← Chapters

အခန်း(၃၈) ပါရမီရှင်တွေ တကယ်စုနေတာပဲ

Vol. 3 Ch. 38

အခန်း(၃၈) ပါရမီရှင်တွေ တကယ်စုနေတာပဲ

Vol. 3 Ch. 38

အခန်း(၃၈) ပါရမီရှင်တွေ တကယ်စုနေတာပဲ

"သိပ်မဆိုးပါဘူး။ သူတို့ လျှောက်လွှာတွေကို ကြည့်မလား” ကော်ဖီစားပွဲပေါ်ကာ လျှောက်လွှာစာရွက်ပုံကို မာယန်ထံသို့ တွန်းပေးလိုက်သည်။

"ငါလား...။ ငါကြည့်လို့ရတယ်လား” မာယန် ပျော်ရွှင်သွားသည်။

"ဒါပေါ့၊ လွတ်လွတ်လပ်လပ် ကြည့်စမ်းပါကွာ” ဖေးချန်် ပြန်ပြောလိုက်သည်။

ဖေးချမ့် မာယန်ကို လျှောက်လွှာများ ကြည့်ခွင့်ပေးလိုက်ရသည့် အကြောင်းအရင်းက နောက်ကို သူ့အလုပ်တစ်စိတ်တစ်ပိုင်းကို ပုံအပ်ပေးဖို့ ပျိုးထောင်ထားရန်ဖြစ်သည်။

တစ်ဖက်တွင် မာယန်က ဖေးချမ့်၏ အယုံကြည်ရဆုံး လူယုံတော် ဖြစ်သည်။

နောက်တစ်ဖက်တွင်လည်း မာယန်သာ ဖေးချမ့်၏ အလုပ်တချို့ကို လွှဲယူလိုက်ပါက ကုမ္ပဏီက သေချာပေါက် ပိုပြီး မြန်မြန် အရှုံးပေါ်နိုင်ပါလိမ့်မည်။

မာယန်က ထူးဆန်းသည့် လျှောက်လွှာ အခု ၂၀ စလုံးကို ဖတ်ကြည့်လိုက်သည်။

မာယန်က ဇဝေဇဝါဖြစ်နေသည့် မျက်နှာဖြင့် နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည်။

သူ ဇဝေဇဝါဖြစ်လည်း ဖြစ်ချင်စရာပင်။

တကယ်တော့ ဇဝေဇဝါ မဖြစ်ရင်မှ ထူးဆန်းနေပါလိမ့်မည်။

ဖေးချမ့် ခန့်အပ်ထားသည့် လူတိုင်းက ဉာဏ်ထိုင်းသောသူများ ဖြစ်ကြသည်။ သူတို့ လျှောက်လွှာများကိုပင် ကောင်းကောင်း အလှမဆင်နိုင်ကြပါ။

ဟွမ်းစစ်ပေါ်ကိုပဲ ဥပမာ ယူကြည့်လိုက်ပါ။

သူက ဒီလုပ်ငန်းထဲ ဝင်ရောက်လာတာ ၆ လရှိပြီဖြစ်ပြီး အရင်ကုမ္ပဏီမှာတန်းက စီမံခန့်ခွဲရေးအပိုင်းတွင် လုပ်ကိုင်သည်။ ရှင်းရှင်းပြောရလျှင် လုပ်ငန်းစဥ်တစ်ခုလုံးကို စောင့်ကြည့်ပြီး ဒေတာများ စီရီခြင်း သို့မဟုတ် စာရွက်စာတမ်းများ မေးလ်ပို့ခြင်း စသည်တို့ကိုသာ ဆောင်ရွက်ရသည့် လူမျိုးဖြစ်သည်။ တကယ်တော့ သူ့ကိုယ်ပိုင် အစီအစဥ်မူကြမ်းတစ်ခုတောင် ရေးဆွဲခွင့်မရခဲ့ပါ။

ထို့အစား အတွေ့အကြုံရှိသည့် ဒီဇိုင်နာက အယ်ဒီတာတွင် ရေးဆွဲပြီးကာမှ အစီအစဥ် မူကြမ်းကို အကောင်အထည်ဖော်ရခြင်းဖြစ်သည်။ ပြဿနာ တစ်ခုခု တွေ့ရပါက သူ့ဖာသာသူ မပြင်နိုင်ဘဲ မူကြမ်းကို ဖန်တီးခဲ့သည့် မူရင်းဒီဇိုင်နာကို ပြန်တင်ပြရသည်။

