အခန်း(၃၇) အလုပ်သမားခေါ်တာ တော်တော်လေး အဆင်ပြေနေသလိုပဲ
Vol. 3 Ch. 37
အခန်း(၃၇) အလုပ်သမားခေါ်တာ တော်တော်လေး အဆင်ပြေနေသလိုပဲ
ဖေးချမ့်က လက်ချောင်းများကို အသုံးပြုပြီး ဟွမ်းစစ်ပေါ်အတွက် အားလုံးကို တွက်ချက်ပြလိုက်သဖြင့် ဟွမ်းစစ်ပေါ် ကြက်သေ သေသွားရလေသည်။
ထိုပြောင်းပြန်စျေးဆစ်မှုကြောင့် ဟွမ်းစစ်ပေါ် လုံးဝ မှင်တက်သွားခဲ့ရသည်။
ယွမ် ၄,၀၀၀ ဟုတ်လား။
အဲဒါ သူ့မျှော်မှန်းလစာထက် ၂ ဆတောင် မဟုတ်ဘူးလား။
ဘော့စ်ဖေး တစ်ခုခု မှားနေတာများလား။
ဒါမှမဟုတ် သူဌေးတွေရဲ့ ပုံစံက ဒီလိုပဲလား။
ဟွမ်းစစ်ပေါ် ပါးစပ်အဟောင်းသားဖြစ်သွားပြီး အချိန်အတော်ကြာမှ ပြန်ဖြေလိုက်လေသည်။ "အဲ့-အဲ့လိုဆိုလည်း အဆင်ပြေပါတယ်”
ဖေးချမ့်က ပြုံးလိုက်၏။ "စိတ်မပူပါနဲ့။ ဝန်ထမ်းသစ်တွေကတော့ လစာနိမ့်နိမ့်နဲ့ စကြရတာပဲ။ ခင်ဗျားကြိုးစားမယ်ဆိုရင် နောက်ပိုင်းမှာ လစဥ်လုပ်ဆောင်ချက်တွေကို ကြည့်ပြီး လစာတိုးပေးဖို့ အခွင့်အရေးလည်း ရှိလာမှာပါ”
လစာတိုးမယ် ဟုတ်လား။
ဟွမ်းစစ်ပေါ်တစ်ယောက် အိပ်မက်မက်နေသည်ဟုပင် ထင်ခဲ့မိသည်။
"ဟုတ်ပြီ အဲဒါကို နောက်မှဆုံးဖြတ်ကြတာပေါ့” ဖေးချမ့်က မတ်တတ်ရပ်လိုက်သည်။ "သဘက်ခါကျရင် အလုပ်ဆင်းဖို့ မမေ့နဲ့နော်။ ထန်းတာ့နက်ခ်ဝေါ့ ကုမ္ပဏီလိမိတက်ကနေ ခင်ဗျားကို ကြိုဆိုပါတယ်”
...
ဧည့်ကြိုက ဟွမ်းစစ်ပေါ်ကို လိုက်ပို့ပေးလိုက်သည်။
ဖေးချမ့်တစ်ယောက် စိတ်ကျေနပ်သွားသည်။ နောက်ထပ် သင့်တော်တဲ့ ဝန်ထမ်းတစ်ယောက်ကို ခန့်လိုက်နိုင်ပြန်ပြီ။
ဟွမ်းစစ်ပေါ် လာထိုင်လိုက်ကတည်းက သူ အလိုရှိတဲ့ လူတစ်ယောက်ပုံစံဖြစ်မှန်း ဖေးချမ့်တစ်ယောက် သေချာပေါက် သိနေသည်။
အလုပ်ကြိုးစားသော်လည်း သိပ်မထက်မြက်သည့်လူမျိုးကို သူလိုချင်နေတာ ဖြစ်သည်။
ဒါမှ ပြီးပြည့်စုံတဲ့ ဝန်ထမ်းဖြစ်မှာ။
လစာ ယွမ် ၄,၀၀၀ က သင့်တင့်မျှတပြီး စနစ်ကလည်း ဘာအပြစ်မှမဆိုသာပါ။
ဥပမာအားဖြင့် ခုနက လာရောက်လျှောက်ထားသည့် စီမံခန့်ခွဲရေးခေါင်းဆောင်လျို့က ဖေးချမ့်၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် လူမျိုးမဟုတ်ပေ။
စဥ်းစားရင်း ဖေးချမ့်က အင်တာဗျူးတွင် သူ၏သဘောထားကို သူတို့ရဲ့ လျှောက်လွှာပေါ်မှာ မှတ်စုများ စတင်ရေးသားခဲ့သည်။
စီမံခန့်ခွဲရေးခေါင်းဆောင်လျို့၏ လျှောက်လွှာတွင် သူက ဒီလို ရေးသားထားခဲ့၏။
