← Chapters

အခန်း(၄၅) အချိန်ပိုလစာ

Vol. 3 Ch. 45

အခန်း(၄၅) အချိန်ပိုလစာ

Vol. 3 Ch. 45

အခန်း(၄၅) အချိန်ပိုလစာ

ဘော့စ်ဖေး၏ ပြန်စာကိုမြင်သောအခါ ဟွမ်းစစ်ပေါ် ပီတိဖြာသွားခဲ့ရသည်။

အမှန်ပင်။ သူတို့အလုပ်ကို ဘော့စ်ဖေးက အသိအမှန်ပြုခဲ့ပါသည်။

ဒါဆို သူတို့ဆုံးဖြတ်ခဲ့သည့် ဦးတည်ချက်က ဘော့စ်ဖေးလိုချင်တဲ့ ဦးတည်ချက်ပဲဖြစ်သည်ဟု ဆိုလိုသည်။ ဘော့စ်ဖေးက တကယ်ပဲ ရည်မှန်းချက်အမျှော်အမြင် ကြီးမားလွန်းလှပါသည်။

နောက်တစ်ခေါက် ဖေးချမ့်၏ ပုံရိပ်မှာ ဟွမ်းစစ်ပေါ်၏ မျက်လုံးထဲတွင် လေးစားဖို့ ကောင်းလာခဲ့ပြန်ပါသည်။

"ဘော့စ်ဖေး နောက်ထပ် ပြဿနာတစ်ခုတော့ရှိသေးတယ်။ ဂိမ်းရဲ့ နာမည်လေ”

"ပေါင်ရှုက သမုဒ္ဒရာ ရဲတိုက်လို့ နာမည်မှည့်ချင်နေတယ်။ ကျွန်တော်ကတော့ အဲဒါ နည်းနည်းထူးဆန်းပြီး ကြောင်တယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျွန်တော်က နာမည်ပေးညံ့ပြီး ဘာမှကောင်းတာ စဥ်းစားလို့မရဘူး.. ဘော့စ်ဖေး အကြံပေးချင်တာ တစ်ခုခုရှိလား”

'သမုဒ္ဒရာရဲတိုက် ဟုတ်လား'

'ဘာလို့ဒီနာမည်ကို အရမ်းရင်းနှီးနေပါလိမ့်'

ဖေးချမ့် ရုတ်တရက် ပြန်မှတ်မိသွားပါသည်။

"ဟုတ်သားပဲ အဲဒီနာမည်က ငါ့အရင်ဘဝတုန်းက မအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားရဲ့ နာမည်နဲ့ တူနေတာကိုး”

သူချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပါသည်။ "သမုဒ္ဒရာရဲတိုက်က ကောင်းပါတယ် အဲဒါပဲ ရွေးကြရအောာင်"

"ဟင် ခင်ဗျား ပြန်မစဥ်းစားတော့ဘူးလား ဘော့စ်ဖေး။ အဆုံးသတ်နာမည်ကို စဥ်းစားဖို့ အချိန်တွေရပါသေးတယ်”

"ရပါတယ် သမုဒ္ဒရာ ရဲတိုက်က ကောင်းတယ် ငါသဘောကျတယ်"

"ကောင်းပါပြီ ဘော့စ်ဖေး။ ဒါဆို ကျွန်တော် ဒီဇိုင်းမူကြမ်းကို ဆက်ဆွဲတော့မယ်နော်” ဟွမ်းစစ်ပေါ်က လက်ခံရုံသာရှိသည်။

ဖေးချမ့် စိတ်အေးသွားရ၏။

'သမုဒ္ဒရာရဲတိုက်ဆိုတဲ့ နာမည်က မကောင်းဘူးလား။ ဒီလောက် ကောင်းတဲ့နာမည်ကို'

'လုံးဝ မင်္ဂလာရှိတယ်'

'ငါတို့ ငွေအရှုံးပေါ်မဲ့ သေချာပေါက် လက္ခဏာတစ်ခုပဲ'

