အခန်း(၄၃) ဒါဘော့စ်ဖေးရဲ့ သုတေသန စမ်းသပ်ချက်ပဲ
Vol. 3 Ch. 43
အခန်း(၄၃) ဒါဘော့စ်ဖေးရဲ့ သုတေသန စမ်းသပ်ချက်ပဲ
"အဲဒါကြောင့် ဒါက ငါတို့တွေကို ဘော့စ်ဖေး စမ်းသပ်တာလို့ပဲထင်တယ်။ သုတေသန တာဝန်လိုမျိုးပါ့”
"ဘော့စ်ဖေးရဲ့ ထူးခြားချက်က စွန့်စားမှုနည်းပြီး ရလဒ်များတဲ့ အလောင်းအစားတွေ လုပ်ရဲတာပဲ”
"အထီးကျန်ကန္တာရလမ်းနဲ့ တစ္ဆေစစ်သူကြီးတုန်းကလည်း ဒီလိုပဲ”
"အဲဒါကြောင့် ငါတို့တွေလည်း အနည်းဆုံး ရင်းမြစ်တွေကို အသုံးပြုပြီး အကောင်းဆုံး ရလဒ်တွေ ထွက်လာအောင် ကြိုးစားရမယ်”
"ငါရှုထောင့်မျိုးစုံက စဥ်းစားကြည့်ပြီးသွားပြီ။ ဇာတ်ကောင်တွေ၊ ဆက်တင်တွေ၊ ဇာတ်ဝင်ခန်းတွေ... ငါတို့တတ်နိုင်သမျှများများ ချွေတာ ရမယ်။ မဟုတ်ရင် ထုတ်လိုက်တဲ့ Story Mode က အဓိပ္ပာယ် မရှိတော့ဘူး။ ငါတို့ အကန့်အသတ်ရှိတဲ့ ရင်းမြစ်တွေကို လိုအပ်တဲ့နေရာတွေမှာပဲ အသုံးချရမယ်”
ပေါင်ရှုက ယုံကြည်ချက်ပြည့်ဝနေသည်။
ဟွမ်းစစ်ပေါ်က ဆက်တိုင်ခေါင်းညိတ်ကာ သူ့သဘောတူညီမှုကို ပြသနေ၏။
ထို့နောက် ပေါင်ရှုက ဆက်ပြော၏။ "တကယ်တော့ ငါတို့ရင်းမြစ်တွေကို တတ်နိုင်သမျှ ချွေတာရမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ငါတို့ ရွေးချယ်စရာနည်းနည်းပဲ ရှိတော့တယ်”
"ပထမဆုံး ဇာတ်ကောင်ဒီဇိုင်းကွာ။ ဒီဂိမ်းက First Person ရှုထောင့်ကနေ ကစားရမှာ။ အဲဒါဆို ငါတို့တွေ ဇာတ်ကောင်မော်ဒယ် ဖန်တီးဖို့ ချွေတာနိုင်ပြီး သူတို့ရဲ့ လက်တွေ ခြေထောက်တွေကိုပဲ ပြဖို့လိုအပ်မယ်".
"အမျိုးအစားကို ဇွန်ဘီပုံစံလိုမျိုးလုပ်လိုက်လို့ ရတယ်။ ဂိမ်းထဲမှာ ရန်သူက နှစ်မျိုးရှိမယ်။ ဇွန်ဘီနဲ့ ကြေးစားတွေ။ ငါတို့ ဘက်စုံသုံး နမူနာတွေကိုသုံးပြီး အဲဒါတွေကို ပြုပြင်လိုက်ပြီးတော့ အကောင်တွေ မျိုးစုံရှိအောင် လုပ်ရမယ်”
ဟွမ်းစစ်ပေါ်က ခေါင်းညိတ်လိုက်၏။ "အေး ငါနားလည်ပြီ။ အဲဒါအကြံကောင်းပဲ။ ဒါပေမဲ့ ဇွန်ဘီနဲ့ ကြေးစားတွေပဲပါရင် ဇာတ်လမ်းဖြစ်ပါ့မလား မသိဘူး။ ငါတို့ အရံ ဇာတ်ကောင်တွေလည်း လိုသေးတယ်”
"ငါအဲဒါလည်း စဥ်းစားပြီးသွားပြီ။ ငါတို့တွေ... ကောာင်မလေးတစ်ယောက်ပဲ လိုအပ်တယ်”
ပေါင်ရှုက သူ့လက်ထဲက အဆောင်လို စာရွက်ကို ကြည့်လိုက်သည်။ "ရင်းမြစ်တွေကို ချွေတာဖို့အတွက် အဲဒီကောင်မလေးကို စကားမပြောတတ်တဲ့ ကောင်မလေးလုပ်ဖို့ ရည်ရွယ်ထားတယ်။ အဲဒါဆိုရင် ဒိုင်ယာလော့နဲ့ နောက်ခံစကားပြော ကုန်ကျစရိတ်တွေကို ချွေတာနိုင်တယ်။ ဂိမ်းတစ်ခုလုံးရဲ့ အသံက သာမန်တိုက်ခိုက်တဲ့ အသံ Effect တချို့ပဲလိုအပ်မှာ။
