အခန်း(၃၉) လုပ်ငန်းစတင်ခြင်း အောင်ပွဲခံတဲ့ အနေနဲ့ သုံးရက်ပိတ်မယ်
Vol. 3 Ch. 39
အခန်း(၃၉) လုပ်ငန်းစတင်ခြင်း အောင်ပွဲခံတဲ့ အနေနဲ့ သုံးရက်ပိတ်မယ်
Level Max ဖြစ်အောင် ကစားခဲ့သည့် အကောင့် ၆ ကောင့်ရှိသည်ဆိုတာကို ကြားလိုက်ရစဥ်မှာပင် မာယန်တစ်ယောက် အတော်လေး အထင်ကြီးနေမိပါပြီ။
သူလည်း အရင်က Fantasy World ကို ကစားကြည့်ခဲ့ဖူးသော်လည်း အခုချိန်ထိ လူသစ်တစ်ယောက်လိုပင် ရှိသေးသည်။
ထိုပေါင်ရှုက တကယ့် ပါရမီရှင်ပဲ။
လက်ရွေးစင် ဂိမ်မာ တစ်ယောက်ပဲ။
သို့သော်လည်း လစာကို သူပြန်ကြည့်လိုက်သည်။
"ဒီလိုအရမ်းတော်တဲ့လူမျိုးကို လစာ ယွမ် ၃,၀၀၀ ပဲ ပေးမှာလား။ ငါ့ထက်တောင် ပိုနည်းနေသေးတယ်။ အဲဒါ မနည်းလွန်းဘူးလား။ သူ့ကို တခြားသူတွေလုသွားကြရင် ဘယ်လိုလုပ်မလဲ” မာယန် စိတ်ပူမိသည်။
ဖေးချမ့်က ချောင်းဆိုးသွား၏။ "မလုနိုင်ပါဘူး။ ငါ့ရဲ့ဆွဲဆောင်မှုတွေနဲ့ သူ့ကို အယုံသွင်းထားပြီးပြီ”
နောက်ထပ် ငွေပမာဏ အများကြီးကို ဝန်ထမ်းတွေအားလုံး၏ လစာကို တိုးမြှင့်ပေးဖို့ သုံးနိုင်သည်ဟု စဥ်းစားနေမိသည်။
ဟုတ်တယ်။ အဲဒါ ကောင်းတယ်။
တစ်ယောက်ကို လစာ ယွမ် ၃,၀၀၀ - ၅,၀၀၀ က အများကြီးဟု မထင်ရသော်လည်း အားလုံး ပေါင်းလိုက်လျှင်တော့ အလွန်များပြားသော လစာငွေပမာဏ ဖြစ်နေသေးသည်။
ထို့ကြောင့်လည်း ကုမ္ပဏီများစွာက လစာငွေကို ယွမ် နည်းနည်းလေး လျော့ပေးနိုင်ဖို့ကိုတောင် စျေးဆစ်တတ်ကြပြီး လစာ တိုးလျှင်လည်း ၁၀၀ - ၂၀၀ ယွမ်လောက်သာ ပေးရသည့်အထိ ကပ်စေးနဲကြသည်။
ဖေးချမ့်၏ ရှင်းလင်းချက်ကို ကြားပြီးသောအခါ မာယန်တစ်ယောက် ချက်ချင်းဆိုသလို သူ့အပေါ် ယခင်ထက်ပို၍ ယုံကြည်စိတ်ချရတယ်လို့ ခံစားသွားခဲ့ရသည်။
ကုမ္ပဏီတစ်ခု တည်ထောင်ခြင်းနှင့် ဝန်ထမ်းများငှားရမ်းခြင်းကဲ့သို့ ခက်ခဲသော အလုပ်များကို လုပ်ခဲ့ရုံသာမကသေးဘဲ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ခဲ့သည်။
ဖေးချမ့်က တိမ်မြုပ်နေသည့် ပါရမီရှင်တချို့ကို ရှာတွေ့နိုင်ခဲ့ပြီး သင့်တော်သည့်လစာမျိုးဖြင့် ခန့်အပ်နိုင်ခဲ့သည်။
ဒါက စာမေးပွဲ အဖြေလွှာတွင် အမှတ် ၁၀၀ ရလိုက်ခြင်းနှင့် ညီမျှ၏။
"အင်း ဒါဆို ငါတို့ ဘယ်တော့ အလုပ်စကြမလဲ။" မာယန် မစောင့်နိုင်တော့ပါ။
ဖေးချမ့်က ဒိတ်ကို ကြည့်လိုက်သည်။
"ဘာလို့ ရက်ကောင်းကောင်းရွေးဖို့ အာရုံနောက်ခံဦးမှာလဲ။ မနက်ဖြန် စကြတာပေါ့”
....