'ဒီကောင်တွေက  သန်း ၃၀၀ လောက်ရင်းနှီးမြှုပ်နှံပြီး ရုံတင်ဝင်ငွေမှာ သန်း ၁၀၀ လောက်ပဲ ပြန်ရတာကို မကြုံဖူးသေးဘူး။ အဲဒါကိုမှာ စူပါ အရှုံးပေါ်တယ်လို့ ခေါ်တယ်ကွ'

'အဲဒီရုပ်ရှင်တောင် ဒီလောက် အရှုံးပေါ်နိုင်မှတော့ ငါ့ဂိမ်းလည်း ဆင်တူနာမည်နဲ့ ယွမ် သန်းနည်းနည်းလောက် အရှုံးပေါ်နိုင်မှာပါ ဟုတ်တယ်မလား'

'ဟုတ်တယ် ငါတို့ဂိမ်းအတွက် လုံးဝ သင့်တော်တဲ့ နာမည်ပဲ'

ဖေးချမ့်က ထိုနာမည်ကို လုံးဝ ကျေနပ်အားရသည်။

ထန်းတာ့နက်ခ်ဝါ့နည်းပညာ ကုမ္ပဏီ လိမိတက်။

ညအချိန်...။

ဒီဇိုင်းအဖွဲ့က လူအားလုံး အလုပ်ကြိုးစားလုပ်နေကြဆဲဖြစ်သည်။

ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့က ဂိမ်းကို စတည်ရေးဆွဲဖို့ အချိန်အမြန်ဆုံးရောက်နိုင်ဖို့အတွက် ဒီဇိုင်းမူကြမ်းကို တတ်နိုင်သမျှမြန်မြန်ရဖို လွန်ခဲ့သော နှစ်ရက်လောက်အထိ အချိန်ပို အလုပ်လုပ်နေခဲ့ပါသည်။

ဒိဇိုင်းအဖွဲ့က တခြားသူအားလုံးကိုလည်း တခြား တာဝန်များပေးအပ်ထားလိုက်သည်။

မူကြမ်း ရေးဆွဲပြီးပြီဆိုတာနဲ့ လုပ်ဆောင်ချက် တစ်ခုချင်းစီကို အသေးစိတ်များအဖြစ် ပြန်လည် ခွဲဖြာပြီး ဒီဇိုင်းအဖွဲ့က တခြား အဖွဲ့ဝင်များမှ ပြီးဆုံးအောင် လုပ်ဆောင်ပြီး နောက်ဆုံးမှာတော့ ဟွမ်းစစ်ပေါ်က ပြန်ပြီး အကျဥ်းချုပ်မည်ဖြစ်သည်။

ဂိမ်း၏ မော်ဒယ်၊ လက်နက်နှင့် ပန်းချီရင်းမြစ်များ၊ ရှင်းလင်းဖို့ လိုအပ်သည့် အရာအားလုံး ပါဝင်သည်။

ကိုင်တွယ်ဖို့ အရာများ များပြားလွန်းပါသည်။

သို့သော်လည်း ဟွမ်းစစ်ပေါ်က တခြားသူများကို အချိန်ပို လုပ်ရန် မတောင်းဆိုခဲ့ပါ။ ထို့အစား သူတို့ဖာသာသူတို့လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ပြန်ကြအောင်ပင် ဟွမ်းစစ်ပေါ် မတိုက်တွန်းနိုင်ပါ။

ရွေးချယ်စရာမရှိတော့သဖြင့် ဒီတိုင်းသာ လွှတ်ထားနိုင်တော့သည်။

၎င်းတို့၏ အလုပ်သဘောထားများက ဟွမ်းစစ်ပေါ်နှင့် ဆင်တူပါသည်။

သူတို့အားလုံးက ယခင်သက်ဆိုင်ရာကုမ္ပဏီများတွင် အောက်ဆုံးက လူများဖြစ်ကြ၏။ ဘာလက်တွေ့ အစွမ်းအစမှ မလိုအပ်သည့် အသေးအဖွဲအလုပ်များကို လုပ်ရပြီး မကြာခဏလည်း အနိုင်ကျင့်ခံခဲ့ရသည်။