"အတွေ့အကြုံများပေမဲ့ ဒိတ်အောက်နေတဲ့ တွေးခေါ်ပုံရှိတယ်။ သူ့ရဲ့ ရှေးရိုးစွဲစိတ်က ဖန်တီးနိုင်စွမ်း နည်းပါးပြီး ဂိမ်းဖန်တီးတာကို တခြားသာမန်အလုပ်တွေလိုမျိုး ထင်နေတယ်။ ဂိမ်းအတွက် စိတ်အား ထက်သန်မှုနည်းပါးပြီး ဂိမ်းအသစ် ဖန်တီးမဲ့ တာဝန်ကို ယူနိုင်မှာမဟုတ်ဘူး။ သူ့ကို အလုပ်ခန့်အပ်ဖို့ မသင့်တော်ဘူး”
ဟွမ်းစစ်ပေါ်၏ လျှောက်လွှာတွင်တော့ ဒီလို ရေးသားခဲ့သည်။ "ဆန်းသစ်တဲ့တွေးခေါ်ပုံနဲ့ လူသစ်တစ်ယောက်ဖြစ်တယ်။ ဂိမ်းအတွက် စိတ်အားထက်သန်မှုရှိပြီး အလုပ်ကြိုးစားတယ်။ သူ့ရဲ့ နေထိုင်စရိတ်တွေကို ကာမိဖို့အတွက် လစာကို ယွမ် ၄,၀၀၀ နဲ့ ခန့်အပ်လိုက်ပါတယ်”
သူ့ဝေဖန်ချက်များကို ရေးသားပြီးနောက် ဖေးချမ့်တစ်ယောက် အလွန်အမင်း ကျေနပ်သွားခဲ့သည်။
ကြည့်ရတာ စနစ်ကလည်း ဘာမှ မပြောသည့်ပုံပင်။
အခုလို ပုံစံမျိုးနဲ့သာဆို အောင်မြင်မှုက လက်တစ်ကမ်းအလိုတွင် ရောက်နေပြီဖြစ်သည်။
...
အချိန် ၁ ပတ်မှာ တစ်ခဏတာအတောအတွင်း ကုန်ဆုံးသွားခဲ့သည်။
သိပ်မကြာလိုက်ဘဲ သောကြာနေ့သို့ ရောက်လာခဲ့ပြန်သည်။
ဖေးချမ့်က နားနေခန်း၏ ဆိုဖာကြီးပေါ်တွင် လှဲလျောင်းလိုက်သည်။ လက်ဖက်ရည် အများကြီး သောက်မိသဖြင့် အနည်းငယ် ဗိုက်တင်းနေသည်။ သို့သော်လည်း လက်ဖက်ခြောက်များ၏ မျက်စိကျယ်စေသော အာနိသင်က ကောင်းကောင်း အလုပ်ဖြစ်နေပုံရပြီး သူ နေ့လယ်ခင်း တစ်ရေးတစ်မော အနားယူလို့ပင် မရပါ။
အဲကွန်းကို သက်သောင့်သက်သာရှိသော အပူချိန်သို့ ချိန်ညှိကာ တန်ဖိုးအားဖြင့် ဂဏန်းငါးလုံးရှိသော ဝတ်စုံကြီးကို ဝတ်ရင်း ဟိုလှိမ့်ဒီလှိမ့် လုပ်နေသည်။
ဖေးချမ့်တစ်ယောက် အဆိုပါဝတ်စုံကို စဝတ်ဆင်တုန်းက သူ့ခန္ဓာကိုယ်ပေါ်တွင် ယွမ်ပေါင်းများစွာကို ဝတ်ဆင်ထားသည်ဟု ကိုယ့်ကိုယ်ကို ပြန်သတိပေးနေမိသည်။
သို့သော်လည်း အခုတော့ သာမန်ဝတ်စုံ တစ်စုံကလွဲပြီး ဘာမှမမြင်တော့ပေ။
ဘာပဲဖြစ်ဖြစ် သူက ထိုဝတ်စုံများကို အချိန်တစ်ခုအထိ ဝတ်ဆင်ပြီးသောအခါ ရှင်းဟိုက်လူက သူ့တိုက်ခန်းဆီလာပြီး သူ ဝတ်ပြီးသား ဝတ်စုံများကို သန့်ရှင်းဖို့အတွက် ထုတ်ပိုးသွားသည်။ သူ ဝတ်သည်ဖြစ်စေ မဝတ်သည်ဖြစ်စေ သန့်ရှင်းရေး လုပ်ပြီးသောအခါ အကုန်လုံး အတူတူပဲဖြစ်သည်။
ဒီလိုသာဆို သူစိတ်တိုင်းကျ စိတ်ရှိတိုင်း ဝတ်ဆင်နိုင်သည်။
စုတ်ပြဲသွားရင် အသစ်ပြန်ဝယ်လိုက်မည်။
ဖေးချမ့်တစ်ယောက် သူက တကယ်ပဲ အသုံးအဖြုန်းကြီးနေသည်ဟု ခံစားမိသည်။