မာယန်က အချက်အလက်များအားလုံးကို လှန်ကြည့်လိုက်ပြီး ဘယ်ဝန်ထမ်းတစ်ယောက်တစ်လေမှ အရင်တုန်းက ဒီဇိုင်နာချုပ်ရာထူး မထမ်းဆောင်ခဲ့ဖူးကြောင်း မြင်လိုက်ရသည်။ အားလုံးက အသေးအဖွဲတာဝန်များကိုသာ ဆောင်ရွက်ခဲ့ကြရသူများဖြစ်သည်။

အဲဒါကြောင့် ဘယ်လိုလုပ် ဇဝေဇဝါ မဖြစ်ဘဲနေမည်နည်း။

"ယောက်ဖချမ့် ဒီဇိုင်နာချုပ်တစ်ယောက်ကို ငှားဖို့ ခက်ခဲလို့လား။ ဒါမှမဟုတ် ငါတို့လစာကို မြှင့်ပေးလိုက်ရမလား။ ဝန်ထမ်းရှာဖွေရေး အဖွဲ့အစည်းတစ်ခုကနေ တစ်ယောက်ယောက်ကို ရှာလိုက်ရမလား” မာယန်တစ်ယောက် လမ်းပျောက်နေပါပြီ။

အခု ခန့်အပ်ထားသည့် ဝန်ထမ်းအားလုံးမှာ အများဆုံး လက်ထောက်အဖြစ်သာ ဆောင်ရွက်နိုင်ကြသူများ ဖြစ်သည်။ သို့သော်လည်း သူတို့ထဲက ဘယ်သူမှ ဂိမ်းဒီဇိုင်းပိုင်းတွင် ဦးဆောင်နိုင်ဖို့ လမ်းမမြင်ပေ။

ထို့ကြောင့် ဒီဇိုင်နာချုပ်တစ်ယောက် ခန့်အပ်ဖို့ ပြဿနာရှိသည်ဟု ယူဆကာ သူတို့ကမ်းလှမ်းသည့် လစာက နည်းပါးလွန်းနေသလားဟု မေးခွန်ထုတ်လိုက်ခြင်းဖြစ်သည်။

ဖေးချမ့်က ခေါင်းကို အပြင်းအထန် ခါလိုက်သည်။

"မလုပ်နဲ့။ ငါတို့ဆီ လာလျှောက်တဲ့ ဒီဇိုင်နာချုပ်တွေရှိတယ်။ ဒါပေမဲ့ ငါပယ်ချလိုက်တာ”

မာယန်ကြောင်သွား၏။ "ဘာလို့လဲ”

"သူတို့က ငါတို့ရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီလို့ပေါ့ကွ”

ခပ်မိုက်မိုက် ပုံစံပေါက်အောင် ဖေးချမ့် မတ်တတ်ရပ်လိုက်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လိုက်သည်။

"ပထမဆုံး အဲ့ဒီ ဒီဇိုင်နာချုပ်တွေအားလုံးမှာ ကြီးကြီးမားမား ပြဿနာတစ်ခုရှိတယ်။ အဲဒါက... ဒိတ်အောက်နေတဲ့ အတွေးအခေါ်တွေပဲ"

"သူတို့ဦးနှောက်တွေကို ရှေးရိုးစွဲနည်းလမ်းတွေက ချုပ်နှောင်ထားတယ်။ ပြီးတော့ အသစ်အဆန်း ဘာမှ မစဥ်းစားနိုင်ကြဘူး”

"ဂိမ်းလောကဆိုတာ စိတ်အားထက်သန်မှုရှိတဲ့ လူတွေရှိမှ တိုးတက်နိုင်တဲ့ လောကပဲ။ ဒီဇိုင်နာချုပ်က ဖန်တီးနိုင်စွမ်းမရှိတဲ့ကောင်ဆိုရင် ငါတို့ဂိမ်းက ကောင်းပါဦးမလား”

"ပြီးတော့လည်း အဲ့ဒီ ဒီဇိုင်နာချုပ်တွေ အကုန်လုံးက လစာမြင့်မြင့် လာတောင်းနေကြတယ်။ သူတို့ ပေးနိုင်တာနဲ့ ယှဥ်လိုက်ရင် လုံးဝ မတန်ဘူး”

"လောလောဆယ် ဒီဇိုင်နာချုပ်တစ်ယောက်ရဲ့ လစာက ယွမ် ၈,၀၀၀ ဝန်းကျင် ရှိတယ်။ အဲဒါက သာမန် ဝန်ထမ်းတစ်ယောက်လစာရဲ့ ၃ ဆနီးပါးလောက် ရှိတယ်ကွ။ ပြီးတော့ ငါတို့ရဲ့ ငွေကြေးအတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေလိမ့်မယ်”