သို့သော်လည်း ထန်းတာ့သို့ ရောက်ရှိလာချိန်မှာတော့ အားလုံး ခြားနားခဲ့သည်။

သူတို့အားလုံးက အမှီအခိုကင်းသည့် ဒီဇိုင်းများဆွဲဖို့အတွက် တာဝန်ပေးအပ်ခံရသည်။

ဒီနေရာက အလုပ်ပတ်ဝန်းကျင်က တည်ငြိမ် အေးချမ်းပြီး နားလည်မှုဘော့စ်လည်းရှိကာ တူညီသည့် ပန်းတိုင်တစ်ခုတည်းရှိကြသော သဘောကောင်းသည့် လုပ်ဖော်ကိုင်ဖက်များနဲ့လည်း ဆုံရသည်။

အရေးအကြီးဆုံးက သူတို့ဖန်တီးရမည့် ဂိမ်းမှာ အပေါစား Paywall ဖြင့် ပိုက်ဆံများကို ယူမည့် ဂိမ်းမဟုတ်ပါ။ လက်ရှိ ဂိမ်းကစားပုံများကို ပြန်လည်ဆန်းသစ်တီထွင်မည့် ဂိမ်းမျိုးဖြစ်သည်။

ထိုအချက်မျိုးစုံကြောင့် သူတို့အလုပ်ကို အတော်လေး သဘောကျကြပြီး အချိန်ပို လုပ်ချင်ကြခြင်းဖြစ်သည်။

ရွေးချယ်စရာမရှိတော့သဖြင့် ဒီတိုင်းသာ လွှတ်ထားရတော့သည်။

ဘာပဲဖြစ်ဖြစ် သူတို့အချိန်ပိုက တစ်ပတ်လောက်သာ ကြာရှည်ခံမည်ဖြစ်သည်။ ဒီဇိုင်းမူကြမ်းပြီးသွားပြီး အလုပ်တာဝန်များ လျော့နည်းသွားတာနဲ့ အားလုံးအဆင်ပြေသွားပါလိမ့်မည်။

ပေါင်ရှုကလည်း တခြား FPS ဂိမ်းမျိုးစုံကို ကစားကြည့်ရင်း အချိန်ဆက်တိုက် ဖြန်းနေခဲ့သည်။ အထူးသဖြင့် နိုင်ငံခြားက ထုတ်လုပ်သော ဂိမ်းအကြီးစားများကို ဖြစ်သည်။

သမုဒ္ဒရာ ရဲတိုက်အတွက် ဇာတ်လမ်းကောင်း တစ်ပုဒ်ကို ထုတ်လုပ်ဖို့က လွယ်ကူသော တာဝန်မဟုတ်ပါ။

ဂိမ်မာများကို စိတ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်နိုင်ပြီး စကားမပြောတတ်သော ကလေးမလေး တစ်ယောက်တည်းကို အသုံးချကာ ဇာတ်လမ်းထဲ နစ်မျောသွားစေဖို့က အပြစ်ဆိုစရာမရှိလောက်သည့် ဒီဇိုင်းမျိုး လိုအပ်သည်။

"ညီကိုဟွမ်။ နည်းနည်းကောင်းမယ်ထင်တဲ့ ဇာတ်လမ်းပိုင်းတစ်ခု ငါတွေးထားတယ်။ ငါ မှတ်တမ်းတင်ပြီး မင်းကို ပို့လိုက်မယ်။ သုံးလို့ရနိုင်မလား မင်းကြည့်လိုက်” ပေါင်ရှုက ပြောလိုက်သည်။

"ဟုတ်ပြီ ညီကိုပေါင် ရောက်ပြီ"