ထိုအချိန်တောအတွင်း အဆောင်သို့ မပြန်ဘဲ တိုက်ခန်းနဲ့ နေရတာ အသားကျသွားခဲ့ပါပြီ။ ထို လူ ၆ ယောက် စုပေါင်းနေထိုင်ရသည့် လှောင်အိမ်ခန်းကြီးလို အဆောင်ကို ပြန်ဖို့ကိုပင် မစဥ်းစားရဲတော့ပေ။
သူ့၏ တခြားအတန်းဖော်တွေကလည်း သူကိုယ်ပိုင်လုပ်ငန်း ကြိုးစားပမ်းစား လုပ်ကိုင်နေသည်ဟု မသဲမကွဲ သိထားသော်လည်း သိပ်ပြီး စိတ်မဝင်စားကြပေ။
သူတို့က ပထမနှစ် ကျောင်းသားများဖြစ်သဖြင့် ကျောင်းအလုပ်များဖြင့် အလုပ်များနေကြသောကြောင့်လည်း ဖြစ်ပေသည်။ ကျောင်းသားဘဝအတွက် မျှော်လင့်ချက်များ ပြည့်ဝနေကြပြီး လျှောက်သွားနေကြသည့် ကျောင်းသူလှလှလေးများအုပ်စုကိုလည်း ငမ်းရပါသေးသည်။ ထို့ကြောင့် ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး သူတို့ အလွန်အမင်း စိတ်ဝင်စားမှု မရှိကြသေးပါ။
တစ်ဖက်တွင်လည်း ဖေးချမ့်က သူတို့ကို ကြွားလုံးမထုတ်ခဲ့သဖြင့် သူတို့ကလည်း ဖေးချမ့်ကို ဒီလိုအောင်မြင်မှုနှင့် လူမျိုးဖြစ်သည်ဟု မထင်ကြချေ။
ဘာပဲဖြစ်ဖြစ် နှစ်တိုင်းတွင် ရုတ်တရက် ကျောင်းထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကြိုးစားကြသည့် ကျောင်းသားတချို့ရှိသည်။ သို့သော်လည်း အဆုံးသတ်တွင်တော့ ကျောင်းသို့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ရောက်လာကြသည်။
စီးပွားရေးလုပ်ငန်း တစ်ခု စတင်ခြင်းက စွန့်စားမှုများသလို အမြတ်လည်းများနိုင်သည်။ သို့သော်လည်း လူအများစုက စွန့်စားခြင်းကို ကြုံတွေ့ရပြီး အဆုံးသတ်သွားကြတာ များသည်။
နှစ်ပေါင်းများစွာ ကြိုးစားပြီး လုပ်ငန်းတွင် အဆက်အသွယ်ရှိသူများတောင် စီးပွားရေး လုပ်ငန်းတစ်ခုကို အောက်ခြေက စတင်ရာတွင် ကျရှုံးနိုင်ခြေရှိသည်။ ဘာအရင်းအနှီးမှ မရှိသည့် ဆင်းရဲသည့် ကျောင်းသားများဆို ပိုဝေးသည်။
ထို့ကြောင့် ဖေးချမ့်က သူ့အတန်းဖော်များကို သူ တော်ကြောင်း တတ်ကြောင်း ထုတ်မပြခဲ့ပေ။
သူက ဘဝကို ပျော်ပျော်နေဆဲကာလမှာပဲ ရှိပါသေးသည်။
(ဟုတ်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်တဲ့ လူအများစုက ကျရှုံးကြတယ်။ ဒါပေမဲ့ အစကတည်းက ငါက ကျရှုံးဖို့ ရည်ရွယ်ထားတာ ဆိုရင်ကော)
(ငါစီးပွားရေးလုပ်ငန်းတစ်ခု စတင်ရတဲ့ အကြောင်းအရင်းက ကျရှုံးဖို့အတွက်ဆိုရင်ကော)
(အဲဒါက ဖြစ်မြောက်ဖို့ ပိုမလွယ်ကူနိုင်ဘူးလား)
(တွေ့လား။ တွေးခေါ်ပုံကို ပြောင်းလိုက်တာနဲ့ ရက်စက်တဲ့ လက်တွေ့ဘဝကို ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်သွားစေတယ်)
...