အလုပ်ရခဲ့သည့် လွန်ခဲ့သော ရက်ပိုင်းအနည်းငယ်လောက်အထိ ဟွမ်းစစ်ပေါ်တစ်ယောက် အိပ်မက် မက်နေသလို ခံစားနေရဆဲဖြစ်သည်။
သူ အင်တာဗျူးအောင်သည်ဟု ဖေးချမ့် ပြောခဲ့သည့် နေ့က သူ လုံးဝ မယုံကြည်နိုင်ခဲ့ပေ။ လူလိမ်ကုမ္ပဏီတစ်ခုနှင့် တွေ့မှာကို စိုးရိမ်နေခဲ့သည်။
သို့သော်လည်း လော်ဘီတွင် သူ့အထက်လူကြီးနှင့် တွေ့ခဲ့ရပုံကို ပြန်စဥ်းစားကြည့်မှ အရင်ကုမ္ပဏီကို ပြန်သွားလျှင် သေချာပေါက် လျို့ကြီး အနိုင်ကျင့်တာကို ခံရဦးမည်ဟု ဟွမ်းစစ်ပေါ် သိနေသည်။
ထို့ကြောင့် ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။
သူ့အလုပ်ထွက်မည့်ကိစ္စအတွက် အဟန့်အတား များများစားစား သိပ်မရှိခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဟွမ်းစစ်ပေါ်က ထူးဆန်းသည့်အလုပ်များ လုပ်ရသော အောက်ခြေက လူစားမျိုး ဖြစ်သည်။ သူ့လိုလူမျိုးကို လတ်လတ်ဆတ်ဆတ် ဘွဲ့ရထားသည့် လူငယ်များနှင့် အလွယ်လေး အစားထိုးလို့ရပြီး လျို့ကြီးကလည်း အနိုင်ကျင့်စရာ အစားထိုးလူ မရမည်ကို စိတ်မပူရပါဘူး။
တကယ်တော့ အလုပ်ထွက်ပြီးရင် ဟွမ်းစစ်ပေါ်တစ်ယောက် ဘယ်သွားမလဲဟု လျို့ကြီးက အာရုံနောက်ခံပြီးတောင် မေးမနေခဲ့ပါဘူး။
ဟွမ်းစစ်ပေါ်က ထန်းတာ့ကုမ္ပဏီတွင် အင်တာဗျူးသွားဖြေခဲ့တာကို သူ သိသော်လည်း အလုပ်ခန့် ခံရမည်ဟု မထင်ထားခဲ့ပါ။
ဘာပဲဖြစ်ဖြစ် ဟွမ်းစစ်ပေါ်လို အသုံးမကျတဲ့လူမျိုး အင်တာဗျူးမအောင်ခဲ့ရင် ဘယ်လို အခွင့်အရေးရနိုင်မှာလဲ။
ထိုအတွေးမျိုးက လျို့ကြီး၏ ခေါင်းထဲကိုပင် ဝင်မလာခဲ့ပေ။
လျို့ကြီးက နုတ်ထွက်စာကို လက်ခံလိုက်ပြီးနောက် ဟွမ်းစစ်ပေါ်က ထန်းတာ့သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။
သို့သော်လည်း အလုပ်ဝင်သည့် ပထမဆုံး နေ့မှာပင် သူ့ဘဝကိုသူ ချက်ချင်း မေးခွန်း ပြန်ထုတ်ခဲ့သည်။
သူ ရောက်လာသည့် မနက် ၉ နာရီမှစပြီး အလုပ်ဆင်းသည့် ၅ နာရီအထိ...