ဟွမ်းစစ်ပေါ်က ပေါင်ရှုပို့လိုက်သည့် ဗီဒီယိုကို ဖွင့်လိုက်ပြီး ဇာတ်လမ်း၏ ပထမလူ ရှုထောင့်မှ ဇာတ်ကွက်ကို စစ်ကြည့်လိုက်သည်။

သူနဲ့ ပေါင်ရှုတို့နှစ်ယောက်စလုံး ဇာတ်လမ်းကို ဖန်တီးဖို့ အားအင်တွေ အများကြီး စိုက်ထုတ်ခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ဒါက ဂိမ်းရဲ့ အရေးအကြီးဆုံး အပိုင်းတစ်ခုဖြစ်ပြီး ထူးခြားဆန်းကျယ်အောင် သူတို့လုပ်မှဖြစ်ပါမည်။

ပေါင်ရှုပို့လိုက်သည့် ဗီဒီယိုမှာ တကယ်ပဲကောင်းမွန်ပါသည်။ ဘာပဲဖြစ်ဖြစ် နိုင်ငံခြား ဂိမ်းများမှ ထုတ်ကုန်တစ်ခုဖြစ်ပြီး ဇာတ်ကွက်က အလွန်အမင်း နစ်မျောလွယ်ကာ ဟွမ်းစစ်ပေါ်လည်း တော်တော်လေး စိတ်ဝင်စားသွားမိပါသည်။

ဝင်ပေါက်တွင် မျက်နှာကြီးတစ်ခု ဖြတ်သွားတာတောင် သူသတိမထားမိလောက်ပါ...

ဒေါက် ဒေါက်

ဖေးချမ့်၏ အငှားတိုက်ခန်းတွင် တံခါးခေါက်သံများ ထွက်လာသည်။

"ဟမ် ဒီလောက်နောက်ကျနေတာကို..."

ဖေးချမ့်က အချိန်ကိုကြည့်လိုက်သည်။ ည ၈ နာရီ ဝန်းကျင်ရှိနေပါပြီ။

ဒီနေရာအကြောင်းသိသည့် လူဆိုလို့ လက်ထောက်ရှင်းနှင့် မာယန်တို့ နှစ်ယောက်သာ ရှိသည်။ လက်ထောက်ရှင်းကတော့ ဒီလိုအချိန်ကြီး သူ့ကိုလာမနှောင့်ယှက်လောက်သဖြင့် မာယန်ပဲဖြစ်နိုင်သည်။

ဒါပေမဲ့ ဘာလို့ ဒီရောက်လာတာလဲ။

ဖေးချမ့်က တံခါးကိုဖွင့်လိုက်သောအခါ တကယ်ပဲ မာယန်၏ မျက်နှာကြီးက ကြိုဆိုလို့ နေသည်။

"ယောက်ဖချမ့် ငါတစ်ခုခုတွေ့ခဲ့တယ်ကွ ဟွမ်းစစ်ပေါ်နဲ့ တခြားသူတွေ အချိန်ပို ခိုးလုပ်နေကြတယ် သူတို့က ကုမ္ပဏီရဲ့ ကွန်ပျူတာတွေကို သုံးနေကြတာ" မာယန်က ကမ္ဘာပျက်လောက်သည့် လျှို့ဝှက်ချက်ကို ရှာတွေ့သကဲ့သို့ တိုင်ကြားလိုက်ပါသည်။

ဖေးချမ့် မျက်နှာ ပျက်သွားရသည်။

မာယန်စိတ်ပူတာက ကုမ္ပဏီ၏ ကွန်ပျူတာများကို သုံးစွဲခြင်းဖြစ်ပြီး ဖေးချန် စိတ်ပူတာကတော့ အချိန်ပိုလုပ်နေကြခြင်းဖြစ်သည်။