ထိုအပတ်ထဲ ပြိုင်ဘက်ကင်းသည့် ဝန်ထမ်း တချို့ကို ဆက်တိုက် ထပ်မံခန့်အပ်ခဲ့ပါသေးသည်။
သူတို့ကြားထဲတွင် အထင်ပေါ်ဆုံးက ပေါင်ရှုနှင့် ဟွမ်းစစ်ပေါ်တို့ဖြစ်ကြသည်။
အကြမ်းဖျင်းတွက်ချက်ကြည့်သောအခါ ဝန်ထမ်း နေရာ ၃၀ က ဖေးချမ့် ထင်ထားတာထက် အပြည့်မြန်နေခဲ့သည်။
အစကတော့ တစ်လခန့် အချိန်ယူပြီး ဝန်ထမ်းနေရာ ၃၀ ကို ဖြည်းဖြည်းချင်း ခန့်အပ်ဖို့ စီစဥ်ထားသော်လည်း အစီအစဥ်က အလွန်အမင်း ချောမွေ့ခဲ့သည့်ပုံပင်။
အကြောင်းအရင်းကတော့ ကျင်းကျိုးလို နေရာမျိုးမှာ ဂိမ်းကုမ္ပဏီများက အလွန် ကပ်စေးနှဲလွန်း၍ ဖြစ်နိုင်သည်။
သို့သော်သည်း သာမန်သာဖြစ်သည်။ ဂိမ်ကုမ္ပဏီကို တည်ထောင်ထားသည့် နေရာက ပိုသေးလေလေ ပိုပြီး တွန့်တိုကြလေလေ ဖြစ်သည်။
ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးတို့လို နေရာများတွင် ဂိမ်းကုမ္ပဏီများက ပေါများလွန်းသည်။ ဝန်ထမ်းတွေက အလုပ်ကို မကျေနပ်ပါက အလုပ်ထွက်လိုက်ပြီး တခြားနေရာတွင် လုပ်နိုင်သည်။
ထို့အချက်ကြောင့် ဘော့စ်များကလည်း ဝန်ထမ်းများကို အလွန်အမင်း ခေါင်းပုံမဖြတ်ရဲကြပေ။
သို့သော် ကျင်းကျိုးလို နေရာငယ်မျိုးမှာတော့ ခြားနားသည်။
ဂိမ်းကုမ္ပဏီများ နည်းပါးလွန်းပြီး ဘော့စ်များက တစ်ယောက်နှင့်တစ်ယောက် သိကြကာ မကြာခဏ တွေ့ဆုံစုစည်းကြပြီး သောက်ကြစားကြသည်။
ဝန်ထမ်းတစ်ယောက်က လက်ရှိအလုပ်ကို သဘောမကျဘဲ ထွက်ချင်ရင်တောင် နောက်အလုပ်တစ်ခုအတွက် စဥ်းစားကြရပါမည်။
ပေကျင်းနှင့် ရှန်ဟိုင်းမြို့တွေမှာဆို သူတို့ သေချာပေါက် တစ်နေရာရာမှာတော့ အလုပ်ရနိုင်သည်။ အချိန်တစ်ခုသာ လိုအပ်သည်။
သူတို့ မရခဲ့လျှင်တောင် သူတို့၏ စံနှုန်းများကို လျှော့ချပြီး လစာကို နှိမ့်တောင်းလျှင် သေချာပေါက် အလုပ်ကောင်းကောင်းတစ်ခုရပြီး ခဏလောက်တော့ လုပ်နိုင်သည်။
သို့သော်လည်း ကျင်းကျိုးမှာတော့ သည်လိုလုပ်၍ မရပေ။
ကုမ္ပဏီ နည်းနည်းလေးတွေကြားထဲ ဘယ်နှခါလောက် ခုန်ကူးနိုင်မှာလဲ။
ထို့အပြင် ဘော့စ်များက တစ်ယောက်နှင့် တစ်ယောက် သိကြသည်။ သူတို့ထဲက တစ်ယောက်ကိုသာ မကျေနပ်အောင် လုပ်လိုက်မိပါက တခြားကုမ္ပဏီများကလည်း ထိုဝန်ထမ်းကို မခန့်အပ်ချင်လောက်ပေ။