ဟွမ်းစစ်ပေါ်က ကြောင်သွားပါသည်။ "ဟမ် တစ်ယောက်တည်းသော အရံဇာတ်ကောင်က စကားမပြောတတ်တဲ့ ကောင်မလေးလား။ အဲဒါဆို ငါတို့ ဇာတ်လမ်းကို ဘယ်လိုလုပ်ပြီး ဖန်တီးမှာလဲ”
ဟွမ်းစစ်ပေါ်၏ နားလည်မှုအရ အရံဇာတ်ကောင်၏ ဒိုင်ယာလော့က ဒရမ်မာနှင့် ဇာတ်ကောင်များ၏ စရိုက်ကို ပြသဖို့အတွက် အရေးပါသော အချက်ဖြစ်သည်။
အရံဇာတ်ကောင်က တစ်ကောင်တည်းရှိပြီး ထိုဇာတ်ကောင်က စကားမပြောတတ်သော ဇာတ်ကောင်ဖြစ်ကာ ဘာဒိုင်ယာလော့မှ မရှိပါက ဂိမ်းတစ်ခုလုံး တိတ်ဆိတ်မသွားနိုင်ဘူးလား။
ပေါင်ရှုက စဥ်းစားကြည့်ပြီးပြီဖြစ်သည်။
"အေး... ရွေးချယ်စရာမရှိဘူး။ ဒါက ချိန်ညှိပြီးတော့ ရလာတဲ့ရလဒ်ပဲ။ ငါတို့ ကောင်မလေးကို စကားပြောခွင့်ပေးလိုက်ရင် ငါတို့ အသံသရုပ်ဆောင်အတွက် ပရော်ဖက်ရှင်နယ်တွေကို ရှာရဦးမယ်။ အဲဒါတင်မကသေးဘူး။ ဇာတ်ကောင်ရဲ့ နောက်ခံပေါ်မူတည်ပြီး လေသံအနေအထားကို ဖန်တီးရမယ်။ အဲဒါဆို တော်တော် အလုပ်ရှုပ်မှာ”
"ပြီးတော့လည်း ကောင်မလေး စကားမပြောနိုင်တာနဲ့ ဇာတ်လမ်းထိခိုက်မယ်လို့တော့ ငါမထင်ဘူး။ တခြားနည်းလမ်းတွေသုံးပြီး သူ့ကို ဖော်ပြလို့ရတာပဲ”
"ဥပမာအားဖြင့် သူ့ရဲ့ အပြုအမူတွေ၊ မျက်နှာထားနဲ့ လှုပ်ရှားမှုတွေပေါ့”
"စကားမပြောတတ်တဲ့ ဇာတ်ကောင်ဆိုရင် ကလေးမလေးတစ်ယောက်ကို ရွေးဖို့အကောင်းဆုံးပဲ”
"ကောင်မလေး တည်ရှိဖို့အတွက် အကြောင်းပြချက်က နှစ်ခုရှိတယ်”
"ပထမဆုံး စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုအတွက်။ ဂိမ်းတစ်ခုလုံးမှာ ဇွန်ဘီတွေ ကြေးစားတွေနဲ့ ပြည့်နေမှာ။ ဂိမ်မာတွေအတွက် သူက အမှောင်ထဲက မီးပြတိုက်လေး တစ်ခုလိုဖြစ်ပြီး သူတို့တွေ သေနတ်သံတွေကို ရိုးမသွားအောင် သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိပေးလိမ့်မယ်”
"ဒုတိယက ဂိမ်းထဲက ပဟေဠိ ဖြေရှင်းတဲ့ အပိုင်းတွေမှာ သူ့ကိုသုံးလို့ရတယ်။ နိုင်ငံခြားက တစ်ကိုယ်တည်းဂိမ်းကြီးတွေမှာဆိုရင် အဲ့လိုနည်းလမ်းကိုပဲ သုံးပြီး ဂိမ်မာတွေကို ဂိမ်းထဲက NPC တွေနဲ့အတူတူ ပဟေဠိတွေကို ဖြေရှင်းစေတယ်။ အဓိက တံခါးမကြီးက လော့ကျနေပြီး တစ်ခုတည်းသော ထွက်ပေါက်က ဘေးဘက်က လေထွက်ပေါက်ကျဥ်းကျဥ်းလေး တစ်ခုပဲရှိပြီးတေ့ ကလေးမလေးက အဲဒီထဲဝင်သွားပြီး အဓိက ဇာတ်ကောင်ကို တံခါးဖွင့်ပေးအောင် ကူညီရတဲ့ ဇာတ်ကွက်မျိုး ဖန်တီးလိုက်မယ်”