သူတို့ ဘယ်လိုအတွေးနဲ့ အချိန်ပိုလုပ်နေကြတာလဲ။

ဟွမ်းစစ်ပေါ် ဘာဖြစ်နေတာလဲ။ အကျင့်ဆိုးတွေက တကယ်ဖျောက်ဖျက်ဖို့ ခက်ခဲတာပဲ။

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ အားလုံးကို အိမ်ပြန်အောင် မောင်းခဲ့ရတာ မဟုတ်ဘူးလား။ ငါသတိပေးထားပါလျက်နဲ့ မင်းတို့တွေ ဘာလို့ အချိန်ပိုလုပ်နေကြတာလဲ။။

ဘော့စ်တစ်ယောက်ပြောတဲ့ စကားကို ပေါ့ပေါ့တန်တန် သဘောထားကြတာလား။

"ဟွမ်းစစ်ပေါ် ဘာလို့အချိန်ပိုလုပ်နေတာလဲ။ မူကြမ်းအတွက်လား ဒီဇိုင်းအတွက်လား” ဖေးချမ့်က မကျေမနပ် ဖြစ်နေသည်။

"အာ..."

မာယန်က သူမြင်ခဲ့တာကို ပြန်မှတ်မိဖို့ ကြိုးစားနေသည်။

"ဂိမ်းဆော့နေတာထင်တယ်"

ဖေးချမ့်သည် ကြက်သေသေသွားသည်။ ဂိမ်းဆော့နေတာ ဟုတ်လား။ ရုတ်တရက် သူ့မျက်နှာ ပြန်လည်တည်ငြိမ်သွားရသည်။

ပေါင်ရှုက အလုပ်ပြီးရင် ကုမ္ပဏီမှာနေပြီး ဂိမ်းကစားတတ်တာ သူသိသည်။ ဒါက ဖေးချမ့် သူ့ကို ပေးထားသည့် အခွင့်ထူးတစ်ခုဖြစ်သည်။

သို့သော် ဟွမ်းစစ်ပေါ်ကလည်း ဘာလို့ဒီလိုလုပ်နေတာလဲ။ သူပေါင်ရှုဆီက အကျင့်ကူးသွားတာလား။

ဖေးချမ့်ခွင့်မပြုသည့် တစ်ခုတည်းသော အရာက ဝန်ထမ်းများ အလုပ်လုပ်ဖို့ အချိန်ပိုနေခြင်းဖြစ်သည်။ သို့သော် သူတို့ဂိမ်းကစားဖို့ အချိန်ပိုနေခြင်းဖြစ်ပါက အဆင်ပြေပါသည်။

ထိုသို့ စဥ်းစားပြီးနောက် ဖေးချမ့်၏ မျက်နှာက အများကြီး ပိုတက်ကြွသွားသည်။

"မင်းမြင်ခဲ့တာ သေချာရဲ့လား။ ဟွမ်းစစ်ပေါ်က ဂိမ်းကစားနေတာလား”

မာယန်က ခေါင်းညိတ်သည်။ "ဟုတ်တယ် ငါလည်း အဲဒါပဲ လာတိုင်တာလေ။ အဲဒါ ကုမ္ပဏီရဲ့ ရင်းမြစ်တွေကို ဖြုန်းတီးတာလို့ သတ်မှတ်လို့ရတယ်မလား။ မနက်ဖြန်ကျရင် သူတို့ကို ရုံးမှာ ဆုံးမလိုက်ရမလား”

"ဟားဟား မလိုပါဘူးကွာ" ဖေးချမ့် စိတ်အေးသွားပါသည်။

သူတို့က ဂိမ်းကစားဖို့ အချိန်ပိုနေခြင်းဖြစ်သဖြင့် လုံးဝ အဆင်ပြေပါသည်။

သူတို့ မုန့်လည်းစားနိုင်ပြီး မီတာခလည်း ဖြုန်းနိုင်သည်။ ဒါဆို သူ့ကို စနစ်ရန်ပုံငွေကို ပိုဆုံးရှုံးဖို့ အကူအညီပေးရာ ရောက်ပါသည်။

ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

ထို့အပြင်... သူစနစ်ရပ်ပုံငွေကို ဖြုန်းတီးဖို့ တရားဝင်ဆင်ခြေတစ်ခုကို ထပ်ပေးလိုက်သလို ဖြစ်သွားသည်၊။

