားခကော မပါဝင်သည့် အနိမ့်ဆုံးလစာ ယွမ် ၁,၅၀၀ နဲ့ လုပ်ခဲ့ရသည်။
ထိုလစာပမာဏက စုဆောင်းထားဖို့ တစ်ပြားတစ်ချပ်မှပင် မကျန်ဘဲ သုံးနိုင်စွဲနိုင်လောက်ရုံ ပမာဏသာဖြစ်သည်။
သူသာ ဒီမှာ အလုပ်လုပ်နိုင်ပါက အလုပ်နေရာတစ်ခုတည်းနဲ့တင် တန်နေပါပြီ။
လစာအတွက်တော့ ပုံမှန်လစာရနိုင်ရင်ပဲ အဆင်ပြေပါပြီ။
သို့သော်လည်း ပြန်စဥ်းစားကြည့်သောအခါ သူက ကုမ္ပဏီပြောင်းလာရမည်ဖြစ်သောကြောင့် လစာတိုးပေးဖို့ တောင်းဆိုသင့်သည်ဟု ခံစားလိုက်ရသည်။
ယခု သူက အလုပ်အတွေ့အကြုံ ၆ လလောက် ရှိပြီးသားဖြစ်သဖြင့် အပို ယွမ် ၄၀၀ လောက် တောင်းဆိုလိုက်လျှင် မများလောက်ပါဘူး။
အဲ့တော့... ယွမ် ၂,၀၀၀ လောက်တောင်းလိုက်ရင် ဘယ်လိုလဲ။
ထိုပမာဏနဲ့တင် ဟွမ်းစစ်ပေါ်တစ်ယောက် အများကြီး တောင်းဆိုမိသည်ဟု ခံစားနေရသည်။
သို့သော်လည်း ဒီအကြောင်းပြောလာပြီ ဆိုသဖြင့် ဟွမ်းစစ်ပေါ်က စမ်းသပ်သည့်သဘောဖြင့် ပြောလိုက်သည်။
"တစ်လ ယွမ် ၂,၀၀၀လောက် ဆိုရင်ကော... အဆင်ပြေမယ်ထင်လားဟင်။ စိတ်မပူပါနဲ့ ဘော့စ်။ ကျွန်တော် သေချာပေါက် တာဝန်သိတတ်ပြီး အချိန်ပိုလုပ်ရလည်း မညည်းပါဘူး”
ဖေးချမ့်က ဖြည်းညင်းစွာ သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။
ဟွမ်းစစ်ပေါ်တစ်ယောက် နှလုံးခုန်သံ ရပ်တန့်သွားသလို ခံစားလိုက်ရ၏။
(ဘာလို့လဲ ငါတောင်းဆိုတာ များသွားပြီလား)
(ဟူး တကယ်များနေတာပဲ...)
ဟွမ်းစစ်ပေါ်တစ်ယောက် ဖေးချမ့်က သူ့ရဲ့ မျှော်မှန်းလစာကို နှိမ်မှာကိုသာ စောင့်နေနိုင်တော့သည်။ သူ့အတွက်တော့ အလွန်အကြူး မနည်းလွန်းလျှင် သူလက်ခံလိုက်ပါမည်။
ဖေးချမ့်က လက်ချောင်းများကို လှုပ်ခါလျက် ပြောလိုက်၏။ "ဒီမှာ ကျွန်တော်တွက်ချက်ပေးမယ်”
ဟွမ်းစစ်ပေါ်က တံတွေးမျိုချရင်း ခေါင်းညိတ်ကာ နားထောင်လိုက်သည်။ ဒါက လစာကိုနှိမ်ဖို့ လုပ်နေကျ ဗျူဟာမှန်း သူသိသည်။
ဖေးချမ့်က အတွေးများကို စုစည်းလိုက်၏။
"ကျင်းကျိုးမှာ အိမ်တစ်လုံးငှားတာက တစ်လကို ယွမ် ၁,၀၀၀ ဝန်းကျင်လောက် ရှိမယ်ဗျာ။ အဲဒါ မများဘူးမလား”
"စားသောက်စရိတ်။ တခြားသူတွေကို လိုက်ကျွေးတာ ဘာညာအပါအဝင် ပုံမှန်တစ်လကို ခင်ဗျား ယွမ် ၈၀၀ လောက် ကုန်လိမ့်မယ်။ အဲဒါလည်း မများဘူးမလား။ တက္ကသိုလ်ကျောင်းသားတွေတောင် မုန့်ဖိုးဆိုပြီး ဒီ့ထက် ပိုပြီး များများ သုံးတတ်ကြတယ်လေ”
"လတိုင်း အဝတ်အစားသစ်နည်းနည်းလည်း ဝယ်သင့်တယ်။ အဲဒါ နောက်ထပ် ယွမ် ၃၀၀ပေါ့။ မများပါဘူး ဟုတ်တယ်မလား”
"မီတာခတွေ၊ နေ့စဥ်လိုအပ်ချက်တွေ အတွက်ကော။ အဲဒါဆို နောက်ထပ် ယွမ် ၂၀၀ ပေါ့။ မများပါဘူး ဟုတ်တယ်မလား”
"ခရီးသွားစရိတ်လား။ တစ်လကို ယွမ် ၁၀၀ ဆို ရမလား။ အဲဒါ စျေးနည်းတယ်လို့တောင် သတ်မှတ်လို့ရတယ်”
"ခင်ဗျားမှာ ကောင်မလေးရှိနေရင် ဘယ်လိုလုပ်မလဲ။ သူ့ကို မကြာခဏ အလှကုန်ပစ္စည်းတွေ ဝယ်ပေးရမယ်။ အဲဒါဆို လတိုင်းအတွက် နောက်ထပ် ယွမ် ၃၀၀ ပဲပေါ့”
"လူငယ်တွေဆိုတာ လစာကို အကုန်သုံးမပစ်သင့်ဘူး နောက်ထပ် စုငွေ ယွမ် ၅၀၀ ဆိုရင်ကော”
"ကြည့်ပါဦး။ အဲဒါနဲ့တင် ယွမ် ၃,၀၀၀ ကျော်နေပြီ၊ ဒါတောင် အခွန်တွေ မဆောင်ရသေးဘူး”
"ကျွန်တော်တို့ ကုမ္ပဏီက နိုင်ငံတကာ ဝန်ထမ်းခေါ်ဆိုမှု လမ်းညွှန်ချက်တွေနဲ့အညီ အခွန်တွေ၊ အာမခံကြေးတွေနဲ့ အိမ်ငှား စရိတ်တွေကိုပါ ထည့်တွက်ပေးပါတယ်။ ခင်ဗျားရဲ့ အသုံးစရိတ်ကို ကာမိဖို့ဆို တစ်လကို ၃,၅၀၀ လောက်ရမှဖြစ်လိမ့်မယ်”
"ပြီးတော့ ကျွန်တော်တို့ကုမ္ပဏီက တခြားကုမ္ပဏီတွေထက် လစာနဲ့ အကျိုးခံစားခွင့်တွေကို ပိုပေးပါ့မယ်လို့ ကတိပေးထားတယ်။ အဲ့ပမာဏထဲ နောက်ထပ် ယွမ် ၅၀၀ လောက် ထပ်ထည့်လိုက်ရအောင်။ သေချာပေါက် ကျိုးကြောင်း သင့်လျော်ပါတယ်”
"ဒီတော့ လစာက ယွမ် ၄,၀၀၀ ပေါ့။ ခင်ဗျား ဘယ်လိုသဘောရလဲ”