"အဲ့လိုဆို စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုနဲ့ အသုံးဝင်မှုတို့ကြောင့် အဲဒီကလေးမလေးက ဂိမ်မာတွေအတွက် အများကြီး အသုံးဝင်လိမ့်မယ်”
ဟွမ်းစစ်ပေါ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ကောင်းမဲ့ပုံပဲ ဒါပေမဲ့ ငါမေးစရာ ရှိသေးတယ်။ ဇာတ်လမ်းရဲ့ နောက်ခံကကော ဘယ်လိုလဲ။၊ ကမ္ဘာပျက်တဲ့ ပုံစံမျိုးလား။ ကမ္ဘာကြီးရဲ့ အာဘော်က ဇွန်ဘီတွေ၊ကလေးမနဲ့ကြေးစားတွေနဲ့ ကိုက်ညီနေရမယ်။ ယုတ္တိရှိပြီး အတင်းလုပ်ယူထားသလို မဖြစ်ရဘူး”
ပေါင်ရှုက အဆောင်လို စာရွက်လေးပေါ်တွင် တစ်ခုခုကို မျဥ်းတားလိုက်သည်။ "ငါတို့အခု ဒုတိယအဆင့် ဆက်တင်ပိုင်းကို ရောက်ပြီ”
"ဆက်တင်က အလွယ်လေး ပုံတူကူးလို့ရဖို့တော့ လိုမယ်။ ငါတို့ ဇာတ်လမ်းရသ ၃ နာရီလောက် ဖန်တီးနိုင်ရင် နိုင်ငံခြားတစ်ကိုယ်တော် ဂိမ်းအများစုက လုံးဝ ခြားနားတဲ့ ဆက်တင် ၄ မျိုးနဲ့ မတူညီတဲ့ ကစားပုံတွေကို ဖန်တီးနိုင်တယ်။ အဲဒါ ငါတို့လုပ်နိုင်ဖို့ အရမ်းခက်ခဲလွန်းလိမ့်မယ်”
"ငါစဥ်းစားနေတာက ဇာတ်လမ်းကို သမုဒ္ဒရာကြီးရဲ့ အလယ်က ရဲတိုက်ကြီးတစ်ခုမှာ တည်ဖို့ပဲ။ အဲဒီမှာ တချို့ မကောင်းတဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်စမ်းသပ်မှုတွေကို ဆောင်ရွက်နေတာပေါ့။ သူတို့ရဲ့ ပန်းတိုင်က ကြေးစားတွေကို စမ်းသပ်ချက်တွေနဲ့ မပင်ပန်းနိုင်တဲ့ စစ်သည်တော်တွေ ဖန်တီးဖို့ပဲ”
"အဲဒါဆို အဓိက ဇာတ်ကောင်ရဲ့ ပန်းတိုင်က ရဲတိုက်ကြီးရဲ့ အောက်ဆုံးအဆင့်ကနေ အပေါ်ဆုံးအဆင့်ထိ သတ်ဖြတ်ပြီး ထွက်ပြေးဖို့ပဲ။ အဲဒါဆို ဂိမ်မာတွေအတွက် ငါတို့တွေ ပေးရမဲ့ တစ်ခုတည်းသော ကစားပုံက လျှို့ဝှက်ခံတပ်တစ်ခုထဲက ပုံစံပဲ”
"မွန်းစတားတွေကို ပြောင်းလဲတာ၊ ဒါမှမဟုတ် ဆက်တင်ကို အသေးစားပြောင်းလဲမှုတွေလုပ်တာ စသဖြင့် လျှို့ဝှက်ခံတပ် စတိုင်ကို မပြောင်းလဲစေသရွေ့ ငါတို့အဆင့်တွေကို ကွဲပြားအောင်လုပ်လို့ရတယ်။ နည်းနည်းလောက် ပြောင်းလဲလိုက်တာနဲ့ မတူညီတဲ့ ဆက်တင်တွေကို ငါတို့တွေဖန်တီးနိုင်တယ်”
"ဥပမာအားဖြင့် တချို့ဆက်တင်တွမှာ ဗိုင်းရပ်စ်တွေကြောင့် ညစ်ညမ်းပြီး ကြမ်းပြင်တွေနဲ့ နံရံတွေမှာ သံချေးတွေတက် ဒါမှမဟုတ် သွေးတွေ အသားစတွေနဲ့ ပြည့်နှက်နေအောင် လုပ်နိုင်မယ်။ တချို့ကိုတော့ မူလပုံစံအတိုင်း ထားလို့ရတယ်။ တချို့ဆက်တင်တွေမှာတော့ ကြေးစားတွေက အလောင်းတွေကို ရှင်းဖို့ မီးသေနတ်တွေ သုံးသလိုမျိုး ထိခိုက်မှု ကြီးကြီးမားမားတွေလုပ်လို့ရတယ်...”