"ဟုတ်တာပေါ့။ အဓိကကတော့ သူတို့ပေးနိုင်တာက အရမ်းနည်းလွန်းလို့ပဲ”

"နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်က... ဂိမ်းတွေအပေါ် သူတို့ရဲ့ စိတ်အားထက်သန်မှုက လုံးဝ ဖုန်တက်နေပြီ”

"လူငယ်တွေက စိတ်အားထက်သန်မှု အထွတ်အထိပ်မှာရှိနေနပြီး သူတို့အိပ်မက်အတွက် တိုက်ခိုက်နေကြရမှာ။ ဒါပေမဲ့ အဲ့ဒီ ဒီဇိုင်နာချုပ်တွေအကုန်လုံးက အသက် ၃၀ ဝန်းကျင်ရှိပြီး သူတို့ စိတ်ဝင်စားကြတာဆိုလို့ တည်မြဲမဲ့ အလုပ်တစ်ခုပဲ ရှိတော့တယ်။ သူတို့ထဲက အများစုက Fantasy World ထဲမှာ Max Level အကောင့်တစ်ကောင့်ရအောင်တောင် မကစားနိုင်ကြဘူး။"

"ငါ့ကိုပြောစမ်းပါ။ အဲဒါက ဂိမ်းအတွက် စိတ်အားထက်သန်မှုမရှိတာ မဟုတ်ရင် ဘာလဲ”

မာယန်က မှင်တက်နေသည်။

"ဟုတ်တာပေါ့။ အဲဒီလူတွေ တစ်ခုခု ကြီးကြီးမားမား မှားယွင်းနေတဲ့ပုံပါပဲ”

"ဒါပေမဲ့... သူတို့မရှိရင် ငါတို့ရဲ့ ဂိမ်းဒီဇိုင်းကို ဘယ်သူက ဦးဆောင်မှာလဲ...”

မာယန်တစ်ယောက်က တစ်ခုခုတော့ မမှန်ကန်သေးသလို ခံစားနေရဆဲဖြစ်သည်။

ဖေးချမ့်က သူ့ရင်ဘတ်ကိုသူ ပုတ်လိုက်သည်။

"ငါပေါ့ကွ"

"အမ်..." မာယန်တွန့်ဆုတ်သွားသည်။

"ယောက်ဖချမ့် မင်းရဲ့အစွမ်းအစကို ငါယုံတော့ ယုံပါတယ်။ ဒါပေမဲ့ မင်းက ဘော့စ်တစ်ယောက်လေ။ မင်းကို ကူညီပေးမဲ့ ကျွမ်းကျင် ဒီဇိုင်နာချုပ်တစ်ယောက်လိုတယ်လို့ ငါတော့ထင်တယ်။ မဟုတ်ရင် ဂိမ်းကို ထုတ်လုပ်တဲ့အခါကျ ပြဿနာနဲ့ ရင်မဆိုင်ရနိုင်ဘူးလား...”

ဖေးချမ့်က ခေါင်းခါလိုက်သည်။

'ငါ့ကို ကူညီပေးဖို့ ဒီဇိုင်နာချုပ်တစ်ယောက် ခန့်ရမယ်ဟုတ်လား'

'အဲဒါဆို ငါဂိမ်းဒီဇိုင်းထဲက အမှားအယွင်းတွေကို သူက ချက်ချင်း သိမသွားနိုင်ဘူးလား'

'အဲ့လို မဖြစ်ရဘူး'

ဖေးချမ့်က မျက်နှာက တည်တံ့နေသည်။ "ငါ့ကို ကူညီပေးမဲ့ လူတစ်ယောက်ရထားပြီးသားပါ။ အဲ့ဒီ ဟွမ်းစစ်ပေါ်က သိပ်မဆိုးဘူး”

"ဟွမ်းစစ်ပေါ် ဟုတ်လား”

ထိုနာမည်ကို တစ်နေရာရာမှာ မြင်ဖူးသည်ဟု မာယန် မသဲမကွဲ မှတ်မိနေသည်။

သို့သော်လည်း ဘယ်နေရာမှာလဲ မသိပါ။

ဘာပဲဖြစ်ဖြစ် ငတုံး အယောက် ၂၀ လောက် ကို ဖတ်ခဲ့ရသဖြင့် ထိုတစ်ယောက်ကို မှတ်မိဖို့က မလွယ်ကူပေ။