ရုတ်တရက် ဖေးချမ့်သည် ရုတ်တရက် အကြံကောင်းတစ်ခုကို စဥ်းစားလိုက်မိပါသည်။

"မာကြီး ငါတို့က ဂိမ်းကုမ္ပဏီတစ်ခုဆိုတော့ ဝန်ထမ်းတွေက တခြား နိုင်ငံခြားဂိမ်းကြီးတွေကို ကစားပြီး သင်ယူလေ့လာ အတွေ့အကြုံယူနေကြတာပါကွာ။ အဲဒါက အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ မင်းနားလည်ပြီလား”

ဖေးချမ့်က တည်တံ့စွာ ရှင်းပြလိုက်သည်။

မာယန်က နားမလည်သယောင်ယောင် ရှိပါသည်။ "သြော်... ဒါဆို ငါတို့တွေ ဒီကိစ္စကို လျစ်လျူရှုရမယ်လို့ ပြောတာလား”

"လျစ်လျူရှုရမယ် ဟုတ်လား။ မဟုတ်ဘူး မဟုတ်ဘူး” ဖေးချမ့်က ဆက်ပြောသည်။

"အဲဒီဝန်ထမ်းတွေက သူတို့ ကျန်းမာရေးကို ရင်းပြီး ကုမ္ပဏီအတွက် အချိန်ပိုလုပ်ပေးနေကြတာ။ ငါတို့ လျစ်လျူရှုလို့ဖြစ်ပါ့မလား။ ထန်းတာ့က ဝန်ထမ်းတွေရဲ့ ကိစ္စတွေကို ဂရုစိုက်တဲ့ ကုမ္ပဏီတစ်ခုလေ”

"အချိန်ပိုလုပ်ရတဲ့သူတိုင်းကို လစာပေးရမယ်လို့ ငါတို့နိုင်ငံတော်က ဖော်ပြထားတယ်။ ထန်းတာ့မှာလည်း ငါတို့နိုင်ငံတော်မူဝါဒတွေကို ကျင့်သုံးရမှာပေါ့ ရက်သတ္တပတ် အချိန်ပိုအတွက် လခက သူတို့ရဲ့ နာရီပိုင်း လခရဲ့ ၁.၅ ဖြစ်ပြီး အားလပ်ရက်မှာ အချိန်ပိုလခက ၂ဆဖြစ်မယ်။ တစ်ပြားတစ်ချပ်မှ လျော့လို့မဖြစ်ဘူးနော်"

"မာကြီး ငါမင်းကို အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခုပေးမယ်။ သူတို့နေ့စဥ် အချိန်ပို ဘယ်လောက်ကြာကြာလုပ်ကြလဲ ငါ့ကိုကူပြီး မှတ်ထားပေး။ အဲ့ကျရင် သူတို့ရဲ့နာရီနှုန်းထားအရ သူတို့ရဲ့ အချိန်ပိုလစာကို တင်ပြ။ မှတ်ထားနော်။ တစ်ပြားတစ်ချပ်မှ လျော့လို့မရဘူး”

မာယန်က ခေါင်းညိတ်လိုက်ပါသည်။ "ဟုတ်ပြီ ဟုတ်ပြီ နားလည်ပြီ ငါ့တာဝန်သာ ထားလိုက်”

မာယန်ကို အပြင်လိုက်ပို့လိုက်ပြီး ဖေးချမ့်သည် ခွက်ထိုးခွက်လန် ရယ်မောလိုက်မိပါသည်။

ဘာလို့ အရင်ကတည်းက အချိန်ပိုလစာအကြောင်းကို မစဥ်းစားမိတာလဲ။

အဲဒါနဲ့ဆို လတိုင်း စနစ်ရန်ပုံငွေကို ပိုမဖြုန်းနိုင်ဘူးလား။

ငါက သောက်ဉာဏ်ကြီးရှင်ပဲ။

All Chapters