"ဆက်တင်တစ်ခုတည်းနဲ့ မတူညီတဲ့ ဇာတ်ကွက်တွေကို ဖန်တီးပြီး အဲဒါဆို ဂိမ်းရဲ့ လိုအပ်ချက်ကို အလွယ်လေး ပြည့်မှီစေလိမ့်မယ်”
ဟွမ်းစစ်ပေါ်က မေးကိုပွတ်လိုက်သည်။ "ဟုတ်တယ်။ ကောင်းမဲ့ပုံပဲ။ ဒါပေမဲ့ အဲဒီမိစ္ဆာ အဖွဲ့အစည်းက သမုဒ္ဒရာရဲ့ အလယ်မှာ ရဲတိုက် ဆောက်ထားတာ ဆိုရင် ဘာလို့ ကလေးမလေးက ရှိနေမှာလဲ”
"လွယ်ပါတယ်ကွာ” ပေါင်ရှုက ဆက်ပြောသည်။ "ကလေးမလေးရဲ့ ကိုယ်ထဲမှာ ရောဂါကာကွယ်တဲ့ အထူး ပဋိပစ္စည်းတစ်ခု ရှိနေလို့ အဖွဲ့အစည်းက ဖမ်းသွားပြီး စမ်းသပ်ချက်တွေ လုပ်နေတာပေါ့။ အဲလိုလုပ်ရင်းနဲ့ သူစကားမပြောနိုင်တော့တာ”
"ကောင်းလိုက်တာ”
ဟွမ်းစစ်ပေါ်၏ မျက်လုံးများ အရောင်လက်သွားသည်။ "ပြီးတော့လည်း အဲဒီဆက်တင်ကို ငါတို့တွေ တိုးချဲ့လို့တောင် ရတယ်။ အဲဒီကလေးမလေးရဲ့ သွေးကို ဇာတ်ကောင် Heal (ကုသခြင်း) လုပ်လို့ရအောင် ဖန်တီးလိုက်လို့ရတယ်။ ဥပမာအားဖြင့် ကစားသမားက ဇွန်ဘီတွေကိုက်တာ ခံခဲ့ရရင် ကလေးမလေးက ဆေးထိုးအပ်တစ်ခုနဲ့ သူ့သွေးကိုသူ ထုတ်ပြီး ဇာတ်ကောင်ကို Heal လုပ်ပေးလို့ရတယ်”
"အကြံကောင်းပဲ" ပေါင်ရှုလည်း အကြံကောင်းဟု ထင်မိပါသည်။ "အဲဒါဆိုရင် ကလေးမလေးက ဂိမ်မာတွေအတွက် ပိုပြီးတောင် အရေးပါဦးမယ် သူ့သွေးကိုသူ ထုတ်လိုက်တိုင်း ဂိမ်မာတွေနဲ့ ကလေးမလေးကြားက သံယောဇဥ်ကို သန်မာလာစေလိမ့်မယ်။ အဲဒီနောက် သူ့သွေးကို ထုတ်လိုက်တိုင်း ပိုအားနည်းလာပြီး လှုပ်ရှားမှုတွေ နှေးလာမယ်။ ကလေးမလေးကို မထိခိုက်အောင် ဂိမ်မာတွေက သူတို့ရဲ့ စကေးတွေကိုတိုးမြှင့်ပြီးတော့ ရန်သူတွေကို ပိုပြီးချောချောမွေ့မွေ့ ကိုင်တွယ်နိုင်ရမယ်။ အဲဒါဆို သူတို့ဂိမ်းထဲကိုလည်း ပိုပြီး နစ်မြောသွားနိုင်လိမ့်မယ်”
သည်လိုနှင့် အကြောင်းအရာများစွာက သူတို့ဦးနှောက်စားပြီးနောက် ထွက်လာခဲ့ပါသည်။