သူ တစ်နေကုန် ဘာလုပ်ရသေးလဲ။
ဘာမှ မလုပ်ရသေးပါဘူး။
ဖေးချမ့်က ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ပြီးနောက် ဟွမ်းစစ်ပေါ်အတွက် ယာယီတာဝန်တချို့ ပေးအပ်ခဲ့သည်။
ဂိမ်းကစားဖို့ဖြစ်သည်။
ဘယ်လို ဂိမ်းမျိုးကို ကစားရမှာလဲ။ ကန့်သတ်ချက် မရှိပါ။
ဘယ်အချိန်ထိ ကစားရမှာလဲ။ ကန့်သတ်ချက် မရှိပါ။
ဒီလိုကုမ္ပဏီမျိုးနဲ့ ဟွမ်းစစ်ပေါ် တစ်ခါမှ မကြုံဖူးပေ။
အရင်ကုမ္ပဏီတုန်းက ဂိမ်းကစားခြင်းမှာ တင်းတင်းကြပ်ကြပ် တားမြစ်ထားသောအရာ ဖြစ်သည်။
အလုပ်ချိန်အတွင်း ဂိမ်း လုံးဝ မကစားရပေ။
အကြောင်းပြချက်ကတော့ ရိုးရှင်းသည်။ ဂိမ်းကုမ္ပဏီဆိုတာ ဂိမ်းဆော့ဖို့ မဟုတ်ဘဲ ဂိမ်းဖန်တီးဖို့ဖြစ်သည်။
ဂိမ်းကစားခြင်းကြောင့် ထုတ်လုပ်နိုင်စွမ်း လျော့ကျသွားနိုင်သည်ဟု သတ်မှတ်ထားကြ၏။ ထို့ကြောင့်လည်း ဂိမ်းကုမ္ပဏီများစွာက ၎င်းတို့၏ ဝန်ထမ်းများကို ဂိမ်းကစားခြင်းအား တားမြစ်ထားခြင်း ဖြစ်သည်။ တကယ်တော့ ကိုယ့်ကုမ္ပဏီ၏ ဂိမ်းကိုပင် ကိုယ် ကစားဖို့ တားမြစ်ထားသည့် ကုမ္ပဏီများတောင် ရှိသည်။။
ဒါက အဓိပ္ပာယ်မရှိဘူး မဟုတ်လား။
သူတို့ ကိုယ်ပိုင်ဂိမ်းကို မကစားလျှင် ဘာတွေ ပြုပြင်ပြောင်းလဲရမလဲဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။
သို့သော်လည်း ထိုအဖြစ်အပျက်များက မှော်ဆန်သည့် အယူအဆများကြောင့်ဟု ထင်ရသော်လည်း နေရာတိုင်းတွင် ဖြစ်ပျက်နေကြသော အဖြစ်အပျက်များ ဖြစ်သည်။
ထို့ကြောင့် ထန်းတာ့ကုမ္ပဏီသို့ ပထမဆုံး လာရောက်စဥ်က ဟွမ်းစစ်ပေါ်တစ်ယောက် ကြောက်လန့်နေခဲ့ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဝန်ထမ်းတွေကို ညနေ ၅ နာရီမှာ အလုပ်ဆင်းပေးတဲ့ ဂိမ်းကုမ္ပဏီမျိုး မြင်ဖူးလို့လား။
သူ့ဘေးမှာ ထိုင်နေသူကတော့ ပေါင်ရှုဟုခေါ်သော ဘရိုတစ်ယောက်ဖြစ်သည်။
ပေါင်ရှု၏ အသက် အတိအကျကို ဟွမ်းစစ်ပေါ် မပြောနိုင်သော်လည်း သူ့၏ ထိပ်ပြောင်ပြီး ကျွတ်နေသည့် ဆံပင်အနေအထားကို ကြည့်ခြင်းအားဖြင့် စီနီယာကြီးတစ်ယောက်ဟု ယူဆထားခဲ့သည်။
သို့သော် သူက ပေါင်ရှုစားပွဲဘေးတွင် အလုပ် လုပ်ရသည်ဆိုသော်လည်း ကြားထဲက အကွာအဝေးက ၃ မီတာ ၄ မီတာလောက် ကွာဝေးသည်။
တခြားနည်းလမ်းမရှိပါ။ ကုမ္ပဏီကြီးက ကြီးမားလွန်းနေသောကြောင့်ဖြစ်သည်။