လျှောက်လွှာများကို ပြန်လှန်ကြည့်လိုက်သောအခါ သိပ်မကြာခင် ဟွမ်းစစ်ပေါ်၏ အချက်အလက်ကို တွေ့သွားလေသည်။

"သူက လုပ်ငန်းထဲ လွန်ခဲ့တဲ့ လဝက်လောက်ကမှ ဝင်လာပြီး အစီအစဥ်မူကြမ်းတွေကို အကောင်အထည်ဖော်ဖို့လောက်ပဲ လုပ်ခဲ့ဖူးတာ... အဆင်ပြေပါ့မလား”

ဖေးချမ့်၏ မျက်နှာက မပြောင်းလဲပါ။ "သူက တကယ်ပဲ တိမ်ကော ပျောက်ကွယ်နေရတဲ့ ပါရမီရှင် တစ်ယောက်ပဲ။ သူ့ရာထူးကို မကြည့်နဲ့၊ သူဘာလုပ်ခဲ့လဲဆိုတာကိုပဲကြည့်ကွ”

"သူ့အရင်ဒီဇိုင်နာချုပ်က သူ့ကို လုံးဝ ခေါင်းပုံဖြတ်ခဲ့တာ။ ဂိမ်းရဲ့ ဒေတာအများစုကို သူ့လက်ထဲကနေတဆင့် Cloud အယ်ဒီတာထဲထည့်ရတာ”

"ဂိမ်းထဲက ဒေတာဆက်တင် ၈၀ ရာခိုင်နှုန်းကိုလည်း သူပဲ လုပ်ရတာလေ”

"အဲဒါက ဘယ်လိုလုပ်ပြီး သာမန် အစီအစဥ် အကောင်အထည်ဖော်သူ ဖြစ်နိုင်မှာလဲ။ ဒီဇိုင်နာချုပ်ရဲ့ လက်ထောက်ဖြစ်နေတာ အသိသာကြီးပဲလေ”

"သူက ဒီဇိုင်နာချုပ်ရဲ့ မူကြမ်းကို Cloud အယ်ဒီတာထဲမှာ အလုပ်လုပ်ရပြီး မကြာခဏလည်း အချိန်ပိုလုပ်ရတယ်။ နေ့တိုင်း ၁၀ နာရီကျော်အောင် သူအလုပ်လုပ်ရတယ်”

"စဥ်းစားကြည့်လိုက်စမ်းပါ။ လူအများစုက ၈ နာရီပဲ အလုပ်လုပ်နိုင်ပေမဲ့ သူက ၁၆ နာရီလောက်အထိ အချိန်ပို လုပ်နိုင်တယ်”

"သူ့အလုပ်အတွေ့အကြုံ နှစ်ဝက်ဆိုတာ တခြားသာမန်လူရဲ့ တစ်နှစ်နဲ့ညီမျှတယ်ကွ”

"ဒါပေမဲ့ တန်ဖိုးအကြီးဆုံးအရာကတော့ ဂိမ်းတွေအတွက် သူ့ရဲ့စိတ်အားထက်သန်မှုပဲ”

"အဲ့ဒီစိတ်အားထက်သန်မှုက သူ့ကို တွန်းအားပေးမှာ သူ့ကို တိုးတက်စေပြီး ဖန်တီးနိုင်စွမ်းတွေကို တိုးမြှင့်ပေးမဲ့ လောင်စာတစ်ခုလိုပဲလေ”

"ငါ့အကြံတွေကို ယုံလိုက်စမ်းပါကွာ။ ငါ့အကြံတွေကို လက်တွေ့အဖြစ် ပြန်အကောင်အထည်ဖော်ဖို့ သေချာပေါက် သူက အဆင်ပြေမှာပါ”

မာယန် သဘောပေါက်သွားသည်။ "သြော်... သူက တကယ့်ပါရမီရှင်ပါပဲလား ဒါဆို သူ့ကို ဒီဇိုင်နာချုပ်တစ်ယောက်ရဲ့ လစာစံနှုန်းအတိုင်း ပေးသင့်လား။ အဲ့လိုဆို သူ့ကို လစာ ယွမ် ၄,၀၀၀ ပေးတာက မနည်းလွန်းဘူးလား”

ဖေးချမ့်က သည်းခံနိုင်သည် ဆိုရုံလောက်သာ ရှိတော့သည်။

"အေး ငါလည်း အဲ့လိုထင်တာပဲ။ ဒါပေမဲ့ ဒါက လောစရာ မလိုပါဘူး။ သူ့လုပ်ပုံကိုင်ပုံနဲ့ ငါတို့ကိုသက်သေပြရင် ငါတို့သူ့လစာကို ပြောင်းပေးလို့ရတာပဲ”