ဂိမ်းက သမုဒ္ဒရာ အလယ်က လျှို့ဝှက်ရဲတိုက် တစ်ခုတွင် အခြေပြုပြီး အဓိက ဇာတ်ကောင်က အရှေ့တိုင်းမှ အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ရဲတိုက်ထဲကို စုံစမ်း စစ်ဆေးဖို့အတွက် ခိုးဝင်ခဲ့သည်။ သို့သော် သူရောက်စဥ်မှာပဲ ဗိုင်းရပ်စ်ပိုး ပေါက်ထွက်မှု ဖြစ်ပေါ်ခဲ့ပါသည်။
ထွက်ပြေးဖို့အတွက် ရဲတိုက်၏ အမြင့်ဆုံးအထပ်ကို သွားရင်း ရန်သူများထံမှလက်နက်များကို ရယူကာ မရေမတွက်နိုင်အောင် များသော ကြေးစားနှင့် ဇွန်ဘီများကို သတ်ပစ်ရမည်။
ထွက်ပြေးနေစဥ် အဓိက ဇာတ်ကောင်က ဆွံ့အနေသည့် ကောင်မလေးတစ်ယောက်နှင့် ဆုံခဲ့ပြီး သည်နေရာကြီးမှ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ အကြောင်းပြချက်ဖြစ်လာခဲ့သည်။
ဇာတ်လမ်းတစ်ခုလုံးက ဒီအဓိက ဇာတ်ကောင်နှင့် ကလေးမလေးတို့ကိုသာ အခြေပြုထားသည်။
ရှုပ်ထွေးသည့် ဇာတ်လမ်းမဟုတ်သော်လည်း အကြောင်းအရာက မရိုးရှင်းပေ။
ကလေးမလေးက တစ်ယောက်တည်းသော အရံဇာတ်ကောင်ဖြစ်သော်လည်း သူ့ကို ဂရုတစိုက် ဖန်တီးထားပါက သေချာပေါက် အသုံးမဝင်တဲ့ ဇာတ်ကောင်များထက် ဂိမ်မာများအတွက် မမေ့နိုင်သည့် ရသတစ်ခုကို ပေးစွမ်းနိုင်ပါလိမ့်မည်။
ဟွမ်းစစ်ပေါ်က သူ့ကွန်ပျူတာပေါ်တွင် မရပ်မနား မှတ်သားနေသည်။
ဖိုင်ကိုကြည့်လိုက်သောအခါ သူလည်း ထိတ်လန့်သွားရ၏။
ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အစီအစဥ်လဲ။
ဒါက ပေါင်ရှု နာရီပိုင်းလောက် Concept တည်ဆောက်ထားတာရဲ့ ရလဒ်လား။
ဂိမ်းထဲက ရင်းမြစ် အကန့်အသတ်ပြဿနာကို ဖြေရှင်းနိုင်ခဲ့ရုံတင်မကဘဲ ဇာတ်လမ်းကလည်း ယုတ္တိရှိသည်။ မျှခြေညီသည်။ သနားစရာ ကောင်းပြီး အမှတ်ရစရာဖြစ်၏။
ဟွမ်းစစ်ပေါ် မနေနိုင်ဘဲ လက်မထောင်ပြလိုက်သည်။ "ညီအစ်ကို ပေါင်။ မင်းကတော်လိုက်တာ”
ပေါင်ရှုက ခေါင်းခါလိုက်ပါသည်။ "မဟုတ်ဘူး။ ငါက ဘော့စ်ဖေး ပေးထားတဲ့ သုတေသန တာဝန်ကိုပဲ ဖြစ်မြောက်အောင် လုပ်လိုက်တာပါ။ သူက ဒါကို အစောကြီးကတည်းက စဥ်းစားမိပြီး သူ့အတွေးတွေကို ငါတို့နားလည်မလား စမ်းသပ်တာဖြစ်နိုင်တယ်”