ပေါင်ရှု၏ အလုပ်အပေါ် စိတ်အားထက်သန်မှုကို မြင်လိုက်သောအခါ ဟွမ်းစစ်ပေါ်၏ မူလအကြောက်တရားက အရှက်တရားအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
သူက တကယ့်ကို တာဝန်သိတတ်တဲ့ ဝန်ထမ်း တစ်ယောက်ပဲ။
ဘော့စ်က သူ့ကို ဂိမ်းကစားဖို့ တာဝန်ပေးထားပြီး သူကလည်း အစွမ်းကုန် ထမ်းဆောင်နေသည်။
အစက ပေါင်ရှု၏ Fantasy World ဂိမ်းအကောင့်ကို ဟွမ်းစစ်ပေါ် မတော်တဆ ရိပ်ခနဲ မြင်လိုက်သည်။
အကောင့်ထဲတွင် Level Max ဖြစ်နေသည့် ဇာတ်ကောင်များဖြင့် ပြည့်နှက်နေခဲ့ပြီး အားလုံးကိုလည်း End-Game လက်နက်ကိရိယာများဖြင့် တပ်ဆင်ထားလေသည်။
ဒါတင်မကသေးဘဲ ထိုအကောင့်က ပေါင်ရှု၏ တစ်ခုတည်းသော အကောင့်ဖြစ်ပုံမပေါ်ပါ။
ချက်ချင်းဆိုလိုပင် ဟွမ်းစစ်ပေါ်တစ်ယောက် အားငယ်သွားသလို ခံစားလိုက်ရသည်။
သူ့မှာတော့ အလုပ်အပေါ် စစ်မှန်သည့် သဘောထား ပြသစရာ ဘာမှမရှိဘူးဟု ခံစားလိုက်ရသည်။
သူ့ဘော့စ်က သူ့ကို ဂိမ်းကစားဖို့ တာဝန်ပေးထားသော်လည်း သူကတော့ အစွမ်းကုန် ကစားဖို့ မတတ်နိုင်ပါ။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်သင့်မှာလဲ။။
သူ့ဘေးက စီနီယာကြီးက သူဘယ်လိုနေထိုင်သင့်သလဲဆိုတာကို ပြသနေသည့် သာဓကကြီး တစ်ခုလိုပင်။
ထို့ကြောင့် သူလည်း အစွမ်းကုန် ဂိမ်းကစားရတော့မည်။
ထို့အပြင် ထိပ်တန်းအဆင့် ကွန်ပျူတာကြီးတွင် မော်နီတာနှစ်လုံး Mechanical ကီးဘုတ်များနှင့် မောက်စ်များ တပ်ဆင်ထားသည်။ ဒီလိုဆို ဂိမ်းကစားခြင်းရသကို အပြည့်အဝ ရရှိနိုင်၏။
ဂိမ်းက ဘာဂိမ်းပဲဖြစ်ဖြစ် ရုပ်ထွက် အရည်အသွေးကို Max ရောက်အောင် တင်လိုက်သည်။
ထိုခံစားချက်ကို ဖော်ပြဖို့ စကားတစ်လုံးသာ ရှိသည်။
မိုက်လိုက်တာကွာ။
၅ နာရီထိုးသောအခါ အပြင်ဘက်တွင် ကောင်းကင်ကြီးက လင်းထိန်နေဆဲဖြစ်သဖြင့် အလုပ်ဆင်းရန် အချိန်ရောက်ပြီဖြစ်မှန်း ဟွမ်းစစ်ပေါ်တစ်ယောက် သတိမထားမိလိုက်မိပေ။
အားလုံးကို အိမ်ပြန်နိုင်ပြီဟု ဖေးချမ့် အော်ပြောလိုက်ခါမှ သတိထားမိသွားခြင်း ဖြစ်သည်။
အရင်တုန်းက ညသန်းခေါင်အထိ ဟွမ်းစစ်ပေါ်တစ်ယောက် အမြဲတမ်း အလုပ်လုပ်ရသည်။ ယခု အလုပ်ကို ၅ နာရီတွင် ဆင်းရသဖြင့် သူ့ခန္ဓာကိုယ်ပေါ် နေရောင်ကျဆင်းမှုကို အသားမကျနိုင်သေးပါ။
တစ်ခုခု လိုအပ်နေသလို ခံစားနေရသည်။
နောက်တော့ ကုမ္ပဏီတစ်ခုလုံး၌ ညနေ ၅ နာရီအလွန်တွင် ကုမ္ပဏီမှာ ဆက်နေခွင့်ရှိသည့် အထူးအခွင့်အရေးနှင့် လူက တစ်ယောက်သာ ရှိမှန်း သိလိုက်ရသည်။