သူက လစာမြင့်မြင့် မပေးချင်တာ မဟုတ်ပါဘူး။ စနစ်က ခွင့်ပြုမှာ မဟုတ်သောကြောင့်သာဖြစ်သည်။

မာယန် ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ မှန်ပါတယ်။ မင်းကဘော့စ်ဆိုတော့ ငါတို့ရဲ့ စရိတ်တွေကို စောင့်ကြည့်ပြီး ကုမ္ပဏီအတွက်လည်း ငွေစုရဦးမှာပေါ့”

ထရယ်လုနီးပါးဖြစ်သွားပြီးနောက် ဖေးချမ့်က အမြန်ဆက်ပြောလိုက်သည်။

"ပြီးတော့ ဒီလူတွေ အကုန်လုံးမှာ ထူးခြားတဲ့ စကေးတွေ ရှိကြတယ်။ သူတို့အကုန်လုံးက သူတို့ရဲ့ သက်ဆိုင်ရာကုမ္ပဏီတွေ မမြင်နိုင်ကြတဲ့ ပါရမီရှင်တွေချည်းပဲ။"

"တကယ်တော့ ဂိမ်းလောကထဲ မဝင်ရသေးတဲ့ ပါရမီရှင်တွေလည်း အများကြီးရှိသေးတယ်။ ဥပမာ ပေါင်ရှုကိုပဲကြည့်လိုက်လေ”

"သူက တကယ့် အပြာရောင် ဂိမ်းနတ်ဘုရားကြီးပဲ”

"Fantasy World ကိုပဲကြည့်။ အားလုံးက Class အကုန်လုံးရဲ့ ဆရာကြီးတွေဖြစ်နေပြီဆိုပေမဲ့ သူကတော့ မျိုးနွယ်အာလုံးရဲ့ Class အားလုံးရဲ့ ဆရာ့ဆရာကြီးပဲ။ သူ့မှာ Level Max အကောင့် ၆ ကောင့်တောင် ရှိတယ်”

"ဂိမ်းထဲမှာ ဂိမ်းကစားပုံ စနစ်ပါတာနဲ့ သူကျွမ်းကျင်ပြီးသားပဲ။ အဖွဲ့တွေကိုခေါ်ပြီး First Kill ယူတာကလည်း သူ့အတွက် ကလေးကစားစရာလိုပဲလေကွာ”

"အဲဒါတင် မကသေးဘူး။ သူက ဘက်စုံတော်တာနော်။ Krazy Kart Racing လို ဂိမ်းမျိုးမှာတောင် ပညာရှင်ပဲ”

"အဲဒါကြောင့် ပေါင်ရှုကို ငါတို့ဂိမ်းကော တခြားဂိမ်းတွေကိုကော စမ်းသပ်လို့ရအောင် ဂိမ်းစမ်းသပ်သူ ရာထူးခန့်အပ်ဖို့ စီစဥ်နေတာ”

"အဲ့ကျရင် ငါတို့ဘယ်လိုဂိမ်းမျိုးပဲ ဖန်တီးချင်ပါစေ သူသေချာပေါက် ငါတို့ကိုအကြံပေးပြီး ငါတို့ကို ဦးတည်ချက်မှန်အောင် လမ်းပြပေးနိုင်မှာ။ပြီးတော့ ငါတို့ပြိုင်ဘက်တွေအပေါ် လေ့လာဆန်းစစ်နိုင်စွမ်းကလည်း အရမ်းကောင်းလိမ့်မယ်”

"အရေးအကြီးဆုံးက သူ့ရဲ့ စီမံခန့်ခွဲမှုစွမ်းရည်တွေကိုလည်း ငါတို့ မြေတောင်မြှောက်ပေးလို့ ရမယ်ထင်တယ်။ စဥ်းစားကြည့်လိုက်စမ်းပါ။ First Kill ရဖို့ လူ ၄၀ လောက်ကို ဦးဆောင်ရတာက လွယ်တဲ့ကိစ္စ မဟုတ်ဘူး”

"အယောက် ၄၀ ကိုတောင် စီမံနိုင်ရင် သေချာပေါက် ငါတို့ ဝန်ထမ်း ၃၀ ကိုလည်း ကိုင်တွယ်နိုင်မှာပဲ”

"သူ့ကို ငါတို့ပရောဂျက်ရဲ့ လုပ်ငန်းစဥ်ကို ဦးဆောင်ခိုင်းလိုက်တာက သေချာပေါက် အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ”

All Chapters