ထိုကဲသို့ အခြေအနေမျိုးအောက်တွင် ဘော့စ်အများစုက ဝန်ထမ်းများကို ခေါင်းပုံဖြတ်လို့ ကောင်းကြသည်။ ဟွမ်းစစ်ပေါ်လို လူမျိုးက ဥပမာကောင်းဖြစ်သည်။
ထို့ကြောင့် လူအများစုက ဒေါသများကို ချုပ်တည်းထားခဲ့ကြရခြင်းဖြစ်သည်။
ဝန်ထမ်းခေါ်ယူနေသည့် ကုမ္ပဏီသစ်တစ်ခုကို တွေ့လိုက်ရချိန်တွင် ထိုကုမ္ပဏီက စိတ်ချရသည်ဖြစ်စေ စိတ်မချရသည်ဖြစ်စေ သူတို့ ကြိုးစားကြည့်ချင်သွားကြသည်။
သို့သော်လည်း နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ဖေးချမ့်၏ အလုပ်ခေါ်စာတွင် လိုအပ်ချက်များက နိမ့်လွန်းနေသောကြောင့်ဖြစ်သည်။
နောက်ဆုံးတွင်တော့ တစ်ပတ်အတွင်း ဝန်ထမ်းနေရာ ၃၀ တွင် ၆ နေရာသာ ကျန်ပါတော့သည်။
ဒါတင်မကသေးဘဲ လက်ရှိ ဝန်ထမ်း တည်ဆောက်ပုံကို ကြည့်ခြင်းအားဖြင့် သူ အခုချက်ချင်းတောင် အလုပ်စနိုင်ပြီဖြစ်သည်။
သူတို့ အလုပ်ဘယ်တော့ စလုပ်ရမလဲဆိုတာကိုတော့ ဖေးချမ့် အေးအေးဆေးဆေး အချိန်ယူနေသည်။
ဝန်ထမ်း လုံလုံလောက်လောက် မခန့်အပ်ရသေးသဖြင့် အလုပ်စလို့ မရခြင်းကို စနစ်က ဘာမှ သတိပေးမည်မဟုတ်ပေ။
သို့သော် ဝန်ထမ်းခေါ်ယူမှု ပြီးစီးလုနီးပါးဖြစ်နေသော်လည်း အလုပ်စမလုပ်ရသေးပါက စည်းကမ်းဖောက်သလို ဖြစ်သွားပါလိမ့်မည်။
အလုပ်ဘယ်တော့ စရမလဲ စဥ်းစားနေစဥ် သူရှိနေသည့် နားနေခန်းတံခါးခေါက်သံကို ကြားလိုက်ရသည်။
"ဝင်ခဲ့ပါ”
လောလောဆယ် မဝင်ခင် တံခါးခေါက်တတ်သူက သေချာပေါက် လက်ထောက် ရှင်း သို့မဟုတ် မာယန်သာ ဖြစ်နိုင်သည်။
သေချာသည်။ မာယန်က တံခါးကို တွန်းဖွင့်လိုက်ပြီး ဝင်လာသည်။
"လာလာ လက်ဖက်ရည်လာသောက်ပါဦး” ဖေးချမ့်က ဆိုဖာပေါ်တွင် ပျင်းရိစွာ လှဲလျောင်းရင်း မာယန်ကို လက်ဖက်ရည်သောက်ဖို့ လက်ဟန်ပြကာ ခေါ်လိုက်သည်။
ငွေလက်ဖက်ရည်ပန်းကန်ကို ကိုင်ရင်း မာယန် ဂရုတစိုက်သောက်လိုက်သည်။ လက်ဖက်ရည်၏ လတ်ဆတ်သော မွှေးရနံ့နှင့် ပါးစပ်ထဲတွင် စွဲတွင်ကျန်ခဲ့သည့် အချိုအရသာလေးကို သူခံစားမိသည်။ သူက လက်ဖက်ရည်အကြောင်း သိပ်မသိသော်လည်း တစ်ငုံလောက် သောက်လိုက်ရုံနဲ့ စျေးကြီးမှန်း ပြောနိုင်သည်။
ပိုက်ဆံရဲ့ အရသာပဲ။
"ယောက်ဖချမ့် မင်းက တော်တော့်ကို တော်တာပဲကွာ။ ရက်ပိုင်းလောက်နဲ့ အကုန်လုံးကို အပြတ်ရှင်းနိုင်ခဲ့တာပဲ”
"ဒီတော့ ဝန်ထမ်းခေါ်တဲ့ကိစ္စ အဆင်ပြေလား” မာယန်က စိတ်ပူစွာ မေးလိုက်သည်။