ထိုလူက တခြားသူမဟုတ်ဘဲ ပေါင်ရှုသာဖြစ်သည်။
ထို့ကြောင့် ဟွမ်းစစ်ပေါ်က ပေါင်ရှုကို ပိုမိုလေးစားလာခဲ့ပြီး သူ့လိုဖြစ်လာစေဖို့ ဆုံးဖြတ်ချက် ချခဲ့သည်။
အမှန်ပင်။ ပြိုင်ဘက်ကင်းသည့် ဝန်ထမ်း အစစ်အမှန် တစ်ယောက်ကသာ ဘော့စ်ဖေး၏ အသိအမှတ်ပြုမှုကို ခံရပြီး အချိန်ပို အခွင့်အထူးများ ရရှိနိုင်ပါလိမ့်မည်။
သူ အလုပ်စဆင်းသည့် ပထမဆုံး ၂ ရက်တွင် ဟွမ်းစစ်ပေါ်တစ်ယောက် အနည်းငယ် လမ်းပျောက်နေခဲ့သည်။
သို့သော်လည်း ရှေ့သို့ ဆက်ချီတက်ဖို့ စိတ်ဓာတ်ခွန်အားကို သိပ်မကြာခင်မှာဘဲ ရှာတွေ့ခဲ့ရသည်။
ထိုနေရာက ဘဝကို အသားကျပြီး အနာဂတ်ကို မျှော်လင့်ချက်များဖြင့် ဖြည့်စွက်နိုင်ဖို့ ထိုရက်နှစ်ရက်သာ လိုအပ်ခဲ့သည်။
ဘာကြောင့်မှန်းမသိဘဲ အရင်တုန်းက ဘဝမှာ အရှုံးသမားတစ်ယောက်လို ခံစားခဲ့ရပြီး ဘယ်လို စိတ်အားထက်သန်မှုမျိုးမှ မရှိခဲ့ပေ။
သို့သော်လည်း ပြတင်းပေါက်ဘေး လူသွားလမ်းများနှင့် အပြင်ဘက်က ရှုခင်းများကို ကြည့်လိုက်သောအခါ နောက်ထပ် နှစ် ၅၀၀ လောက်အထိ ရုန်းကန်တိုက်ခိုက်နိုင်သေးသည်ဟု ခံစားလိုက်ရသည်။
...
"အားလုံးပဲ ကျေးဇူးပြုပြီး လုပ်နေတာတွေ အားလုံးကို ရပ်တန့်ပေးကြပါ။ ကျွန်တော် ကြေညာစရာတစ်ခုရှိလို့ပါ”
ဖေးချမ့်က အလုပ်နေရာသို့ ရောက်လာခဲ့ပြီး ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
အားလုံးက သူ့ကို တပြိုင်တည်း ကြည့်လိုက်ကြသည်။
ဖေးချမ့်က လည်ချောင်းရှင်းပြီး သူဆက်ပြော၏။
"ပြင်ဆင်မှုတချို့ ပြုလုပ်ပြီးတဲ့နောက်မှာ အားလုံး အလုပ်လုပ်ဖို့ စိတ်ပါနေကြပြီဆိုတာ သေချာပါတယ်။ ဒါက ကောင်းလည်းကောင်းပါတယ်”
"နောက်ပြီး အရမ်းကြမ်းတမ်းပြင်းထန်မဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းကာလထဲ ကျွန်တော်တို့ တရားဝင် ဝင်ရောက်ကြရပါတော့မယ်။ အားလုံးပဲ အတူတူ ကြိုးစားကြပြီး ဂိမ်းကောင်း တစ်ခုကို ဖန်တီးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
"မနက်ဖြန်ကစပြီး ကျွန်တော်တို့ တရားဝင် အလုပ် စလုပ်ပါပြီ”
ဖေးချမ့်က စကားကို အဆုံးသတ်လိုက်စဥ်တွင် ရှင်းဟိုက်လူက လက်ခုပ်သံများဖြင့် စတင် ဦးဆောင်ပေးလေသည်။
ခေတ္တ ခဏတာမျှ ကြက်သေ သေသွားကြသည့် တခြားသူများလည်း လက်ခုပ်လိုက်တီးကြသည်။
ဟွမ်းစစ်ပေါ်က လက်ခုပ်တီးရာတွင် စိတ်အားအထက်သန်ဆုံးလူဖြစ်သည်။
ဒီလိုအချိန်မျိုးအတွက် သူစောင့်နေတာ ကြာခဲ့ပြီ။ နောက်ဆုံးတော့ ရောက်လာပြီပဲ
သူတို့ အကြမ်းတမ်း အပြင်းထန်ဆုံး ဖွံ့ဖြိုးရေး လုပ်ငန်းကာလထဲ ဝင်ရောက်ရတော့မယ်။
'လာစမ်းပါ ၉၉၆ ငါ့ဆီလာခဲ့စမ်းပါ'
(မနက် ၉ နာရီမှ ည ၉နာရီအထိ၊ တစ်ပတ်ကို ၆ရက် အလုပ်လုပ်ရသော စနစ်ကို ၉၉၆ ဟုခေါ်သည်)
ဟွမ်းစစ်ပေါ်က ၉၉၆ ကို အလွန် မကောင်းမြင်ပြီး အရင်ကုမ္ပဏီတုန်းကလည်း ဒါကြောင့်ပဲ ပြဿနာ တက်ခဲ့ရတာ ဖြစ်သည်။
ဒါက ဝန်ထမ်းများအတွက် ညှာတာမှုကင်းမဲ့သော ဖိနှိပ်မှုဖြစ်ပြီး အလွန်အမင်း ရက်စက်သော အရာဖြစ်သည်ဟု သူခံစားခဲ့ရသည်။
သို့ပေမဲ့လည်း ဒီလောက်ထိ ပြိုင်ဘက်ကင်းသည့် အလုပ်နေရာနဲ့ ကောင်းမွန်သော လစာရှိပြီး သူ့ပါရမီနဲ့ အလုပ်ကြိုးစားတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အသိအမှတ်ပြုတဲ့ ဘော့စ်ရှိတဲ့ ဒီလိုနေရာမျိုးမှာတော့....
၉၉၆ မှာ လက်ခံနိုင်ဖွယ်အရာဖြစ်သည်ဟု ရုတ်တရက်ကြီး သူခံစားသွားခဲ့ရသည်။
(၉၉၆လား လာစမ်းပါ)
(ငါ ခံနိုင်ရည်ရှိပါတယ်)
တည်တံ့သော မျက်နှာထားဖြင့် ဖေးချမ့်က လေထဲတွင် လက်သီးကို ဆုပ်ပြလိုက်သည်။ ထိုအခါ လက်ခုပ်သံများ အဆုံးသတ်သွားခဲ့ရ၏။
အားလုံးက သူ့ကို မျှော်လင့်စောင့်စားစွာ ကြည့်နေကြသည်။ သူ နောက်ထပ် ပြောကြားလာမည့် အမိန့်ကို စောင့်မျှော်နေကြသည်။
"ကောင်းပြီ၊ မနက်ဖြန် အလုပ်စမှာကို အောင်ပွဲခံတဲ့အနေနဲ့ ဒီနေ့တော့ ဒီလောက်ပါပဲ။ အားလုံး အလုပ်ဆင်းလို့ရပါပြီ”
ဖေးချမ့်က အရင်ဆုံး ထွက်သွားဖို့ ပြင်သည်။
သို့သော် ခြေနှစ်လှမ်းခန့် လှမ်းပြီးမှ တစ်ခုခုကို မေ့ခဲ့သလိုမျိုး နောက်ပြန်လှည့်လာခဲ့သည်။
"ဒီနေ့က သောကြာနေ့ဖြစ်ပြီး ကျွန်တော်တို့ အလုပ် စောစောဆင်းကြမယ်။ နောက်ထပ် နှစ်ရက်က အားလပ်ရက်တွေ ဖြစ်တယ်။ လာမဲ့ တနင်္လာနေ့ကတော့ တနင်္လာနေ့က Single နေ့ပဲ။ ကျွန်တော်တို့တွေ အားလပ်ရက်ယူရမှာပေါ့။
"အဲဒီ အားလပ်ရက်သုံးရက်မှာ လုပ်ချင်တာလုပ်ကြပါ။ ရည်းစားရှိတဲ့လူတွေက သူတို့နဲ့ အတူတူ အချိန်ဖြုန်းကြပေါ့။ မရှိတဲ့သူတွေက သွားရှာကြ။ လုပ်ချင်တာသာ သွားလုပ်ကြ”
"အလုပ်ကို ခိုးလာတာကို မမိစေနဲ့နော် အချိန်ပို လုပ်ရဲတဲ့လူတိုင်း လစာအလျှော့ခံရမယ်။ ဆင်းကြတော့ ဆင်းကြတော့လေ”
ဟွမ်းစစ်ပေါ် : "???”
ဟွမ်းစစ်ပေါ်က သူ့လက်ပတ်နာရီကို သူစစ်ကြည့်လိုက်မိသည်။
နေ့လယ်ခင်း ၃ နာရီသာ ရှိသေး၏။